
တနင်္သာရီ ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် ပိတ်ထားခဲ့သည့် စာသင်ကျောင်း ၅၃ ကျောင်းစလုံး ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရ သည်။
တနင်္သာရီမြစ်ရေသည် ဇူလိုင် ၃၁ ရက်၌ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် (၂၄)ပေထက် (၇ပေ) ကျော်လွန်၍ ၃၁ ပေအထိ မြစ်ရေ ကြီးမြင့်ခဲ့ရာ မြို့နယ်အတွင်း အခြေခံပညာ ၅၃ ကျောင်းကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ရေဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
အဆိုပါမြစ်ရေသည် ဩဂုတ် ၁ ရက် မွန်းလွဲပိုင်းမှစ၍ တဖြည်းဖြည်း ပြန်လျော့ကျခဲ့ရာ ၂၀၂၄ ခုနှစ် ဩဂုတ် ၅ ရက်တွင် ကျောင်း ၂၈ ကျောင်း၊ ဩဂုတ် ၆ ရက်တွင် ၁၇ ကျောင်း၊ ဩဂုတ် ၇ ရက်တွင် တစ်ကျောင်း၊ ဩဂုတ် ၈ ရက်တွင် သုံးကျောင်းနှင့် ဩဂုတ် ၉ ရက်တွင် လေးကျောင်း စုစုပေါင်း ၅၃ ကျောင်းစလုံးကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်၍ ပုံမှန် ကျောင်းပိတ်ရက်များဖြစ်သည့် တနင်္ဂနွေနေ့နှင့် ဥပုသ်ရက်များကို အစားထိုး၍ သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမျိုးမြတ်ဦးထံက သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)