
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
========================
တက္ကသိုလ်အရန်တပ်ရင်း(ယူတီစီ)မှာ သန္ဓေတည်ပါသည်
=================================
မောင်သံငြိမ်း
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ဂုဏ်ပြုဆောင်းပါး “ထီးတန်းကောလိပ်ကို သတိရမိသည်” တွင် တက္ကသိုလ် အရန်တပ်ရင်းသို့ဝင်ပြီး စစ်ပညာသင်ကြားခဲ့သည့် အကြောင်း အကျဉ်းမျှဖော်ပြခဲ့ပါသည်။ ယူတီစီ (University Training Corps)ခေါ် တက္ကသိုလ် အရန်တပ်ရင်းသို့ ဝင်ရောက်ရင်း နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်ပညာသင်ကြားရန် စိတ်ဝင်စားသူများ ပေါ်ထွန်းလာကြောင်း၊ တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်သူ အများအပြားရှိကြောင်း၊ ယူတီစီမှာ သန္ဓေတည်သည့် တိုင်းချစ်၊ ပြည်ချစ်စိတ်ဓာတ်ကြောင့် တက္ကသိုလ်ကျောင်းသားများ တပ်မတော်ထဲသို့ ဝင်ရောက် ခဲ့ကြပြီး တပ်မတော်အရာရှိ၊ ဗိုလ်ချုပ်ကြီးအဆင့်အထိပင် ရှိကြောင်း ဖော်ပြခဲ့ပါသည်။ ပြည်ပကျူးကျော်မှုများ တွန်းလှန်ရေး၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး ကာလများတွင် နိုင်ငံနှင့် ပြည်သူအတွက် အသက်ပေး သွားရသည့် တက္ကသိုလ်ကျောင်းသားဟောင်း တပ်မတော် သားများလည်း ရှိပါသည်။ နိုင်ငံတော်အတွက် အသက်ပေးကျဆုံးသွားရသည့် သူငယ်ချင်းများထဲတွင် ဗျူဟာမှူးအဆင့်၊ တပ်ရင်းမှူးအဆင့် (ဗိုလ်မှူးကြီး သူရကျော်ကျော်ချို၊ ဒု-မှူးကြီးကြည်ဝင်း)နှင့် အရာရှိငယ် ဘဝဖြင့် ကျဆုံးသွားရသော ဗိုလ်တင်ဦးမောင်၊ ဗိုလ်တင်မောင်မြင့်၊ ဗိုလ်ဝင်းကြည်၊ ဗိုလ်ကျော်မြင့်၊ ဗိုလ်သိန်းအောင်စသည့် သူငယ်ချင်းများလည်း ရှိကြ ပါသည်။ ယူတီစီတွင် သန္ဓေတည်သည့် စိတ်ဓာတ်ဖြင့် စွန့်လွှတ်စွန့်စားခဲ့သည့် သူငယ်ချင်းများကို အလေးပြု ဂုဏ်ပြုအပ်ပါသည်။
