တောင်ငူဆောင်က ကောင်မလေး

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

တောင်ငူဆောင်က ကောင်မလေး

===================

 

စန္ဒကူး (မြန်မာစာ)

 

၁၉၈၅ ခုနှစ်ဝန်းကျင် စာရေးသူ ၈ တန်းကျောင်းသူ အရွယ်လောက်က “ကျောင်းဖွင့်ရင် ရည်းစားလေးကို ခေါ်ပြီး ဦးချစ်လက်ဖက်ရည် သွားသောက်မယ်” ဆိုတဲ့ ကိုင်ဇာနဲ့ မေဆွိတို့ရဲ့ စုံတွဲတေးသီချင်းတွေ ခေတ်အစား ဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်တွေက ထွက်ခဲ့တဲ့ စတီရီယိုသီချင်းတွေ တော်တော်များများမှာ ရန်ကုန် တက္ကသိုလ်နဲ့ပတ်သက်တဲ့သီချင်းတွေ တော်တော် များများ သီဆိုခဲ့ကြပါတယ်။

 

ရန်ကုန်တက္ကသိုလ်ကို တက်ရောက်လိုစိတ်ဖြစ်ပေါ်

 

စာရေးသူကို ရန်ကုန်မှာမွေး၊ ရန်ကုန်မှာပဲ ကြီးပြင်း ခဲ့တော့ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်တဲ့ သီချင်း၊ ဓာတ်ပုံ၊ ပြက္ခဒိန်၊ ရုပ်ရှင်ဇာတ်ကားတွေ မြင်ရ၊ ကြားရတာ မစိမ်းလှပါဘူး။ ငယ်ငယ်ကတည်းက ရန်ကုန်တက္ကသိုလ် အငွေ့အသက်တွေကို ထိတွေ့ခံစားခွင့်ရခဲ့တော့ ကလေး ဘဝကတည်းက ရန်ကုန်တက္ကသိုလ်ကို တက်ရောက် လိုစိတ် ဖြစ်ပေါ်မိတယ်။

 

ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ချင်စိတ်ဖြစ်တဲ့ အကြောင်းရင်းကတော့ စာရေးသူအမေက ၃၈ လမ်းဈေး မှာ ဆိုင်ဖွင့်ထားပါတယ်။ အမေနဲ့ ဆိုင်နီးနားချင်း အစ်မ က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ တက်ရောက် နေသူပါ။ အဲဒီမမက ဆံပင်လည်းအရှည်ကြီးနဲ့ ချော တယ်။ တက္ကသိုလ်လည်း တက်နေတော့ စာရေးသူ အားကျခဲ့တဲ့ မမပါ။ အဲဒီမမဆီကနေ ရန်ကုန်တက္ကသိုလ် နေရာအစုံမှာ ဓာတ်ပုံရိုက်ထားတာတွေ ကြည့်ခဲ့ရတယ်။ သူ့ဓာတ်ပုံတွေကြည့်ပြီး တက္ကသိုလ်ထဲကို သွားလည်ချင် စိတ်တွေ ပေါ်လာခဲ့တယ်။ အဲဒီမမကလည်း တက္ကသိုလ် ထဲကို လိုက်လည်ဖို့ ခဏခဏအလည်ခေါ်ပါတယ်။

 

အဲဒီအချိန် ၈ တန်းကျောင်းသူဖြစ်တဲ့ စာရေးသူရဲ့ စိတ်ထဲမှာ သန္နိဋ္ဌာန် ချထားတယ်။ ရန်ကုန်တက္ကသိုလ် ထဲကို အလည်သက်သက် သွားမလည်ဘဲ တက္ကသိုလ် ကျောင်းသူအဖြစ် သွားနိုင်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ် ထားလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်တက်နေတဲ့ မမ ဆီက နေ့တိုင်းနီးပါးကြားနေရတဲ့ ရန်ကုန်တက္ကသိုလ် ပုံပြင်တွေက စာရေးသူအတွက် နေ့တိုင်းမရိုးနိုင်တဲ့ တစ်ထောင့်တစ်ညပုံပြင်လိုပါပဲ။

