တောင်တွင်းက အမှောင်ခွင်းသမား အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးအောင်သင်း

Type

(ယမန်နေ့မှအဆက်)


ဖတ်ရှုလေ့လာမိသမျှစာများအရ ဆရာကြီးသည် ဇာတိတောင်တွင်းကြီးတွင် နေထိုင်စဉ်ကတည်းက ဇဝနဉာဏ်ရွှင်သူပီပီ  သံချပ်များ၊ ယိမ်းသီချင်းများ စပ်ဆိုရာတွင်လည်းကောင်း၊  ပြဇာတ်ရေးသားရာ တွင်လည်းကောင်း            အောင်မြင်မှုရရှိခဲ့သူ ဖြစ်ကြောင်း  သိရှိရပြန်သည်။  ထိုစဉ်ကပင်  အနု ပညာ   လတစ်စင်းအဖြစ်    ပဝင်းခဲ့ပြီးဖြစ်သည့် အလျောက်   နောက်ပိုင်းတွင်    တိုင်းသိပြည်သိ ကလောင်စွမ်းပြလာခဲ့သည်မှာ  ထူးပြီးမဆန်းလှဟု စာရေးသူအနေဖြင့်ယူဆမိပါသည်။


ဟန်ချင်းဟန်ဖြင့် ရေးသားခဲ့
ဤနေရာတွင်  လူမှုကွန်ရက်စာမျက်နှာထက် တွေ့ရှိဖတ်မိဖူးတာလေး သတိရမိပြန်သည်။ လူမှု ကွန်ရက်အသုံးပြုသူတစ်ဦးက 
“လှံကို သို့ထား၊ ဓားကို သို့ငင်
သို့ဝင် သို့ထွက်၊ သို့တက် သို့ခွာ
စစ်ပညာကို၊ ကြေစွာတတ်မြောက်ကျွမ်းကျင်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော်
ပြည်သူ့ခွန်အား၊ မကိုးစားသော်


ဓားသွားကျိုးကြွေ၊ လှံသွားခွေအံ့။ ။” ဟူသည့် ကဗျာကို ထုတ်နုတ်ဖော်ပြထားပြီး အဆိုပါကဗျာမှာ နန္ဒိသေနပျို့မှ ကောက်နုတ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။  ထိုအခါ ဆရာတစ်ဦးက အဆိုပါ ကဗျာမှာ   နန္ဒိသေနပျို့မှမဟုတ်ဘဲ    ဆရာကြီး ဦးအောင်သင်းရေးသည့် ကဗျာသာဖြစ်ကြောင်း၊ စာပေမိတ်ဆွေတစ်ဦးကလည်း  မိမိဖတ်ရှုမှတ်သား ထားသည့်နန္ဒိသေနပျို့မှ စာပိုဒ်တချို့ကို ထုတ်နုတ် ပြကာ  ပျို့ထဲတွင်  အထက်ပါကဗျာစာသားတစ်လုံး တစ်ပါဒမျှ မပါဝင်ကြောင်း အတည်ပြုခဲ့ပြီးဆရာကြီး ၏  “အရွယ်” ဟူသော စာအုပ်၌ “ဒုတိယကျောင်းအုပ် ဗိုလ်မှူးကြီးအောင်ထွန်း လက်ထက်တွင် လွတ်လပ် ရေးနေ့သဝဏ်လွှာအတွက် ကဗျာတစ်ပုဒ်ရေးပါဆို သောကြောင့်  ရေးပေးလိုက်ရသေးသည်။     ကဗျာ လေးကိုလည်း ကြွားလိုက်ပါရစေ။ ကဗျာခေါင်းစဉ် ကိုတော့  မေ့နေပြီ”     ဟုဆိုကာ   အဆိုပါကဗျာကို ဟန်ချင်းဟန်ဖြင့် ရေးသားဖြစ်ခဲ့ပုံ၊ လွတ်လပ်ရေး နေ့သဝဏ်လွှာဖြစ်သည့်အလျောက်  ရေးသူအမည် မပါဝင်ခဲ့ပုံ၊ နောင်အခါ သတင်းစာဆောင်းပါးတချို့ တွင် အဆိုပါကဗျာကို ဗျူဟာစက္ကိပျို့တွင် ပါဝင် သယောင်၊ သေနင်္ဂဗျူဟာတွင် လက်ဝဲသုန္ဒရရေးဖွဲ့ခဲ့ သယောင် ညွှန်းကြသည့်အတွက် ရယ်မောမိကြောင်း  ဆရာကြီးကိုယ်တိုင်     ရေးသားတင်ပြထားသည့် စာအုပ်အထောက်အထားနှင့်တကွ ဆွေးနွေးဖော်ပြ ထားရာ   အများသူငါအမှတ်မှားနေသည့်    “လှံကို သို့ထား…”  အစချီကဗျာမှာ   ဆရာကြီး၏လက်ရာ စစ်စစ်ဖြစ်ကြောင်း    တိကျသေချာသိခွင့်ရခဲ့တော့ သည်။ 