တက္ကသိုလ်အရန်တပ်ရင်း ပေါ်ပေါက်လာသည့် သမိုင်းကြောင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ် ကြေးမုံသတင်းစာတွင် စိန်ဝင်း(၄၀) [ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း]၏ “ရန်ကုန်တက္ကသိုလ်ကျောင်းသား ကျွန်တော်(၂)” ဆောင်းပါးတွင် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။ ယူတီစီသည် တက္ကသိုလ်သမိုင်းကြောင်းနှင့် ယှဉ်တွဲ ပေါ်ပေါက်ခဲ့သော ထင်ရှားသည့်အဖွဲ့အစည်းတစ်ခု ဖြစ်ပါ သည်။
ကျွန်တော့်အနေဖြင့် ၁၉၅၈ ခုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ်(ထီးတန်းကောလိပ်)သို့ စတင် ရောက်ရှိချိန်တွင် တက္ကသိုလ်အရံတပ်ရင်းသို့ ဝင်ခဲ့ပါ သည်။ (ထိုစဉ်က အရံဟုသုံးပြီး နောင်တွင် အရန်ဟု ပြင်ဆင်ရေးသား အသုံးပြုခဲ့ပါသည်။) ထီးတန်းကောလိပ် ကို ရောက်ပြီး အဆောင်နေသူငယ်ချင်းများအချင်းချင်း တက္ကသိုလ်အရန်တပ်ရင်းသို့ ဝင်ရောက်ရန် ဆွေးနွေး တိုင်ပင်ကြသည်။ သင်တန်းဘယ်လို တက်ရမလဲ၊ ဘာအခွင့်အရေးတွေရမလဲ၊ ဘာရည်ရွယ်ချက်နဲ့ တက်ကြမည်လဲအစရှိသဖြင့် ဆွေးနွေးကြသည်။ ကျွန်တော်တို့အားလုံးက လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးခေတ်ဦးကာလ၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကာလအတွေ့အကြုံများအရ လူတိုင်း စစ်ပညာတတ်မြောက်ထားရန် လိုအပ်သည်ဟုခံယူ ယုံကြည်ကြပါသည်။ သို့ဖြစ်၍ အခွင့်အခါရရှိခိုက် ကျောင်းပညာရေးကို မထိခိုက်စေဘဲ စစ်ပညာ သင်ကြားရန် စိတ်ပါဝင်စားကြပါသည်။ သို့ဖြစ်၍ တစ်ခန်းတည်းအတူနေ ကျောင်းသား ၁၀ ဦးအနက် ငါးဦး ယူတီစီဝင်ခဲ့ကြပါသည်။
ယူတီစီဝင်သည့် အချို့ကျောင်းသားများက ရုပ်ရှင် ကို အထူးနှုန်းဖြင့်ကြည့်ရန် ရည်ရွယ်သည်။ ယူတီစီ စိစစ်ရေးကတ်ဖြင့် ရုပ်ရှင်ကြည့်လျှင် မြန်မာဇာတ်ကား ၁ ကျပ် ပြား ၅၀ တန်လက်မှတ်ကို ၁ ကျပ် ပြား ၂၀ သာ ပေးရသည်။ အင်္ဂလိပ်ဇာတ်ကားကို ပြား ၉၀ သာ ပေးရပါသည်။ ဒီရည်ရွယ်ချက်ဖြင့်ဝင်သူက အနည်းစုသာ ဖြစ်ပါမည်။ ကျွန်တော်တို့အခန်းထဲက ကျွန်တော်၊ ကိုထွန်းအေး(ဗိုလ်မှူး/ငြိမ်း)နှင့် ကိုထွန်းမောင်(ဗိုလ်ကြီး/ ကွယ်လွန်)တို့က သင်တန်းမှန်မှန်တက်သည်။ ကျန်နှစ်ဦးက သင်တန်းတက်ချိန် မမှန်သော်လည်း ယူတီစီလက်မှတ်ဖြင့် ရုပ်ရှင်တော့မှန်မှန်ကြည့်သည်။ ကျွန်တော်တို့ ထီးတန်း ကောလိပ်တစ်ခုလုံး တပ်ဖွဲ့ဝင် ၁၅၀ ခန့် ရှိပါသည်။
