­­တော်သလင်းမြစ်တွင်း သင်ဖြူးခင်း

Type
1

 

ယဉ်ကျေးဆု

    v    ရေယဉ်စမ်းငယ်
        သောင်ကမ်းငယ်ပြည့်လျှံ
        မြစ်လုံးငယ်ညံသည်
        လှေတက်သံမြိုင်မြိုင်နှင့်
        လှေပြိုင်ကျင်းတဲ့လကိုလေး။
    v     ကုံရာသီငယ် ခါမှီသင့်စွာ
        ဘွေအာကာမှာ ပြုပ္ဗာဘဒြပိုဒ်
        ကြက်ညီနောင် တောင်တဝိုက်က
        ရေလိုက်ကယ်သဘင်
        စံ - စံပယ်ရွှင်သောအခါ
        မြိုင်ခွင်လုံးကန္တာမှာ
        ရွှေရင်းမာပန်းတော်မင်းက
        သင်းလှတယ်လေး။


မဟာအတုလမင်းကြီး၏   တော်သလင်းလဖွဲ့ ဖြစ်သည်။  တော်သလင်းလသည်  မြန်မာပြက္ခဒိန်၏ ဆဋ္ဌမမြောက်လဖြစ်သည်။ ဤလတွင် မြစ်ချောင်း တို့၌    လှိုင်းလေကင်းရှင်းပြီး   ရေပြင်မှာ သင်ဖြူး ဖျာခင်းထားသကဲ့သို့  ပြေပြစ်ငြိမ်သက်စွာရှိတတ်ရာ တော်သလင်းမြစ်တွင်း  သင်ဖြူးခင်းဟု ဆိုရိုးရှိပေ သည်။   ထို့ကြောင့်ပင်  ဤလတွင် လှေပြိုင်ပွဲများကို ကျင်းပကြခြင်းဖြစ်သည်။   ရှေးကလှေပြိုင်ပွဲများ ကို      တိုင်းပြည်အုပ်ချုပ်     မင်းလုပ်သူများကိုယ်တိုင် ကြွရောက်ရှုစား ချီးမြှင့်တော်မူလေ့ရှိကြသည်။


