Type

အင်တာဗျူး - မြင့်မိုရ်
ယခုအခါ CDM (Civil Disobedience Movement) လှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူ အများ သွားလာနေသော လမ်းမများပေါ်တွင် ပိတ်ပင်တားဆီးမှုများ လုပ်ဆောင်နေခြင်း၊ ပြည်သူများအား အနှောင့် အယှက်ပေးနေခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များအား လိုက်လံ ရှင်းလင်းနေသည့် သက်ဆိုင်ရာ ဝန်ထမ်းများ၏ ရင်တွင်းစကားသံများကို ပြန်လည်မျှဝေရေးသား ဖော်ပြလိုက်ပါသည်။
CDM လှုပ်ရှားမှုကို အေးအေးချမ်းချမ်းလေး ပြီးသွားစေချင်တယ်
“ အမှန်တကယ်တော့ ကျွန်တော်တို့လည်း အခုလို ပြည်သူတွေနဲ့ ထိပ်တိုက်မတိုးချင်ဘူး။ တကယ်တော့ ကျွန်တော်တို့က နိုင်ငံ့ဝန်ထမ်း တွေဆိုပေမယ့် ပြည်သူထဲက ပြည်သူတွေပါပဲ။ ကျွန်တော်တို့မှာလည်း မိသားစုရှိကြသလို ကိုယ်ချင်းစာစိတ်လည်း ရှိကြတာပေါ့။ လူထဲက လူတွေပဲလေ။ ဒါပေမယ့် တာဝန်ဆိုတာက ကျွန်တော်တို့ရဲ့ အသက် ထက် တန်ဖိုးထားလေးစားရတယ်ဆိုတာ ပြည်သူတွေ သိစေချင်တယ်။ ကျွန်တော်တို့ရဲ့ အထက်အမိန့်နဲ့ အလုပ်တာဝန်ဟာ ဦးလည်မသုန် ထမ်းဆောင်ကြရတယ်ဆိုတာ နားလည်စေချင်တယ်။ ကျွန်တော်ဆို အခုလို နိုင်ငံ့အရေးအခင်းတွေနဲ့ ကြုံတာ ဒီ CDM လှုပ်ရှားမှုက သုံးကြိမ် မြောက်ပဲ။ ဒီသုံးကြိမ်မြောက် ဆူပူနှိမ်နင်းမှုဟာ ကျွန်တော် တွေ့ကြုံခဲ့တဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေထဲမှာ အပေါ့ပါးဆုံးလို့ ပြောရမယ်။ ကျွန်တော် ပထမဦးဆုံး စကြုံခဲ့တာက ၈၈ အရေးအခင်း ဆူပူအကြမ်းဖက်ဆန္ဒပြမှု တွေ နှိမ်နင်းခဲ့ရတယ်။ အခု CDM လှုပ်ရှားမှုက လူငယ်တွေလည်း များ၊ အကြမ်းဖက်မှုလည်း သိပ်မရှိလို့ ပေါ့ပေါ့ပါးပါးပါပဲ။ တစ်ဖက်က တကယ်အကြမ်းဖက်လာပြီဆိုရင်တော့ ကျွန်တော်တို့ကလည်း နိုင်ငံ တကာ လုပ်ထုံးလုပ်နည်းအတိုင်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရ တာတွေ ရှိတာပေါ့။ ဒါပေမယ့် အခု CDM လှုပ်ရှားမှုက မြို့နယ် အားလုံးမှာတော့ တည်ငြိမ်အေးဆေးသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ လည်း CDM လှုပ်ရှားမှုကို အေးအေးချမ်းချမ်းလေး ပြီးသွားစေချင် တယ်။
အတတ်နိုင်ဆုံး စိတ်ရှည်ရှည်နဲ့ လိုက်လံရှင်းလင်း
