တောင်တွင်းက အမှောင်ခွင်းသမား အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးအောင်သင်း

Type

ကိုခက်ဝေ(စာပေဗိမာန်)

================

 

အမျိုးသားစာပေတစ်သက်တာဆုရ  ဆရာကြီး ဦးအောင်သင်းအကြောင်း ရေးသားမည်ကြံရွယ် မိစဉ်မှာပင် “ဟေ့ကောင်လေးတွေ ကောင်မလေး တွေ ငါပြောမယ်ကွ…” ဟူသည့် ဆရာကြီးလေသံ ကို နားထဲဝေ့ဝေ့ကြားယောင်မိသည်။ အင်္ကျီလက် ကို ပင့်ကာပင့်ကာ  လက်သီးလက်မောင်းတန်း လျက် မာန်ပါပါဟောပြောတတ်သည့်ဟန်ပန်ကို လည်း အာရုံထဲမြင်ယောင်လာသည်။ မျိုးဆက် သစ်လူငယ်များအတွက်   စိတ်ဓာတ်ခွန်အားနှင့် နှလုံးသားအာဟာရဆေး တိုက်ကျွေးခဲ့သူဆရာကြီး အကြောင်း      ရေးသားရသည့်အတွက်လည်း ဝမ်းမြောက်ကြည်နူးရပါသည်။ 
စာပေလူကြမ်းမင်းသား၊   စာပေရမ်ဘို
ဆရာကြီးဦးအောင်သင်းဟု   ဆိုလိုက်လျှင် နိုင်ငံနှင့်လူမျိုး အညွန့်မညှိုးစေရန်၊  ဖွံ့ဖြိုးစေရန် ပခုံးစွမ်းအားမြှင့်တင်ပေးခဲ့သူ၊   ဦးနှောက်ကို ခါးတောင်းကျိုက်ဖို့    တွန်းတွန်းတိုက်တိုက် လှုံ့ဆော်ခဲ့သူအဖြစ် မြင်ယောင်ကြားယောင်ကြ မည်ဟု  ယူဆမိပါသည်။   မြန်မာစာလောက တိုးတက်ရေးဟူသည့် စေတနာရှေ့သွားဖြင့် ဝေဖန် ရေးစာပေများ   ရေးသားခဲ့သည့်ကာလအတွင်း စာပေလူကြမ်းမင်းသား၊   စာပေရမ်ဘိုဟူသည့် ဘွဲ့တံဆိပ်များ ခတ်နှိပ်ခံခဲ့ရသည်။  မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့၊ ကိုယ်ကျင့်နဲ့ပညာ၊ ပေးသူနှင့်ယူသူ၊ မျိုးဆက်သစ်အတွက် ပိဋကတ်နှင့် ဂန္ထဝင်မိတ်ဆက် စသည့်ဆောင်းပါးများ၊ စာအုပ်များ၊ ဟောပြောပွဲ တိပ်ခွေများမှတစ်ဆင့် အသိအမြင်တံခါးပွင့်သွား သူ စာပေပရိသတ်များကမူ တောင်တွင်းကြီးဇာတိ ဆရာကြီးကို   ကျမ်းတစ်ဆူ၊  လူတစ်ယောက်အဖြစ် တင်စားခဲ့ကြသည်။
စာရေးသူအဖို့ ထိုသို့သော တိုင်းသိပြည်သိ ဆရာကြီးနှင့် ဆုံစည်းခွင့်ရခဲ့သည်မှာ တစ်ခုသော စာပေဟောပြောပွဲတွင် ဖြစ်သည်။ ထိုစာပေဟော ပြောပွဲကား နေပြည်တော် တပ်ကုန်းမြို့၏ နှစ်စဉ် မပြတ် ကျင်းပမြဲဖြစ်သော နတ်တော်လဆန်း ၁ ရက်နေ့ (စာဆိုတော်နေ့) အထိမ်းအမှတ်ပွဲ ဖြစ်ပါ သည်။ အဆိုပါနှစ်တွင် တပ်ကုန်းမြို့ သာသနာ့ ဗိမာန်အတွင်း ဆရာကြီးနှင့်အတူ ဆရာမ လေးသူစံ၊ ဆရာ မြေလတ်မောင်မြင့်သူတို့ပါဝင် ဟောပြောခဲ့ သည့် ၁၉၉၄ခုနှစ်    ဟောပြောပွဲဖြစ်ကြောင်း မှတ်မိနေသည်။ စာရေးသူအဖို့ နယ်ခံစာပေမိသားစု ပီပီ ဆရာကြီး၏ဝေယျာဝစ္စတချို့ကို ဆောင်ရွက်ပေး ရသည်။ ဟောပြောပွဲညတွင် အစီအစဉ်အရ ဆရာမ လေးသူစံ ၊ ဆရာ မြေလတ်မောင်မြင့်သူတို့ ဟောပြော ပြီးမှ ဆရာကြီးက နောက်ဆုံးပိတ်ဟောပြောရမည် ဖြစ်ရာ အလှည့်ရောက်ခါနီးမှ လာခေါ်ဖို့မှာကြားပြီး သာသနာ့ဗိမာန်ဝင်းအတွင်းရှိ     နားနေဆောင် အခန်းမှာပင်  အနားယူနေသည်။   ဆရာ မြေလတ် မောင်မြင့်သူ၏    ဟောပြောမှုနိဂုံးချုပ်အစတွင် စာရေးသူက ဆရာကြီးကို  နားနေဆောင်အတွင်းမှ ဟောပြောမည့်ခန်းမထဲသို့ ဖေးမခေါ်ဆောင်လာရာ “ကောင်လေး …အခမ်းအနားမှူးကို ကြိုပြောထားကွ.. ငါ့ကိုစင်ပေါ်ဖိတ်ခေါ်တဲ့အခါ ဘဘဦးအောင်သင်း၊ ဆရာကြီး  ဦးအောင်သင်းလို့  မခေါ်စေနဲ့ကွ… ငါ အောင်သင်း တစ်ပြားသားမှ မလျှော့နိုင်ဘူး” ဟူ၍ ရယ်သံစွက်ပြီး တကူးတကမှာပါသည်။
ဆရာကြီး ကြိုတင်မှာသည့်အတိုင်း အခမ်း အနားမှူးကို တီးတိုးပြောကြားရာ “စာပေရေးရာ များပြောပေးပါရန် ဆရာအောင်သင်းကို ဖိတ်ခေါ် အပ်ပါတယ်” ဟူသည့်အတွက် ဆရာကြီး ကျေနပ်စွာ ပြုံးနေသည်ကို ယခုထိ မြင်ယောင်မိပါသေးသည်။
ထိုစဉ်က စာရေးသူအဖို့ မှတ်မှတ်ထင်ထင်ရှိ နေခဲ့သည့်အချက်မှာ ဆရာ့လေသံနှင့် ဆရာ့မာန်ပင် ဖြစ်သည်။ ၆၇ နှစ်အရွယ်ရှိနေပြီဖြစ်သည့် ဆရာကြီး အနေဖြင့် သွက်သွက်လက်လက် ချက်ချက်ချာချာ မဟုတ်တော့။  ဟောပြောပွဲပေါင်းများစွာတွင် ဟောပြောခဲ့ဖူးသလို    ဟောပြောစင်ကို မာန်ပါပါ ထုထုပြီးပြောနိုင်သည့်အရွယ် မဟုတ်တော့။ ကြိုတင် စီစဉ်ပေးထားသည့်ထိုင်ခုံပေါ်တွင်ထိုင်ရင်း  ခါးကိုရှေ့ သို့ ကိုင်းကာကိုင်းကာ ပြောနေသည့်ကာလဖြစ်ငြား အရှိန်လေးရလာသည်နှင့်အမျှ မျက်မှန်လေးပင့်တင် လိုက်၊ အင်္ကျီလက်မောင်းပင့်တင်လိုက်နှင့်  အရိုး အကြောတို့ အတိုင်းသားတွေ့မြင်နေရသည့် လက်ရုံး ကို  ဆန့်တန်းကာ  မာန်နှင့်ဌာန်နှင့်  ဟောပြော နေဆဲပင်။ 
ဝမ်းမြောက်ဖွယ် ကြားသိခဲ့ရ