စစ်ဝတ်စုံ
၁၉၅၈ ခုနှစ် တက္ကသိုလ်အရံတပ်ရင်းတပ်ဖွဲ့ဝင်များ သို့ ထုတ်ပေးသည့် စစ်ဝတ်စုံက (အိုဂျီ) သံလွင်စိမ်း စစ်ဘောင်းဘီရှည်၊ စစ်အင်္ကျီလက်ရှည်၊ ပတ္တူခါးပတ် ပြားကြီးတစ်ခု၊ (အင်န်မြူနေးရှင်းဘု) ခေါ် သားရေစစ်ဖိနပ် လည်တိုတစ်ရံ၊ ဖိနပ်နှင့် ဘောင်းဘီဆက်စပ်ပတ်ရန် (ရှော့ပတ်တီး) ခေါ်သက္ကလပ်စ နှစ်လိပ်၊ ဦးထုပ်က (ဂေါ်ရခါးဟက်) ခေါ် သက္ကလပ်စအထူနှစ်ထပ်ချုပ်ထားသော သားရေမေးသိုင်းကြိုးပါ ဦးထုပ်တို့ ဖြစ်ပါသည်။ ပုံမကျ ပန်းမကျဖြင့် ကော်တင်ပြီး တော်တော်ပုံသွင်းယူရသည့် ဦးထုပ်တို့ ဖြစ်ပါသည်။ ဘောင်းဘီအောက်အနားနှင့် လည်တိုဖိနပ်ဆက်စပ်ရာနေရာတွင် ရှော့ပတ်တီး ပတ်ရသည့်အခါ ပတ်တီးအဆုံးက ခြေထောက်အပြင်ဘက် ခြေမျက်စိအပေါ်မှာရှိရန်နှင့် လေးထောင့်စပ်စပ်ခေါက်၍ အဆုံးသတ်ရန် တော်တော်ညှိယူရသည်။ တော်တော်ကိစ္စ များပါသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုက လမ်းမတော်သံဈေးသွားပြီး ရှော့ပတ်တီးအစားသုံးသော (အင်ကလက်) ပတ္တူခြေပတ်ဝယ်ထားသည်။ တပ်ပြင် သွားလျှင်ဝတ်ရန် လက်မောင်းထိပ်တွင်တပ်သည့် “တက္ကသိုလ်အရံတပ်ရင်း” စာတမ်းအကွေးနှင့် ဗန္ဓုလ ဦးထုပ်လက်မောင်းတံဆိပ် (ချည်ထိုး)ဝယ်ထားသည်။ ဆိုက်ကက် ခေါ် သံပရာခွံဦးထုပ်နှင့် ဘယ်ရီကက် နံပြား ဦးထုပ်လည်း ဝယ်ထားပါသည်။ အခွင့်သင့်လျှင် သုံးသည်။ ယူနီဖောင်းဝတ်ခါစ တော်တော်ယူနီဖောင်းရူးခဲ့ပါသည်။ ကျွန်တော်တို့သူငယ်ချင်းတစ်စုက အမြဲသပ်သပ်ရပ်ရပ် ဝတ်ဆင်ကြသည်။ အနော်ရထာလမ်းက ရွှေမေတ္တာစတိုးမှာ တံဆိပ်များဝယ်၍ရပါသည်။ ဝါသနာကြီးခဲ့ကြပါသည်။
၁၉၅၉-၆၀ စာသင်နှစ်မှာမှ ဂေါ်ရခါးဦးထုပ်များအစား ဖိုင်ဘာခမောက်၊ ပတ္တူခါးပတ်အသေး၊ သားရေလည်ရှည် ဖိနပ်(ကွန်ဘက်ဘု) ထုတ်ပေးသည်။ ရှော့ပတ်တီးပတ်ရသည့် ဒုက္ခ ကင်းဝေးသွားပါသည်။ ယူတီစီမှာ ယူနီဖောင်းဝတ်ပြီး သင်တန်းတက်ချိန် သစ္စာလေးချက်ဆိုရသည့်အခါ တပ်မတော်သားစိတ်ဓာတ်က အသွေးထဲ အသားထဲ စိမ့်ဝင်ပျံ့နှံ့ခဲ့ရပါသည်။ စစ်ရေးပြများတွင် တာဝန်ရှိသည့် တက္ကသိုလ်က ဆရာကြီး၊ ဆရာများကလည်း ယူနီဖောင်းကို ကြိုးစားဝတ်ဆင်လာကြသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့တပ်ရင်းမှူးက ပါဠိပါမောက္ခကြီး ဖြစ်ပါသည်။
