တစ်ခေတ်တစ်ခါက သမဝါယမစီမံကိန်းများ

Type
5

 

မြင့်စိုး(နတလ)
 

ဆောင်းပါးခေါင်းစဉ်နှင့် စပ်လျဉ်း၍
ထိုခေတ်ထိုကာလကို မမီလိုက်၍ လှမ်းမျှော်ကြည့်မိ သော တစ်ချိန်က သမဝါယမသမိုင်းကြောင်းများ၊ လုပ်ငန်းကဏ္ဍများ၊    ငယ်စဉ်ကလေးဘဝမှစ၍ ဖြတ်သန်းခဲ့ဖူးသော      သမဝါယမပုံရိပ်များ၊ မမျှော်လင့်ဘဲ      လက်တွေ့ကိုယ်တိုင်   ပါဝင် ထမ်းဆောင်ခွင့်ရလာသော         သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏     မူဝါဒ လုပ်ငန်းစဉ်များအကြောင်းကို   မိမိဉာဏ်မီသမျှ၊ တတ်စွမ်းသမျှ ရေးသားတင်ပြမည်ဟု ကြံရွယ်ချက် ဖြင့် ပထမဆုံးဆောင်းပါးကို တာလွှတ်လိုက်သော အခါ  ပေးလိုက်မိသောခေါင်းစဉ်က  “ထို့ကြောင့် ဤအရာကို သမ/ကျေးလက်ဟု ခေါ်ပါသည်” ဟူ၍ ဖြစ်သွားခဲ့ချေပြီတမုံ့။ နောက်ဆုံးမှ ရောက်လာမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အကြောင်းကို ခေါင်းစဉ်တပ်ရခြင်း အကြောင်းရင်း က ကျွန်တော့်မှာ  ခိုင်လုံစွာရှိနေပါသည်။  နယ်စပ် ရေးရာဝန်ကြီးဌာန      (နတလ)တည်းဟူသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ   ၂၃   နှစ်ကြာ  တာဝန် ထမ်းဆောင်ပြီးနောက် ဝန်ထမ်းဘဝကို နှုတ်ဆက် ခွဲခွာရချိန်၌    “နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ၂၈  နှစ်တာခရီး”     စာအုပ်ကို   ရေးသားပြုစု၍ အမှတ်တရ    ထားရှိနိုင်ခဲ့ပါသည်။  ယခုလည်း သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော အချိန်ကာလ တစ်ခုအတွက် အမှတ်တရစာအုပ်တစ်အုပ် ထားခဲ့ ချင်ပါသည်။   ထိုသို့ ရေးသားထုတ်ဝေဖြစ်ခဲ့လျှင် ကျွန်တော်ပေးချင်သောခေါင်းစဉ်မှာ “ထို့ကြောင့် ဤအရာကို  သမ/ ကျေးလက်ဟု  ခေါ်ပါသည်” ဟူ၍။
သို့သော် ထိုစကားလုံးများ၏ မူလပိုင်ရှင်သည် ဆရာအောင်လင်း    ဖြစ်ပါသည်။    သူ၏ဝတ္ထု “ထို့ကြောင့် ဤအရာကို အချစ်ဟုခေါ်သည်” ကို ရုပ်ရှင်ဇာတ်ကားကြီးလည်း ပြန်၍ ရိုက်ခဲ့ဖူး၏။ ကျွန်တော်ငယ်စဉ်ကပင် နှစ်သက်သဘောကျခဲ့သော စကားစုများဖြစ်၍ မကြာခဏ ငှား၍သုံးဖူးပါသည်။ ယခုလည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအတွက်    ကျွန်တော်သုံးခဲ့မိပြန်ပါပြီ။ ခွင့်ပြုတော်မူကြပါကုန်     ဆရာအောင်လင်း၏ မိသားစုများခင်ဗျား။
