တောအုပ်သန့်သန့်လေးထဲမှာ

Type
၁

တောအုပ်သန့်သန့်လေးထဲမှာ

 

===============

 

မမိုးမြေ

=====

တက္ကသိုလ်တို့မည်သည် သဘာဝပတ်ဝန်းကျင် လှပရန် လိုပါသလားဟု တွေးကြည့်လျှင် လိုအပ်ပါသည်ဟု ဖြေမိပါမည်။ ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှ တွင် ပညာဖြင့်ကျော်ကြားခဲ့ပါသည်။ တက္ကသိုလ်၏ တည်နေရာအလှတရားဖြင့်လည်း ထင်ရှားခဲ့ပါသည်။ အလွန်လှပသော တက္ကသိုလ်အဖြစ် လက်ခံကြရပါသည်။ တက္ကသိုလ်မည်သည်မှာ အဆင့်မြင့်ပညာတို့ကို သင်ကြား ရာနေရာဒေသဖြစ်သည်။ ကလေးတန်းတွေလို အခန်း ကျဉ်းလေးထဲမှာ ဆရာသင်သမျှကို ကုန်းအော်၍ နေရမည် မဟုတ်ပါ။ ဆရာပို့ချသမျှကို အာရုံစူးစိုက်မှုရှိရပါမည်။ ပို့ချမှုများကို ဦးနှောက်ကြည်ကြည်လင်လင်ဖြင့် လက်ခံ နိုင်ရန် အသင့်ရှိနေရပါမည်။ အတန်းချိန်များကုန်ဆုံးလျှင် ငြိမ်းအေးသာယာသော သဘာဝဝန်းကျင်တွင် ခေါင်းအေးအေးဖြင့် သင်ပြီးသမျှ စဉ်းစားတွေးဆကြရ ပါမည်။ ဆန်းစစ်ဝေဖန်ကြရပါမည်။ အတွေးသစ်၊ အမြင်သစ်၊ ပညာသစ်များကို ရှာဖွေကြရပါမည်။

ကံ့ကော်တောဝန်းရံထားသော၊ ဥဩတေးသံတို့ကို ကြားရတတ်သော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် စာအုပ်များကို ရှာဖွေ၍ ဖတ်ရှုတတ်သည့်အလေ့အကျင့် ပြုရပါမည်။ မျှော်ကြည့်လိုက်တိုင်း အလှတရားဖြင့် ပြည့်ဝ သော ဝန်းကျင်ကိုခံစားရင်း စိတ်ကြည်လင်ရွှင်ပျစွာဖြင့် ပညာများကို ဆည်းပူးကြရပါမည်။ ပညာအသစ်ရှာသူ အတွက် ကြည်နူးသာယာသော ပတ်ဝန်းကျင် လိုအပ်ပါ သည်။ တက္ကသိုလ်ကျောင်းသားဘဝနှင့် လိုက်ဖက်ပြီး ပညာရှာဖွေလိုစိတ်မြင့်မားလာစေမည့် ပတ်ဝန်းကျင် အခင်းအကျင်းလိုပါသည်။

ရန်ကုန်တက္ကသိုလ်ကို မြကျွန်းညိုဟု ခေါ်ဝေါ်ကြပါသည်။ မြကျွန်းညို၏ အလှဂုဏ်ကို ဖော်ကျူးနေပါသည်။ တစ်ဆက်တည်းမှာပင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ အဆင့်မြင့်ပညာသင်ကြားပေးရာ တက္ကသိုလ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်ကို သတိရမိပါသည်။ ဂရိပညာရှင်ပလေတိုက သူပညာပေးရာကျောင်းကို အကေးဒီး(မ်) (Academe) ဟု နာမည်ပေးခဲ့သည်။ အကေးဒမီ(Academy) ဆိုသောစကားသည် အထက်ဖော်ပြပါ ပလေတို၏ အကေးဒီး(မ်)(Academe) မှ ဆင်းသက်လာသည်။ အကေးဒမီကို ယခုအခါ၌ ကျောင်းဟု ဘာသာပြန်ကြ သည်။ အချို့က တက္ကသိုလ်ဟူသော အနက်ကို ယူကြသည်။ အကေးဒမီသည် အဆင့်မြင့်သော ပညာများကို သင်ပေးရာ၊ သင်ယူရာဟု အဓိပ္ပာယ် ရလာခဲ့သည်။ ပလေတိုကြီးအမည်ပေးခဲ့သည့် အကေးဒီး(မ်) ဟူသောစကားမှာ မူလခေါမစကား အကေးဒီးမက်(စ်)(Akademos) မှ ဆင်းသက်လာသည်။ အကေးဒီးမက် (စ်)၏ အဓိပ္ပာယ်မှာ တောအုပ်ကလေး ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ဂရူးဗ် (Grove) ဟုခေါ်သည်။ ရိုးရိုးတောအုပ်လေးမဟုတ်ပါ။ တန်းစီ ညီညာသောအပင်တို့ပေါက်နေပြီး အောက်ခြေမှာ ချုံနွယ် ပိတ်ပေါင်းမရှိဘဲ ရှင်းသန့်နေသော တောအုပ်လေး၊ တောသန့်သန့်လေး ဖြစ်ပါသည်။