စာရေးသူကိုယ်တိုင်  အဆိုပါကဗျာကို    တွေ့ရှိ ဖတ်မိတိုင်း   နန္ဒိသေနပျို့မှဟု  အမှားကြာ  အမှန် ထင်မှတ်ခဲ့သူဖြစ်ရာ စာပေမိတ်ဆွေများ၏    အပြန် အလှန်ဆွေးနွေးချက်များကြောင့်       ဆရာကြီး၏ ကဗျာလက်ရာအစစ်အဖြစ်       သံသယကင်းစင်စွာ သိရှိမှတ်သားခဲ့ရသည်။


အမျိုးသားစာပေတစ်သက်တာဆု


ဆရာကြီး၏    ဘဝသက်တမ်းတစ်လျှောက် ရေးသားပြုစုခဲ့သည့်စာအုပ်စာပေများကို   ခြေရာ ကောက်ကြည့်လျှင်လည်း        ဆင်ခြင်တုံတရားကို စေ့ဆော်သည့်စေတနာများကို   တွေ့ရတတ်သည်။ စာဖတ်သူတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်ရေး၊ နှလုံးလှတရား   တိုးပွားရေးအတွက်    ဘဝအသိနှင့် ယှဉ်တွဲသည့်   အသိပေးစကားများကို    မြင်ရတတ် သည်။  လူငယ်တို့၏နှလုံးသားတွင်   အသိနှင့်သတိ မပြတ်ကပ်ငြိကာ  လောကဓံကို  အန်တုရင်ဆိုင်ကြံ့ကြံ့ ခံလျက် မိမိကိုယ်ကိုသာမက မိမိပတ်ဝန်းကျင်အတွက် တန်ဖိုးရှိသောမျိုးဆက်များအဖြစ်    တွန်းအားပေး မြှင့်တင်သည့် လမ်းညွှန်မှုများကို တွေ့ရတတ်သည်။ ထိုသို့    နိုင်ငံနှင့်လူမျိုးတို့အတွက်   ကာယသတ္တိနှင့် စိတ္တသတ္တိကို ထွန်းညှိခဲ့သော စေတနာလက်ရာများ ကြောင့်ပင်         အမျိုးသားစာပေတစ်သက်တာဆုကို ရရှိခဲ့ခြင်းဟု ယူဆမိပါသည်။


အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီး ၏ဘဝအစကို   စေ့ငုကြည့်လျှင်    စိတ်ဝင်စားဖွယ်၊ လေးစားအားကျဖွယ်၊ အတူယူလိုက်နာဖွယ်ဖြစ်ရပ် များအဖြစ် တွေ့ရပေသည်။


စာပေပါရမီမျိုးစေ့


ဆရာကြီးကို          မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့   တောင်ပြင်ရပ်ကွက်တွင်  အဖ သခင်ညီမောင်၊ အမိ ဒေါ်ရွှေကြင်တို့က  ၁၉၂၇  ခုနှစ် ဧပြီလ  ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။   သားသမီး သုံးယောက်တွင်   အကြီးဆုံးဖြစ်သည်။   ဆရာကြီး ၏ဒေသခံဆရာတချို့၏အဆိုအရ မိခင်ဒေါ်ရွှေကြင် မှာ ဆရာကြီးကို   မမွေးဖွားမီ ထိုခေတ်အခါကာလ ကပ်ရောဂါတစ်ခုဖြစ်သည့် ကျောက်ရောဂါကို ခံစား ခဲ့ရပြီး သက်သာပျောက်ကင်းခါစတွင် မွေးဖွားသည့် အတွက် သားဦးရတနာ၏အမည်သည် ခေါ်စရာကား ကျောက်ကြားဟုတွင်ခဲ့ကြောင်း  သိမှတ်ရပါသည်။ ငယ်စဉ်က မွေးဖွားရာဇာတိ  တောင်ပြင်ရပ်ကွက်ရှိ ဆရာကြီးဦးသာဒွန်းဇံ၏ကျောင်းတွင် ပညာဆည်းပူး လေ့လာခဲ့သည်။      ဆရာကြီးဦးသာဒွန်းဇံ၏သား တက္ကသိုလ်ကျောင်းသားထံမှတစ်ဆင့်    ပျို့၊   ရတု၊ ကဗျာအလင်္ကာများ ဆည်းပူးလေ့လာမှတ်သားခဲ့ရပြီး စာပေပါရမီမျိုးစေ့ ရခဲ့လေသည်။