ရှေးမြန်မာကြီးများ၏ လှေသဘင်ပွဲ


စာရေးသူ  ရှေးမြန်မာကြီးများ၏ လှေသဘင်ပွဲ၊ လှေပြိုင်ပွဲ၊   သစ်ဆင်းပွဲများအကြောင်း   လေ့လာမိ သ၍ တင်ပြလိုပါသည်။ ဦးအောင်ကြီး၏ ဒွါဒရာသီ ဘွဲ့တွင်    “မြစ်ရေကမ်းပြည့် ထန်းလည်း   မှည့်၍ စည့်စည့်မိုးလ   ဘဒြနှင့်ပြည့်ဝအညီ    ကန်ရာသီဟု အာနီမြခိုင်    ရင်းမာလှိုင်ကာ     မွှေးကြိုင်ပျံ့ရွှင်း တော်သလင်းဝယ်     မြစ်တွင်းရတု   ပန်းလုသဘင် သစ်ဆင်းယင်လျက်၊ လက်သင်လှော်ကား၊  ရွှေသား စက်ကွင်း၊   လှေချင်းလှော်ပြိုင်”  ဟု   စပ်ဆိုထား ကြောင်း  လေ့လာသိရှိနိုင်ပေသည်။  ဖွင့်ဆိုပြရသော် တော်သလင်းလတွင်    ထန်းသီးတို့    မှည့်ကြ၏။ ကန်ရာသီဖြစ်၏။    ကန်ဟူသည့်     ဝေါဟာရမှာ သက္ကဋဘာသာ   “ကနျာ” မှ  လာ၏။   ကညာဟု အဓိပ္ပာယ်ရသည်။   ဇောတိသတ္တကျမ်း၌   “ကနျာစ၊ ကန်ရာသီကား၊  ကဿဒဟနိဝ၊ လက်တစ်ဖက်ကား ကောက်ဆုပ်၊   လက်တစ်ဖက်ကား   ဆီမီးတိုင်ကိုင် လျက်၊   လှေစီးနေသော မိန်းမပျိုသဏ္ဌာန်ရှိသည်။” ဟုဆိုထား၏။   ထို့ကြောင့်   ရှေးမြန်မာကြီးများသည် မင်းမှစ၍     တောင်ယာလယ်လုပ်ဓားမခုတ်အထိ ထိုရာသီ၌  စိတ်ဓာတ်ခိုက်အောင်   ရာသီအကြိုက် လှေသဘင်ပွဲများကို  ရှုမြင်လိုခဲ့ကြခြင်းဖြစ်မည်ဟု စာရေးသူထင်မြင်မိပါသည်။ လှေပြိုင်ပွဲကို ပန်းလု သဘင်   မြစ်ယံပွဲဟု  ခေါ်ဆိုကြကြောင်းကိုလည်း လေ့လာသိရှိခဲ့ရသည်။  စာဆိုရှင်ဖွဲ့ဆိုထားခဲ့သည့် ရွှေသားစက်ကွင်းဆိုသည်မှာ    အဝါရောင်စက္ကူ၏ အလယ်၌ အမည်းကွက်ပြုလုပ်ထားသည့် ပန်းတိုင် ၌ထားရှိသော ပစ္စည်းဖြစ်သည်။ အဆိုပါ ရွှေသားစက် ကွင်းဆီသို့   သူနိုင်ကိုယ်နိုင်   အပြိုင်လှော်ခတ်ရခြင်း ဖြစ်သည်။
ရှေးမြန်မာကြီးများ       တော်သလင်းလတွင် ကျင်းပကြသည့်    လှေသဘင်ပွဲနှင့်  ပတ်သက်၍ ယထာဘူတကျစွာ   စဉ်းစားသင့်ပေသည်။    ရှေးက မြန်မာတို့သည်   ရေကြောင်းလမ်းကို   အဓိကထား သုံးစွဲခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အထက်နှင့်အောက် စုန်ဆန်သွားလာမှုကို   ဧရာဝတီမြစ်ကြီးက များစွာ အထောက်အကူပြုခဲ့ကြောင်း   တွေ့ကြရမည်ဖြစ် သည်။   ရေကြောင်းလမ်းကိုသာ  အသုံးများခဲ့သဖြင့် ဖောင်၊   လှေ၊    သမ္ဗန်စသည်တို့သည်   အဓိကယာဉ် များ   ဖြစ်ခဲ့ကြရသည်။    ထို့ကြောင့်     ထိုအချိန်က ရေကြောင်းသွားလာမှုအတတ်ပညာသည်  အဓိက အခန်းကဏ္ဍတွင် ရှိခဲ့သည်။


ဇာတိသွေး ဇာတိမာန်တို့ကို  ဖော်ထုတ်သည့်ပွဲ


ဦးကုလားကြီး၏  မဟာရာဇဝင်၌  “အမှုထမ်း တို့ကို ခြေဆယ်ပွဲမှ  မြင်းတင်ရာ၏။  မြင်းဆယ်ပွဲမှ ဆင်တင်၍ ရွာပေးရာ၏။  ဆင်ဆယ်ပွဲမှ လှေတင် ရာ၏။” ဟု  ရေးသားထားသည်။  ထို့ကြောင့် ရှေးက ရေတပ်မတော်သည်  အမြင့်ဆုံးတပ်ဟု ဆိုနိုင်သည်။ ရှေးမြန်မာဓလေ့     လှေပြိုင်ပွဲများတွင်    လှေလှ၊ လှေယဉ်၊  လှေငယ်များသာမက  စစ်သုံးလှေများပါ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသည်။  ရှေးက လှေသဘင် ပွဲ၊ လှေပြိုင်ပွဲများသည်  ပျော်ရွှင်မှုအတွက်သာမက မြန်မာတို့၏  စွမ်းရည်သတ္တိနှင့် မြန်မာ့ဇာတိသွေး ဇာတိမာန်တို့ကို  ဖော်ထုတ်သည့်ပွဲလည်း ဖြစ်သည်။ မြန်မာဘုရင်များ၏    လူစွမ်းကောင်းများအတွက် စွမ်းရည်စိစစ်သည့်ပွဲအဖြစ် ထင်ရှားခဲ့သည်။ သမိုင်း အထောက်အထားများအရ  မြန်မာ့ရေတပ်မတော် သည် သရေခေတ္တရာခေတ်မှစတင်ခဲ့ပြီး   ပုဂံခေတ် အနော်ရထာမင်းကြီးလက်ထက်တွင်     အင်အား အထူးမြင့်မားနေပြီဖြစ်ကြောင်း      လေ့လာသိရှိရ သည်။ မြန်မာ့လှေတပ်မတော်သားတို့သည် အသက် ကို ပဓာနမထားကြပဲ  “လှေခွက်ချည်း ကျန်၊  အလံ မလှဲ”   စိတ်ဓာတ်မျိုးဖြင့်    စွန့်စား၍   တိုက်ပွဲဝင် အောင်ပွဲဆင်ခဲ့ကြသည်။  စစ်မြေပြင်တွင်  စစ်သွေး စစ်မာန်များဖြင့်  တိုက်ပွဲဝင်အောင်ပွဲဆင်ခဲ့ကြသည့် မြန်မာလှေတပ်မတော်သားတို့သည်      စစ်ရေး အန္တရာယ်များ   ကင်းရှင်းချိန်   တော်သလင်းလသို့ ရောက်လျှင်     ကြည်နူးသာယာဖွယ်ကောင်းသည့် မြစ်နဒီဧရာတွင် ကျင်းပသည့် ပန်းလုသဘင်  မြစ်ယံ ပွဲသို့   အင်တိုက်အားတိုက်   ပါဝင်ဆင်နွှဲကြသည်။ တက်ရေး (၃၇) ချင်းနှင့်   လှေတော်သံတို့သည်လည်း မြစ်ယံမှသည် မိုးယံသို့တိုင်အောင် မြိုင်မြိုင်ဆိုင်ဆိုင် ပင်ရှိခဲ့ကြသည်။  တော်သလင်းလသည်  ရာသီအား ဖြင့် ကန်ရာသီ၊ စန်းပြည့်နက္ခတ်မှာ    ပြုပ္ဗာဘဒြပိုဒ် နက္ခတ်၊ တာရာမှာ ဗျိုင်းတာရာ၊ ရာသီရုပ်မှာ သမီး ကညာ  ရာသီရုပ်ဖြစ်ပြီး ပွင့်သည့်ပန်းမှာ   ရင်းမာ ပန်းဖြစ်သည်။


ရာသီခွင်အလိုက်  ရာသီပွဲတော်များ


စာရေးသူတို့၏ မြန်မာများတွင် ရာသီခွင်အား ဖြင့် တစ်ဆယ့်နှစ်လရှိသည်။   ရှေးမြန်မာကြီးများက ရာသီခွင်အလိုက်  ရာသီပွဲတော်များကို  ကျင်းပသည့် ဓလေ့ရှိခဲ့ကြသည်။   ထို့ကြောင့်   လူမျိုးခြားများက မြန်မာတို့အား အပျော်ကျူးသူများဟု  မှတ်ချက်ပြု ခဲ့ကြသည်။   မှားလေစွဟု   စာရေးသူက ဆိုချင်မိပါ သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏  သာဓိနပျို့တွင် “သင်္ကြန်တာကူး၊  နှစ်ဦး ညောင်ရေ၊ စာပုလွေခင်း၊ ပဉ္စင်းတော်ခံ၊   စာရေးတံနှင့်၊   မြစ်ယံပွဲကြီး၊ ဆီမီး ထွန်းချိန်၊    ကထိန်နတ်ကျင်း၊   မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံး၊  ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်အမြဲ၊ ဆယ့်နှစ်ပွဲ”  ဟု   စပ်ဆိုထားကြောင်း လေ့လာသိရှိရသည်။


ဆိုရသော် ရှေးမြန်မာကြီးများသည် တန်ခူးလ တွင်   အတာရေသဘင်ပွဲနှင့်    သက်ကြီးရွယ်အို ဘိုးဘွားမိဘဆရာသမားများအား   ပူဇော်သည့်ပွဲ၊ ကဆုန်လတွင်     ညောင်ရေသွန်းလောင်းသည့်ပွဲ၊ နယုန်လတွင် စာပြန်ပွဲ ပဉ္စင်းခံပွဲ၊ ဝါဆိုလတွင် ဝါကပ် ပွဲ   ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ဝါခေါင်လတွင်   စာရေး တံပွဲ၊   တော်သလင်းလတွင်  လှေခင်းသဘင်ပွဲ လှေ ပြိုင်ပွဲ သစ်ဆင်းပွဲ မြစ်ယံပွဲ၊ သီတင်းကျွတ်လတွင် ဆီးမီးမြင့်မိုရ်ပွဲ လူကြီးမိဘများအား ကန်တော့ကြ သည့်ပွဲ၊   တန်ဆောင်မုန်းလတွင်   ဆီမီးပူဇော်ပွဲ၊ ကထိန်သင်္ကန်း  မသိုးသင်္ကန်း ကြာသင်္ကန်း ကပ်လှူ သည့်ပွဲ၊ နတ်တော်လတွင်  နန်းတွင်းစာဆိုပညာရှိကြီး များအား   အရည်အချင်းစစ်ဆေးသည့်ပွဲ  နတ်များကို ပူဇော်ပသလှူဒါန်းသည့် ပွဲ၊    ပြာသိုလတွင် ထမနဲ လှူဒါန်းသည့်ပွဲနှင့်   တပေါင်းလတွင်   သဲပုံစေတီပွဲ ဆွမ်းတော်ကြီး   တင်လှူပွဲ  သာဓုကိဠနသဘင်ပွဲ စည်တော်ကြီးပွဲ စသည်ဖြင့် ကျင်းပခဲ့ကြသည်။