ပလေတိုကြီး၏ကျောင်း သို့မဟုတ် အဆင့်မြင့်ပညာများသင်ကြားရာနေရာဟု အနက်ရှိသော အကေးဒီး(မ်) (Academe) ကို ရန်ကုန်တက္ကသိုလ်မြကျွန်းညိုနှင့် ဆက်စပ် တင်ပြလိုပါသည်။ ပလေတို၊ အရစ္စတိုတယ်ကဲ့သို့ ဂရိပညာ ရှိကြီးများခေတ်က တောအုပ်သန့်သန့်လှလှလေးတွင် ဖီလော်ဆိုဖီ ခေါ် အတွေးအခေါ်များ ဆွေးနွေးကြ၊ ဟော ပြောကြ၊ နာယူကြသည်။ ဆရာနှင့် တပည့်တို့ စိတ်အေးချမ်း သာယာဖွယ်၊ နှလုံးမွေ့လျော်ဖွယ်ရှိသော တောအုပ် ကလေးသည် ပညာရှာမှီးရာ၊ ဆွေးနွေးရာဖြစ်ခဲ့သည်။ ကံ့ကော်၊ ရေတမာ၊ စိန်ပန်း၊ ငုဝါ၊ ပိတောက်တို့ စီစီရီရီ ညီညီညာညာ ရှင်းရှင်းသန့်သန့် ပေါက်ရောက်နေသော၊ အင်းလျားရေပြင် ဝန်းရံစီးဆင်းနေသော ရန်ကုန်တက္ကသိုလ် တောအုပ်လေးသည် အဆင့်မြင့်ပညာသင်ယူဆည်းပူးရန် အဘယ်မျှ လိုက်ဖက်သည်ကို တွေးမိလာနိုင်ပြီဟု ထင်မိပါသည်။

လှလွန်းသော သဘာဝဝန်းကျင်ကို စာဆိုတို့ ခံစားရာ မှ မြကျွန်းညိုကဗျာတော ဖြစ်ခဲ့ရပါသည်။ ရန်ကုန် တက္ကသိုလ်၏ တည်နေရာ အခင်းအကျင်းက ပညာရှာသူတို့ ၏ စိတ်နှလုံးကို ကြည်လင်ရှင်းသန့်စေသည်။ ကြည်နူးရွှင်ပျ စေသည်။ နှလုံးမွေ့လျော် ပျော်ရွှင်စွာဖြင့် ပညာအသစ်များ တီထွင်ရန် ကောင်းစွာ အထောက်အပံ့ပြုနေသည်ဟု ဆိုချင် ပါသည်။

သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် မြတ်ဗုဒ္ဓသည် တရား ရှာမှီးကျင့်ကြံတော်မူရာတွင် တောထွက်သည်ဆိုသော အကြောင်းနှင့်လည်း ဆက်စပ်နေပါသည်။ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်က “ တောသန့်သန့်လေးများအကြောင်း ကို ကျွန်တော်တို့ မြန်မာများ ဗုဒ္ဓစာပေတွေမှာ မကြာခဏ တွေ့ကြရသည်။ မြတ်စွာဘုရားကိုယ်တော်တိုင်နှင့် အရှင် သာရိပုတ္တရာကဲ့သို့သော ရဟန္တာအရှင်မြတ်ကြီးတို့က တောသန့်သန့်လေးများကို ချီးမွမ်းနှစ်သက်ကြသည်။ ဤကဲ့သို့သော တောသန့်သန့်လေးများသည် နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသည်” ဟု ဖော်ပြခဲ့ပါသည်။