 

တစ်နေ့ ရန်ကုန်တက္ကသိုလ်တက်နေတဲ့ မမက နောက်ဆုံးနှစ်တက်နေတော့ မြန်မာစာဌာနကနေ “တောင်ကြီး၊ အင်းလေး လေ့လာရေးခရီး” ထွက်ခဲ့တယ်။ လေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေတာရယ်၊ လေ့လာရေး ခရီးက ပြန်လာတော့ အတွေ့အကြုံတွေ ရှင်းပြတာ တွေကြောင့် တက္ကသိုလ်ကျောင်းသူ ပိုပြီးဖြစ်ချင်လာ တယ်။ အရွယ်ရောက် ကျောင်းသူလေးတစ်ယောက် တက္ကသိုလ်တက်ခွင့်ရဖို့ ၁၀ တန်းအောင်အောင် ကြိုးစား ချင်စိတ်တွေများလာပြီး စာတွေ ပိုကြိုးစားကျက်ဖြစ်ခဲ့ ပါတယ်။

 

အဲဒီလိုနဲ့ ၁၉၉၀ ပြည့်နှစ်မှာ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်မြင်ခဲ့ပါတယ်။ စာရေးသူက ဗိုလ်တထောင်တက္ကသိုလ်မှာပဲ တက်ခွင့်ရခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ရန်ကုန်တက္ကသိုလ် (ပင်မ) ကို Main လို့ ခေါ်ကြတယ်။ ဗိုလ်တထောင်တက္ကသိုလ် တက်နေရင်း အချို့သူငယ်ချင်းတွေက Main ထဲကို သွားလည်ဖို့ ခေါ်ကြ တယ်။ လိုက်မသွားခဲ့ပါဘူး။

 

တောင်ငူဆောင် မြန်မာစာဌာန

 

ဧည့်သည်အဖြစ်မဟုတ်ဘဲ Main မှာ တက်ရောက် ခွင့်ရတဲ့ ကျောင်းသူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားလိုက်တာ ဒုတိယနှစ်တက်အပြီး ဂုဏ်ထူးတန်းတက်ခွင့်ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ရှိ တောင်ငူဆောင် မြန်မာစာဌာနမှာ ပထမနှစ် ဂုဏ်ထူးတန်း စတင်တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကိုယ်ငယ်ငယ်လေးကတည်းက မက်ခဲ့တဲ့အိပ်မက်ဆိုတော့ တအားပျော်သွားတယ်။ Main ထဲ တက္ကသိုလ်သွားတက် ရမှာဆိုတော့ ပျော်လည်းပျော် မြောက်ကြွမြောက်ကြွနဲ့ပေါ့။ Main ထဲကျောင်းသွားတက်ရင် ဝတ်ဖို့အဝတ်တွေကို ရွေးပြီး ပီတိတွေ၊ အပျော်တွေနဲ့ အိပ်တောင်မပျော်ဘူး။

 

