
ကိုကိုချွန် (မော်လမြိုင်)
နှစ်ပေါင်းများစွာတိုင်အောင် မြန်မာနိုင်ငံ၏ အဓိကမူးယစ်ဆေးဝါးပြဿနာမှာ ဘိန်းစိုက်ပျိုးမှု ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း တရားမဝင်ဘိန်းစိုက်ပျိုးရာဒေသများကို ၂၀၂၃ ခုနှစ် စစ်တမ်းများအရ လေ့လာကြည့်လျှင် ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှုအများဆုံးနေရာဖြစ်ပြီး တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု၏ ၈၈ ရာခိုင်နှုန်း (ဟက်တာ ၄၁၃၀၀) ရှိပါသည်။ ကချင်ပြည်နယ်သည် ဒုတိယဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ဟက်တာ ၄၆၀၀ ရှိပါသည်။ ထို့ပြင် ချင်းပြည်နယ်တွင် ဟက်တာ ၇၀၀ နှင့် ကယားပြည်နယ်တွင် ဟက်တာ ၄၈၀ စိုက်ပျိုးပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း ဟက်တာ ၅၀ စိုက်ပျိုးခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ဟက်တာ ၂၅၀ အထိ စိုက်ပျိုးလာပါသည်။
ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ပြည်သူများ ကြုံတွေ့ခံစားနေရသော မူးယစ်ဆေးဝါး ပြဿနာအား အမှန်အတိုင်း ရှုမြင်သုံးသပ်ပြီး ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုတိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်းကို ချမှတ်ဆောင်ရွက်ခဲ့ရာ အတိုင်း အတာတစ်ခုအထိ အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ထိုစီမံကိန်းများ ချမှတ်အကောင်ထည်ဖော်ရာတွင် အစိုးရ၊ ဒေသခံပြည်သူများနှင့် ဘိန်းစိုက်တောင်သူ များ၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုသည်သာ အဓိက မောင်းနှင်အား ဖြစ်ခဲ့ပါသည်။ ဘိန်းဖြူချက်လုပ်မှုကို ဘိန်းစိုက်ပျိုးရာဒေသများတွင်သာ တိုင်းရင်းသား လက်နက်ကိုင်များ အဓိကထား ဆောင်ရွက်ခဲ့ပြီး အခြားဒေသများတွင် ဘိန်းဖြူချက်လုပ်မှုမှာ မရှိသလောက် ဖြစ်ခဲ့ပါသည်။
လက်နက်ကိုင်များ ကြီးစိုးရာနယ်မြေများ
ဘိန်းစိုက်ပျိုးရာဒေသနှင့် ဘိန်းဖြူချက်လုပ်ရာ နေရာများသည် တောင်ပေါ်ဒေသ၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော နေရာဒေသများဖြစ်ပြီး ပြည်တွင်းသောင်းကျန်းမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြီးစိုးရာ နယ်မြေများဖြစ်ပါ သည်။ အစိုးရမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ရန် ကန့်သတ်ချက်ကြီးမားခြင်းနှင့် အခြေခံ အဆောက်အအုံနည်းပါးခြင်းကလည်း ဒေသခံ တိုင်းရင်းသားတို့၏ ဘဝရပ်တည်နိုင်ရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့ပါသည်။ အစိုးရ၏ အုပ်ချုပ် ရေးယန္တရား လျော့နည်းမှုနှင့် လက်လှမ်းမမီနိုင်မှုများ က တိုင်းရင်းသားလက်နက်ကိုင်များအတွက် အခွင့် ကောင်းတစ်ခုဖြစ်နေပြီး ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူ ချက်လုပ်မှုကို အဆိုပါဒေသများတွင် ဆောင်ရွက် လျက်ရှိပါသည်။ ဒေသခံပြည်သူအချို့သည် မိသားစု