တော်သလင်းလနှင့် ချစ်စရာမြန်မာ့ဓလေ့ လှေပြိုင်ပွဲတော်

Type
၁၁၁၁

 

 

လွန်းပိုးအိမ်

 

ရာသီအငွေ့နှင့် ရွာဓလေ့ကို အောက်မေ့တသ ပြန်လည်သတိရမိပါ၏။ ဘယ်မြို့၊ ဘယ်ဌာနေ၊ ဘယ်အရပ်ဒေသမှာ နေထိုင်လို့ အနေကြာသည်ဖြစ်စေ ကိုယ့်မြေ၊ ကိုယ့်ယာ၊ ကိုယ့်ရွာဓလေ့ကို အမြဲလိုလို အကြောင်းတိုက်ဆိုင်မှုရှိတိုင်း လွမ်းတသသ ရှိနေသည်မှာတော့ စာရေးသူတို့လို ရွာသူ ရွာသားတိုင်း၏ အလိုအလျောက် ဖြစ်ပေါ်လာသည့် နှလုံးသားအလိုဆန္ဒပင် ဖြစ်ပါသည်။
မိမိ၏ရွာဓလေ့ကို အောက်မေ့သတိရမိတိုင်း ဆယ့်နှစ်လရာသီ သီချင်းလေးကို ညည်းတွားမိပါ သည်။ ဆယ့်နှစ်လရာသီ သီချင်းတွင် “ကန်ရာသီ တော်သလင်းမှာ… မျှော်ရင်း… ကျွန်မဖြင့် လွမ်းရ ပါသည်” ဟူသော မျှော်တော်ယောင် သီချင်းလေးကို ညည်းတွားမိသည်။
တော်သလင်းလသည်   မြန်မာ့ဆယ့်နှစ်လ ရာသီတွင်   အဋ္ဌမမြောက်လ    ဖြစ်ပါသည်။ တော်သလင်းဟု   ခေါ်ဆိုရခြင်းမှာ   တော်သလံ (နှစ်သက်ဝမ်းမြောက်ခြင်း) ဟူသော ပါဠိဝေါဟာရ အရ ဤလတွင် စပါးကောက်ပင်များ ထူထောင် ရှင်သန်လာပြီဖြစ်၍  လယ်သမားတို့၏ စိတ်ဘဝင် ကို ကျေနပ်ကြည်နူးစေသောကြောင့် တော်သလင်း ဟု ခေါ်ဆိုခြင်းဖြစ်သည်။
တော်သလင်းလတွင်  ‘တော်’ မှာ   အမြင့် ကောင်းကင်ဖြစ်၍   “သလင်း” မှာ  သာလင်း သာယာထွန်းလင်းခြင်းဖြစ်၏။    တော်သလင်း ဟူသည်မှာ ကောင်းကင်တွင် မိုးသားမိုးတိမ်များ ကင်းစင်၍   ကြည်လင်သာယာလျက်ရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။ 
ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင်   “တော် သလင်းကို မြစ်တွင်း သင်ဖြူးခင်း” ဟူသည့် ရှေး ဆိုရိုးစကားနှင့်အညီ  တော်သလင်းတွင်   ရေစီး အဟုန် ညင်သာ၏။  မြစ်တွင်းသာ၍ သစ်ဖောင် ဝါးဖောင်များ   စုန်ဆင်းလေ့ရှိ၏။   ဤသည်ကို အကြောင်းပြု၍ တော်သလင်းလကို သစ်ဆင်းလဟု ခေါ်ခြင်းဖြစ်သည်။
ပုဂံခေတ်နှင့် အင်းဝခေတ်ထိုး ကျောက်စာ တို့တွင် တော်သလင်းကို သစ်ဆင်းလဟု  ခေါ်ဆို ရေးသားခဲ့သည်ကို မတွေ့ရဘဲ သစ်ဆင်းဟူသော စကားလုံးကို  အင်းဝခေတ်ကဗျာတို့တွင် ရှေးဦးစွာ တွေ့ရ၏။   ကျောက်စာများတွင်   ဟံသာဝတီ ဆင်ဖြူရှင်လက်ထက် ရောက်မှသာ တွေ့ရ၏။ တော်သလင်းအမည်မှာ    သစ်ဆင်းအမည်ထက် ရှေးကျသည်။
တော်သလင်းလသည်  မိုးလယ်လဖြစ်သော ကြောင့် အထက်အာကာတစ်ခွင်တွင် မိုးသားမိုးတိမ် တို့ဖြင့် ညို့မှိုင်းအုံ့ဆိုင်းနေပါသည်။ တစ်ခါတစ်ရံဝယ် အာကာယံတွင် တိမ်သဘင်ဆင်ယင်နေပြီး မှောင် တစ်ခါ၊ ပြာတချို့၊ ညိုတစ်လီ၊  ရည်တစ်ဖုံ  ရှိနေ သည်။ တိမ်ဂဠုန်တို့မှာ မာန်ဟုန်ပြကာ စစ်ခင်းနေ တတ်ပါသည်။