ထိုနေ့ရက်များမှ  ပြန်လည်တွက်ဆလျှင် ၁၃ နှစ်အကြာ  စာရေးသူ  စာပေဗိမာန်တွင် တာဝန် ထမ်းဆောင်နေသည့်အခိုက် ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊  အမျိုးသား စာပေဆုနှင့်  စာပေဗိမာန်စာမူဆု ချီးမြှင့်သည့်အခါ ဆရာမကြီးဒေါ်ခင်ဆွေဦး၊ ဆရာကြီးသိပ္ပံမှူးတင် တို့နှင့်အတူ ဆရာကြီးဦးအောင်သင်းပါ အမျိုးသား စာပေတစ်သက်တာဆု ဆွတ်ခူးရရှိသည့်သတင်းကို ဝမ်းမြောက်ဖွယ် ကြားသိခဲ့ရသည်။
ဆရာကြီးက “ကျွန်တော်ကျောင်းဆရာဘဝ ကနေ မတော်တဆ စာရေးဆရာဖြစ်လာတဲ့သူပါ” ဟု အခါအားလျော်စွာ ဆိုဖူးသည်။ ဪ… “မတော် တဆ စာရေးဆရာဖြစ်လာခဲ့သူလို့ ဆိုခဲ့တဲ့ဆရာကြီး ခုတော့  အမျိုးသားစာပေတစ်သက်တာဆုကြီးကို ထိုက်ထိုက်တန်တန်ချီးမြှင့်ခံရပါပကော”   ဟု ကြည်နူးပီတိဖြစ်ခဲ့ရသည်။ ဆရာကြီး၏ မတော် တဆသည်ပင်  နိုင်ငံ၏ မျိုးဆက်သစ်များအတွက် ကြီးမားသည့် ဉာဏစွမ်းအားအမွေကို ရရှိနိုင်ခဲ့ရာ ရည်ရွယ်ချက်ရှိရှိ စာရေးဆရာဖြစ်လာခဲ့ပါမူဟူသည့် အတွေးတစ်စ ပေါ်လာခဲ့ဖူးသည်။ 
အဖိုးထိုက်တန်သည့် မတော်တဆ
မတော်တဆဟုဆိုရာတွင် တက္ကသိုလ်ဆရာဘဝ က မြန်မာစာပေသဘောတရား၊ မြန်မာစာပေ ဝေဖန် ရေး လေ့လာဆန်းစစ်ချက်များကို သင်ကြားပို့ချရာမှ ဝါသနာပါရာ စာအုပ်စာစောင်များတွင် ဆွေးနွေး တင်ပြဖြစ်ရင်း စာပေနယ်သို့ရောက်ရှိလာခဲ့သည်ဟု ဆိုလိုဟန်ရှိပါသည်။ ဆရာ့အဖို့ မတော်တဆဟုဆိုငြား နိုင်ငံအတွက် အသိပညာအမွေများစွာ ရလိုက်သည့် အတွက် အဖိုးထိုက်တန်သည့် မတော်တဆဟုလည်း ယူဆမိသည်။
စာရေးသူတို့  လူငယ်ဘဝတွင်  ဆရာကြီး၏ စာအုပ်အချို့နှင့်   ထိတွေ့ခွင့်ရခဲ့သည်။   အမွေ၊ အောင်သင်း အတွေးစကား၊ ကိုယ်ကျင့်နှင့်ပညာ၊ မျိုးဆက်သစ်တို့တိုးတက်ရစ်ဖို့ စသည်….။ စာရေးသူ အဖို့ ဆွဲခန့်ကျောင်းဆရာ၊   ကျူရှင်ဆရာအဖြစ် ဘဝဖြတ်သန်းရာတွင်လည်း ဆရာကြီး၏ စာအုပ် စာပေများက ပညာဝမ်းစာဖြစ်ခဲ့သည်။ နည်းမှီးပို့ချ စရာဖြစ်ခဲ့သည်။ အထူးသဖြင့် ပညာသင်ယူမှုနှင့် သက်ဆိုင်သည့် အတွေးအမြင်များကို ပြောဆိုရာတွင် “ပညာဆိုတာ အကြောင်းတရားကို  ရှာဖွေခြင်း” ဟူသည့်အချက်မှာ  များစွာတာသွား  ကျယ်ပြန့် လှကြောင်း ကိုယ်တွေ့အသိ ရရှိခဲ့သည်။ ဆရာဟူ သည်  ဝမ်းဆွဲသည်နှင့်တူအပ်ကြောင်း၊ မိခင်ဝမ်းထဲရှိ သန္ဓေသားရော မိခင်ပါ အန္တရာယ်ကင်းစွာ ချောချော မောမော အပြင်ရောက်အောင် ကူညီပေးသကဲ့သို့ ဆရာကောင်းဟူသည်  တပည့်၏ဉာဏ်ကို နိုးလာ အောင်နှိုးပေးရကြောင်း”   မှတ်သားခဲ့ရသည်။ စာတစ်ပုဒ်၊ စာတစ်အုပ်ဖတ်မိလျှင်လည်း ဆရာကြီး ၏ “ဝတ္ထုရေးရာဆောင်းပါးများ” စာအုပ်ကျေးဇူး ကြောင့်ပင်   အရသာခံဖတ်ရမည့်စာ၊   ဖတ်ပြီး တစိမ့်စိမ့်တွေးယူရမည့်စာ၊   ရည်ရွယ်ချက်ကို ဆွဲထုတ်မှတ်သားရမည့်စာ စသည်ဖြင့် မိမိအတွက် အကျိုးရှိစေမည့်    အကြောင်းခြင်းရာများကို ရွေးထုတ်မှတ်သားကျင့်ကို ရရှိခဲ့ပြန်သည်။ 
ထိုသို့သော အတွေးအမြင်များစွာကို ရေးသား မျှဝေခဲ့သူ ဆရာကြီး စာပေလောကသို့ရောက်ရှိ လာပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ပွဲဦး ထွက်စာပေဆောင်းပါးမှာ    “သရက်ထောင် ဖောက်ခဲ့စဉ်က” ဟူသည့် ကိုယ်တွေ့ဖြစ်ရပ်နှင့် စတင်ခဲ့သည်။ ထို့နောက် “ကံ့ကော်မြိုင်စာတမ်း” တွင် စာတမ်းငယ်သုံးစောင်ရေးသားပြီးနောက် မည်သည့်စာမျှ ဆက်မရေးဖြစ်တော့ဘဲ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းရောက်မှသာ ရှုမဝအယ်ဒီတာ (ဆရာ မောင်မြင့်မြတ်)နှင့်ဆုံမိပြီး ကာရန်မဲ့ကဗျာ များအကြောင်း ဆွေးနွေးမိရာမှ “မြန်မာဘာသာ စကားနှင့် ကာရန်မဲ့ကဗျာ” ဟူသော  ဆောင်းပါးကို ပြန်လည်ရေးသားဖြစ်ခဲ့သည်။
ကာရန်ပါမှ ကဗျာ၊ ကာရန်မပါသော်လည်း အတွေးလှလှ၊ ဝေါဟာရကောင်းကောင်းရေးလျှင် ကဗျာဟု ယူဆဝိဝါဒကွဲလွဲနေချိန်တွင် ဆရာကြီးက “စကား၏သဘာဝကို ထည့်သွင်းစဉ်းစားအပ် ကြောင်း၊ အသံနိမ့်၊ မြင့်၊ တက်၊ ကျရှိသော စကားလုံး တို့ကို အခြေခံသည့် ဘာသာစကားဖြစ်ခြင်းကြောင့် အသံရှာရာတွင်လည်းကောင်း၊ သံစဉ်ညှိရာတွင် လည်းကောင်း၊ ကာရန်ထပ်ရာတွင်လည်းကောင်း မြန်မာဘာသာစကားသည် အင်္ဂလိပ်ဘာသာစကား မျိုးထက် ပို၍ပျော့ပျောင်းကြောင်း၊ ဘာသာစကား ၏ပျော့ပျောင်းမှုကြောင့် ကာရန်ငြိသံကို အသုံးများ လှကြောင်း၊ ကဗျာရေးသူတို့သည် ကဗျာရေးရာ တွင် ဖတ်ရန်သက်သက်ကိုသာ ရည်ရွယ်သလား၊ ရွတ်ရန်ကိုပါ ရည်ရွယ်သလား၊ ပြည်သူတို့က ဖတ်ရုံ သာအလိုရှိသလား၊ ရွတ်ရန်ကိုပါ အလိုရှိသလား ဟူသည့် မေးခွန်းပေါ်လာကြောင်း” ရေးသားခဲ့ရာ ကဗျာစာပေလောကတွင် များစွာလှုပ်ခတ်သွားခဲ့ သည်။                       m စာမျက်နှာ ၁၆ မှ