ဝင်ငွေရရှိရေး ဘိန်းစိုက်ပျိုးမှုကို အဓိကထားနေရ သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များ၏ တွန်းအားပေးမှု၊ လက်နက်ကိုင်စွဲကာ အတင်း အကျပ် တိုက်တွန်းစေခိုင်းမှုများက ဒေသတွင်း ဘိန်းစိုက်ပျိုးမှုကို မြင့်တက်စေလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုလျော့ကျစေရေး ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နေသော်လည်း နိုင်ငံတော်၏ အုပ်ချုပ်မှုအာဏာလျော့နည်းသွားချိန်တွင် ဘိန်း စိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုသည် ပြန်လည် တိုးတက်လာမြဲဖြစ်ကြောင်း နိုင်ငံ၏ သမိုင်းဖြစ်စဉ် များက သက်သေခံလျက်ရှိပါသည်။ အထက်ဖော်ပြ ပါ အချက်များကိုကြည့်လျှင် ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူချက်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိရာ နယ်မြေများ၌သာ အဓိကဖြစ်ပွားလျက် ရှိကြောင်း တွေ့ရှိရပါသည်။
နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုကို အခွင့်ကောင်းယူ
မြန်မာနိုင်ငံအတွင်း နှစ်အလိုက် ဘိန်းစိုက်ပျိုး ခဲ့မှုကို ပြန်လည်လေ့လာကြည့်ပါက ၁၉၉၆ ခုနှစ် တွင် ဟက်တာ ၁၆၃၀၀၀ ရှိခဲ့ရာမှ ၂၀၀၆ ခုနှစ်တွင် ဟက်တာ ၂၁၅၀၀ အထိသို့ သိသိသာသာ ကျဆင်း သွားခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှစ၍ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ဟက်တာ ၅၇၈၀၀ အထိ ဖြစ်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖိတ်ခေါ်ကာ မူးယစ်ဆေးဝါးပြဿနာကို ကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်းဆွေးနွေးခဲ့မှုများကြောင့် ၂၀၂၀ ပြည့်နှစ် တွင် ဟက်တာ ၂၉၅၀၀ သို့ သိသိသာသာ ပြန်လည် ကျဆင်းခဲ့ပါသည်။ သို့သော်လည်း နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုကို အခွင့်ကောင်းယူ၍ ဒေသခံ ပြည်သူများအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဘိန်းစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်ရန် စေခိုင်းခဲ့မှု ကြောင့် ၂၀၂၁ ခုနှစ်တွင် ဟက်တာ ၃၀၂၀၀ ၊ ၂၀၂၂ ခုနှစ်တွင် ဟက်တာ ၄၀၁၀၀ မှ ၂၀၂၃ ခုနှစ်တွင် ဟက်တာ ၄၇၁၀၀ အထိသို့ အသီးသီးပြန်လည် မြင့်တက်လာခဲ့ပါသည်။
အဆိုပါ အခြေအနေများကို လေ့လာကြည့်ပါက နယ်မြေဒေသအေးချမ်းတည်ငြိမ်မှုရှိလျှင် ဘိန်း စိုက်ပျိုးမှုများ သိသိသာသာ လျော့နည်းကျဆင်းပြီး ပဋိပက္ခများဖြစ်ပွားလာပါက ဘိန်းစိုက်ပျိုးမှု တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဘိန်းစိုက်ပျိုးမှုကို ဥပဒေအရ တားမြစ်ထားသော်လည်း ဒေသခံပြည်သူများ၊ ဘိန်းစိုက်တောင်သူများ ဘဝရှင်သန်ရပ်တည်ရေး ဆောင်ရွက်ပေးနိုင်ပါမှသာ ဘိန်းစိုက်ပျိုးမှုများ လျော့နည်းကျဆင်းသွားမည်ဖြစ်သဖြင့် ဖမ်းဆီး အရေးယူမှုမရှိဘဲ ဒေသဖွံ့ဖြိုးရေးကိုသာ အဓိကထား ဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေ ဖြင့် အရှိတရားကို အသိတရားဖြင့် ဆောင်ရွက်နေ သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အချို့မှာ ဘိန်းစိုက်ပျိုးမှုကိုသာ တွန်းအားပေး ဆောင်ရွက်နေ လျက်ရှိပါသည်။
ဘိန်းစိုက်ပျိုးမှုကို ဆက်လက်ဖြစ်ပေါ်စေရန် တွန်းအားပေးလျက်ရှိ
ဘိန်းစိုက်ပျိုးရာဒေသများရှိ ပြည်သူများအနေ ဖြင့် တရားဝင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အရေးနှင့် အခွင့်အလမ်းနည်းပါးခြင်း၊ ထွက်ကုန်များကို ဈေးကွက်အတွင်း တင်ပို့နိုင်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ မပြည့်စုံခြင်း၊ မီး၊ ရေရရှိမှုနှင့် ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းနည်းပါးခြင်းတို့က ဘိန်းစိုက်ပျိုးမှုကို ဆက်လက်ဖြစ်ပေါ်စေရန် တွန်းအားပေးလျက်ရှိပါ သည်။ ဘိန်းစိုက်တောင်သူများမှာ မိမိတို့ဘဝ ရပ်တည်ရေးအတွက် ဘိန်းစိုက်ပျိုးခြင်းကို ပြုလုပ် ရသည်ဖြစ်ရာ အစားအသောက်၊ လူသုံးကုန်နှင့် အဝတ်အထည်များဝယ်ယူရန်၊ ဆေးကုသရန်နှင့် ဘိန်းစိုက်ပျိုးရန် တိုင်းရင်းသားလက်နက်ကိုင်များထံမှ ရယူထားသောအကြွေးများ ပြန်လည်ပေးဆပ် ရန်တို့အတွက် အခြားကုန်စည်များကဲ့သို့ သိုလှောင် ထားခြင်းမပြုနိုင်ဘဲ ဘိန်းထွက်ရှိလာသည်နှင့် လက်နက်ကိုင်များ၊ ၎င်းတို့၏ ကုန်သည်ပွဲစားများ ထံသို့ ချက်ချင်းရောင်းချကြရပါသည်။
အဆိုပါအချက်များပေါ်မူတည်ပြီး ဒေသခံများ အပေါ် အမြတ်ထုတ်ခြင်း၊ အတင်းအကျပ်စေခိုင်း ခြင်း၊ အကြွေးမဆပ်နိုင်သူများအား ဘိန်းထပ်မံ စိုက်ပျိုးခိုင်းခြင်းများကလည်း ဘိန်းစိုက်တောင်သူ များအတွက် အဆိုးသံသရာလည်နေလျက်ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အချို့သည် နိုင်ငံ ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် ချိတ်ဆက်ပြီး ဘိန်းဈေးကွက်အား ထိန်းချုပ်ခြင်း၊ ဘိန်းဖြူ ချက်လုပ်ခြင်း၊ နိုင်ငံတကာဈေးကွက်သို့ သယ်ဆောင် ရောင်းဝယ်ခြင်းတို့ ဆောင်ရွက်လာရာမှ ဘိန်း စိုက်ပျိုးမှုကို တိုးမြှင့်ဖြစ်ပေါ်စေလျက်ရှိပါသည်။
အချို့ဒေသများတွင်
အမြောက်အမြား စိုက်ပျိုးလာ
ဘိန်းစိုက်တောင်သူများမှာ ဆင်းရဲသူများဖြစ်ပြီး မိမိတို့ဘဝ ရှင်သန်ရပ်တည်ရေးနှင့် ဝင်ငွေရရှိရေး အတွက် အနည်းငယ်စိုက်ပျိုးလာရာမှ အချို့ဒေသ များတွင် အမြောက်အမြား စိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည်။ ဘိန်းစိုက်ပျိုးရာတွင် အများစုမှာ သမားရိုးကျစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးခဲ့သော် လည်း ဘိန်းစိုက်ပျိုးမှုတွင် တိုင်းရင်းသားလက်နက် ကိုင်များနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ ပါဝင်လာသဖြင့် ၂၀၂၃ ခုနှစ်တွင် ရေသွင်းစိုက်ပျိုး ခြင်း၊ ဓာတ်မြေဩဇာများ အသုံးပြုခြင်းနှင့် အခြား သွင်းအားစုများ ထည့်သွင်းခြင်းတို့ကိုလည်း ဆောင်ရွက်လာကြပါသည်။ ယခင်က ဘိန်းအထွက် နှုန်း တစ်ဟက်တာ အမြင့်ဆုံး ၁၉ ဒသမ ၈ ကီလို ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၂၂ ဒသမ ၉ ကီလိုအထိ ထွက်ရှိလာခဲ့သဖြင့် ဘိန်းထွက်ရှိမှုမှာလည်း အနိမ့်ဆုံး ၃၁၀ မက်ထရစ်တန်မှ ၂၀၂၃ ခုနှစ် ဘိန်းစိုက်ရာသီတွင် ၁၀၈၀ မက်ထရစ်တန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တို့ ပရမ်းပတာ ဆုတ်ခွာသွားပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် တာလီဘန်တို့ အာဏာ ပြန်လည်ရယူခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက် နေ့တွင် လက်ရှိတာလီဘန်အစိုးရသည် နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုအပေါ် ပြင်းထန်သော တားမြစ်မိန့် ထုတ်ပြန်ခဲ့ပါသည်။ ထိုအမိန့်တွင် နိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်းများကိုပါ မဆောင်ရွက်ရန် တားမြစ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘိန်းဖြူချက်လုပ်ရာ၌ အသုံးပြုနိုင်သည့် ဓာတု ပစ္စည်းများ တင်သွင်းမှုအားလုံးကိုလည်း တားမြစ်ခဲ့ ပါသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုကို ကြည့်လျှင် ၂၀၁၇ ခုနှစ်တွင် ဟက်တာ ၃၂၈၀၀၀ ရှိခဲ့ ရာမှ တာလီဘန်အစိုးရ အာဏာရယူသည့် ၂၀၂၁ ခုနှစ်တွင် ဟက်တာ ၁၇၇၀၀၀ အထိ ကျဆင်းခဲ့ပါ သည်။ ၂၀၂၂ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၂၃၃၀၀၀ ရှိခဲ့ရာမှ တားမြစ်မိန့်ထုတ်ပြန်ခဲ့ပြီးသည့် ၂၀၂၃ ခုနှစ်တွင် ဟက်တာ ၁၀၈၀၀ ခန့်သာ စိုက်ပျိုး ခဲ့သဖြင့် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း လျော့ကျသွား ကြောင်း တွေ့ရပါသည်။ ဘိန်းထွက်ရှိမှုမှာလည်း ၂၀၂၂ ခုနှစ်တွင် တန် ၆၂၀၀ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၃၃၃ တန်သာ ထွက်ရှိသဖြင့် ၉၅ ရာခိုင်နှုန်း လျော့ကျ သွားကြောင်း တွေ့ရပါသည်။
တာလီဘန်တို့က ဘိန်းစိုက်ပျိုးမှုကို ပြင်းထန်စွာ တားမြစ်ခဲ့သဖြင့် ၂၀၂၃ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထွက်ရှိမှု ၉၅ ရာခိုင်နှုန်းအထိ လျော့ကျသွား ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း တရားမဝင် ဘိန်းစိုက်ပျိုးမှုမှာ အနည်းငယ်သာ မြင့်တက်ခဲ့သော် လည်း ထိုအခြေအနေများက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင်ဘိန်းစိုက်ပျိုးမှု အများဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိသွားခဲ့ရပါသည်။ အစိုးရမှ ခေတ်အဆက်ဆက် ဘိန်းစိုက်ပျိုးရာဒေသများတွင် ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးခြင်း၊ အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းများ (Alternative Development Programme) ချမှတ်ဆောင်ရွက်ပေးခြင်းတို့ကြောင့် အဆိုပါဒေသများတွင် ဘိန်းစိုက်ပျိုးမှုများ သိသိသာသာလျော့ကျကာ ဒေသဖွံ့ဖြိုးတိုးတက် လာသည့် သမိုင်းသက်သေများလည်း ရှိခဲ့ပါ သည်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု၊ ဘိန်းထုတ်လုပ်မှုနှင့် ဘိန်းဖြူချက်လုပ်မှု ၉၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခြင်းက ဒေသတွင်းဈေးကွက်လိုအပ်ချက်ကြောင့် ဈေးနှုန်းမြင့်တက်မှု ကို ဖြစ်စေလျက်ရှိပါသည်။ ထိုအခြေအနေများပေါ် အခွင့်ကောင်းယူပြီး တိုင်းရင်းသားလက်နက်ကိုင် များအနေဖြင့် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ် မှုကို တိုးမြှင့်လုပ်ဆောင်ရန် ကြိုးပမ်းနေလျက်ရှိပါ သည်။ နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်း ထုတ်လုပ်မှုလျော့ကျရေးတွင် အစိုးရ၊ ဒေသခံပြည်သူ နှင့် ဘိန်းစိုက်တောင်သူများ ပူးပေါင်းဆောင်ရွက် နေသော်လည်း ပြည်သူလူထုကောင်းစားရေးဟု ကြွေးကြော်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု စိုးစဉ်းမျှ မတွေ့ရသည်မှာ ဝမ်းနည်းဖွယ်ရာ အချက်တစ်ခု ဖြစ်ပါသည်။
ဘိန်းအများဆုံး စိုက်ပျိုးရာနေရာများဖြစ်သော ရှမ်းပြည်နယ်တွင် အိမ်ထောင်စု ၂၅၅၀ နှင့် ကချင် ပြည်နယ်တွင် အိမ်ထောင်စု ၄၄၇ စုတို့အား လူမှုစီးပွားစစ်တမ်း (Socio-Economic Survey) ကောက်ယူမှုများပြုလုပ်ခဲ့ပါသည်။ ထိုအိမ်ထောင်စု များအနက် ရှမ်းပြည်နယ်တွင် အိမ်ထောင်စု ၁၈၈၈ စုသည် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းစီးပွားရေးတွင် ပါဝင်ပတ်သက်နေပြီး အိမ်ထောင်စု ၆၆၂ စုမှာ ပါဝင် ပတ်သက်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ ကချင် ပြည်နယ်တွင် အိမ်ထောင်စု ၁၅၂ စုမှာ ပါဝင် ပတ်သက်နေပြီး အိမ်ထောင်စု ၂၉၅ စုမှာ ပါဝင် ပတ်သက်ခြင်းမရှိကြောင်း တွေ့ရပါသည်။ ကချင် ပြည်နယ် ဘိန်းစိုက်တောင်သူများ၏ အိမ်ထောင်စု ဝင်များတွင် အနည်းဆုံးတစ်ဦးသည် ဘိန်းသုံးစွဲသူ များဖြစ်ကြသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိရပါသည်။ ထို့အတူ ဘိန်းသုံးစွဲခြင်းနှင့် ဘိန်းဖြူသုံးစွဲသူများ လည်း ဒေသတွင်းမြင့်တက်လာလျက် ရှိပါသည်။
မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း ဘိန်း ၁၀၈၀ မက်ထရစ်တန် ထွက်ရှိခဲ့သည်ဟု UNODC မှ ခန့်မှန်း ထားပါသည်။ ဘိန်းနှင့် ဘိန်းဖြူအား ဒေသတွင်း စားသုံးမှုနှင့် တရားမဝင် သယ်ဆောင်ရောင်းချမှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ မှ ၂ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိနိုင်ပြီး ထုတ်လုပ်၊ သယ်ဆောင်ရောင်းဝယ်သူများ၏ တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၂ ဘီလီယံမှ ၁ ဒသမ ၈၅ ဘီလီယံအထိ ရှိနိုင်ပါသည်။ ထိုမျှ များပြားလှသော ငွေကြေးများကြောင့်ပင် တိုင်းရင်း သားလက်နက်ကိုင်တို့သည် ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ ဘိန်းဖြူချက်လုပ်မှုနှင့် သယ်ဆောင် ရောင်းဝယ်မှုများတွင် ပါဝင်ဆောင်ရွက်နေလျက် ရှိပါသည်။
ဘိန်းစိုက်တောင်သူများမှာ အသုံးချခံများအဖြစ် ရှင်သန်ရပ်တည်နေရ
ဘိန်းစိုက်တောင်သူများမှာ တိုင်းရင်းသား လက်နက်ကိုင်များ၏ အသုံးချခံများအဖြစ် ရှင်သန် ရပ်တည်နေရပြီး အခြိမ်းခြောက်ခံရမှု၊ အတင်း အကျပ်ခိုင်းစေမှု၊ ဘဝရှင်သန်ရပ်တည်ရေးအတွက် ဘိန်းစိုက်ပျိုးမှုကို ဆက်လက်လုပ်ဆောင်နေရလျက် ရှိပါသည်။ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူချက်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများမှ ရရှိလာသော တရားမဝင်ငွေကြေးများသည် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးထက် အဖျက်အမှောင့်လုပ်ငန်းများ၊ အကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ၏ ဘဝမှာ ဆင်းရဲတွင်း နက်သထက်နက်အောင် ရောက်ရှိနေကြောင်း စိတ်မကောင်းဖွယ်ရာ တွေ့ရှိ နေရပါသည်။
အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်အစိုးရသည် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုကို တင်းကျပ် သော အမိန့်များချမှတ်ပြီး ဆောင်ရွက်ခြင်းကြောင့် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှု ၉၅ ရာခိုင် နှုန်း လျော့ကျသွားခဲ့ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့်လည်း မြန်မာနိုင်ငံ တစ်ခုလုံး ကြုံတွေ့ခံစားနေရသော ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူထုတ်လုပ်မှု၊ မိမိဒေသခံများ ဘိန်းနှင့် ဘိန်းဖြူသုံးစွဲမှုများကို ဝိုင်းဝန်းတားဆီးဖြေရှင်းပေးရမည့် အချိန်အခါဖြစ်ပါသည်။ အစိုးရ၏ ဦးဆောင်မှု နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်များက မိမိနယ်မြေအတွင်း ပူးပေါင်းဆောင်ရွက်လာပါက ဘိန်းနှင့် ဘိန်းဖြူပြဿနာအပြင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သုံးစွဲမှု၊ သယ်ဆောင်ရောင်းဝယ်မှု ပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။
မိမိလူမျိုးကောင်းစားရေး၊ ဒေသကောင်းစားရေး ဟု အသံကောင်းဟစ်နေမည့်အစား “အရှိတရားကို လက်ခံပြီး မိမိအသိတရားဖြင့် ပူးပေါင်းဆောင်ရွက် ရန်” လိုအပ်လာပြီ ဖြစ်ပါသည်။ သောင်းကျန်းမှု၊ ဖျက်ဆီးမှုများသည် ပျက်စီးမှု၊ ဆုတ်ယုတ်မှုကိုသာ ဖြစ်ပေါ်စေကြောင်း သမိုင်းသင်ခန်းစာများက သင်ပေးခဲ့ပြီးဖြစ်ပါသည်။ တိုင်းရင်းသားလက်နက် ကိုင်များအနေဖြင့် ဘိန်းနှင့် ဘိန်းဖြူပြဿနာအပြင် အခြားမူးယစ်ဆေးဝါးပြဿနာများ ဖြေရှင်းရေးတွင် ကိုယ်တိုင်ပါဝင်ရန် လိုအပ်လာပြီဖြစ်ပါသည်။ သို့သော် “လက်နက်ကိုင်များအနေဖြင့် အပြောနှင့် အလုပ်ညီကြပါစေ၊ အသိတရားများရကြပါစေလို့” ဆုတောင်းနေရတော့မည့် အခြေအနေမျိုးသာ ရှိပါ တော့သည်။ ကျွန်တော်တို့ ပြည်သူများအနေဖြင့် လည်း ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှု လျှော့ချရေး၊ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေး တွင် မိမိတို့တတ်နိုင်သည့်အပိုင်းမှ ပူးပေါင်းပါဝင်ပေး ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ။
- Log in to post comments