ထိုမှ  မိုးထိအလယ်တန်းကျောင်းတွင်  ပညာ ဆက်လက်ဆည်းပူးနေရာမှ        စစ်ပြီးခေတ်တွင် ပြည်သူ့ရဲဘော်ဆိုရှယ်လစ်ပါတီ၊ ဖဆပလအဖွဲ့ဝင် စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့လေသည်။ ထိုစဉ် က ဆရာကြီး၏အသက်မှာ ၁၆ နှစ်၊ ၁၇ နှစ်အရွယ်မျှ သာ ရှိသေးသည်။ ၁၉၄၉  ခုနှစ်တွင်မူ ပြည်သူ့ရဲဘော် တို့၏   ဖမ်းဆီးခြင်းခံရပြီးနောက်    သရက်ထောင်၊ မကွေးထောင်၊ တောင်တွင်းထောင်၊ ပြည်ထောင်တို့ တွင်  အကျဉ်းချခံရပြီး  သရက်ထောင်သို့   ပြန်လည် ရောက်ရှိသည့်ကာလ၌    ထောင်ဖောက်ထွက်ပြေး လွတ်မြောက်ခဲ့သည်။ နောက်ပိုင်းတွင် စစ်ပြီးခေတ်က ရပ်နားခဲ့ရသည့် အတန်းပညာကို  ဆက်လက်ဆည်းပူး ခဲ့ရာ ၁၉၅၃ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ထို့နောက်  မိုးထိအထက်တန်းကျောင်း၌   အလယ် တန်းပြဆရာအဖြစ်  အမှုထမ်းခဲ့ပြီး ၁၉၅၆ ခုနှစ် တွင် အလုပ်မှနုတ်ထွက်ကာ        မကွေးကောလိပ်၌ ဥပစာဝိဇ္ဇာတန်းကို    စတင်တက်ရောက်သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် တက်ရောက်ခဲ့ပြီး ၁၉၆၀  ပြည့်နှစ်တွင် မြန်မာ ဘာသာစကားနှင့်  အနုစာပေ၊ အင်္ဂလိပ်ဘာသာ စကားနှင့်  အနုစာပေ၊ ဒဿနိကဗေဒဘာသာတွဲဖြင့် ဝိဇ္ဇာတန်း အောင်မြင်သည်။ 


၁၉၆၁   ခုနှစ်   ဘီအီးဒီတက်ရောက်နေစဉ် မြန်မာစာ  မဟာဝိဇ္ဇာအရည်ချင်းစစ်သင်တန်း တက်ရောက်ခွင့်ကို        ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၆၂  ခုနှစ်တွင်  ရန်ကုန်တက္ကသိုလ်၌   နည်းပြ ဖြစ်လာခဲ့ပြီး        ထိုမှ မော်လမြိုင်ဒီဂရီကောလိပ်၊ ပြင်ဦးလွင်စစ်တက္ကသိုလ်တို့၌         အဆင့်ဆင့် ပြောင်းရွှေ့အမှုထမ်းခဲ့ကာ   ၁၉၇၀   ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိပြီး မဟာ ဝိဇ္ဇာတန်းကို   ဆက်လက်တက်ရောက်ခဲ့သည်။ ၁၉၇၄  ခုနှစ်တွင်   ဝတ္ထုတိုလေ့လာချက်စာတမ်း ပြုစုတင်ပြပြီး   မဟာဝိဇ္ဇာတန်းကို   ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ 


စာဆိုတော်မဂ္ဂဇင်းထုတ်ဝေခဲ့


၁၉၅၉ ခုနှစ် မေလထုတ်  မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခံရသည့် “သရက်ထောင်ဖောက်ခဲ့စဉ်က” ဆောင်းပါးသည်    ဆရာကြီး၏ပထမဆုံးလက်ရာ ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် စာဆိုတော်ဟူသော မဂ္ဂဇင်းထုတ်ဝေခဲ့ပြီး  အဆိုပါမဂ္ဂဇင်း၏   စာပေ ညွှန်ကြားရေးမှူးအဖြစ်    ဆောင်ရွက်ခဲ့ဖူးသည်။ ၁၉၆၃ ခုနှစ်တွင် ကံ့ကော်မြိုင်စာတမ်းများစာစု၌ စာတမ်းသုံးပုဒ်ရေးသားခဲ့ရာ   နှစ်ပုဒ်ကို ထိုစဉ်က အထက်တန်း၊  အလယ်တန်း   မြန်မာစကားပြေ လက်ရွေးစင်တွင် ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်းခံ ရသည်။                          