ပဋိပက္ခဝိဝါဒစာပေများဖြင့်   
စာပေလောကတွင်  ထင်ရှား
“သိန်းဖေမြင့်သည် ပစ္စည်းမဲ့တို့၏ ဘက်တော် သားရှေ့နေကောင်းကြီးနှင့်တူ၍ သော်တာဆွေ သည် သက်သေကောင်းကြီးနှင့်တူပါသည်”ဟူသော“ရှေ့နေကောင်းနှင့်သက်သေကောင်း” ဆောင်းပါး၊ ဆရာကြီးမောင်စွမ်းရည်၏ “ဒီနေ့ကဗျာပြဿနာ” စာတမ်းနှင့်ပတ်သက်၍    “မောင်စွမ်းရည်၏ စာတမ်းမှာ သုတေသနစာတမ်းမဟုတ်ပါ။ မကြိုက် သည်ကို ရှုတ်ချခြင်း၊ ကြိုက်သည်ကို မြှောက်ပင့် ခြင်းတို့ဖြင့်  သူ့အဆိုကို ကြားနာသူက လက်ခံ လာအောင် သိမ်းသွင်းဟောပြောသော သာမန် အရပ်စာတမ်းမျှသာဖြစ်ကြောင်းဟူ၍ ကလောင် စွမ်းပြခဲ့သည့်   “အညာစာတမ်းတစ်စောင်ကို သုံးသပ်ခြင်း”  ဆောင်းပါးများ ဆက်တိုက်ပေါ်ထွက် လာခဲ့ပြီး  ပဋိပက္ခဝိဝါဒစာပေများဖြင့်   စာပေ လောကတွင်  ထင်ရှားလာခဲ့သည်။  အဆိုပါ ဆောင်းပါးများမှစတင်ကာ စာပေဆောင်းပါးရေးသူ ဖြစ်လာပြီး နောက်ပိုင်းတွင် သဘင်မဂ္ဂဇင်းတွင် ရေးသားသည့်  အကြိုက်ဆုံးဝတ္ထုတိုဆောင်းပါး များ၊ ရှုမဝမဂ္ဂဇင်းတွင် ရေးသားသည့်ဝတ္ထုရေးရာ ဆောင်းပါးများကြောင့် “စာပေလူကြမ်းမင်းသား” အဖြစ် ပိုမိုထင်ရှားလာခဲ့တော့သည်။ ဆရာကြီး ကိုယ်တိုင်ကမူ  “ပဋိပက္ခဖြစ်ရတဲ့ကိစ္စတွေဟာ သဘောတရားအယူအဆ ငြင်းခုံကြတာမျိုးတွေ သာလျှင်ဖြစ်ပါတယ်။ ကျွန်တော့်စာပေအားလုံးကို ပြန်ပြီးစစ်ဆေးကြည့်မယ်ဆိုရင် စာပေတိုးတက်ဖို့၊ လောကကိုအကျိုးပြုတဲ့စာပေ ထွန်းကားဖို့သာ လျှင် စေတနာထားပြီးရေးတယ်လို့ ပြောဝံ့ပါတယ်” ဟုဆိုခဲ့သည်။ ဆိုခဲ့သည့်အတိုင်းပင် စာပေဝေဖန် ရေးဆောင်းပါးများကြောင့်  လူကြမ်းအသွင်ဖြစ် သော်ငြား  စာပေလောက၊  အနုပညာလောက အတွက် တန်ဖိုးရှိသောအသိအမြင်များ မျှဝေခြင်း ကြောင့်လည်း စာဖတ်ပရိသတ်များ၏ နှစ်သက် အားပေးမှုကိုခံရသည့် မင်းသားဖြစ်သွားခဲ့သည်ဟု ယူဆမိသည်။