“ တစ်ခုရှိတာက အခုရက်ပိုင်း ကားလမ်းတွေနဲ့ ရပ်ကွက်လမ်းတွေ ကအစ ပိတ်ထားတယ်ကြားလို့ ကျွန်တော်တို့ လုံခြုံရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာ စည်ပင်အဖွဲ့တွေပေါင်းပြီး သန့်ရှင်းဖယ်ရှားလုပ်တာ တွေရှိပါတယ်။ ပြည်သူပိုင် အများသူငါသွားတဲ့ လမ်းတွေကို အဲဒီလို လုပ်တာက တကယ်တော့ ရပ်ကွက်လုံခြုံရေးအတွက်ဆိုပေမယ့် ဥပဒေနဲ့ ငြိစွန်းပါတယ်။ လုပ်တဲ့သူတွေထဲမှာလည်း ဥပဒေနဲ့ ပတ်သက် ပြီး သိနားလည်တဲ့သူရှိသလို မသိနားမလည်တဲ့သူလည်း ရှိမယ်ထင် ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အတတ်နိုင်ဆုံး စိတ်ရှည်ရှည်နဲ့ လိုက်လံရှင်းလင်းပေးနေပါတယ်။ အဲဒီလို ရှင်းလင်းပေးနေတာကို အနှောင့်အယှက် တစ်ခုခုပေးလာရင်တော့ ဥပဒေအရ ဖြေရှင်းရတာလေး တွေ ရှိပါတယ်။ အဲဒီအပေါ်မှာ အေးအေးချမ်းချမ်းနေလိုချင်တဲ့ ပြည်သူ တွေအနေနဲ့ ကျွန်တော်တို့အပေါ် အမြင်ရှင်းပေမယ့် အဖျက်အမှောင့်ကို အားပေးအားမြှောက်ပြုနေတဲ့ ပြည်သူအချို့ကတော့ တစ်မျိုးမြင်နေ မှာပါ။ တချို့ဆို အဲဒီလို လမ်းပိတ်ဆို့နေတာတွေကို လိုက်လံရှင်းလင်း ပေးနေတာ တွေ့တာတောင် ပြည်သူတွေကိုလာပြီး ဒုက္ခပေးနေတယ်၊ CDM လှုပ်ရှားမှုမှာပါတဲ့ သူတွေကို လိုက်ပြီးဖမ်းနေတယ် အမျိုးမျိုးပြော နေကြသေးတာ။
ဒီလောကရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်တာပါ
အခုရက်ပိုင်းတွေမှာဆို ကျွန်တော်တို့အဖွဲ့အနေနဲ့ ညနေဘက် တွေမှာ အားရင်အားသလို အဲဒီလမ်းပိတ်တာတွေကို လိုက်လံရှင်းလင်း နေရတာက အဓိကအလုပ်ကြီးလို ဖြစ်နေတယ်။ တချို့နေရာတွေ မှာဆို ညနေဘက်ရှင်းသွားတယ်၊ မနက်ဘက်ဆို ပြန်ပိတ်ထားတာတွေ ရှိနေ တော့ ကျွန်တော်တို့မှာ တစ်ခါတလေ ခြိမ်းခြောက်မပစ်ချင်ဘဲ ပစ်ရတာ တွေ ရှိတယ်။ ကျွန်တော်တို့ဘက်ကိုလည်း နားလည်ပြီး ကိုယ်ချင်းစာ စေချင်ပါတယ်။ တကယ်တော့ တိုင်းပြည်တစ်ပြည်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ ၂၄ နာရီ ထမ်းဆောင်ကြရတာပါ။ အဲဒီလို ထမ်းဆောင်ကြပေမယ့်လည်း တချို့ကတော့ အပြစ်မြင်နေဆဲပါ။ ဒါပေမယ့် တကယ်လက်တွေ့ သူတို့လာပြီးတာဝန်ထမ်းဆောင်ကြ မလားဆိုရင် အများစုက မထမ်းဆောင်ချင်ကြပါဘူး။ တကယ့် ဝါသနာ အခြေခံရှိတဲ့သူတွေလောက်ပဲ ဒီလောကရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်တာပါ။ ကျွန်တော်တို့ဟာ ဝန်ထမ်းဆိုပေမယ့် သာမန်ဝန်ထမ်းတွေ မဟုတ်ပါဘူး၊ လူ ၁၀ ဦးမှာ အနည်းဆုံး ခုနစ်ဦးလောက် မလုပ်ချင်တဲ့ တာဝန်မျိုးတွေကို ကျွန်တော်တို့တစ်တွေက ထမ်းဆောင်နေကြတာပါ’’ဟု ရန်ကုန်မြို့တွင်း CDM လှုပ်ရှားမှုနောက်ကွယ်က လမ်းများလိုက်လံ ပိတ်ဆို့ထားမှုကို ဦးဆောင်ဖယ်ရှားပေးနေသော ရဲအုပ်တစ်ဦးက ကြုံတွေ့ခံစားသမျှကို ရင်ဖွင့်ပြောကြားသည်။