ကျွန်တော် တက္ကသိုလ်အရန်တပ်ရင်းသို့ ဝင်ရောက် ခြင်းနှင့်ပတ်သက်၍ ကျွန်တော့်ဘဝဖြစ်စဉ်နှင့် နှိုင်းယှဉ် တင်ပြရလျှင် တက္ကသိုလ်သို့ ရောက်ရှိပြီး ယူတီစီသို့ ဝင်ရောက်သင်တန်းတက်ခဲ့ရာမှ နိုင်ငံတော်ကာကွယ်ရေး အတွက် စိတ်ဝင်စားလာသည်ဟု ဆိုရပါမည်။ တပ်မတော်သို့ ဝင်ရောက်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင် လိုစိတ် အစပျိုးခဲ့ပါသည်။ လက်တွေ့တွင်လည်း တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခွင့် ကြုံကြိုက်ရရှိခဲ့ပါသည်။
ဖြတ်သန်းခဲ့ရငယ်ဘဝ
ကျွန်တော့်မွေးရပ်မြေသည် တပ်မတော်သမိုင်းတွင် ထင်ရှားသည့် မြို့ကြီးတစ်မြို့ ဖြစ်ပါသည်။ ယခုအခါ နေပြည်တော်ဖြစ်လာသော ပျဉ်းမနားမြို့သည် ရှေးမြန်မာမင်းများလက်ထက်ကပင် မြို့စား၊ နယ်စားများ အုပ်ချုပ်သောမြို့တစ်မြို့ ဖြစ်ပါသည်။ သူ့ကျွန်ဘဝ ရောက်ရှိနေစဉ်ကပင် နယ်ချဲ့ကို ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့သည့်သူရဲကောင်းများ ပေါ်ထွက်ရာဒေသ ဖြစ်ပါသည်။
၁၉၄၂ ခုနှစ်တွင် မွေးဖွားကြီးပြင်းခဲ့သော ကျွန်တော့် ငယ်ဘဝမှာ တက္ကသိုလ်ရောက်ရှိချိန် ၁၉၅၈ ခုနှစ်အထိ ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပကျူးကျော်မှုများအပြင် နိုင်ငံရေးအကွဲအပြဲနှင့် နိုင်ငံရေးမတည်ငြိမ်သော ကာလများကို ဖြတ်သန်းလာခဲ့ရပါသည်။ အဆိုပါ ကာလများကို ဖြတ်သန်းခဲ့ရသည်။ ဗုံးသံများကြားမှာ စစ်ပြေးခဲ့ရ၊ အိမ်မီးလောင်ခံရ၊ ပစ်ကြခတ်ကြသည့် ကြားမှ အေးကျင်း (ခေါ်) ဗုံးခိုကျင်းများအတွင်း ခိုအောင်းနေရခြင်းများ ကြုံတွေ့ခဲ့ရပါသည်။ လက်နက် ကိုင် သောင်းကျန်းမှုများ အတန်အသင့်ချုပ်ငြိမ်း သွားချိန်တွင် ပြူစောထီးကဲ့သို့ နိုင်ငံရေးခါးပိုက်ဆောင် တပ်များက တစ်ခေတ်ဆန်းလာပြန်ပါသည်။ ရွေးကောက်ပွဲအတွက် ပြင်ကြ၊ ဆင်ကြရင်း ပျဉ်းမနားမှ ဆိုရှယ်နီ အမတ်လောင်းသခင်တစ်ဦးကို ဂျစ်ကားဖြင့် တိုက်သတ်ခြင်းက ထိုခေတ်က နိုင်ငံရေးအနိဋ္ဌာရုံ တစ်ခုအဖြစ် မှတ်သားမိပါသည်။ ကျွန်တော်ဖြတ်သန်း လာခဲ့ရသည့် ငယ်ဘဝကတော့ သာယာဖြောင့်ဖြူး ချောမွေ့ခြင်း မရှိခဲ့ပါ။ သို့ရာတွင် မိဘများ၏ အမြော်အမြင်ကြီးမားမှု၊ ပညာရေးကို အလေးထားမှု ကြောင့် စာသင်မပျက်ခဲ့ရသည်ကို ကျေးဇူးတင်မိပါသည်။
တပ်မတော်နှင့်ထိတွေ့မှု
ကျွန်တော်ငယ်စဉ်က အိမ်မှာအားကစားပစ္စည်းများ ရောင်းသည့် “စပို့(စ)ဟောက်” အားကစားပစ္စည်းဆိုင် ဖွင့်ထားသဖြင့် တပ်မတော်တပ်ရင်းတပ်ဖွဲ့များနှင့် ထိတွေ့မှုများသည်။ တပ်မတော်အရာရှိများကလည်း ဈေးရောင်းနေသည့် အထက်တန်းကျောင်းသား ကျွန်တော့်ကို ခင်ကြသည်။ ကျွန်တော့်အထက် အစ်ကိုကြီးက စစ်တက္ကသိုလ်အပတ်စဉ်(၁)လျှောက်ရာ ကျသည်။ တစ်တန်းတည်းသား ၁၀ တန်းအတူအောင်သည့် ကိုအောင်မြင့် (ဒုတိုင်းမှူး/အမ်ဒီ/ငြိမ်း/ရမခ)က စစ်တက္ကသိုလ်အပတ်စဉ်(၄)သို့ လျှောက်ပြီး တပ်ထဲ ဝင်သွားသည်။ ကျွန်တော်က လူသေကို မကြည့်ရဲအောင် ကြောက်တတ်သဖြင့် စစ်တပ်ထဲဝင်ရန် စိတ်ကူး မရှိသည်မှာ အမှန်ပင် ဖြစ်ပါသည်။ တက္ကသိုလ် အရံတပ်ရင်းသို့ ဝင်ရောက်၍ စစ်ပညာသင်ကြားခြင်းမှာ လိုအပ်သည့်အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်ခဲ့သော်လည်း စိတ်ပါ ဝင်စားမှုမှတစ်ဆင့် ခံယူချက်ခိုင်မာလာပြီး တပ်မတော် သို့ ဝင်ရောက်တာဝန်ထမ်းဆောင်လိုစိတ် တိုးပွားလာကြ ပါသည်။ ကျွန်တော့်အနေဖြင့် ယခင်က တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိခဲ့သော်လည်း သင်တန်းတက်ရင်း တဖြည်းဖြည်းကြောက်စိတ်များ ကင်းမဲ့လာပြီး တစ်နေ့တွင် တပ်မတော်သို့ ဝင်ရောက် တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချမိသည်အထိ ဖြစ်လာပါသည်။