နေရောင်ခြည်သည် မှိတ်တုတ်မှိတ်တုတ်နှင့် မလင်းတစ်လှည့်၊   လင်းတစ်လှည့်   ဖြစ်နေချိန်၊ မိုးသားများကြားတွင် ပုန်းကွယ်နေသော   သူရိန် နေမင်းမှာ ပေါ်ထွက်လာသည်။ တော်သလင်းလ တွင် နေရှိန်ပြင်းသကဲ့သို့ မိုးများလည်း လယ်ကန် သင်းကျိုးအောင် သည်းထန်စွာ ရွာတတ်သည်။
မိုးဆယ့်နှစ်မျိုးဖွဲ့တွင်   “တော်သလင်းမိုး ကန်သင်းကျိုး၊ တော်သလင်းတိမ်ညို၊ စားဖိုသည် ဆင်းရဲ၊ မိုးမစဲ၊ တော်သလင်းဆီးနှင်းတစ်ပြိုက် မိုးတစ်ပြိုက်” ဟု  စာဖွဲ့သလို   “တော်သလင်းနေ ပုစွန်သေ” ဟူသော စကားအတိုင်း ငါးငယ်၊ ပုစွန် ငယ်ကလေးများပင်   သေလောက်အောင်   ပူပြင်း တောက်ပနေသည်မှာ ပြောစမှတ်တွင်သည်။
တော်သလင်းလတွင် “ကန်ဆင်းမိုး” သည် ထူးခြားစွာ ရွာချသည်။ တနင်္ဂနွေ  ဂြိုဟ်မင်းသည် သိန် (သိမ်) ရာသီမှ ကန်ရာသီသို့ ပြောင်းဝင်ဆင်းသက် ရာမှ ကန်ဆင်းမိုးခေါ်ဝေါ်ကြောင်းကို-
    “ထောင်ခြည်ထိန်လင်း၊ တိမ်ကယွင်း၍၊
    လျှံဝင်းဖြိုးဖြိုး၊ ကန်ဆင်းမိုးဟု၊
    ကြိုးကစွေသွန်၊ မေဃဝန်သို့…….” ။
    (အဘိရူပကပျို့)
ကန်ဆင်းမိုးသည်     သင်္ကြန်အတက်နေ့မှ လွန်မြောက်သောနေ့တွင် ရွာသွန်းမြဲဖြစ်သည်။ ကန် ဆင်းမိုးရွာမည့်ရက်ကို   နှမ်းကြီးကြဲရန်အတွက် လယ်သမားများ  မှတ်သားကြသည်။ ၎င်းတို့အတွက် အဓိကကျသော  မိုးဖြစ်သည်။   “ရာငါးဆယ့်လေး၊ မဝေးသင်္ချာ၊ ပဒုံကြာနှင့် ရင်းမာထုံသင်း၊  တော်သ လင်း၌၊ ကန်ဆင်းခေါ်မြဲ၊ ဖျောက်ဆိပ်လွဲဟု၊ နှမ်းကြဲ ကာလ   ဟူကုန်ကြ၏”  ဟု  မန်လည်ဆရာတော် ဘုရားကြီးက  မာဃဒေဝလင်္ကာသစ်၌   ဖွဲ့ဆိုတော် မူခဲ့ပါသည်။
ဤရာသီတွင် မြစ်ရေများဖွေးဖွေးလှုပ်၍ ကမ်းပြည့် သည်အထိ လျှံတက်ကျနေသည်။ ကိုင်းပင်များလည်း ဖွေးဖွေးလှုပ်ကာ အဖူးအပွင့်များ ဝေဆာလျက် လွမ်း စရာ့ပန်းချီသဖွယ် သရုပ်ဖော်  ဖော်ကျူးထားပုံကို-
“ကန်ရာသီဟု၊ အာနီမြခိုင်၊ ရင်းမာလှိုင်က
မွှေးကြိုင်နံ့ရွှင်၊ တော်သလင်းကား” ဟူ၍  ဆည်သည်ရွာစား ဦးအောင်ကြီး၏ ရာသီဖွဲ့ လူးတား ကဗျာအရ ရင်းမာပန်းကို ရာသီပန်းအဖြစ် သတ်မှတ် ခဲ့ကြသည်။ အခြားပန်းများ ဖြစ်သော ပုန်းညက်ပန်း၊ ခတ္တာပန်းတို့လည်း ဖူးပွင့်နေပါသည်။ တော်သလင်းလ ၏ သဘာဝအခြေနေနှင့် ယင်းမာပန်းနံ့ မွှေးပုံကလေး ကို နန်းတွင်းသူ မယ်ခွေက  ချစ်စရာကောင်းအောင် ရေးဖွဲ့ပုံမှာ “မင်းလွင်ငယ်မှာ  တလှည့်၊   မသာစနိုး စိတ်လက်ကယ်ညှိုးအောင်၊ မိုးတလှည့်နှင့်၊ အိုဘယ့် ရာသီ၊ လည်ပြောက်လည်လှုပ်၊ ပဲတောင်းပြုတ်နှင့် ဗုတ်ဇီဝဇိုး၊ တောင်တံရိုးက၊ ချစ်ကြိုးမပျက်၊ လည်ချင်း ယှက်လို့၊ ဝတ်ရက်ကယ်ချီသည်၊ ဝေသီသီပင်မြင့်နန်း က၊ ပန်းယင်းမာမွှေး ဟူ၍ ဖွဲ့ဆိုခဲ့ပါသည်။