ဆိုးမွေ၊ ကောင်းမွေနှင့် ကျွန်တော့်ခံယူချက်
မည်သည့်အဖွဲ့အစည်း၊      မည်သည့်ဌာန၊ မည်သည့်လုပ်ငန်းမှာမဆို     အဆင့်ဆင့်တာဝန် လွှဲပြောင်းပေးရတာတွေ၊ ယူရတာတွေရှိခဲ့ပါသည်။ ကိုယ်တာဝန်ယူရတော့မှ အရာရာကို အကောင်းတွေ ချည်းလိုချင်လို့၊ ဖြစ်ချင်လို့ မရနိုင်ပါ။ ကောင်းတာ တွေလည်းရမည်၊ ဆိုးတာတွေလည်းပါလာနိုင်သည်။ ဤမည်သော ဆိုးမွေ၊ ကောင်းမွေကို ဆက်ခံကြ ရမည်မှာ လောကနိယာမ မဟုတ်ခဲ့လျှင်တောင်မှ လိုက်နာကျင့်သုံးရမည့် လူ့ကျင့်ဝတ်တစ်ခုအဖြစ် ကျွန်တော်မှတ်ယူထားပါသည်။   သည့်အတွက် တပ်မတော်သားဘဝမှာရော    နယ်ဘက်ဝန်ထမ်း ဘဝမှာပါ  ဤခံယူချက်အတိုင်း  ကျင့်သုံးခဲ့သည်။ သွားလေသူများကို အပြစ်ဖို့ခြင်း၊ အပြစ်တင်ခြင်း အလုပ်များကို    ကျွန်တော်မလုပ်ခဲ့ပါ။     မိမိတို့ လက်ထက်တွင်       အကောင်းဆုံးဖြစ်နိုင်သမျှ ဖြစ်အောင်     ကြိုးပမ်းလုပ်ဆောင်သွားကြရန်၊ ပူးပေါင်းညှိနှိုင်း  ဆောင်ရွက်သွားကြရန် သည်လိုပဲ ခံယူထားပါသည်။ သို့သော် သမိုင်းထဲက သင်ခန်းစာ တွေကိုတော့   ယူရမည်။  သူတို့ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကိုလည်း သိမှတ်နားလည်ထားဖို့ လိုပါလိမ့်မည်။ သို့ဖြစ်လေရာ ကျွန်တော်ရေးမည့်    အကြောင်းအရာများသည် သမဝါယမအကြောင်း အကောင်းတွေချည်း ရေးလိမ့်မည်ဟု မမှတ်ယူစေ လိုပါ။ ခေတ်အဆက်ဆက် ဖြတ်သန်းလာသူတို့၏   အတွေ့အကြုံ၊  အတွေးအခေါ် အယူအဆများကို လည်း        ရေးသားတင်ပြသွားမည်ဖြစ်သကဲ့သို့ သမဝါယမစနစ်ကျင့်သုံးခဲ့သော   ခေတ်ကာလ အပိုင်းအခြားအလိုက် အားသာချက်၊ အားနည်းချက် များကိုလည်း လေ့လာဖော်ပြသွားမည်ဖြစ်ပါသည်။ ထို့ပြင်တဝ အခြားသောနိုင်ငံများ၏ သမဝါယမစနစ် များ၊ အောင်မြင်နေသော သမဝါယမအသင်းများ ကိုလည်း အတုယူအားကျဖွယ်ရာအဖြစ် ရေးသား တင်ပြသွားပါမည်။
လူသိများထင်ရှားသော သမဝါယမစီမံကိန်းများ
၁၉၀၅-၁၉၀၆ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ သော သမဝါယမအသင်းများသည် ၁၉၂၀-၁၉၂၁ နှစ် များအထိ အားကောင်းမောင်းသန် ဖြစ်ပေါ်တိုးတက် များပြားလာကြောင်း   တွေ့ရသည်။  သမဝါယမ ဝါကြိတ်စက်တွေ၊ ဆန်စက်တွေ အောင်မြင်ဖြစ်ထွန်း ခဲ့သည်။   “နယ်သစ်ဖွင့်  သမဝါယမအသင်းများ” အမည်ဖြင့်    မြေလွတ်မြေရိုင်းများကို  