တကယ်တမ်း ရန်ကုန်တက္ကသိုလ် (ပင်မ) Main ထဲကို ပထမဆုံး ကျောင်းသွားတက်တဲ့နေ့က အမှတ်တရပါ။ ၃၈ လမ်းဈေးကနေ Main ထဲသွားဖို့ လိုင်းကားမစီးတတ်တော့ ဒုက္ခရောက်တယ်။ ဈေးထဲက အသိတစ်ယောက်က ၅၁ ဘတ်စ်ကားပေါ် တင်ပေးလိုက်ပြီး လှည်းတန်းမှတ်တိုင်မှာ ဆင်းဖို့ယာဉ်နောက်လိုက်ကို မှာပေးလိုက်ပါတယ်။ လှည်းတန်းမှတ်တိုင်ရောက်တော့ ဆင်းလိုက်တယ်။ လှည်းတန်းမီးပွိုင့်မှာ အကြာကြီးရပ်နေမိတယ်။ Main ထဲ ဘယ်လိုသွားရမယ်ဆိုတာ မသိဘူး။ မီးပွိုင့်မှာ ရပ်နေတာ ကြာတော့ လှည်းတန်းမီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းရဲကြီးက မြင်သွားပြီး “ဘယ်ကို သွားမှာလဲလို့” မေးတော့ “မြန်မာစာ ဌာန တောင်ငူဆောင် သွားချင်တာ။ ကားတွေကလည်း ရှုပ်နေတာရယ်၊ တက္ကသိုလ်ဝင်ပေါက်လည်း မတွေ့လို့” ပြောပြလိုက်ပါတယ်။

 

ယာဉ်ထိန်းရဲကြီးအကူအညီနဲ့ ပြည်လမ်းမဘက်က ဝင်လို့ရတဲ့ တံခါးပေါက်အသေးလေး ဝေသာလီဆောင် ဘက်ကနေ ဝင်ခဲ့တယ်။ ဝေသာလီဆောင်သမိုင်းဌာနနဲ့ ကပ်လျက်မှာ တောင်ငူဆောင် (မြန်မာစာဌာန) ရှိတာကို မသိတော့ တွေ့သမျှလူကို မြန်မာစာဌာနရှိရာ တောင်ငူ ဆောင်ကို ခဏခဏမေးမိတယ်။ အမေးခံရတဲ့သူတိုင်း ကလည်း အံ့ဩတကြီးနဲ့ ကြည့်နေတယ်။ အဲဒါနဲ့ တောင်ငူ ဆောင်ရှေ့ရောက်မှန်းမသိ ရောက်ခဲ့တယ်။ သူငယ်ချင်း အဖော်မပါဘဲ စိတ်ပူစွာနဲ့ ရှာဖွေနေရတဲ့ တက္ကသိုလ်ကြီးကို ရောက်ခဲ့ပါပြီ။ တစ်မနက်လုံး စိတ်စောစွာနဲ့ ရှာဖွေနေရတဲ့၊ ငယ်စဉ်က စောင့်မျှော်နေရတဲ့ နေရာတစ်ခုကို ရောက်ရှိခွင့် ရလိုက်တဲ့အခါ ဘယ်လိုမှ ဖော်ပြလို့မရအောင် ကြည်နူး ရပါတယ်။

 

ဂုဏ်လည်းယူမိ

 

ဆယ်ကျော်သက်အရွယ်ကတည်းက တိတ်တခိုး စိတ်ကူးယဉ်ခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့် ရလိုက်တဲ့အတွက် ပျော်လည်းပျော်၊ ဂုဏ်လည်းယူမိပါတယ်။ တောင်ငူ ဆောင် မြန်မာစာဌာနမှာ ပထမနှစ်ဂုဏ်ထူးတန်း တက်ရောက်ခဲ့ရတာဟာ အတွေ့အကြုံတွေကလည်း အများကြီးပါ။ စာရေးသူတို့ မြန်မာစာဌာန အာစရိယ ပူဇော်ပွဲဆို စည်စည်ကားကားနဲ့ ပျော်စရာကောင်းပါတယ်။ စာရေးသူတို့ ဂုဏ်ထူးတန်းတက်နေချိန်မှာ ကိုယ့်ရှေ့မှာ မြန်မာစာတက်နေတဲ့ အနုပညာရှင်တွေလည်း ရှိနေခဲ့ ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် မချစ်ချစ်ဇော်က မဟာဝိဇ္ဇာ ကျမ်းပြု၊ အဆိုတော်စုစုစန္ဒီက နောက်ဆုံးနှစ် (မြန်မာစာ) တက်နေချိန်လည်း ဖြစ်ပါတယ်။ စာရေးသူတို့နဲ့အတူ ဂုဏ်ထူးတန်းတက်နေသူတွေထဲမှာ လူရွှင်တော် ဦးအရိုင်းရဲ့ ညီလည်းပါတယ်။ အဲဒီအချိန်က မြန်မာစာဌာန အာစရိယ ပူဇော်ပွဲဆို အနုပညာရှင်တွေရော မြန်မာစာက လူရွှင်တော် တွေပါ ပွဲထုတ်ပေးတော့ အင်မတန်စည်ကားပါတယ်။