မင်္ဂလသုတ်တွင် “ ဧဝံမေသုတံ၊ ဧကံသမယံ၊ ဘဂဝါ သဝတ္ထိယံ၊ ဝိဟရတိ၊ ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ” ဟု ပါရှိသည်။ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားရှင်အတွက် ကျောင်းတော်နေရာရွေးရာတွင် နှလုံးမွေ့လျော်ဖွယ်နေရာကို စေ့စေ့စပ်စပ်စဉ်းစားပြီး ဇေတမင်းသား၏ ဥယျာဉ်ကို ဝယ်ယူခဲ့သည်။ ထိုနေရာ၌ “အာရောမေ” ဟူသော စကားပါသည်။ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်ခြင်းဟုအနက်ရသည်။ နှလုံးမွေ့လျော် ပျော်ဖွယ်ကောင်းသော တောဥယျာဉ်၊ တောတောင်ရေမြေ ဥယျာဉ်တို့ ဝန်းရံထားသော ဗုဒ္ဓဘာသာကျောင်းတော်၊ ဘုရားရှင်နှင့် သံဃာတော်မြတ်တို့ သီတင်းသုံးရာ ဝိဟာရ ကျောင်းတိုက်ဟု အနက်များစွာရှိသည်။ ဗုဒ္ဓဘုရားရှင်၏ ကျောင်းတော်များကို ဇေတဝန်၊ ဝေဠုဝန်၊ နိဂြောဓာရုံဟု ခေါ်တွင်သည်။

ဝေဠုဝန်သည် ဝါးတောဥယျာဉ်သန့်သန့်၌ ဆောက် ထားသော ကျောင်းတော်ကြီး ဖြစ်သည်။ ဆရာတော် ရဝေနွယ် (အင်းမ)၏ တရားစခန်းသည် ဝါးပင်များတစ်ပင် နှင့်တစ်ပင် မိုးယှက်နေပြီး မြေနီလမ်းလေးနှင့် အလွန် နှလုံးမွေ့လျော်ဖွယ်ဖြစ်သည်။ တစ်ဝင်းလုံးစိမ်းပြီး မွှေးနေ အောင် သနပ်ခါးပင်များကို အပြည့်စိုက်ထားသည်။ ဗုဒ္ဓဘုရားရှင်၏ ဝေဠုဝန်ကျောင်းတော်၏ အငွေ့အသက် ကို ခံစားရသလို ထင်မိပါသည်။ ဇေတဝန်၊ ဝေဠုဝန်မှ “ဝန်”သည် “ဝနု” ဆိုသော စကားမှလာသည်။ တောအုပ် ဟု အနက်ရသည်။ နိဂြောဓာရုံမှ “ရုံ” သည် အာရာမောမှ ဆင်းသက်လာသည်။ နှလုံးမွေ့လျော်ဖွယ်ကောင်းသော တောဥယျာဉ်ဟု အဓိပ္ပာယ်ရှိသည်။ ဗုဒ္ဓဘုရားရှင်သည် တောအုပ်သန့်သန့်လေး၌ တပည့်သားရဟန်းတို့ကို တရားဟောပြဆုံးမတော်မူရာဖြစ်သည်။ ပလေတိုသည် လည်း တောအုပ်သန့်သန့်လေးတွင် သူ၏တပည့်များနှင့် အတွေးအခေါ် ပညာများဆွေးနွေးရာဖြစ်သည်။ ထိုအနက် များနှင့်ဆက်စပ်ကြည့်လျှင် မြကျွန်းညိုညို၊ ရန်ကုန် တက္ကသိုလ်သည် ဆရာနှင့်တပည့်တို့ ပညာပေး၊ ပညာယူရာ နှလုံးမွေ့လျော်ပျော်ဖွယ်ရှိသော တောအုပ်လှလှလေး ဖြစ်နေပါသည်။