ခုတ်ထွင် ရှင်းလင်းပြီး လယ်ယာမြေများ ဖော်ထုတ်စိုက်ပျိုးခဲ့ ကြသည်။  စူးအက်တူးမြောင်း  ဖွင့်လှစ်ပြီးနောက် မြန်မာ့ပို့ကုန်များ   မြင့်တက်လာသည်။  ၁၉၁၆ မှ ၁၉၂၀ ပြည့်နှစ်အတွင်း သမဝါယမအသင်းပေါင်း ၃၃၁၉ သင်း၊ ခရိုင်အဆင့် သမဝါယမအသင်း ၁၈ သင်း၊  သမဝါယမဘဏ်ငါးခုတို့  ဖွဲ့စည်းနိုင်သည့် အပြင် မြို့မငွေစုငွေချေး သမဝါယမအသင်းများအား စုပေါင်းဖွဲ့စည်းထားသော   “မြို့မဗဟိုဘဏ်”ကို ထူထောင်နိုင်ပြီး မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာ များထဲမှ လှိုင်၊ ပု၊ ကျော် အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးထွန်းအောင်ကျော်ကိုယ်တိုင်    ဗဟိုဘဏ်ကို ကြီးကြပ်အုပ်ချုပ်ခဲ့ကြောင်း   သိရသည်။ ၁၉၂၃ ခုနှစ်တွင် ပြဋ္ဌာန်းသော ဒိုင်အာခီအုပ်ချုပ်ရေးစနစ် တွင်လည်း သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက် လာကာ ၁၉၂၃ နှင့် ၁၉၂၅ ကာလအတွင်း သမဝါယမ အသင်းများသည်   အောင်မြင်မှုအမြင့်မားဆုံးအထိ ရောက်ရှိခဲ့ကြကြောင်း၊ ကိုလိုနီခေတ် မြန်မာနိုင်ငံ၏ သမဝါယမအသင်းအရေအတွက်နှင့် အသင်းသား ဦးရေ အများဆုံးနှစ်သည် ၁၉၂၄ ခုနှစ်ဖြစ်ကြောင်း၊ ၁၉၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ရှိ စာရင်းဇယားများ အရ   အမျိုးမျိုးသော  သမဝါယမအသင်း ၅၅၆၃ သင်း၊ အသင်းသားဦးရေ ၁၅၆၈၀၃ ဦးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
သို့သော် ၁၉၂၅ ခုနှစ်တွင် သမဝါယမအသင်းများ ၏ လုပ်ငန်းအခြေအနေများ လျော့နည်းပြီး မတည် မငြိမ်ဖြစ်လာခဲ့သည်။ အကြောင်းရင်းကို ရှာကြသော အခါ သမဝါယမအသင်းသားများသည် သက်ဆိုင်ရာ သမဝါယမအသင်းများသို့ ချေးငွေများ ပြန်မဆပ်ကြ ခြင်း၊ အသင်းသားများက ကြွေးဆပ်ရန် ပျက်ကွက် သဖြင့်  အသင်းများအနေဖြင့်လည်း  သက်ဆိုင်ရာ ဗဟိုဘဏ်များသို့ ပြန်လည်ပေးဆပ်ခြင်း မပြုနိုင် တော့ခြင်းများ ဖြစ်ပေါ်တွေ့ရှိလာရသည်။ ပြန်လည် ပေးဆပ်ရန်      ပျက်ကွက်သော   အသင်းများအား စာရင်းရှင်းလင်း ဖျက်သိမ်းခဲ့ရသည်။  ၁၉၁၂   ခုနှစ် သမဝါယမအသင်းများဆိုင်ရာ    အက်ဥပဒေဖြင့် အရေးယူနိုင်ရေးပြင်ဆင်ရန်    ဆောင်ရွက်ခဲ့ရပြီး ၁၉၂၇    ခုနှစ်   သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေကို ထုတ်ပြန်ပေးခဲ့သည်။ ၁၉၁၄ နှင့် ၁၉၁၂   ဥပဒေများသည်  အိန္ဒိယဗဟိုအစိုးရက ထုတ်ပြန်ခြင်းဖြစ်ပြီး ၁၉၂၇ သမဝါယမအက်ဥပဒေ ကမူ မြန်မာပြည် ဥပဒေပြုကောင်စီက ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ဦးတင်ကြီး၏ ပြုပြင်ရေးစီမံကိန်း
၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေး ပျက်ကပ် ဖြင့်    ကြုံရသည်။   မြန်မာနိုင်ငံ  ပြည်သူများနှင့် တောင်သူလယ်သမား၊ အလုပ်သမားများ ပြင်းထန် စွာ  ခံစားခဲ့ကြရသည်။    စပါးတစ်တောင်း  ငါးပဲ၊ ကုလားခေါင်းဓားဝဲအထိဖြစ်ခဲ့ရပြီး   သာယာဝတီ နယ်တွင်      ဆရာစံဦးဆောင်သော   တောင်သူ လယ်သမားအရေးတော်ပုံကြီး   ပေါ်ပေါက်လာခဲ့ သည်။ ယင်းကာလအခြေအနေများကို ကျော်လွှား နိုင်ရေးအတွက် ၁၉၃၅ ခုနှစ်တွင် မြေစာရင်းဌာနမှ ဦးတင်ကြီးအား သမဝါယမမင်းကြီးအဖြစ် ခေါ်ယူ ခန့်ထားတာဝန်ပေးခဲ့သည်။ ဦးတင်ကြီး၏ ပြုပြင်ရေးစီမံကိန်းပေါ်ပေါက်လာခဲ့သည်။ ငွေစုငွေချေး လုပ်ငန်းနှင့်      စုပေါင်းရောင်းဝယ်ရေးလုပ်ငန်းကို ခိုင်မာအောင်ပြုလုပ်ခဲ့သည်။ သီးနှံပေး ကာလတို ချေးငွေ၊   ကာလရှည်ချေးငွေ၊     အငှားဝယ်စာချုပ်
ချေးငွေသတ်မှတ်ချက်များပေါ်ပေါက်လာပြီး အစိုးရ အရာရှိများကိုယ်တိုင် ကြပ်မတ်စိစစ်ထုတ်ချေးသော ကြောင့် ချေးငွေလုံခြုံမှုစနစ် ပိုကောင်းလာခဲ့သည်။ သမဝါယမအသင်းသစ်များ  ဖွဲ့စည်းခြင်း၊  အသင်း ဟောင်းများ   ပြုပြင်ခြင်းနည်းများကို   ကျင့်သုံးခဲ့ သည်။ ကျဆင်းနေသော သမဝါယမပုံရိပ်များကို ပြန်လည်ကောင်းမွန်လာစေခဲ့သည်။   ၉၁  ဌာန အုပ်ချုပ်ရေးကာလတွင် ဗာစီတီကွန်ကိုး (Varsity Con Co)ဟု    သမိုင်းတွင်လာမည့်   တက္ကသိုလ် သမဝါယမအသင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီး အမှုဆောင် အဖွဲ့တွင် သခင်နုက ပထမ ဥက္ကဋ္ဌ၊ ဦးကျော်ငြိမ်းက ဒုတိယဥက္ကဋ္ဌ၊ ဦးထွန်းအုန်က မန်နေဂျင်းစက္ကရီတေရီ အဖြစ် တာဝန်ယူကြကြောင်း သိရသည်။
ဆိုရန်တိုဗီလာစီမံကိန်းနှင့် 
သမဝါယမ ငါးနှစ်စီမံကိန်း
ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကို ခံခဲ့ရပြီး ပြာဖြစ်ခဲ့ ရသော    မြန်မာပြည်အနေဖြင့်   စီးပွားရေးအရ အမြန်ဆုံး ပြန်လည်နာလန်ထူဖို့ရာ သမဝါယမစနစ် သည်သာ အသင့်တော်ဆုံးဖြစ်ကြောင်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အထူး ယုံကြည်မှတ်ယူထားသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလတွင် ရန်ကုန်မြို့  ပြည်လမ်း  (ဟံသာဝတီ အဝိုင်း) အနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် ကျင်းပသော     စီးပွားရေးပြန်လည်ထူထောင်မှု ကွန်ဖရင့်၌ Con - Cos Scheme (ခ) နှစ်တိုစီးပွားရေး စီမံကိန်းနှင့်  သမဝါယမကို  အားပြုပြီး  တိုင်းပြည် စီးပွားရေး    ပြန်လည်ထူထောင်လာဖို့      ကြိုးပမ်း အားထုတ်ခဲ့သည်။ ထို့ကြောင့်လည်း လွတ်လပ်ရေး ရပြီးသည့်အချိန်အထိ ကွန်ကိုးအသင်းပေါင်း ၇၀၀၀ ကျော်ဖြင့် စစ်ဘေးသင့်ပြည်သူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းကူညီပေးခဲ့ကြသည်။ အဆိုပါ အောင်မြင်မှု၏ နောက်ဆက်တွဲရလဒ်အဖြစ် ၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သားသမဝါယမအစည်းအဝေးကြီးကို ရန်ကုန်မြို့ တော်ခန်းမ၌ ကျင်းပပြုလုပ်ကာ သမဝါယမ ငါးနှစ် စီမံကိန်းကို  ရေးဆွဲအတည်ပြုခဲ့ကြသည်။  ၁၉၅၁ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် သမဝါယမနှင့် ကုန်စည် ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီး ဦးကျော်ငြိမ်း က ပထမဆုံးဝန်ကြီး ဖြစ်လာခဲ့သည်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလတွင်     နိုင်ငံတော်သမဝါယမ သင်တန်းကျောင်းကို    ဖွင့်လှစ်ပြီး  သမဝါယမ ပညာရေးစနစ်ကို အားပေးမြှင့်တင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင်   ပြည်ထောင်စုမြန်မာနိုင်ငံ  သမဝါယမ ကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ ၎င်းပြင် ၁၉၅၆ ခုနှစ် သမဝါယမအသင်းများ အက်ဥပဒေကို ပြဋ္ဌာန်းပြီး ယင်းဥပဒေအရ လယ်ယာနှင့် လုပ်ငန်း ပေါင်းစုံ    သမဝါယမအသင်း(လလသသ)များ ပေါ်ထွက်လာခဲ့သည်။ လလသသ ဆိုင်နာမည်သည် ကျွန်တော်တို့   ကလေးဘဝကတည်းက   ရင်းနှီး ကျွမ်းဝင်ရှိခဲ့သော အမည်ဖြစ်၏။ ယနေ့ထက်တိုင် မမေ့ခဲ့ပါ။
၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်း
