မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း ယခင်ထက်စာလျှင် လျော့ကျလာပြီ ဖြစ်သည်။ ရောဂါဖြစ်ပွားနှုန်း ၁၀ ရာခိုင်နှုန်းကျော်သာ ရှိတော့ပြီး ဆက်လက်လျော့ လာအောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံအတွင်း အကြမ်းဖက်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများမှာ နိုင်ငံအတွင်း နေရာအချို့ တွင်သာ အနည်းငယ်ဖြစ်ပွားလျက်ရှိသည်။ မြို့ရွာလုံခြုံရေးကို ဖိဖိစီးစီးဆောင်ရွက် နေသောကြောင့် ယခင်ထက်စာလျှင် လျော့နည်းလာပြီဖြစ်သည်။
နိုင်ငံရေးအစွန်းရောက်များ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် ဖျက်လိုဖျက်ဆီး ပြုလုပ်ရန် ထောက်ပံ့အားပေးမှုများကြောင့် အချို့အဖျက်သမားများ မြို့ရွာများ တွင်ပုန်းအောင်းကာ ကြိုးကြားကြိုးကြားနှောင့်ယှက်ဖျက်ဆီးမှုများ အနည်းငယ် ကျန်နေသေးသည်။ မီးသည် ငြိမ်းလုနီးတွင် ပိုမိုတောက်လောင်တတ်သည်ဖြစ်၍ မလျှော့သောသတိဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ ပြည်သူအများစုမှာ တည်ငြိမ်အေးချမ်းရေးကို လိုလားကြသည်။ တည်ငြိမ် အေးချမ်းမှသာ အလုပ်အကိုင်များကို ဖြောင့်ဖြောင့်တန်းတန်း စိတ်ချလက်ချလုပ်ကိုင် နိုင်မည်ဖြစ်သည်။ အကျိုးမရှိသော ဆူပူအကြမ်းဖက်မှုများကို မလိုလားကြချေ။
အဖျက်လုပ်ရပ်များ နေရာအနည်းငယ်၌သာ ဖြစ်ပွားလျက်ရှိရာ လုံခြုံရေး အပိုင်းက ဖိဖိစီးစီးဆောင်ရွက်ပြီး ပြည်သူများက တာဝန်သိစွာဖြင့် ဝိုင်းဝန်းကူညီ ပေးမည်ဆိုပါက မကြာမတင်မီ အဖျက်လုပ်ရပ်များ ပပျောက်သွားမည်ဖြစ်သည်။ ကူးစက်မြန် ကိုဗစ်ကပ်ရောဂါမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေဆဲ ဖြစ်ပြီး ရောဂါဖြစ်ပွားမှုပြီးဆုံးမည့်ကာလကို မျှော်မှန်း၍ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကာကွယ်ဆေးထိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပြီး ပြည်သူလူထု ရောဂါကင်းဝေးရေးကို အထူးအလေးထား ဆောင်ရွက်နေသည်။ ရောဂါကင်းဝေးရေးတွင်လည်း ပြည်သူလူထုအားလုံးတို့က အသိတရားဖြင့် ပါဝင်လိုက်နာဆောင်ရွက်ကြမည်ဆိုပါက ရောဂါဖြစ်ပွားဆဲဖြစ်သော် လည်း ရောဂါကူးစက်မှု သိသိသာသာလျော့ကျသွားမည်ဖြစ်သည်။ ယခုလက်ရှိ ကာလတွင် ရောဂါဖြစ်ပွားမှုတန်းနေခြင်း၊ လျော့ကျလာခြင်းရှိသောကြောင့် ဆက်လက်လျော့ကျလာအောင် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါသည် အလျှင်းပျောက်မည့်အခြေအနေမရှိသော်လည်း သိသိသာသာလျော့ကျလာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများအား စိတ်ဓာတ် ခွန်အားနှင့် အသိအမှတ်ပြုမှုများ ပြုလုပ်ပေးရမည်ဖြစ်သည်။ အခက်အခဲအမျိုးမျိုး ကြားမှ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရှေ့တန်းမှ စွန့်လွှတ်စွန့်စားကြိုးပမ်းပြီး တိုင်းပြည်အပေါ် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင် ခဲ့ကြသော ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှု ကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ မြို့ရွာများရှိပြည်သူများနှင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ အားလုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရက မှတ်တမ်း တင်ဂုဏ်ပြု ကျေးဇူးတင်အသိအမှတ်ပြုထားသည်။ တိုင်းပြည်ကောင်းရာ ကောင်းကျိုးကိုလိုလားကြသော ပြည်သူများကလည်း ကျေးဇူးတင်အသိအမှတ်ပြု ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို လိမ်လည်လှည့်ဖြား မရိုးမသားပြုလုပ်ခဲ့ သည့် မဲမသမာမှုများကြောင့် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန် လွှဲပြောင်းယူခဲ့ခြင်းဖြစ်သည်။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကျင့်သုံးဖော်ဆောင် နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီ လမ်းကြောင်းကို မည်သည့်အခါမျှ သွေဖည်သွားမည်မဟုတ်ပေ။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ထပ်မံကျင်းပပေးရန် အာမခံချက်ပေးထားပြီးလည်း ဖြစ်သည်။
တစ်ဖက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တုံ့နှေးကျဆင်းသွားသော တိုင်းပြည်စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အတွက် အဆိုပါကဏ္ဍများ တိုးတက်လာအောင် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူ ရေးကို အခြေခံသည့် ပြည်တွင်းစားနပ်ရိက္ခာများ ပြည့်စုံဖူလုံစေရန် ဆောင်ရွက်ပြီး ပိုလျှံသည်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ကျေးလက် ဒေသများ ဖွံ့ဖြိုးရေးကိုလည်း မျက်ခြည်မပြတ်ဆောင်ရွက်နေသည်။ ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်ရာတွင် ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်သည်။
သို့ဖြစ်ရာ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါ လျော့ပါးသက်သာစေရေး၊ ရောဂါကာကွယ်ရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ပြည်သူများ အလုပ်အကိုင်အဆင်ပြေကာ လူမှုစီးပွားတိုးတက် လာရေး၊ အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ရေးတို့အတွက် အလားအလာကောင်းများ ရှိလာပြီဖြစ်ရာ ပြည်သူတစ်ရပ်လုံး ကိုယ်စိတ်နှလုံးချမ်းမြေ့စွာနေထိုင်နိုင်ရေးအတွက် ဥပဒေစည်းကမ်းများကို လေးစားလိုက်နာပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ ပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။