
နေပြည်တော် စက်တင်ဘာ ၂၂
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်း များပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကိုပါ ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တနင်္သာရီမြို့နယ် အမှတ်(၉)ကျေးရွာထိပ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမင်းကို(ဘ)ဦးအေးကို ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ယမန်နေ့ ည ၇ နာရီခန့်တွင် မောတောင်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသား တစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဦးအေးမင်းကိုတွင် ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ နှင့် အနီးတွင်ရှိနေသူ မျိုးဇော်(၃၉)နှစ် (ဘ)ဦးသန်းရွှေတွင် ဝဲချိုစောင်း ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး မောတောင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဦးအေးမင်းကိုမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် ထွက်ပြေးသွား သူကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်