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန် ရေးကောင်စီ ပေါ်ပေါက်လာပြီးနောက် သမဝါယမ သည် ဆိုရှယ်လစ်စီးပွားရေးစနစ်၏ ဒုတိယမဏ္ဍိုင် အဖြစ် ရပ်တည်လာခဲ့သည်။ ၁၉၇၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် ၁၉၇၀ ပြည့်နှစ်   ပြည်ထောင်စုမြန်မာနိုင်ငံ  သမဝါယမ အသင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေနှင့် အညီ    သမဝါယမစီမံကိန်းအောင်မြင်ရေးသည် အဓိကဆိုသော    ကြွေးကြော်သံဖြင့်   ရပ်တည် ဆောင်ရွက်ခဲ့ကြသည်။ ၁၉၇၀ ပြည့်နှစ် သမဝါယမ စီမံကိန်း၏ ထူးခြားသော ဝိသေသလေးခုမှာ (က) မြန်မာနိုင်ငံတွင်  ယခင်ခေတ်ဟောင်းက ပြုလုပ်ခဲ့ သည့် သမဝါယမစီမံကိန်းများနှင့် မတူခြင်း၊ (ခ)ယခုစီမံကိန်းအရ ဖွဲ့စည်းမည့် သမဝါယမအသင်းများ သည်    ယခင်ခေတ်ဟောင်းက   ဖွဲ့စည်းခဲ့သည့် အသင်းများနှင့်မတူခြင်း၊ (ဂ) အရင်းရှင်နိုင်ငံများရှိ သမဝါယမအသင်းများနှင့်မတူခြင်း၊ (ဃ) ဆိုရှယ် လစ်နိုင်ငံများရှိ   သမဝါယမအသင်းများနှင့်လည်း မတူခြင်းတို့ဖြစ်သည်။   ထိုကဲ့သို့  ထူးခြားသော လက္ခဏာရပ်များနှင့် သတ်မှတ်ပြဋ္ဌာန်းထားသော စီမံကိန်းသည်ပင်လျှင်     သမဝါယမအသင်းများ အကြား    ကိုယ်ကျိုးရှာမှု၊   မသမာမှု၊  စည်းကမ်း ဖောက်ဖျက်မှုများကြောင့်    အားနည်းချက်များ ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသမဝါယမအသင်းများ၏ အားနည်းချက်များ
ဤအားနည်းချက်များသည် ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသော အခြေအနေများအပေါ် သုံးသပ်၍ သမဝါယမပညာရှင်များ၊     လက်တွေ့လုပ်ငန်း ဆောင်ရွက်နေသူများက ဖော်ထုတ်တင်ပြထားခြင်း ဖြစ်ပါသည်။ ယင်းအားနည်းချက်များ(သို့မဟုတ်) မြန်မာနိုင်ငံ သမဝါယမအသင်းများ၏ ပျက်စီးရသော အကြောင်းရင်းများမှာ သမဝါယမအသင်းသားများ အား ပညာပေးမှုကင်းမဲ့ခြင်း၊ သမဝါယမအသင်းများ ကို အလျင်စလို ဖွဲ့ခြင်း၊ ခိုင်မြဲခြင်းမရှိသည့်လုပ်ငန်း များ တိုးချဲ့ခြင်း၊ သမဝါယမဌာနဆိုင်ရာ အုပ်ချုပ်မှု လုပ်ငန်းများ နိုင်နိုင်နင်းနင်းမရှိခြင်း၊ ချေးငွေပေးဆပ် နိုင်မှု ရှိ/ မရှိ    လေ့လာသုံးသပ်မှုအားနည်းခြင်း၊ ငွေများထုတ်ချေးရာတွင်    သတိကင်းမဲ့ခြင်း၊ အသင်းဝင်ဖြစ်ထိုက်သော အင်္ဂါရပ်နှင့် မပြည့်စုံသူ များအား အသင်းဝင်ခွင့်ပြုခြင်း၊  ငွေချေးထိုက်သည့် အင်္ဂါရပ်နှင့်မညီသူများအား ငွေချေးခြင်း၊ ပေးဆပ်ရန် ရှိသော ချေးငွေအတိုးအရင်း