၁၉၅၉ ခုနှစ် နွေရာသီတွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်တက္ကသိုလ်ကောလိပ်များမှ အရံတပ်ရင်း တပ်ဖွဲ့ဝင်များအား ရွေးချယ်၍ မေမြို့(ပြင်ဦးလွင်)ရှိ တပ်မတော်(ကြည်း) မြောက်ပိုင်းတိုင်း အင်အား ဖြည့်တင်းရေးတပ်(အဖရ)တွင် တစ်လကြာ အကြပ် သင်တန်းဖွင့်လှစ်ခဲ့ပါသည်။ ၎င်းအစီအစဉ်မှာ သာမန်ကျောင်းပိတ်ရက် စခန်းချသင်တန်းများကဲ့သို့ တက်လိုသူတိုင်း တက်ခွင့်မရပါ။ လူဦးရေကန့်သတ် ထားပါသည်။ တစ်နှစ်လုံးသင်တန်းတက်ရက် အများဆုံး တပ်ဖွဲ့ဝင်များကိုသာ ရွေးချယ်ပါသည်။ ရန်ကုန် တက္ကသိုလ်(ထီးတန်း၊ ရန်ကင်း)အပါအဝင်မှ ကျောင်းသား ၁၀၀ တပ်ခွဲတစ်ခွဲ၊ မန္တလေးတက္ကသိုလ်မှ ကျောင်းသား ၇၀ တပ်စုနှစ်စု၊ မော်လမြိုင်ကောလိပ်မှ ကျောင်းသား ၃၀ တပ်စုတစ်စု စုစုပေါင်းကျောင်းသား ၂၀၀ တပ်ခွဲ နှစ်ခွဲသာ ရွေးချယ်တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ တပ်မတော်တွင် အနိမ့်ဆုံးခေါင်းဆောင် “အကြပ်” တစ်ဦးကို လေ့ကျင့်ပေးပုံအတိုင်း အချိန်ပြည့် လေ့ကျင့်သင်ကြားပေးပါသည်။ ကျောင်းအုပ်ကြီးက ဒုတိယဗိုလ်မှူးကြီး လှရွှေ၊ ဒုကျောင်းအုပ်ကြီးက ဗိုလ်မှူးထွန်းရင်လော၊ အရာခံဗိုလ်ကိုကိုကြီး (ရုပ်ရှင် မင်းသားကြီး အန်တော်နီကွင်းပုံစံမျိုး)နှင့် ဝါရင့်နည်းပြ များက တက္ကသိုလ်ကျောင်းသားများကို ဂရုတစိုက် လေ့ကျင့်သင်ကြားပေးပါသည်။
ဤသင်တန်းတွင် သာမန်တပ်မတော်သားတစ်ဦး ကဲ့သို့ နံနက်ခင်းပီတီ/ကိုယ်လက်ကြံ့ခိုင်ရေးမှ စတင်ပြီး နေ့လယ်သင်ခန်းစာ၊ ညသင်ခန်းစာများပါ ပါဝင်ပါသည်။ နှစ်ဆင့်မြင့်မူ (Two up policy) အရ အရာရှိငယ်၊ တပ်စုမှူးအဆင့်တာဝန်ထမ်းဆောင်နိုင်မည့် စစ်ပညာရပ် များ သင်ကြားခဲ့ရပါသည်။ တက္ကသိုလ်ကျောင်းသားများ အတွက် တပ်မတော်က လူ၊ လက်နက်ခဲယမ်း၊ ငွေကြေးမှ အစ စိုက်ထုတ်ကုန်ကျ လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ရပါသည်။
ညနေပိုင်းသင်တန်းပြီးချိန်တွင် မေမြို့မှာ ရေရှား သဖြင့် အနီးစခန်းဘူတာအနီးရှိ ချောင်းငယ်သို့ သုံးတန်ကားကြီးများဖြင့် သွားရောက်ရေချိုးရပါသည်။ ဒီအချိန်မှာပြင်ပပုဂ္ဂိုလ်များနှင့် ထိတွေ့ခွင့်ရ၍ လူစုံရန် ကားစောင့်ရင်းအတက်/အဆင်းကားများကို လက်ပြ နှုတ်ဆက် နောက်ပြောင်ကြပါသည်။ ပျော်တတ်သည့် ကျောင်းသားလူထွားကြီးများဖြစ်သော ဗိုလ်ချုပ် လှမြင့်ဆွေ (ဝန်ကြီး/ငြိမ်း)၊ သံတမန် လမ်းညွှန်စာအုပ်ဖြင့် အမျိုးသားစာပေဆုရခဲ့သော ကွယ်လွန်သူသံအမတ်ကြီး ဦးဖေသိန်းတင်တို့ကို ကောင်းကောင်းသတိပြုမိပါသည်။ အခြားပုဂ္ဂိုလ်များမှာ ဗိုလ်မှူးချုပ်သိန်းဟန် (သံအမတ်ကြီး/ငြိမ်း)၊ ဗိုလ်ချုပ်စိုးမြင့်(ဝန်ကြီး/ငြိမ်း)၊ ဗိုလ်မှူးကြီးမျိုးမြင့်(ကရင်/ကွယ်လွန်)၊ ဗိုလ်မှူးကြီး ဝင်းမြင့်၊ ဗိုလ်မှူးလှဦး (ငြိမ်း/ကွယ်လွန်)တို့ ဖြစ်ကြသည်။ ၅၈ ထီးတန်းအဖွဲ့က ဗိုလ်ချုပ် စောလွင်(ငြိမ်း)လည်း ပါဝင်ပါမည်။
ကျွန်တော်နှင့်အတွဲဆုံး ဗိုလ်မှူးထွန်းအေး(ငြိမ်း) နှင့် သူငယ်ချင်းတစ်စုက ရုံးပိတ်ရက်မှာ ကိုယ်ပိုင်ချုပ်ထားသည့်ယူနီဖောင်း၊ ဆိုက်ကက်ဖြင့် မေမြို့ဈေး၊ ဘီတီဘရားသားရေကူးကန်တို့သို့ လျှောက်လည်ကြသည်။ စိတ်ဓာတ်ပြင်းထန်သော သူငယ်ချင်း ကိုခင်ဆွေက သင်တန်းမှာ စံပြကျောင်းသား စလွယ်ဆုရသည်။ ယူတီစီစိတ်ဓာတ်ပြင်းထန်၍ စခန်းချသင်တန်းတိုင်း လိုက်သည်။ ဗိုလ်လောင်း (ဒေါက်ဖြူ)ပင် ရလိုက်သေးသည်။ ၁၉၆၄ ခုနှစ်မှာ ဗိုလ်သင်တန်းလျှောက်၍ မှော်ဘီတွင် သင်တန်းတက်ရသည်။ သင်တန်းပြီးခါနီးမှ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ အရေးအခင်းမှာ “ရင်ပြင်နီခင်ဆွေ” အဖြစ် တရားဟောသည့် နောက်ကြောင်းလိုက်လာသဖြင့် (RTU) အိမ်ပြန်ရသည်။ ယူတီစီမှာ သန္ဓေတည်သော်လည်း နိုင်ငံရေးရောယှက်လာ၍ ဗိုလ်မဖြစ်လိုက်ပါ၊ စိတ်ဓာတ် မကျပါ။ ပါတီစာနယ်ဇင်း၊ စာပေအဖွဲ့၊ ဗိုလ်တထောင် ဘုရားဂေါပကလူကြီးလုပ်ပြီး ယခုအငြိမ်းစား ဖြစ်နေပါပြီ။
တပ်မတော်သို့ဝင်ရန် ဆုံးဖြတ်ချက်
ဒီသင်တန်းတက်နေရင်းပင် တပ်မတော်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ယူတီစီကျောင်းသား များကို လုပ်သက်တစ်နှစ်ပြည့်လျှင် လက်ခံသည်ဆို၍ ဥပစာ(ခ)တန်းတက်နေဆဲမှာ တပ်မတော်(ကြည်း) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇)သို့ လျှောက်ခဲ့ပါသည်။ အသက် ၁၈ နှစ်ပြည့်ရန် လပိုင်းလိုသေးသော်လည်း လက်ခံပါသည်။ အဖေနဲ့အမေထံခွင့်တောင်းရာ အဖေ ကတော့ တစ်နေ့ စစ်မှုထမ်းဥပဒေပေါ်လာမှာ တပ်ထဲ ဝင်ခြင်းကို အားပေးသည်ဟု