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က “ ဪ ပညာနယ် မြေဟူသည် တောသန့်သန့်သဘော အဓိပ္ပာယ်ရသည့်” “အာရာမော” ၊ “ဝနံ” တို့နှင့် အစဉ်ဆက်သွယ်နေပါတကား။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်ကို ကံ့ကော်တော၊ မန္တလေး တက္ကသိုလ်ကို တမာတော၊ မော်လမြိုင်တက္ကသိုလ်ကို စုံမြိုင်တော၊ ဆေးတက္ကသိုလ်(၂)ကို ပန်းစွယ်တော်တော ဟု ခေါ်နေကြသည်မှာ သင့်လျော်ပါပေ၏။ အစဉ်အလာ နှင့် ညီပါပေ၏။ ကျက်သရေမင်္ဂလာရှိပါပေ၏” ဟု ဆိုမိန့် ခဲ့ပါသည်။

အဆင်မြင့်ပညာသင်ကြားရာ နေရာဒေသအခင်း အကျင်းသည် သန့်ရှင်းသပ်ရပ်သင့်ပါသည်။ နေပူပူ ကွင်းခေါင်ခေါင်၌ ပညာသင်ယူရလျှင် ပညာပေးသူရော ယူသူပါ ဘဝအမောမဖြေနိုင်ပါ။ ပညာရေး၌ အာရုံစူးစိုက် နိုင်မည် မဟုတ်ပါ။ ရန်ကုန်တက္ကသိုလ်၏ သမိုင်းတွင် နိုင်ငံအတွက် အသက်ပေးဆပ်သည်အထိ ထက်မြက် သော ကျောင်းသားများ ပေါ်ထွန်းခဲ့ခြင်းမှာ တက္ကသိုလ်၏ လှပသော နောက်ခံအခင်းအကျင်းသည်လည်း ပါဝင် သည်ဟု ထင်မိပါသည်။ v စာမျက်နှာ ၉ မှ

တက္ကသိုလ်ဟု ဆိုလိုက်သည်နှင့် အရာဝတ္ထုတစ်ခုခု သည် ဂုဏ်ရည်မြင့်မားသွားတတ်ပါသည်။ ကံ့ကော်၊ စိန်ပန်း၊ ပိတောက်တို့သည် နေရာအနှံ့ရှိကြသည်ပင်။ သို့ရာတွင် တက္ကသိုလ်မှ ကံ့ကော်၊ စိန်ပန်း၊ ပိတောက်တို့ကို သာ မြတ်နိုးကြသည်။ နှင်းကိုပင် တက္ကသိုလ်မှာ ဝေတဲ့ နှင်း၊ လဝန်းကိုပင် တက္ကသိုလ်ကျောင်းက ငွေလဝန်းဟု ဂုဏ်တင်ကြသည်။ ပန်းမျိုးစုံဖူးပွင့်၍ သာယာလှပသော နေရာများစွာရှိသော်လည်း မြကျွန်းညိုကိုသာ ကဗျာ တောဟု တင်စားကြသည်။ တက္ကသိုလ်သည် နောက်ခံ ဂုဏ်အရှိန်အဝါမြင့်သည့်အလျောက် ယင်းနှင့် ဆက်စပ်မိ သမျှအရာတိုင်းသည် အလိုလိုဂုဏ်တင့်သွားကြသည်။

တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သား များကို မဆိုထားနှင့် စားသောက်ဆိုင်များပင် တက္ကသိုလ် အရှိန်ဖြင့် အလိုလိုထည်ထည်ဝါဝါရှိလာတတ်သည်။ ကျွန်မတို့ ရန်ကုန်တက္ကသိုလ်ရောက်စက တွေ့သမျှ မြင်သမျှတန်းတန်းစွဲကြသည်။ မာလာကင်န်တင်းသည် သီရိဆောင်နှင့်လည်း နီးသည်။ ထိုကင်န်တင်းတွင် ဦးယမ်းဘီလူး၏ အအေးဆိုင်ရှိသည်။ ယမ်းဘီလူးဟု ဆိုလိုက်လျှင် မသိသူမရှိ။ ယမ်းဘီလူး၏ အအေးများ၌ ငြိခဲ့ကြသူချည်းဖြစ်သည်။ အထူးသဖြင့် ရေခဲသုပ်ကို ကြိုက်ကြသည်။ တက္ကသိုလ်ရောက်စနှစ်တွင် ဟင်္သာတသူ လေးယောက်တစ်ခန်းတည်းကျသည်။ မမငြိမ်း (ခေါ်) မခင်ငြိမ်းသည် စစ်အတွင်းက ကျောင်းနားနေခဲ့ရသူဖြစ် သည်။ ထိုစဉ်က ကျွန်မတို့ ၁၇ နှစ်ခန့်တွင် သူက ၃၅ နှစ်ရှိပေ ပြီ။ ယခု မမငြိမ်းသည် အသက် ၉၀ ကျော်ပေပြီ။ အဆောင် ကြေး ၅၇ ကျပ်ပေးရပြီး တစ်နေ့လျှင် ကော်ဖီ နှစ်ကြိမ်တိုက် သည်။ နံနက်စောစောနှင့် နေ့လယ်ခင်းဖြစ်သည်။