တော်သလင်းလတွင် လေပြင်းမုန်တိုင်းကျရောက် ခြင်းမရှိ၊   ရေပြင်ဝယ်ရေစီးမသန်၊    လှိုင်းမထန်ပြီ။ “တော်သလင်း၊ မြစ်တွင်း၊ သင်ဖြူးခင်း” ပြီတည်း။ မြစ်ရေပြင်သည်  သင်ဖြူးခင်းထားသကဲ့သို့  ညီညာ ပြန့်ပြူးနေပါသည်။
လှေသဘင်ပွဲ ဆင်နွှဲ
တောင်သူလယ်သမားများသည်လည်း   စိုက်၍ ပျိုး၍ပြီးစပြုသော  အချိန်ဖြစ်သောကြောင့်   လှေ ငယ်များကို  ပြင်ကာ၊  ဖာထေးကာဖြင့်   တက်ရေး ပြင်ကြရပြန်သည်။  မြစ်ရေပြင်ကျယ်ဝယ်   လှေ အသွယ်သွယ်တို့ လှေသဘင်ပွဲ ဆင်နွှဲကြတော့မည်။ ဦးယာ၏ တော်သလင်းလဖွဲ့ လူးတားတွင်မူ-
    ပန်းရွှေယင်းမာ၊ လှိုင်စွာပျံ့သင်း၊ 
    တော်သလင်းဟု၊ မြစ်တွင်းသဘင်၊ 
    လှေပွဲဆင်၍၊ လက်သင်လှော်ကား၊
    ရွှေလှေများကို၊ ကစားလူးလာ၊
    စုန်ကာဆန်လျက်” ဟု ရေးဖွဲ့ထားလေသည်။
ရှေးမြန်မာမင်းများ  လက်ထက်တွင်   ရေတပ် မတော်သည်  စစ်ရေးစစ်ရာတွင်   အဓိကအားကိုး အားထားပြုရသည်။   ရေတပ်မတော်သားများကို လက်ရွေးစင် စစ်သည်များဖြင့် ဖွဲ့စည်း၍၊   ရေတပ်   မ တော်ကို လှေဖောင်ယာဉ်များဖြင့် ဖွဲ့စည်းခဲ့သည်။ ရေတပ်သားတစ်ဦး ဖြစ်လာ၍ အောင်ပွဲအလီလီ ရယူ ခဲ့ရသည်။ ရေတပ်သားတစ်ဦး၏ အရည်အချင်းမှာ မြင့်မားလှသည်။  တိုက်ပွဲပေါင်း   မြောက်မြားစွာ အောင်နိုင်ပြီးသူဟု     တင်စားခေါ်ဝေါ်နိုင်သည်။ လှေတပ်ကိုလည်း နယ်ချဲ့တို့ကို တွန်းလှန်တိုက်ခိုက် ရာတွင်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် လည်းကောင်း အသုံးပြုခဲ့ကြသည်။ 
လှေပွဲသဘင်ကို  မြန်မာမင်းများ   နှစ်သက် မြတ်နိုးကြသည်။  ဘုရင်ကိုယ်တိုင်   ဦးဆောင်၍ ကျင်းပလေ့ရှိသည်။ လှေပွဲသဘင်ကို လှေအမျိုး အစားအလိုက်   ခွဲခြားပြုလုပ်၍   ပြိုင်ကြသည်။ ကြည့်ရှု အားပေးကြသော  ပရိသတ်များက အိုးစည် ဗုံမောင်းများ  တီးမှုတ်ကခုန်၍ ပျော်ရွှင်မဆုံး ရှိကြ သည်။
အကျိုးကျေးဇူးများ ရရှိ
တော်သလင်းလတွင် မြန်မာ့ရိုးရာအားကစား တစ်ရပ်ဖြစ်သော လှေပြိုင်ပွဲကို ဆင်ယင်ကျင်းပခြင်း သည် ထူးခြားမှုရှိသည်။ လှေပြိုင်ပွဲကြောင့် အချင်း ချင်း စည်းလုံးညီညွတ်မှုရှိခြင်း၊ ကိုယ်လက် ကြံ့ခိုင် ခြင်း၊ ဇွဲသတ္တိနှင့် လုံ့လဝီရီယရှိခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိစေပါသည်။
လှေနှင့်ပတ်သက်၍ မြန်မာစကားပုံများလည်း ရှိသည်။ လှေခွက်ချည်းကျန်၊ အလံမလှဲ၊ လှိုင်းကြီး လှေအောက်၊  လှေအဆင်းမြင်းအတက်၊   လှေနံ နှစ်ဖက်နင်း၊ မရဲဘဲနဲ့ လှေကွဲကြီးကိုစီး၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်၊ ကျော်တော့လှေသူကြီး၊ ညား တော့  လှေထိုးသား၊    လှေနံဓားထစ်၊  ရေစုန်မှာ လှေကြုံစီး၊ လှေကြီးထိုး ရိုးရိုး စသည်တို့မှာ မှတ်သား စရာကောင်းလှသည်- 
    လှေဦးလန် ရွက်စုံမော့နဲ့ 
    စုန်ရော့ကွယ်လေး...
