တက္ကသိုလ် ဝေါဟာရ

 

 

 

 

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဆောင်းပါးများ၊ ကဗျာများ၊ တေးသီချင်းများနှင့်အတူ တက္ကသိုလ်၏ပုံရိပ်များကို ပြန်လည်မြင်တွေ့ခံစားနေကြရပြီ။ တက္ကသိုလ်ဆိုသော ဝေါဟာရ ကို အနက်ဖွင့်ဆိုပါက အဆင့်မြင့်ပညာရပ်များကို သင်ကြားပို့ချ ဆည်းပူးရာ ကျောင်းကြီးအဖြစ် ယနေ့ခေတ်တွင် အလွယ်တကူ နားလည်နေကြပြီဖြစ်သော်လည်း ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် စတင်တည်ထောင်စဉ်ကာလကမူ တက္ကသိုလ် ဟူသည့် ဝေါဟာရ မပေါ်ပေါက်သေး။ အင်္ဂလိပ်ဝေါဟာရအားဖြင့် ရန်ကုန်ယူနီဗာစီတီ (Rangoon University) ဟူ၍သာ။

 

 

ကိုလိုနီလက်အောက်ခံ ကျွန်နိုင်ငံဘဝတွင် ရုံးသုံးဘာသာ သည် အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်စာ။ သို့ဖြစ်သည့်အ‌လျောက် မြန်မာဘာသာ စာနှင့်စကားတို့မှာ အနှိမ်ခံဘဝတွင် ရှိနေခဲ့ရပြီး တက္ကသိုလ်တွင် သင်ကြားသည့်ဘာသာရပ်များအားလုံးကို မြန်မာ ဘာသာမှလွဲ၍ အင်္ဂလိပ်လိုသာ သင်ကြားခဲ့သည်။ တက္ကသိုလ်နှင့် သက်ဆိုင်သည့် ဝေါဟာရအသုံးအနှုန်းများအားလုံးမှာလည်း အင်္ဂလိပ်လိုသာ ရှိနေခဲ့သည့်အတွက် ပြင်ပအရပ်ဘက်ပုဂ္ဂိုလ်များ၊ သတင်းစာများတွင် ခေါ်ဝေါ်သုံးစွဲသည့်အခါ ယူနီဗာစီတီ ကျောင်းတော်ကြီး၊ မဟာသိပ္ပံကျောင်းတော်ကြီး စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ မြန်မာဘာသာအားဖြင့် ခိုင်မြဲသည့်၊ အသုံးတွင်သည့် ဝေါဟာရအခေါ်အဝေါ်များ မရှိခြင်း ကြောင့် ရန်ကုန်ယူနီဗာစီတီ တည်ထောင်ပြီးနောက် ၁၀ နှစ်ခန့် ကြာသည့်အခါကျမှသာ တက္ကသိုလ်ဟူသော ဝေါဟာရသည် လည်းကောင်း၊ တက္ကသိုလ်နှင့် ဆက်စပ်လျက် ဘွဲ့နှင်းသဘင်၊ အဓိပတိ၊ ကထိက၊ နည်းပြဆရာ၊ သရုပ်ပြဆရာ၊ ဝိဇ္ဇာဘွဲ့ရ၊ သိပ္ပံဘွဲ့ရ စသည်ဖြင့် ယခင်က မြန်မာစာပေ၊ မြန်မာစကားတွင် မရှိခဲ့သည့် ဝေါဟာရများသည်လည်းကောင်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