ယမ်းဘီလူး၏ ရေခဲသုပ်ကို တပ်မက်မိနေသော ကျွန်မနှင့် မကြည်သန်း (ပါမောက္ခ- ငြိမ်း) ဒဿနိကဗေဒ ဌာနတို့သည် ဆောင်းနံနက်ချမ်းချမ်းစီးစီးတွင် အနွေးထည် ကိုယ်စီဝတ်၍ ရေခဲသုပ်သွားစားသည်။ မမငြိမ်းခမျာ မထသေးသောသူများအတွက်ပါ ဓာတ်ဘူးကြီးနှင့် ကော်ဖီသွားယူလာသည်။ ရေခဲသုပ်သွားစားသော ကျွန်မ တို့ကို “အံ့ပါရဲ့အေ၊ အံ့ပါရဲ့” ဟု တဗျစ်တောက်တောက် အပြစ်တင်သည်။ ဦးယမ်းဘီလူး၏ ရေခဲသုပ်သည် ရန်ကုန် တက္ကသိုလ်တွင် ဆယ်စုနှစ်များစွာ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့သည်။

တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သား များနှင့် ဆရာ ဆရာမများသည် အစွဲကြီးကြသည်။ လက်ဖက်ရည်ဆိုလျှင် ဦးချစ်မှကြိုက်ကြသည်။ ဦးချစ် လက်ဖက်ရည်သည် ဆိုင်မဖြစ်မီက တွန်းလှည်းဖြင့်ရောင်း သည်။ ထိုအချိန်ကို မီသူများက သူတို့သည် ထိုအချိန် ကတည်းက ဦးချစ်ဆိုင်၏ စီနီယာဖောက်သည်များဟု ဝင့်ဝင့်ကြွားကြွားဆိုသည်။ ကျွန်မတို့ ဒုတိယနှစ်ဂုဏ်ထူးတန်းသို့ရောက်သောအခါ သိပ္ပံမဟာဌာန၏ အပေါ်ထပ် တွင်ရှိသော မြန်မာစာဌာနသည် တောင်ငူဆောင်သို့ ပြောင်းရွှေ့လာသည်။ ကျွန်မတို့ ဆရာမဖြစ်စအချိန်မှစ၍ ရာထူးအဆင့်ဆင့်ပြောင်းသွားသော်လည်း တောင်ငူဆောင် နှင့် နီးသော ဦးချစ်ဆိုင်သို့ အသွားမပျက်ပါ။ နေ့စဉ်သွား ရမည့်နေရာအဖြစ် သတ်မှတ်ထားသည်။ တိုက်အိုပုပုလေး တွင် လူတွေအမြဲပြည့်နေတတ်သည်။

ဦးချစ်ဆိုင်တွင် ချစ်သူနှင့်အတူ ရှိခဲ့ဖူးဟန်ဝတ္ထု ရေးသူက ရေးသည်။ ကဗျာဖွဲ့သူကဖွဲ့သည်။ တက္ကသိုလ် နောက်ခံဝတ္ထုဆိုလျှင် ဦးချစ်မပါ၍ မရပါ။ စာရေးဆရာ ငြိမ်းကျော်သည် ချစ်သူနှင့် မျက်နှာချင်းဆိုင်က လက်ဖက် ရည်ခွက်ကို ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်၊ နှုတ်ခမ်း တွင် တေ့လိုက်၊ ပြန်ချထားလိုက်၊ အကြည့်ချင်းဆုံလိုက်၊ ရင်ခုန်လိုက်၊ နှုတ်ခမ်းတွေ လှုပ်ရွလာလိုက်၊ လက်ဖက် ရည်တစ်ငုံသောက်လိုက်၊ သက်ပြင်းချလိုက်နှင့် သရုပ် ဖော်ရင်း “မြောက်ပြန်လေတွင် တင်သောကမ္ပည်း”၊ “အပြာရောင်သစ်ခွပန်းရဲ့ သမိုင်းအစ”၊ “နှလုံးသား မြို့ဟောင်း တူးဖော်ချက်နောက်ဆုံးအစီရင်ခံစာ” တို့ကို ရေးခဲ့သည်။ ကျွန်မသည်လည်း ဦးချစ်ဆိုင်မှာ အပေါင်း အဖော်များနှင့် အချိန်မှန်ထိုင်ရင်း စာရေးဆရာဖြစ်လာ ခဲ့သည်။ ကျွန်မ၏ ဝတ္ထုများတွင်လည်း ဦးချစ်ဆိုင်ပါသည်။ နောက်ဆုံး တောင်ငူဆောင်ရှေ့မှာတွေ့သည့် စာကလေး ဗေဒင်ကုလားမနှင့် သူ့စာကလေးများပင်ပါသည်။

