တိုက်စစ်ကစားသမား လီဝမ်ဒေါစကီး ဘာစီလိုနာအသင်းမှ ထွက်ခွာမည်

 

 

တိုက်စစ်ကစားသမား ရော်ဘတ် လီဝမ် ဒေါစကီးသည် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ယခုနှစ် နွေရာသီတွင် ဘာစီလိုနာ အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

အသက် ၃၇ နှစ်အရွယ် လီဝမ်ဒေါစကီးသည် ဘိုင်ယန် မြူးနစ်အသင်းတွင် ရှစ်နှစ်ကြာ ဖြတ် သန်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ ရောက်ရှိပြီးနောက် အသင်းအတွက် ပွဲပေါင်း ၁၉၁ ပွဲ ပါဝင်ကစားထားကာ ၁၁၉ ဂိုးသွင်းယူပေးထားသည်။

 

ထို့အပြင် ၎င်းသည် ဘာစီလိုနာအသင်းကို လာလီဂါဖလား သုံးကြိမ် နှင့် ကိုပါဒယ်ရေးဖလားတို့ကို ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးထား နိုင်သည်။ ထိခိုက်ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရသော ပိုလန် တိုက်စစ်ကစားသမားသည် ယခုနှစ်ရာသီတွင် လိဂ် ၁၅ ပွဲသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိထားသည်။