    စုန်ရော့ကွယ် မဆိုထိုက်တယ် 
    လွမ်းခိုက်မို့လေး …။
အထက်ပါ အမည်မသိ စာဆိုရှင်၏  လှေနှင့် ပတ်သက်သော ကဗျာလေးမှာ ချစ်စရာကောင်း သလို တော်သလင်းလနှင့် လှေပြိုင်ပွဲအကြောင်း ကလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။ 
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန်မြို့တော် ခန်းမ လူထုအစည်းအဝေးတွင် မိန့်ကြားခဲ့သော သမိုင်းဝင်မိန့်ခွန်းများထဲမှ လှေပြိုင်ပွဲနှင့် ပတ်သက် ၍ ကျောင်းကုန်းမြို့ ဒါးက ဆိပ်ကမ်း၌   ကျင်းပ ခဲ့သော    လှေပြိုင်ပွဲတွင်   ပြိုင်ဘက်လှေထက် ရှေ့နည်းနည်းရောက်သည်နှင့်   တက်ထောင်သည့် ကိစ္စဖြစ်၏။  စင်စစ်ပန်းဝင်သေးတာ  မဟုတ်ပါ။ နောက်ကျသည့် လှေကလည်း ပန်းတိုင်မရောက်ခင် ကြိုးစားလျှင် ရနိုင်ပါသေး၏။ မကြိုးစားတော့ဘဲ ရှုံးတော့မှာပဲဆိုပြီး    ထပ်မံမလှော်ခတ်တော့ဘဲ ခြေပစ်လက်ပစ် စိတ်ဓာတ်ကျသည့် ကိစ္စဖြစ်သည်။ ထိုကိစ္စမျိုးသည်   တိုင်းပြည်ထူထောင်ရာတွင် လွတ်လပ်သည့်လူမျိုးနှင့်    ထိုက်တန်သည့် စိတ်ဓာတ်မျိုး မဟုတ်ဟု ထောက်ပြခဲ့ပါသည်။
မျိုးဆက်သစ်များ လက်ဆင့်ကမ်း 
ယခုအခါ တော်သလင်းလတွင်   သတ်မှတ် ကျင်းပသော  လှေပွဲသဘင်ဟူ၍   မရှိတော့ချေ။ အရပ်ဒေသအလိုက်   သင့်လျော်ရာလတွင်သာ သတ်မှတ်ကျင်းပသော လှေပြိုင်ပွဲများသာ ရှိနေဆဲ ပင်  ဖြစ်သည်။   အချုပ်အားဖြင့်     ဆိုရလျှင် တော်သလင်းလသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီ အတွက် ဘာသာရေးဆိုင်ရာ ပွဲများမရှိသော်လည်း မြစ်ချောင်း၊ အင်း၊ အိုင်ရှိသော မြို့ရွာ၊ ကျေးလက် ဒေသများသည် လှေပြိုင်ပွဲများကို တတ်နိုင်သမျှ၊ စွမ်းဆောင်နိုင်သမျှ၊ ဆင်ယင်ကျင်းပလျက် ရှိပါ သည်။ စည်းလုံးမှု၊ တက်ကြွမှု၊  အနိုင်မခံ  အရှုံး မပေးမှုများနှင့် ပြည့်စုံသော တော်သလင်းလနှင့် ချစ်စရာ မြန်မာ့ဓလေ့ လှေသဘင်ပွဲတော်များကို မျိုးဆက်သစ်များက     လက်ဆင့်ကမ်းနိုင်ကြ ပါစေ။     ။