 

ရန်ကုန်တက္ကသိုလ်တက်ခွင့်ရဖို့ ကြိုးစားရင်းနဲ့ မြန်မာစာမေဂျာကို ယူခဲ့ရာမှာ မြန်မာစာပေကို ပိုပြီး လေးစားစိတ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာစာသင်ကြား ပေးခဲ့တဲ့တက္ကသိုလ်က ဆရာကြီး ဆရာမကြီးတွေရဲ့ သင်ကြားဆုံးမမှုတွေဟာ စာရေးသူအတွက် တန်ဖိုး မဖြတ်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ ၁၉၉၅ ခုနှစ် တတိယနှစ် ဂုဏ်ထူးတန်း တက်ရောက်နေစဉ်မှာပဲ ရန်ကုန် တက္ကသိုလ် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် စာတမ်းဖတ်ပွဲ၊ ဈေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့လည်း ကြုံကြိုက်ခဲ့ရလို့ မမေ့ပါဘူး။

 

အမှတ်တရအရှိဆုံးနေရာ

 

မိမိရဲ့ ဆရာကြီး ဆရာမကြီးတွေကို အားကျပြီး ကြိုးစားခဲ့လိုက်တာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့တွေကို အမိရန်ကုန် တက္ကသိုလ်ကြီးမှာပဲ ပညာတွေ ဆက်လက်သင်ခဲ့ရပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အဓိကနေရာများထဲမှ စာရေး သူအနှစ်သက်ဆုံးနေရာတွေကတော့ မြန်မာစာဌာနရှိရာ တောင်ငူဆောင်၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ တက္ကသိုလ် စာကြည့်တိုက်၊ ဘွဲ့နှင်းသဘင်ခန်းမကြီးတို့က စာရေးသူ ဘဝအတွက် အမှတ်တရအရှိဆုံးနေရာတွေပါ။

 

အခုဆိုရင် စာရေးသူတောင် တက္ကသိုလ်ဆရာမ ဘဝကို ရောက်ရှိခဲ့တာ ၁၉ နှစ် တိုင်ခဲ့ပါပြီ။ အမိရန်ကုန် တက္ကသိုလ်ကြီးက နှစ်စဉ်ပညာရှင်တွေ မွေးထုတ်ပေးခဲ့ တာ နှစ် ၁၀၀ ခရီးတိုင် ရောက်ရှိခဲ့ပါပြီ။ အမိရန်ကုန် တက္ကသိုလ်ကြီးနဲ့ပတ်သက်တဲ့ အမှတ်တရများစွာထဲက အချို့ကိုသာ ခံစားရေးသားထားခြင်း ဖြစ်ပါတယ်။ အမိရန်ကုန်တက္ကသိုလ်ကြီးရဲ့ အကြောင်းတွေကို ဘယ်အချိန် စာဖွဲ့ဖွဲ့၊ ကဗျာရေးရေး၊ တေးသီချင်းဆိုဆို ကုန်နိုင်မယ် မထင်ပါ။ အမိရန်ကုန်တက္ကသိုလ်ရဲ့ နှစ်(၁၀၀) ပြည့်ခရီးမှသည် ရတုအဆက်ဆက်တိုင်အောင် တည်တံ့ခိုင်မြဲအောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ။