
တက္ကသီလာ မြကျွန်းသာမှာပညာရည်နို့ သောက်စို့ခဲ့ပါသည် (အပိုင်း-၇)
======================================
အလှရွှန်းစို မြကျွန်းညိုမှ အမိတက္ကသိုလ်သို့ တမ်းခြင်း
===============================
စန်းနီလာဝင်း
=======
l မြကျွန်းညိုမှာ
ပညာရည်နို့
သောက်စို့ခဲ့ရ
တစ်ခဏလျှင်
တစ်ဘဝထင်မိ
ရင်မှာတသ
သတိရနေ
ဘဝဆည်းဆာ
ရောက်နေပါလည်း
သီလတက္က
ကျွန်းညိုမြကို
ထာဝရမမေ့နိုင်ပါတကား။ ။
တက္ကသီလာ ကျောင်းတော်မဟာဆိုသည်မှာ
ပညာသည် အမှောင်ကိုခွင်းကာ အလင်းကို ဆောင်စေသဖြင့် အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ သခင်က “ပညာသမာ အာဘာနတ္ထိ - လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိနိုင်” ဟူ၍လည်းကောင်း၊ “ပညာနရာနံ ရတနံ - ပညာကား လူတို့၏ ရတနာစစ် ရတနာမှန်ဖြစ်သည်” ဟူ၍လည်းကောင်း ဟောဖော်ညွှန်ပြတော်မူခဲ့ပါသည်။
မိလိန္ဒပညာကျမ်းတွင်လည်း “ပညာ” ၏သဘောလက္ခဏာနှင့်စပ်လျဉ်း၍ မိလိန္ဒ မင်းကြီးက အရှင်နာဂသေနအား မေးမြန်း လျှောက်ထားခဲ့ရာ “ပညာသည်ပိုင်းဖြတ် ခြင်း၊ ထွန်းလင်းတောက်ပခြင်း လက္ခဏာ ရှိ သည်။ ဥပမာအားဖြင့် မှောင်နေသောအခန်း ထဲ၌ မီးထွန်းလိုက်သောအခါ ထိုအခန်းထဲ တွင် အမှောင်လည်းပျောက် အလင်းရောက် လာသလို ပညာသည်လည်း အမိုက်မှောင်ကို ပယ်ဖျောက်ပြီး အသိပညာအလင်းရောင်ကို ပေးသည်” ဟု ရှင်းလင်းဖွင့်ဆိုတော်မူခဲ့သည် ကို လေ့လာတွေ့ရှိရသည်။
“တက္ကသိုလ်”ဟူသော ပါဠိဝေါဟာရမှာ “တက္ကနှင့်သီလ”ကို ပေါင်းစပ်ထားခြင်းဖြစ်ရာ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုပါလျှင် “တက္က”ဟူသည် “နှိုင်းချိန်ကြံဆခြင်း၊ သုံးသပ်ဝေဖန်ခြင်း”ဟု အဓိပ္ပာယ်ရရှိပြီး “သီလ” ဆိုသည်မှာ “ကောင်းသော လေ့ကျင့် ပျိုးထောင်မှုရှိခြင်း၊ မကောင်းမှုပြုလုပ် ရမည်ကိုရှက်ခြင်း၊ ရွံ့ခြင်းဟူသော ဟီရိဩတ္တပ္ပ တရားကို စောင့်ထိန်းခြင်း”ဟူ၍ အဓိပ္ပာယ် ရရှိပါသည်။ ထို့ကြောင့် တက္ကသီလကျောင်း တော်မဟာဆိုသည်မှာ အဆင့်မြင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာရပ်များစွာကို သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ကျင့် တရားကောင်းမွန်အောင် လမ်းညွှန်ပေးရာ နေရာဌာနဖြစ်သည်ဟု အကျဉ်းဥဒ္ဒေသဖြင့် ဖွင့်ဆိုနိုင်ပါသည်။ အင်္ဂလိပ်ဝေါဟာရ၌ “ယူနီ ဗာစီတီ”(University) ဟူ၍လည်းကောင်း၊ “အကယ်ဒမီ” (Academy) ဟူ၍လည်းကောင်း “အထူးပညာရပ်များ သင်ကြားပေးရာ ကျောင်းတော်ကြီး” ဟူသောအဓိပ္ပာယ်ဖြင့် ခေါ်ဝေါ်သုံးစွဲကြပါသည်။ ထို့ပြင် တက္ကသိုလ် ပညာရေး ကို “Academic” ဟူ၍လည်းကောင်း၊ “တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများဘဝကို” “Academic Life” ဟူ၍ လည်းကောင်း၊ “တက္ကသိုလ်ပညာရှင်များကို” “Academician”ဟူ၍လည်းကောင်း ခေါ်ဝေါ် သုံးစွဲလျက်ရှိကြပါသည်။
ရှေးမြန်မာမင်းများလက်ထက်ကတက္ကသိုလ်
ပုဂံခေတ်ကျောက်စာများကို လေ့လာ သောအခါ ပုဂံခေတ်တွင် လောကီပညာရပ် များကို လေ့ကျင့်သင်ကြားပေးသော ပွဲကျောင်း များမှာ “ပုဂံခေတ်တက္ကသိုလ်ကျောင်း”များ အဖြစ် တည်ရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ မျက်မှောက်ခေတ်တွင် အသိပညာရှင်၊ အတတ် ပညာရှင်၊ နည်းပညာရှင်များကို တက္ကသိုလ် အသီးသီးက လေ့ကျင့်ပျိုးထောင်သင်ကြားပေးသကဲ့သို့ ရှေးမြန်မာမင်းများလက်ထက် တွင်လည်း လောကီပညာရပ်များကိုလည်း ကောင်း၊ ပရိယတ္တိစာပေများကိုလည်းကောင်း၊ မင်းမှုထမ်း၊ အရာထမ်းများကိုလည်းကောင်း ဘုန်းတော်ကြီးကျောင်းများက လေ့ကျင့်သင် ကြားပျိုးထောင်ပေးခဲ့သည်ကို တွေ့ရသည်။
ရှေးမြန်မာမင်းတို့သည် ပဒေသရာဇ် အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ် နိုင်အောင် သစ္စာခံပညာရှင်များ၊ အရာထမ်း ကောင်း၊ အမှုထမ်းကောင်းများ မွေးထုတ်ရန် တစ်နှစ်လျှင် တစ်ကြိမ် ပညာရှိရွေးပွဲကို ကျင်းပ ခဲ့ကြသည်။ ရှေးမြန်မာမင်းများ လက်ထက်တွင် “စာပြန်ပွဲတော်”များကို တက္ကသိုလ်စာမေးပွဲ များအဖြစ် မှတ်ယူကာ ပညာရှိများကို စစ်ဆေးရွေးချယ်ပြီး လွှတ်တော်၊ ရုံးတော်၊ ဗြဲတိုက်တော်တို့၌ အရာထမ်း၊ အမှုထမ်းများ အဖြစ် ခန့်အပ်တာဝန်ပေးလေ့ရှိသည်။ [မျက်မှောက်ခေတ်၌ “အစိုးရ ရာထူးဝန်အဖွဲ့ က” အစိုးရဌာနဆိုင်ရာ အသီးသီးတွင် လိုအပ်နေသော ပြန်တမ်းဝင်အရာရှိ ရာထူး များအတွက် လျှောက်ထားသူတို့အား ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲများ ဖြေဆိုစေပြီး အောင်မြင် သူများကို ပြန်တမ်းဝင်အရာရှိများ စတင် ခန့်အပ်ပေးသည့်သဘောပင် ဖြစ်ပါသည်။] မြန်မာ့နန်းတွင်း၌ အရေးပါ အရာရောက် လှသော အုပ်ချုပ်ရေး အကြီးအကဲများဖြစ်ခဲ့ ကြသည့် ကင်းဝန်မင်းကြီး၊ တွင်းသင်း မင်းကြီး၊ ပခန်းမင်းကြီးတို့သည် စာပြန် ပွဲတော်၌ ထူးချွန်စွာဖြေဆိုအောင်မြင် ခဲ့ကြသောကြောင့် ရဟန်းဘဝမှ လူဝတ်လဲ ကာ တိုင်းရေး၊ ပြည်ရေး၊ ရာဇရေး၊ ဓမ္မရေးတို့ တွင် အကြီးအကဲများအဖြစ် တာဝန် ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်းပင် ဖြစ်သည်။
ထိုစာပြန်ပွဲတော်တွင် ပထမကျော်ဘွဲ့ မရရှိသော်လည်း အမှတ်များများဖြင့် အောင်မြင်သူများသည် မင်းမှုထမ်း လိုအပ် ပါက နန်းတွင်းရှိလွှတ်ရုံး(၅)ရပ်သို့ အကူ စာရေးအဖြစ် ခန့်အပ်ပေးလေ့ရှိသည်။ လွှတ်ရုံး (၅)ရပ်တွင် အကူစာရေးများအဖြစ် ခန့်အပ် ခြင်းခံရသောသူများကို သူတို့၏ လုပ်ကိုင် ဆောင်ရွက်ပုံ၊ ဆက်ဆံပုံ၊ ကိုယ်ကျင့်တရား တို့နှင့်ပတ်သက်၍ “စာရေးတော်ခေါင်း”က အကဲဖြတ်မှတ်တမ်းတွင် လေ့လာမှတ်တမ်း တင်ထားရသည်။ နန်းတော်၌စာရေးတော် ဝန်ထမ်း လိုအပ်လာလျှင် ထိုအကူစာရေး များထဲမှ လက်ရွေးစင်များကို ရွေးချယ် ခန့်အပ်ပေးသည်။ စာရေးတော်များသည် အရည်အချင်းရှိလျှင် ရှိသလို လွှတ်တော် ဝန်ကြီးအထိ တိုးမြှင့်ခန့်အပ်ခြင်းခံရ သည်။
တက္ကသိုလ်များ၏ မိခင် ရန်ကုန်တက္ကသိုလ်
အမိရန်ကုန်တက္ကသိုလ် အကျယ် အဝန်းသည် ဧက ၄၀၀ ရှိပြီး ဘွဲ့နှင်းသဘင် ခန်းမအဆောက်အအုံကို ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြေနေရာ ရွေးချယ်ပြီး ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက် နေ့တွင် အုတ်မြစ်ချဆောက်လုပ်ခဲ့သည်။
အမိတက္ကသိုလ်၏ ဝိဇ္ဇာစာသင်ခန်းမ ဆောင်ကြီးနှင့် သိပ္ပံစာသင်ခန်းမဆောင်ကြီးတို့ကို အဓိပတိလမ်းမကြီး၏ ဝဲဘက်နှင့် ယာဘက်တို့တွင် နေရာယူစေကာ ဝိဇ္ဇာခန်းမ ဆောင်ကြီးကို ၁၉၂၈ ခုနှစ်တွင် လည်းကောင်း၊ သိပ္ပံခန်းမဆောင်ကြီးကို ၁၉၃၁ ခုနှစ်တွင် လည်းကောင်း အသီးသီးဆောက်လုပ်ခဲ့ကြ သည်။ ဝိဇ္ဇာခန်းမဆောင်ကြီးသည် အရှည် ၉၇၁ပေ၊ အကျယ် ၄၈ ဒသမ ၅ ပေရှိပြီး သိပ္ပံခန်းမကို ၂၀ရာစု ဗိသုကာပုံစံဖြင့် စက် ဝိုင်းခြမ်းပုံသဏ္ဌာန် ဖော်ဆောင်ထားပါ သည်။
b စာမျက်နှာ ၆ မှ
ရန်ကုန်တက္ကသိုလ်ဓမ္မာရုံကြီးကို ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက် (မြန်မာသက္ကရာဇ် ၁၂၉၅ ခုနှစ် တပေါင်းလဆန်း ၁၃ ရက်နေ့)တွင် အလယ်တောရကျောင်းတိုက် ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောသလ အဘိဓဇက အုတ်မြစ်ချပေးတော်မူကာ စတင်ဆောက်လုပ်ခဲ့သည်။ အလျား ၁၄၁ ပေ၊ အနံ ၆၅ ပေ၊ အမြင့် ၂၂ ပေ ရှိပြီး အဆောက် အအုံလက်ရာမှာ မြန်မာ အနောက်ဥရောပ ဗိသုကာ ပေါင်းစပ်ထားသော ဒီဇိုင်းလက်ရာ ဖြစ်သည်။
ဂျပ်ဆင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းအဆောက်အအုံကို ၁၉၃၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြည်လမ်းမကြီးအနီးတွင် စတင်ဆောက်လုပ်ခဲ့ရာ ထိုစဉ်က ရန်ကုန် တက္ကသိုလ် အဓိပတိဖြစ်သူ ဆာချားလ်စ် အလက်ဇန်းဒါးအင်းစ် (Sir Charles Alexander Innes)က အုတ်မြစ်ချပေးခဲ့သည်။ ထိုအဆောက်အအုံတွင် လက်ဝါးကပ်တိုင် တင်ထားသော ယေရှုခရစ်တော်ပုံပါရှိကာ အရှည် ၈၈ ပေ၊ အကျယ် ၄၂ ပေ ရှိပြီး ခေါင်းလောင်းကြီးရှိရာ မျှော်စင်ပေါ်သို့ တက်ရောက်နိုင်ရန် လှေကားတွင် လှေကား ထစ်ပေါင်း ၁၈၀ ရှိသည်။
