မနက်ဖြန် (နိုဝင်ဘာလ ၈ ရက်နေ့) တွင် ဆန္ဒမဲ ပေးကြရတော့မည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အချိန်မှန် ကျင်းပခြင်း၊ ဆန္ဒမဲပေးရန် အရည်အချင်းနှင့် ပြည့်စုံသူတိုင်း မိမိတို့၏ဆန္ဒနှင့်အညီ လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရရှိခြင်းတို့က ဒီမိုကရေစီစံနှုန်းများတွင် အခြေခံအကျဆုံးဖြစ်သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေးချယ်ခြင်းနှင့် ကိုယ်တိုင်ဝင်ရောက်ရွေးချယ်ခံခြင်းတို့က နိုင်ငံသားများ၏ မူလ အခွင့်အရေးများလည်း ဖြစ်သည်။
မဲပေးခြင်းသည် ပြည်သူတစ်ဦးချင်းစီက မိမိတို့ကိုယ်စီ ပိုင်ဆိုင်ထားကြသည့် အချုပ်အခြာအာဏာကို မိမိတို့ယုံကြည် စိတ်ချသည့် ကိုယ်စားလှယ်ထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။ မိမိတို့ လွှဲအပ်လိုက်သည့် ကိုယ်စားလှယ်က ထိုအာဏာကို ကိုင်စွဲကာ ပြည်သူ့အရေး၊ နိုင်ငံ့အရေးတို့ကို ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်သည့်အတွက် လူအရွေးမမှားဖို့၊ မဲအပေးမမှားဖို့ လိုသည်။ တန်ဖိုးရှိလှသည့် မိမိ၏ဆန္ဒမဲကို အလဟဿမဖြစ်စေဖို့ ဂရုထားကြရမည်ဖြစ်သလို ကိုယ်စားလှယ်လောင်း ရွေးချယ်ပေး နိုင်ရန်အတွက်လည်း အသိသုတနှင့် ဉာဏ်ပညာတို့ကို အသုံးချ ကြရန် နှိုးဆော်လိုသည်။ ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေး အတွက် မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်းစီမှာလည်း နိုင်ငံသား ကောင်းတို့၏ တာဝန်ကိုယ်စီရှိနေသည်ကို မမေ့မလျော့ကြရန်သာ ဖြစ်သည်။
မိမိတို့ အဆိုပြုလိုက်သည့် ဆန္ဒမဲ အလဟဿမဖြစ်စေရန် သတိပြုသင့်သည့်အချက်များကို ရွေးကောက်ပွဲအကြိုကာလ တစ်လျှောက် မီဒီယာများမှတစ်ဆင့် အသိပညာပေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများအရ သိသင့်သိထိုက်သည်များကိုလည်း ကောက်နုတ်ထုတ်ပြန်၍ မီဒီယာများမှတစ်ဆင့် ပညာပေးခဲ့ပြီး ဖြစ်သည့်အတွက် ဆောင်ရန်၊ ရှောင်ရန် များကို သိရှိလိုက်နာကြပြီး မလုပ်သင့်မလုပ်ထိုက်သည်များကို မလုပ်မိ ကြစေဖို့ သတိပြုကြရ မည်ဖြစ်သည်။ ဥပဒေနှင့် ငြိစွန်းသည့်လုပ်ရပ်များကို ပြုလုပ်မိ ပြီဆိုပါက မသိနားမလည်၍ လုပ်မိပါသည်ဟု ဆင်ခြေပေး၍ မရနိုင်သည်ကို သတိမူကြရမည်။
ထို့ပြင် မိမိဆန္ဒမဲပေးရွေးချယ်လိုက်သည့် ကိုယ်စားလှယ် လောင်းကို အနိုင်ရစေလိုသည်မှာ မဲပေးသူတိုင်း၏ အလိုဆန္ဒပင် ဖြစ်သည်။ သို့ရာတွင် အများစု၏ ဆန္ဒသည်သာ အနိုင်ရလဒ် ဖြစ်သည်ကို ရင့်ကျက်သောစိတ်ဖြင့် ခံယူကြရမည်ဖြစ်သလို တစ်ဖက်တွင်လည်း ရွေးကောက်ပွဲတွင် ရွေးချယ် မခံရသည့် တိုင်အောင် လူနည်းစု၏ ထောက်ခံမှု၊ ဆန္ဒပြုမှုရရှိသူအား လေးစားမှုပြုခြင်းအားဖြင့် ဒီမိုကရေစီယဉ်ကျေးမှုကို ပြသကြ ရမည်လည်း ဖြစ်သည်။ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်လိုသူအဖို့ လွှတ်တော်အတွင်းမှဖြစ်စေ၊ လွှတ်တော် ပြင်ပမှ ဖြစ်စေ နိုင်ငံ့သားကောင်းမှန်သမျှ ဆောင်ရွက်နိုင်ကြ သည်သာ ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေချိန်တွင် ကျင်းပရခြင်း ကလည်း ထူးခြားသည်။ ကူးစက်မြန်ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပါးစပ်နှာခေါင်း စည်းများတပ်ဆင်ခြင်း၊ မျက်နှာအကာများ တပ်ဆင်ခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေခြင်း၊ စနစ်တကျလက်ဆေး ခြင်းတို့ကို မဲဆန္ဒရှင်တိုင်း မပျက်မကွက် ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ အသည်းကြားမှမဲတစ်ပြားကို တန်ဖိုးရှိရှိ၊ မှန်မှန် ကန်ကန်ရွေးချယ်ပေးအပ်နိုင်ကြပါရန် အကျိုးမျှော်ကာ နှိုးဆော် အပ်ပါကြောင်း။ ။