 

C စာမျက်နှာ ၁၆ မှ
၁၉၆၆ ခုနှစ်ဝန်းကျင်တွင် “စိတ်ပင်လယ်စာတမ်း များ”အတွက်  စာတမ်းငယ်နှစ်ပုဒ်ရေးသားခဲ့ပြီး နောက်ပိုင်း        မည်သည့်စာပေလက်ရာများမှ မရေးသားဖြစ်တော့ဘဲရှိရာ ၁၉၇၁ ခုနှစ်တွင် ရှုမဝ မဂ္ဂဇင်း၌  “မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ”    ဟူသော စာပေဝေဖန်ရေးဆောင်းပါးကို ပြန်လည် ရေးသားဖြစ်ခဲ့သည်။ ထို့နောက် စာပေဝေဖန်ရေး ဆောင်းပါးများ ဆက်တိုက်ရေးသားခဲ့ပြီး   ၁၉၇၇ ခုနှစ်တွင် စာပေရေးရာဆောင်းပါးအမည်ရှိ စာပေ ဆောင်းပါးစာစုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ 
စာရိတ္တမာနစာအုပ်
၁၉၇၈ ခုနှစ် ဧပြီလတွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်သည်ဟု  ယူဆခဲ့ပြီး   အလုပ်မှထုတ်ပယ်ခြင်း ခံရကြောင်း  စာရိတ္တမာနစာအုပ်ပါ    ဆရာကြီး၏ အတ္ထုပ္ပတ္တိအကျဉ်းတွင်    မှတ်သားခဲ့ရဖူးသည်။ ၁၉၈၃ ခုနှစ် နိုဝင်ဘာလထုတ် သဘင်မဂ္ဂဇင်းအမှတ် (၁)  မှစတင်ကာ   အကြိုက်ဆုံးဝတ္ထုတိုကဏ္ဍကို လစဉ်ရေးသားခဲ့သည်။ ၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် အလွတ်တန်းနည်းပြသင်တန်းများ၌   မြန်မာစာ သင်ကြားပေးခြင်း၊   စာပေရေးသားခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။   ထို့နောက် စာပေဟောပြောခြင်း၊ ရေးသူဖတ်သူဆွေးနွေးခြင်း၊ စာပေဝေဖန်ရေးဆောင်းပါးများ   ရေးသားခြင်း၊ လူငယ်များအတွက်  စာဖတ်အသင်းယဉ်ကျေးမှု ထွန်းကားဖွံ့ဖြိုးရေးအတွက်   ရေးသားဟောပြော ခြင်း၊ ပညာရေးဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ ယဉ်ကျေး မှုဆိုင်ရာ   သုတ ရသစာပေများ   ရေးသားခြင်းနှင့် လူငယ်များ၏ပစ္စုပ္ပန်နှင့်    အနာဂတ်ဘဝများ ကိုယ်ရည်ကိုယ်သွေး       တောက်ပြောင်စေရေး အတွက်   ရေးသားဟောပြောခြင်းဖြင့်    စာပေ အနုပညာ၌ ဘဝကိုမြှုပ်နှံကာ အချိန်ပြည့်စာရေး ဆရာအဖြစ်   ရှင်သန်ခဲ့သည်။   ဆရာကြီးသည် လူမှုရေးကိစ္စများကိုလည်း    ဆောင်ရွက်ရန်     ဆန္ဒ ထက်သန်သူဖြစ်ရာ  ရန်ကုန်နာရေးကူညီမှုအသင်း တွင် ဦးဆောင်ဦးရွက်ပါဝင်ခဲ့ပေသည်။ 
ဆရာကြီးရေးသားပြုစုခဲ့သည့် စာပေလက်ရာ များအနက်  ထင်ရှားသည့်စာအုပ်အချို့မှာ   “စာပေ ရေးရာဆောင်းပါးများ၊  ဝတ္ထုရေးရာဆောင်းပါးများ၊ အမွေ၊ မျိုးဆက်သစ်တို့  တိုးတက်ရစ်ဖို့၊ တစ်ခါတုန်းက တပည့်တွေ၊ အကြိုက်ဆုံးဝတ္ထုတိုများနှင့်  သုံးသပ် ချက်များ၊ ကိုယ်ကျင့်နှင့်ပညာ၊ အောင်သင်း၏အတွေး စကားများ၊  ပေးသူနှင့်ယူသူ၊   မျိုးဆက်သစ်အတွက် ပိဋကတ်မိတ်ဆက်၊  မျိုးဆက်သစ်အတွက်  ဂန္ထဝင် မိတ်ဆက်၊ လှလိုက်တာနော်နှင့် ရသစာတမ်းငယ်များ၊ လက်ခံလိုက်စမ်းပါ တကယ့်အနုပညာ……စသည် တို့ဖြစ်သည်။