၁၉၃၀ ပြည့်နှစ် စက်တင်ဘာလအတွင်း တက္ကသိုလ်ဆိုင်ရာ အင်္ဂလိပ်ဝေါဟာရများကို မြန်မာဘာသာပြန်ဆိုရာ၌ တက္ကသိုလ် အာဏာပိုင်များ၊ ဆရာကြီး ဦးဖေမောင်တင် ဦးဆောင်သည့် ပညာရှင်များနှင့် ပြင်ပမှ စာပေပညာရှင်များ ပါဝင်နှီးနှောဖလှယ် ကြပြီး University ဟူသော အင်္ဂလိပ်ဝေါဟာရကို တက္ကသိုလ် ဟူ၍ မြန်မာမှုပြုခြင်းအား ကန့်ကွက်မှုများရှိသည့်ကြားမှ အတည် ပြုနိုင်ခဲ့ကာ မြန်မာဝေါဟာရ အသစ်များပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာစာပေအတွက် ဝေါဟာရများ ဖြည့်တင်းပေးခဲ့ခြင်းဖြစ်သည်။ တိုင်းတစ်ပါးလက်အောက်ခံဘဝ ကျရောက်နေရသည့်အချိန်တွင် မိမိတို့၏ ကိုယ်ပိုင်စာ၊ စကား တို့ကို တန်ဖိုးထားမြှင့်တင်အားထုတ်ခဲ့သည့် ဘိုးဘေးတို့၏ ကျေးဇူးတရားကို အောက်မေ့သတိရခြင်းနှင့်အတူ မိမိတို့၏ ခေတ်ကာလတွင်လည်း တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက် မြင့်အောင် မြှင့်တင်အားထုတ်ကြရမည်ဖြစ်သည်။

 

 

မျက်မှောက်ကာလ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာသဖွယ် ကျဉ်းကျုံ့လာပြီး ယဉ်ကျေးမှုများလည်း ကူးလူးယှက်သွယ် နေသည့်အလျောက် အသစ်အသစ်သော ပညာရပ်များ၊ ဝေါဟာရ များကိုလည်း မိမိတို့၏နေ့စဉ်ဘဝများတွင် ထိတွေ့သုံးစွဲနေ ကြသည်။ စာပေသည်လည်းကောင်း၊ ဘာသာစကားသည် လည်းကောင်း အမြဲရှင်သန်နေရမည်ဖြစ်သည့်အပြင် ပို၍ပို၍ အဆင့်မြင့်လာရမည်၊ ပြည့်စုံကြွယ်ဝလာရမည်ဖြစ်သည်။ မိမိတို့၏ ဘာသာစာပေ ထာဝရရှင်သန်ရေး၊ အဆင့်မြင့်ကြွယ်ဝလာရေးမှာ မိမိတို့၏ တာဝန်ပင်ဖြစ်သည်။ နိုင်ငံရပ်ခြားဘာသာစကားတို့ကို အလွယ်တကူသုံးစွဲခြင်း၊ မိမိဘာသာစကား၌ ရှိရင်းဝေါဟာရနှင့် အသုံးအနှုန်းတို့ကိုပင် မျက်ကွယ်ပြုကာ နိုင်ငံရပ်ခြား ဝေါဟာရ အသုံးအနှုန်းတို့ကို မဆင်မခြင်သုံးစွဲခြင်းတို့က မိမိတို့ ဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့်၊ ကြိုးပမ်းအားထုတ်မြှင့်တင်ခဲ့ သည့် မိမိတို့၏ ကိုယ်ပိုင်စာ၊ စကားတို့ကို တန်ဖိုးမထားရာရောက် မည်ဖြစ်သည်။

 

 

“ ဘာသာမျိုးခြား စာစကား၊ သင်ကြားသင့်သည်မှတ် ” ဟူသော ဆုံးမစကားရှိသည်နှင့်အညီ နိုင်ငံခြားဘာသာစာပေတို့ကို ခြေခြေမြစ်မြစ်၊ အဆင့်အတန်းရှိရှိ လေ့လာသင်ယူကာ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရမည်ဖြစ်သလို မိမိတို့၏ ဘာသာစာပေတို့ကို ထိန်းသိမ်းမြှင့်တင်ရန်မှာလည်း ခေတ်ကာလတိုင်းတွင် ထာဝရ တည်ရှိနေမည့် အမျိုးသားရေးတာဝန်ဟူ၍ ခံယူနိုင်ကြ ပါစေကြောင်း။ ။