ဆရာကြီးဦးအောင်သင်း အခါအားလျော်စွာ ဟောပြောရေးသားလေ့ရှိသည့် စကားတစ်ခွန်း ရှိပါသည်။ “ကလေးတွေကို လူရာသွင်းမှ ကလေး တွေလူရာဝင်လာမည်၊    လူရာဝင်သောကလေး ဖြစ်ပါမှ လူရာဝင်သောလူကြီးတွေဖြစ်လာမည်”ဟူ၍ ဖြစ်သည်။   လူရာဝင်သောကလေးများဖြစ်ရန် လိုအပ်သောဝန်းကျင်တံခါးများ  ဖွင့်ထားဖို့လိုပေ မည်။ အဆိုပါတံခါးများအနက် အစဉ်ဖွင့်လှစ်အပ် သော တံခါးတစ်ချပ်ဖြစ်သည့်  ကျောင်းစာကြည့် တိုက်အကြောင်းကို   “စာရိတ္တမာန” စာအုပ်ပါ “ကျောင်းတော်အင်္ဂါ”  ဟူသော   ဆောင်းပါးတွင် ရေးသားခဲ့သည်။
လှေကားတက်တတ်အောင် ထူထောင်
“ကျွန်တော်တို့    တန်းမြင့်ကျောင်းတွေမှာ ကျောင်းစာကြည့်တိုက်မရှိတတ်သည်မှာ အင်္ဂါတစ်ခု လျော့နေသလို ခံစားမိသည်။ ကျောင်းစာကြည့်တိုက် မရှိမဟုတ်၊ ရှိပါ၏။ သို့သော်လည်း စာကြည့်တိုက် ဟု မဆိုသာ။ စာအုပ်ဗီရိုဟုသာ ဆိုသင့်ပါသည်” ဟု ရင်နာစကားဆိုခဲ့သည်။  “စာဖတ်တတ်ပါလျက် စာမဖတ်လျှင် လှေကားရှိနေပါလျက် မတက်သူဖြစ် သည်။  လူတစ်ယောက်ချင်းတက်မှ  တိုင်းပြည် တစ်ခုလုံး တက်လာပါမည်။ လှေကားတရမ်းရမ်းနှင့် လမ်းသလားနေဖို့ လှေကားဆင်ထားခြင်းမဟုတ်၊ ကလေးတွေကို စာဖတ်ခန်းလုပ်ပေးခြင်းအားဖြင့် လှေကားတက်တတ်အောင် ထူထောင်ပေးရပါလိမ့် မည်” ဟု ယတိပြတ်ဆိုခဲ့ပေသည်။
ဆရာကြီးကိုယ်တိုင်  ငယ်စဉ်ဘဝက ကျောင်း စာကြည့်တိုက်၊   ရပ်ကျေးစာကြည့်တိုက်များမှ တစ်ဆင့် ဘဝအခြေမြင့်မားခဲ့သည်ကို ကိုယ်တွေ့ နှိုင်းညှိကာ အနာဂတ်ကို  ပုံဖော်ပြုပြင်ပြောင်းလဲ လိုစိတ် ပြင်းပြခဲ့ဟန်တူသည်။ ထိုသို့သော ဆရာကြီး ၏စာပေစွမ်းအားများကြောင့်ပင် ကျောင်းစာကြည့် တိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာခဲ့ကြောင်း ကြားသိခဲ့ရသည်။
ဆရာလက်စွဲအဖြစ် အသုံးပြုခဲ့ရ
ဆရာကြီး၏ ကလောင်သက်တမ်းတစ်လျှောက် ရေးသားပြုစုထုတ်ဝေခဲ့သည့် စာအုပ်များစွာတွင် “ကိုယ်တွေ့စာစီစာကုံး” သည်လည်း  အပါအဝင် ဖြစ်သည်။ စာအုပ်များစွာအနက်   အဆိုပါစာအုပ်ကို ထုတ်နုတ်တင်ပြရခြင်းမှာ    အကြောင်းထင်ရှား ရှိပါသည်။ စာရေးသူအဖို့ တက္ကသိုလ်ကျောင်းသား ဘဝဖြင့် ဆွဲခန့်ဆရာတာဝန်ထမ်းရွက်စဉ်အတွင်း မြန်မာစာသင်ကြားပို့ချရာတွင်     ဆရာကြီး၏ ကိုယ်တွေ့စာစီစာကုံးစာအုပ်ကို ဆရာလက်စွဲအဖြစ် အသုံးပြုခဲ့ရခြင်းကြောင့် ဖြစ်သည်။ 