ဆိုပါသည်။ အမေကတော့ မျက်စိကလယ်ကလယ်ဖြင့် ဖြစ်ပါ့မလားသားရယ်ဟု စိုးရိမ်သည်။ အဖေက ဖျောင်းဖျရသည်။ သို့နှင့် ၁၉၅၉ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်မြို့ ပြည်လမ်း စလင်းလိုင်း ဗိုလ်ရွေးအဖွဲ့မှာ နှစ်ရက် အစစ်ဆေးခံခဲ့သည်။ လူကောင်က သေးသေး၊ ကိုယ်လက်ကြံ့ခိုင်ရေးအပိုင်းမှာ လှုပ်ရှား နိုင်သော်လည်း လူတွေ့မှာ ကြိုတင်ပြင်ဆင်မှုအားနည်း၍ ကျရှုံးသည်။ ကိုမျိုးမြင့်၊ ကိုသိန်းဟန်၊ ကိုလှဦးစသည်တို့ အောင်သွားသည်။ သင်တန်း ၂၈ ကို လျှောက်ခွင့်မရပါ။ သင်တန်း (၂၈)ပြီးတော့ ဗထူးက ဗိုလ်သင်တန်းကျောင်းကို မှော်ဘီသို့ပြောင်းရန် ပိတ်လိုက်သည်။ ကြည်းတပ်နှင့် လွဲခဲ့ရသည်။
ဘွဲ့ရရှိရေးကိုသာ ပြန်လည်အာရုံစိုက်ပြီး ဘွဲ့ရမှ တပ်ထဲဝင်ရန် ဆုံးဖြတ်ချက်ပြန်ပြောင်းရသည်။ နိုင်ငံခြား သွားခွင့်ရလိုရငြား စိတ်ဝင်စား၍သင်ခဲ့သော ပြင်သစ် ဘာသာတွဲကို ဝိဇ္ဇာတန်းတွင် ဖြုတ်လိုက်သည်။ သဒ္ဒါ ရှုပ်ထွေးခက်ခဲလာ၍ စာမေးပွဲအောင်ရန် မလွယ်၍ဖြစ်သည်။ ဆန္ဒနှင့်ဘဝ ထပ်တူကျချင်မှကျမည်ဟု ခံယူခဲ့သည်။ သို့သော် နောက်ပိုင်း ဘဝနှင့်ဆန္ဒ ပြန်လည်ထပ်တူကျသွား ပြန်သည်။
နောက်ဆုံးဝိဇ္ဇာဘွဲ့စာမေးပွဲဖြေဆိုချိန်တွင် ကံကောင်း ထောက်မစွာ ရေတပ်နှင့် လေတပ်မှ ဗိုလ်လောင်းခေါ်သည့် ကြော်ငြာတွေ့ရသည်။ ကြည်းတပ်က ပိတ်ထားဆဲ ဖြစ်ပါသည်။ ဝမ်းမြောက်ဝမ်းသာစွာ ရေတပ်သို့ လျှောက်ထားရာ ၁၉၆၂ ခုနှစ် မေလမှာ ဗိုလ်ရွေးအဖွဲ့သို့ ဝင်ရောက်ဖြေဆိုခဲ့ရသည်။ ဇွန်လမှာ ဝိဇ္ဇာဘွဲ့အောင်စာရင်း ထွက်သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ တပ်မတော် (ရေတပ်)တွင် တိုက်ရိုက်ပြန်တမ်းဝင်အရာရှိ (ဗိုလ်)အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ တက္ကသိုလ် အရန်တပ်ရင်း(ယူတီစီ)မှာ သန္ဓေတည်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုသည့်ဆန္ဒ ပြည့်ဝ ခဲ့ရပါကြောင်း တင်ပြအပ်ပါသည်။ ဆန္ဒနှင့်ဘဝ အလှည့်အပြောင်းကို ကိုယ်ရေးအကျဉ်းတွင် ကြည့်စေလို ပါသည်။ မေတ္တာဖြင့်။ ။
- Log in to post comments