လမ်းအပြည့် အခိုင်အမာချထားကြတာ
ရန်ကုန်မြို့အတွင်း ပိတ်ဆို့ထားသောလမ်းများ လိုက်လံရှင်းလင်းရာ ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါဆောင်ရွက်နေသော ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးညိုမြင့်(နာမည်လွှဲ)ကလည်း “ ကျွန်တော် အခုလို လမ်းတွေ လိုက်လံ ရှင်းလင်းရာမှာ ဘက်ဟိုးကား မောင်းပေးရတာပါ။ ကျွန်တော်တို့မှာ လမ်းရှင်းရတာ အမျိုးမျိုးအဖုံဖုံတွေ့ရတယ်။ တချို့ဆို သဲအိတ်တွေပဲ လမ်းအပြည့် အခိုင်အမာချထားကြတာ ရှိသလို၊ တချို့နေရာတွေဆိုရင် သံတူးရွင်းနဲ့ သေချာကိုတူးပြီး ကတ်တွေစိုက်ထားတာ။ ကတ်တုံးတွေ၊ ဓာတ်မီးတိုင်တွေနဲ့ သေချာကို ပိတ်ထားတာတွေအထိ ရှိတယ်။ သူတို့ကလည်း အခုလို အဖျက်အမှောင့်အလုပ်တွေကို သေသေချာချာ အကုန်အကျခံ လုပ်ထားကြသလို တချို့ဆို အခုလို ကျွန်တော်တို့ လာဖယ်မှာစိုးရိမ်လို့ စောင့်ကြည့်ကြတာတောင် ရှိတယ်။ တချို့နေရာ တွေဆို လမ်းပိတ်ဆို့နေတာကို ကျွန်တော်တို့အဖွဲ့ သွားရောက်ဖယ် ရှားရင် သူတို့ကိုရန်မူဖို့လာသလို နောက်ကွယ်ကနေ အော်ဟစ်ဆဲဆို ကြိမ်းမောင်းတာတွေအထိ တွေ့ရ တယ်။ အခုခေတ် မိန်းကလေးတွေက ပိုဆိုးနေကြတယ်။ တချို့ မိန်းကလေးတွေဆို နားမခံသာအောင်တောင် အော်ကြီးဟစ်ကျယ် ပြောဆိုကြိမ်းမောင်းတဲ့အထိ ရှိတယ်။ လုံခြုံရေး အဖွဲ့ရော ကျွန်တော်တို့အနေနဲ့ကတော့ အခုလို လမ်းတွေဖယ်ရှားတဲ့ အခါမှာ အတတ်နိုင်ဆုံး သည်းခံကြပါတယ်။
တိုက်ရိုက်ထိခိုက်တာက ပြည်သူတွေ
“ ဟိုနေ့ကဆို အတော်ကိုဆိုးတာ။ လမ်းအပြည့်လည်း သဲအိတ်တွေ အခိုင်အမာ ချထားတဲ့အပြင် အပေါ်မှာလည်း မဖွယ်မရာတွေ ကြိုးတန်း ထားတာတွေကို ဖယ်ထုတ်ရတယ်။ တစ်ခါတလေ ကျွန်တော် ပြန်စဉ်းစားမိတယ်။ ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုစိတ်ကူးတွေနဲ့များ ဒီလိုတွေ လုပ်ကြသလဲလို့။ တကယ်တော့ အဲဒီလိုတွေ လမ်းတွေပိတ်တဲ့ လုပ်ရပ်ဟာ ဘာအကျိုးသက်ရောက်မှုမှ မရှိပေမယ့် လောလောဆယ် သွားလာဖို့ အခက်အခဲဖြစ်တာကတော့ ပြည်သူတွေပဲ။ အဓိက ပြည်သူ တွေပဲ သွားလာကြတာဖြစ်လို့ တိုက်ရိုက်ထိခိုက်တာက ပြည်သူတွေ ပဲလေ။ ဟိုနေ့ကဆို ဆွမ်းခံထွက်တဲ့ သံဃာတော်တွေ လမ်းတစ်ခုလုံး ထဘီတွေ ကြိုးတန်းထားတာတွေ့တော့ နောက်ပြန်ကျော့ပြီး ဟိုးဘက် တစ်လမ်းကနေ သွားကြရတယ်။ စိတ်ထဲအလိုလိုနေ အတွေးတစ်စ ထပ်ပေါ်လာတယ်။ ဪ လူတွေ ဘာမဟုတ်တာတွေလုပ်ရင်းနဲ့ အကုသိုလ်ရှာနေကြပါလားလို့။ အခုဆို အတော်များများ အလုပ်လက်မဲ့ တွေ ဖြစ်ကုန်ကြပြီ။ အခြေခံစားသောက်ကုန်စည်တွေကလည်း တဖြည်းဖြည်း ကြီးမြင့်လာတာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက တိုင်းပြည် အခုလို မငြိမ်မသက်ဖြစ်လိုက်တာနဲ့ အနစ်နာခံမယ့်သူထက် အမြတ်ကြီးထုတ်မယ့် စီးပွားရေးသမားတွေက များတယ်။ အခုမှ မဟုတ်ပါဘူး၊ ဟိုး အရင်ကတည်းကလည်း ဒီအတိုင်းပါပဲ။ စီးပွားရေး လုပ်ငန်းရှင် ကုန်သည်ကြီးတွေက ဒီအကွက်တွေကို ချောင်းနေကြတာ အများကြီး ” ဟု သူ၏ အမြင်ကို ပြောသည်။
“ ဒီရက်ထဲ မနက်မနက် လမ်းဘေးအမှိုက်လှည်းရတာ စိတ်ညစ်လာ တယ်။ တစ်နေ့ထက်တစ်နေ့ နည်းလာတယ်မရှိဘဲ အမှိုက်တွေက ပိုပိုပြီး များလာတယ်။ တချို့ဆို အခုလို CDM လှုပ်ရှားမှုကို အကြောင်းပြု ပြီး အိမ်မှာ နှစ်ရှည်လများ သိမ်းထားတဲ့ အမှိုက်သရိုက်တွေ၊ အတိုအစ တွေကို လမ်းထွက်ပြီး ချထား၊ ပုံထားတော့တာပဲ။ တချို့ဆို လမ်းမှာ ကြဲတောင် ကြဲဖြန့်ထားကြသေးတယ်။ ဟိုနေ့ကဆို နေလည်း သိပ်မကောင်းတာနဲ့ အလုပ်နှစ်ရက်မဆင်းဘဲနေလိုက်တော့ ဝမ်းရေး အတွက် အခက်အခဲ ကြုံရတော့တာပဲ။ တစ်နေ့လုပ်မှ တစ်နေ့ ဝင်ငွေရ တာမို့သာ ဒီအလုပ်ကိုလုပ်နေရတာ။ ဖြည်းဖြည်းချင်း စိတ်ကုန်လာတယ်။ အလုပ်တွေကလည်း ခုနောက်ပိုင်းမလွယ်တော့ဘူးလေ။ တကယ်တော့ သူတို့တစ်တွေက ရည်ရွယ်ချက်တစ်ခုခုကြောင့် လုပ်တာဆိုပေမယ့် အမှန်တကယ်ထိခိုက်တာက ကျွန်မတို့ အခြေခံလူတန်းစားတွေပဲ။ အခုဆို ဆန်ရော၊ ဆီရော ဘာမှကို ဈေးကျတာမရှိဘူး။ အားလုံးဈေးတက် တာချည်းပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့လည်း ကုန်ဈေးနှုန်း တွေကို ပြန်လည်ထိန်းညှိပေးစေချင်တယ်၊ အခုအတိုင်း ဆက်သွားမယ် ဆိုရင် ပြည်သူတွေ တော်တော်အခက်တွေ့ရလိမ့်မယ်” ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနတွင် နေ့စား အဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါ်ခင်နွဲ့ရီ(အမည်လွှဲ) က ပြော သည်။ ။
- Log in to post comments