ဆရာကြီး၏အာဘော်အတိုင်းပင် စာစီစာကုံး ဟူသည် အခြေခံအားဖြင့် ကျောင်းသား ကျောင်းသူ တို့၏ အတွေ့အကြုံနှင့် အတွေးအကြံကို စမ်းသပ် စစ်ဆေးခြင်းဖြစ်ရာ  အများအားဖြင့်  အလွတ်ကျက် မှတ်ဖြေဆိုလိုသည့် အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများ၏ ပင်ကိုဉာဏ်နိုးထ အောင် နှိုးဆွကာ   ကိုယ်တွေ့အတွေ့အကြုံနှင့် ကျိုးကြောင်းဆင်ခြင်  သုံးသပ်ဆုံးဖြတ်နိုင်စွမ်း အတွေးအကြံဖြင့် စာစီစာကုံးတစ်ပုဒ်ရေးသားနိုင်စေရန် လမ်းညွှန်နိုင်သည့်နည်းနာများစွာ  ရရှိခဲ့ သည်။
အလေ့အကျင့်မျိုးစေ့ချပေး
ဆရာကြီး၏ အဆိုပါစာအုပ်သည် အဆင်သင့် ရေးသားပြီးဖြစ်သည့် စာစီစာကုံးများကို စုစည်း ထားခြင်းမဟုတ်၊ စာစီစာကုံးတစ်ပုဒ်ရေးသားမည် ကြံလျှင် မည်သည့်အကြောင်းကို မည်သို့ချဉ်းကပ် ရှုမြင်၊ တင်ပြ၊ သုံးသပ်ခြင်းဟူသည့်အချက်ကို ဦးစွာ သတိပြုစီစဉ်နိုင်ရန် အလေ့အကျင့်မျိုးစေ့ ချပေး ထားခြင်းဖြစ်သည်။ ကျောင်းသားကျောင်းသူများ၏ ပင်ကိုဉာဏ်အလျောက် ဗဟုသုတ၊  ဆင်ခြင်တုံ တရားနှင့်သုံးသပ်မှုအပေါ် တစ်ဖက်သားနားလည် အောင်၊ နားဝင်အောင် ပြောတတ်ရေးတတ်စေရန် ပျိုးထောင်ပေးခြင်းဖြင့် ဝန်းကျင်အပေါ် “စွင့်အပ် သောနား၊ နိုးကြားသောမျက်စိ၊ သတိရှိသောစိတ် အစဉ်” ကို လေ့ကျင့်ပေးနိုင်ခဲ့သည်။ 
ဆရာကြီး၏ စာပေဟောပြောပွဲများ၊ ဟောပြော ပွဲတိပ်ခွေများကို နားဆင်ကြည့်လျှင် စာပေရေးရာ များနှင့်အတူ အကြောင်းညီညွတ်သည့်သီချင်းများ ကို သီဆိုပြလေ့ရှိကြောင်း ကြားဖူးကြမည်ထင်ပါ သည်။ သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရသည့် မြန်မာပြည်သူ တို့အဖို့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထွက်ပေါ်လာစေ ရန် တေးသီချင်းများကလည်း  အထောက်အပံ့တစ်ခု ဖြစ်စေခဲ့ကြောင်း   ထိုခေတ်ထိုအခါကာလတွင် ထင်ရှားခဲ့သော တေးသီချင်းများကို မာန်နှင့်ဌာန် နှင့် သီဆိုပြလေ့ရှိသည်။ တေးသီချင်းတွင် ပါဝင် သည့်အကြောင်းအရာ၊ ရည်ရွယ်ချက်များကြောင့် ပင် မြန်မာပြည်သူတို့၏ အသွေးအသား၌ အမျိုး သားရေးနှင့် လွတ်လပ်ရေးစိတ်ဓာတ်များ ကိန်း အောင်းနိုးကြားခဲ့ပုံကို အခါအားလျော်စွာ သီဆိုပြ ခဲ့ရာ ဆရာကြီးသည်  အရေး၊  အဟောအပြော သာမက သီချင်း၊ ဂီတဘက်တွင်လည်း  နှံ့စပ်သူ ဖြစ်ကြောင်း သိရှိခဲ့ရသည်။(ဆက်လက်ဖော်ပြပါမည်)