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် အဆောက်အအုံကို ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထိုစဉ်က တက္ကသိုလ်အဓိပတိ ဆာဟာကုတ်ဘတ်တလာ (Sir Harcourt Butler) က အုတ်မြစ်ချကာ စတင် ဆောက် လုပ်ခဲ့သဖြင့် ထိုအဆောက်အအုံကို တမီးလ် နွယ်ဖွားအလှူရှင် ရောင်းဗဟာဒူးရာ မာနဿရဲဒီးသား (Rao Bahadur Ramanatha Reddier)က အလှူငွေနှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ရာ ရန်ကုန်တက္ကသိုလ် အာဏာပိုင်အဖွဲ့က ၎င်းအား ဂုဏ်ထူး ဆောင်ပါရဂူဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။ စာကြည့်တိုက်ပုံသဏ္ဌာန်မှာ အင်္ဂလိပ်စာလုံး အယ်လ်(L)ပုံသဏ္ဌာန်ဖြစ်ပြီး အရှည်ပေ ၁၃၀၊ အနံ ၄၂ ပေ ကျယ်ဝန်းသည်။
တက္ကသိုလ်ဆေးရုံကို ၁၉၂၇-၁၉၂၈ ခုနှစ်၌ အမှတ် ၁၆၀ တက္ကသိုလ်ရိပ်သာလမ်းတွင် မြန်မာဗိသုကာအင်ဂျင်နီယာ ဦးသာထွန်းက ဦးဆောင်ဆောက်လုပ်ခဲ့သည်။ အလျား ၁၀၃ ပေ၊ အနံ ၄၂ ပေ ကျယ်ဝန်းသည်။ ၁၉၆၂ ခုနှစ်တွင် အဆောက်အအုံကို ထပ်မံတိုးချဲ့ ဆောက်လုပ်ကာ ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ် များဆေးရုံဟု အမည်ပြောင်းလဲခဲ့သည်။
ထိုအချိန်မှာပင် ရန်ကုန်တက္ကသိုလ် စာတိုက်ကို တက္ကသိုလ်ရိပ်သာလမ်းနှင့် သထုံ လမ်းထောင့်တွင် ဆက်လက်ဆောက်လုပ်ခဲ့ရာ အရှည်ပေ ၉၀၊ အကျယ် ၃၂ ပေ၊ အမြင့် ၁၃ ပေရှိသည်။ နောက်ပိုင်းတွင် ကမာရွတ် စာတိုက်ဟု ပြောင်းလဲခေါ်ဝေါ်ပြီး စာတိုက် သေတ္တာအမှတ်မှာ (၁၁၀၄၁) ဖြစ်သည်။
အလားတူ ရန်ကုန်တက္ကသိုလ် အားကစား ရုံကြီးကို သထုံလမ်းတွင် ဆောက်လုပ်ခဲ့ရာ အလှူရှင်မှာ မစ္စတာချမ်းချောခိုင် (Mr.Chan Chaw Khaing) ဖြစ်သည်။ ထိုအဆောက်အအုံ ကြီး၏ အကျယ်အဝန်းမှာ အရှည် ၁၀၇ ပေ၊ အကျယ် ၄၂ ပေ၊ အမြင့် ၁၆ ပေရှိသည်။
ကျောင်းအိပ်ကျောင်းစားကျောင်းသား ကျောင်းသူများအတွက် ဆောက်လုပ်ထားသော အဆောင်များအနက် ပြည်ကျောင်းဆောင်၊ ပုဂံဆောင်၊ တကောင်းဆောင်၊ နဝဒေးဆောင် တို့မှာ ရန်ကုန်တက္ကသိုလ်ဝင်း ပြင်ပတွင် ရှိကြ သည်။ တက္ကသိုလ်ဝင်းအတွင်း၌ ရှိကြသော အဆောင်များမှာ အင်းဝဆောင်၊ ပင်းယဆောင်၊ စစ်ကိုင်းဆောင်၊ သထုံဆောင်၊ ပဲခူးဆောင်တို့ ဖြစ်ကြပြီး ထိုအဆောင်များကို ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ အင်္ဂလိပ်စာလုံး“အီး” (E) ပုံသဏ္ဌာန်ရှိ သုံးထပ်ဆောင်များ ဖြစ်ကြပြီး အလျား ၁၉၆ ပေ၊ အနံ ၈၂ ပေ၊ အမြင့် ၃၆ ပေကျယ်ဝန်းကာ အဆောင်တစ်ဆောင်တွင် အခန်းပေါင်း ၁၄၈ ခန်းစီ ပါဝင်ကြသည်။ ထိုနှစ်မှာပင် အမျိုးသမီးဆောင်များ ဖြစ်ကြ သည့် အင်းလျားဆောင်နှင့် သီရိဆောင်များကို ပါ ဆောက်လုပ်ခဲ့သည်။ ၁၉၃၃-၁၉၃၄ခုနှစ် များတွင် အမျိုးသားဆောင်များအဖြစ် ဒဂုံ ဆောင်နှင့် ရွှေဘိုဆောင်တို့ကို ထပ်မံဆောက် လုပ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ ကြီးကို ၁၉၂၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အလှူရှင်မှာ ပုဇွန်တောင်နယ်မှ သူဌေးကြီး ဦးညို ဖြစ်သည်။ ၎င်းက တက္ကသိုလ်သမဂ္ဂ အဆောက်အအုံအတွက် အလှူငွေကျပ် ၁၇၀၀၀၀ လှူဒါန်းခဲ့ပြီး ကျန်ငွေကျပ် ၃၀၀၀၀ ကို တက္ကသိုလ်ဓမ္မာရုံနှင့် တက္ကသိုလ် လှေလှော် အသင်းအတွက် ခွဲဝေလှူဒါန်းခဲ့သည်။ တက္ကသိုလ်သမဂ္ဂကို ၁၉၃၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုသို့ လှူဒါန်းခဲ့သည့် အလှူရှင်သူဌေး ဦးညိုအား ဂုဏ်ပြုသောအား ဖြင့် ရန်ကုန်တက္ကသိုလ်က ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ၌ အထူးဘွဲ့နှင်းသဘင်ကျင်းပပြီး သူ့အား ဂုဏ်ထူးဆောင်ပါရဂူဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။ တက္ကသိုလ်လှေလှော် အသင်းပြိုင်ပွဲတွင် “ဦးညိုဖလားဆု” ဟူ၍ ထားရှိခဲ့သည်။
ရန်ကုန်တက္ကသိုလ် လှေလှော်အသင်း ကြီးကို ၁၉၂၃ ခုနှစ်တွင် ထိုစဉ်က ဥပဒေ ပါမောက္ခ “ဆာအာသာအဂ္ဂါ”က စတင် တည်ထောင်ခဲ့သည်။ ဆရာသည် ကိန်းဘရစ် တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၈၉၉ ခုနှစ်ကတည်းက ထိုစဉ်က“ရန်ကုန် ကောလိပ်” တွင် သင်္ချာဘာသာဌာန၌ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၂၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် လွှတ်တော်အမတ် အဖြစ်လည်းကောင်း၊ လွှတ်တော် အတွင်းဝန် အဖြစ်လည်းကောင်း၊ အစိုးရရှေ့နေကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ပထမကမ္ဘာ စစ်အတွင်း၌ အရှေ့အလယ်ပိုင်းဒေသတွင် ဗြိတိသျှလေတပ်၏ ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လှေလှော် အသင်းတွင် ရာသက်ပန်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခ“ ဆာအာသာ အဂ္ဂါ”အား ဥပဒေပါရဂူဘွဲ့အဖြစ် ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။
၁၉၄၁ ခုနှစ်သို့ ရောက်သောအခါ မိခင်ရန်ကုန်တက္ကသိုလ်ကြီး၏ စီမံခန့်ခွဲ ကြီးကြပ်မှုအောက်တွင် (၁) ရန်ကုန် ကောလိပ်၊ (၂) ဂျပ်ဆင်ကောလိပ်၊ (၃) ဆေး ကောလိပ်၊ (၄)ဆရာအတတ်သင်ကောလိပ်၊ (၅) စိုက်ပျိုးရေးကောလိပ်၊ (၆) မန္တလေး ဥပစာကောလိပ်တို့ ပေါ်ပေါက်လာခဲ့သည်။ ၁၉၄၀ ပြည့်နှစ်မှ ၁၉၅၀ ပြည့်နှစ်အထိ ဆယ်စုနှစ်အတွင်း အမိရန်ကုန်တက္ကသိုလ် ကြီးသည် အရှေ့တောင်အာရှဒေသနှင့် အာရှ တိုက်ရှိ တက္ကသိုလ်များအနက် အကောင်း ဆုံးသော တက္ကသိုလ်ကြီးအဖြစ် ထင်ရှား ကျော်ကြားခဲ့သည်။ ။
- Log in to post comments