ရည်ရွယ်ချက်ကောင်းများ


ဖွင့်ဆိုပြရသော်   အတာသင်္ကြန်ပွဲသည် မင်္ဂလာ ရှိသည့်    နှစ်သစ်အချိန်ကာလအခါသမယ၌  တစ်ဦး နှင့်တစ်ဦး ချစ်ကြည်စွာဖြင့်  အေးချမ်းသာယာကြ စေကြောင်း  ဆုမွန်ကောင်းတောင်း၍ နှစ်ဟောင်းမှ အညစ်အကြေးများ  ကုန်စင်သွားစေရန်  အတာရေ ဖြင့်    သွန်းလောင်းပက်ဖျန်းကြသည့်     ပွဲတော်၊ သက်ကြီးရွယ်အို ဘိုးဘွားမိဘဆရာသမားများအား ပူဇော်ကန်တော့ကြခြင်းအားဖြင့်လည်း    နှစ်ဦးတွင် ကုသိုလ်ကောင်းမှုဖြင့်    အစပြုကာ   တစ်နှစ်တာ ကာလအတွက်   မင်္ဂလာဆင်မြန်းခြင်းအမှုကို  ပြုကြ သည့်ပွဲဖြစ်သည်။    သဲပုံစေတီပွဲတော်   ဆွမ်းတော် ကြီးတင်လှူပွဲ  သာဓုကိဠနသဘင်ပွဲ ညောင်ရေသွန်း လောင်းပွဲ  သင်္ကန်းကပ်လှူပွဲ ဆီမီးပူဇော်ပွဲများသည် သာသနာဘာသာအား  မမေ့စေကြောင်း သာသနာ တော်ကြီး၏   အရောင်အဝါ   ထွန်းပြောင်လာစေ ကြောင်း    ဒါနကုသိုလ်များ    ရရှိကြစေကြောင်း ရည်ရွယ်ချက်ကောင်းများဖြင့်        ကုသိုလ်အမှု ပြုလုပ်ကြခြင်းသာ    ဖြစ်သည်။    လှေခင်းသဘင်ပွဲ မြင်းခင်းသဘင်ပွဲများသည်    မြန်မာ့ကြည်းတပ်ရေ တပ်တောင့်တင်း  ခိုင်မာစေရေး အရည်အချင်းပြည့်ဝ သည့်   တပ်မတော်သားများ  ဖြစ်ထွန်းလာစေကြောင်း ရည်ရွယ်ချက်ကောင်းများဖြင့်    ကျင်းပခဲ့ကြခြင်း ဖြစ်သည်။     စာပြန်ပွဲစာစစ်ပွဲများမှာ       လောကီ လောကုတ္တရာ  နှစ်ဖြာသော  မြန်မာ့ပညာရှိကြီးများ ပေါ်ထွန်းလာစေရန် အခြေခံကောင်းများဖြင့် ကျင်းပ ခဲ့ကြခြင်းဖြစ်သည်။  ထို့ကြောင့်  နိုင်ငံခြားသားများ ထင်မှတ်ထားသကဲ့သို့      မြန်မာတစ်ဆယ့်နှစ်လ ရာသီပွဲတော်များသည်  အပျော်သက်သက်ကျင်းပ ခြင်းမျိုးမဟုတ်မူပဲ   ရင်းနှီးပျော်ရွှင်စွာဖြင့်  ရည်ရွယ် ချက်ကောင်းများကို  ထားရှိအကောင်အထည်ဖော် ဆောင်ရွက်ကြသည့် ပွဲတော်များဖြစ်သဖြင့် ရည်ရွယ် ချက်မဲ့မဟုတ်ပါကြောင်း    ရေးသားတင်ပြလိုက်ရ ပေသည်။        ။