တောင်ငူဆောင်၏ ရှေ့နားသို့ ဦးချစ်ဆိုင်ရွှေ့လာ သည်။ အရှည်ကြီးလက်ဖက်ရည်ဆိုင်ပေါ်လာပြန်သည်။ မဆူးမွေး၏ ခေါက်ဆွဲကြော်ဆိုင်လည်း ရှိလာသည်။ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး စာအကြောင်းပေအကြောင်း ဆွေးနွေးကြသည်။ ဝတ္ထုထဲမှာတော့ ချစ်သူချင်း ချစ်ကြ သည်။ မုန်းကြသည်။ ကွဲကြသည်ဟု ပြန်ရေးသည်။ ဦးချစ် သည် ရန်ကုန်တက္ကသိုလ်၏ အရှိန်အဝါဖြင့် ခေတ်စား လှသည်။ ထင်ရှားလှသည်။ အအေးဆိုင်ပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်ပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းက ယမ်းဘီလူး၊ တက္ကသိုလ်ကျောင်းက ဦးချစ်ဖြစ်သောကြောင့် အစားအစာများသည် ဂုဏ်အရည်အသွေးရှိရသည်။ ထူးခြားကောင်းမွန်ရသည်။ ဆိုင်ရှင်များသည် ဆက်ဆံရေး ရည်မွန်ရသည်။ ထိုနည်းဖြင့် မြကျွန်းညို အရိပ်၌ ခဏကွန်းခိုသူတို့သည် ဘဝအမောပြေကြပါ လိမ့်မည်။

မြကျွန်းညိုကဗျာတောတွင် တောအုပ်သန့်သန့် လေးရှိသည်။ နှလုံးမွေ့လျော်ပျော်ဖွယ်ရှိလှသည်။ ကံ့ကော်မြိုင်တန်း၊ ပိတောက်လမ်း၊ ခရေလမ်း၊ ရေတမာ တန်းတို့ ရှိကြသည်။ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ အကြော်ဆိုင်များလည်းရှိသည်။ ပတ်ဝန်းကျင်၏ အလှ တရားကိုခံစားရင်း စာပေပညာရပ်များကို စူးစူးစိုက်စိုက် လေ့လာကြမည်။ စာပေသစ် ပညာသစ်များကို ရှာဖွေကြ မည်။ သုတေသနပြုကြမည်။ သုတေသန စာတမ်းများ ဖတ်ကြားကြမည်။ ပညာမွန်ဖြစ်အောင် ဆရာများက ဝိုင်းဝန်းဆွေးနွေးကာ တည့်မတ်ပေးကြမည်။ ပညာပြီးရင် ပညာကိုရှာကာ ပညာခေတ်ကို တည်ထောင်ကြမည် ဆိုလျှင် အမိတက္ကသိုလ်ကြီးသည် သားသမီးများအကျိုး ခံစားရသည့် မိခင်ပမာပီတိဖြာ၍ အသက်ရှည် ကျန်းမာ လန်းဖြာပါလိမ့်မည်။

ကျွန်မတို့ချစ်သော တောအုပ်လေး စစ်ရေးမက်ရေး ရန်သူဘေးမှ ကင်းဝေးပါစေ။ ငြိမ်းချမ်းသော နယ်မြေ ဖြစ်ပါစေ။ ။