
ပရီမီယာလိဂ်ပွဲစဉ် (၂၉) မှ အကောင်းဆုံးပွဲစဉ်ဖြစ်သည့် မန်စီးတီး အသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်တွင် မန်စီးတီးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဦးဆောင်သူ အာဆင်နယ်အသင်းကို ထပ်ကြပ် မကွာ ဖိအားပေးနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်ကို ဧပြီ ၁ ရက် ည ၆ နာရီက အီတီဟက်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲကြည့်ပရိသတ် ၅၂၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။
ဟာလန်းမပါသည့် မန်စီးတီးအသင်း၏ တိုက်စစ်ပိုင်းသည် ဂိုးပေါက်တည့်မတ်မှု ရှစ်ကြိမ် တွင် လေးကြိမ် ဂိုးအဖြစ်ပြောင်းလဲနိုင်သည်အထိ ထက်မြက်မှုရှိခဲ့သည်။ ပြိုင်ဘက်လီဗာပူးအသင်းသည် မန်စီးတီးအသင်းဘက်သို့ စုစုပေါင်း ဂိုးကန်သွင်းခွင့် လေးကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး တစ်ကြိမ်သာ ဂိုးပေါက်တည့်မတ်ခဲ့သည်အထိ အသင်း၏ တိုက်စစ်၊ ခံစစ်နှင့် ကွင်းလယ်ချိတ်ကစားမှုအပိုင်း လိုအပ်ချက် များခဲ့သည်။
အကြိမ်ကြိမ်ခုခံကာကွယ်
ဦးဆောင်ဂိုးကို လီဗာပူးအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၁၇ မိနစ် တွင် ဆာလာက သွင်းယူပေးနိုင်ခဲ့သည်။ အဆိုပါ သွင်းဂိုးရယူပြီးနောက် လီဗာပူးအသင်း၏ ကစားအားတက်လာခြင်း မရှိဘဲ မန်စီးတီးအသင်း၏ ထိုးဖောက် တိုက်စစ်ဆင်မှုများကိုသာ အကြိမ်ကြိမ် ခုခံကာကွယ်ခဲ့ရသည်။
မန်စီးတီးအသင်းအတွက် သွင်းဂိုးများကို အယ်ဗာရက်ဇ်၊ ဒီဘရိုင်း၊ ဂန်ဒိုဂန်နှင့် ဂရီးလစ်ချ်တို့က ပွဲချိန် ၂၇ မိနစ်၊ ၄၆ မိနစ်၊ ၅၃ မိနစ်နှင့် ၇၄ မိနစ်တို့ တွင် သွင်းယူနိုင်ခဲ့သည်။
မန်စီးတီးအသင်းသည် ယခုနိုင်ပွဲကြောင့် ၂၈ ပွဲကစားပြီး ရမှတ် ၆၄ မှတ်ဖြင့် အဆင့် (၂) နေရာ တွင် ရပ်တည်ကာ ဦးဆောင်သူ အာဆင်နယ်အသင်း ကို အနီးကပ်ဖိအားပေးလျက်ရှိသည်။ ပြိုင်ဘက် လီဗာပူးအသင်းက ယခုပွဲရှုံးနိမ့်မှုကြောင့် ၂၇ ပွဲကစား ပြီး ရမှတ် ၄၂ မှတ်သာ ရရှိထားသောကြောင့် ဥရောပ ဝင်ခွင့်တစ်နေရာအတွက် လက်ကျန်ပွဲစဉ်များကို ရုန်းကန်ရတော့မည် ဖြစ်သည်။
အာဆင်နယ်နိုင်ပွဲရ
ည ၈ နာရီခွဲက တစ်ချိန်တည်းယှဉ်ပြိုင်ကစားခဲ့ကြသည့် ပွဲစဉ်များတွင် ဘုန်းမောက်၊ အာဆင်နယ်၊ ပဲလေ့စ်တို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး ဘရိုက်တန်၊ နော်တင်ဟမ်အသင်းတို့ သရေကျခဲ့သည်။
ဘုန်းမောက်နှင့် ဖူလ်ဟမ်အသင်းတို့ပွဲစဉ်တွင် ဘုန်းမောက်က အကြိတ်အနယ် ကစားပြီး နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိကာ အာဆင်နယ်နှင့် လိဒ်စ်တို့ ပွဲစဉ်တွင် အာဆင်နယ်က ခြေစွမ်းပြကာ လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ယခုပွဲ အနိုင် ရရှိမှုကြောင့် အာဆင်နယ်အသင်းသည် အမှတ်ပေး ဇယားကို ရမှတ် ၇၂ မှတ်ဖြင့် ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။
ဘရိုက်တန်နှင့် ဘရန့်ဖို့ဒ်အသင်းတို့ပွဲစဉ်တွင် အပြန်အလှန်သွင်းဂိုးများဖြင့် အကြိတ်အနယ်ရှိခဲ့ သော်လည်း ပွဲအပြီးတွင် တစ်ဖက်သုံးဂိုးစီဖြင့် သရေကျခဲ့သည်။ နော်တင်ဟမ်နှင့် ဝုဖ်အသင်းတို့ ပွဲစဉ်တွင်လည်း တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
အောင်ဇော်