မြန်မာစာပေလောကအကျိုး မြန်မာလူထုအကျိုး
မြန်မာစာပေလောကအကျိုး   မြန်မာလူထု အကျိုးအတွက် စာအုပ်စာပေများစွာ  ရေးသားပြုစု ခဲ့သူ အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးအောင်သင်းသည်  နှလုံးရောဂါကြောင့်    ရွှေဗဟို ဆေးရုံ၌  တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် နေအိမ်၌ အနားယူလျက်ရှိစဉ် ၂၅-၁၀-၂၀၁၄ ရက်နေ့ အသက် (၈၈) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ရှာသည်။
ဆရာကြီးဦးအောင်သင်း အသက် (၈၆) နှစ် အရွယ်က ဆရာကြီး၏ဇာတိ ဒေသခံတပည့်မိတ်ဆွေ တို့ က  ကမကထပြုကာ “တောင်တွင်း၏အောင်သင်း ကဗျာဆောင်းပါးစာစု” စာအုပ်ကို  ပြုစုထုတ်ဝေခဲ့ကြ ဖူးသည်။ အဆိုပါစာအုပ်တွင် ဆရာကြီးမောင်သင်းခိုင် က-
“ပေလေးပင် ရှင်လေးပါးဟာ
တောင်တွင်းရဲ့နှလုံးသားတွေ ဖြစ်ပါတယ်၊
ဦးကြော့ရဲ့ ပန်းပိတောက်မင်း
တောင်တွင်းကစပြီး တစ်နိုင်ငံလုံးသင်းမြပါတယ်။
ကျောက်ကွင်းအရေးတော်ပုံ
တစ်နိုင်ငံလုံးသိမ့်သိမ့်တုန်
ဗုဒ္ဓရဲ့အဟုန် အခင်းအကျင်း
တောင်တွင်းနတ်မီ ဆရာတော်က 
အလင်းအလှူပေးခဲ့တယ်။
တောင်တွင်းသားတွေဟာ
အမှောင်ခွင်းသမားတွေ ဖြစ်ခဲ့တယ်။
အမှောင်ခွင်းခဲ့တဲ့ တောင်တွင်းသားတွေထဲမှာ       
ကျွန်တော်ချစ်ခင်လေးစားခဲ့ရတဲ့ 
ဆရာအောင်သင်း ရှေ့တန်းက ပါပါတယ် ” ဟု ဂုဏ်ပြုရေးဖွဲ့ခဲ့ဖူးသည်။
မြန်မာစာပေလောကအကျိုးကို      နိုင်ရာ အခန်းမှ  ထမ်းပိုးခဲ့သူ၊   မျိုးဆက်သစ်လူငယ်များ အတွက်  ဦးနှောက်နှင့်  နှလုံးသားအလင်း  ထွန်းညှိ ခဲ့သူ ဆရာကြီးဦးအောင်သင်းကား  ကွယ်လွန်သွား ခဲ့ချေပြီ။  သို့တိုင်   ဆရာကြီး၏စာပေလက်ရာများ မှာမူ   (ဆရာကြီး    မောင်သင်းခိုင်  ညွှန်းဆိုခဲ့သလို) အမှောင်ခွင်းသမားတာဝန်ကို  ဆက်လက်ထမ်းရွက် နေဆဲပင်ဖြစ်ပါကြောင်း . . .။       ။ 
ကိုးကား-
၁။    တောင်တွင်း၏အောင်သင်း      ကဗျာ ဆောင်းပါးစာစု
၂။     ဝတ္ထုရေးရာဆောင်းပါးများ 
     (အောင်သင်း)
၃။    စာရိတ္တမာန (အောင်သင်း)
၄။    ပေးသူနှင့်ယူသူ (အောင်သင်း)
၅။    ပွဲဦးထွက်စာပေဆောင်းပါးများ
    (အောင်သင်း)
၆။    ကိုယ်ကျင့်နဲ့ပညာ (အောင်သင်း)
၇။    မျိုးဆက်သစ်တို့        တိုးတက်ရစ်ဖို့ (အောင်သင်း)
၈။    စာပေလူကြမ်းမင်းသား   အောင်သင်း (ဆရာဝင်းငြိမ်း)
၉။    ကိုယ်တွေ့စာစီစာကုံး (အောင်သင်း)