အားလုံးကို မှန်ကန် တိကျစွာ ပြန်လည်မပေးဆပ်ခြင်း၊ အသင်းသားများ ထံမှ    ချေးငွေကြွေးများ   တောင်းခံရာ၌  ထိထိ ရောက်ရောက် မဆောင်ရွက်ခြင်း၊ အကျိုးဆောင် လုပ်ငန်းများကို အားထားခြင်း၊  ကာလတိုပြန်ဆပ် ရမည့်ငွေများကို   လက်ခံ၍  အသင်းသားများအား နှစ်ရှည်ချေးငွေအဖြစ် ထုတ်ချေးခြင်း၊ သမဝါယမ အသင်းသားများ၏  ဒေသဆိုင်ရာ  ခေါင်းဆောင်မှု ညံ့ဖျင်းခြင်း၊  အသင်းသားများ  မရိုးဖြောင့်ခြင်းနှင့် သစ္စာမရှိခြင်း၊ သမဝါယမဌာနဆိုင်ရာ ဝန်ထမ်းများ ပြည့်စုံလုံလောက်စွာမရှိခြင်း၊ အစိုးရ၏ သမဝါယမ မူဝါဒ ပြတ်သားမှုမရှိခြင်း၊ ဆရာစံအရေးတော်ပုံ ပေါ်ပေါက်လာမှုနှင့်အတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ မတည်မငြိမ်ဖြစ်နေခဲ့ခြင်းတို့ ဖြစ်ပါ သည်။
သမဝါယမလောကသားများ၏ 
သုံးသပ်တွေ့ရှိ အကြံပြုချက်များ
သမဝါယမကို    အကြောင်းပြု၍  ပုဂ္ဂလိက ကိုယ်ကျိုးရှာမှုများသည်   သမဝါယမအသင်းများ အတွက်    အကြီးမားဆုံးအန္တရာယ်ဖြစ်ကြောင်း၊ လူတိုင်းစီးပွားရေးကောင်းပြီး   ကိုယ်ကျင့်တရား လည်း ကောင်းလာရမည်ဆိုသော မျှော်မှန်းချက်နှင့် တည်ဆောက်ခဲ့ကြသည့် ဆိုရှယ်လစ်စနစ်၏ ဒုတိယ မဏ္ဍိုင်ခေတ်မှာလည်း အမှားများနှင့် မကင်းနိုင်ခဲ့ကြ ကြောင်း၊    စီမံခန့်ခွဲအုပ်ချုပ်မှု၌  အရည်အချင်း မပြည့်ဝခြင်းနှင့် လုံလောက်မှုကင်းမဲ့ခြင်းတို့သည်လည်း သမဝါယမစနစ်ကို ကျဆုံးစေသော အဓိက အကြောင်းရင်းများထဲက    တစ်ခုဖြစ်ကြောင်း၊ သမဝါယမလုပ်ငန်းများအတွက်  တာဝန်ပေးမည် ဆိုလျှင် လူကောင်းရုံဖြင့် မလုံလောက်သေး၊ အလုပ် တွင်လည်း   တော်သည့်တတ်သည့်  လူတော်များ ဖြစ်ရန် လိုအပ်ကြောင်း၊  သမဝါယမအသင်းများ ပျက်စီးရသော အကြောင်းရင်းများထဲ၌ ပျင်းရိငြီးငွေ့ ဖွယ်ကောင်းသော အစည်းအဝေးများသည်လည်း ထိပ်ဆုံးက  ပါဝင်နေကြောင်း၊  အစည်းအဝေးတွင် တင်ပြသည့် အစီရင်ခံစာ၊ စာရင်းရှင်းတမ်းများသည် အချက်ကျကျ    ရှင်းရှင်းလင်းလင်း၊   ပြတ်ပြတ် သားသားနှင့် တိကျသေချာသော ကိန်းဂဏန်းများ ဖြစ်ရန် လိုအပ်ကြောင်းကို တစ်ချိန်က သမဝါယမ လောကတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင် သွားခဲ့ကြသည့်   သမဝါယမလောကသားများက သုံးသပ်အကြံပြုထားကြသည်ကို လေ့လာတွေ့ရှိရ ပါသည်။       ။