တန်းတူရည်တူရှိမှုနှင့် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး မူတို့လိုက်နာ

 

ကမ္ဘာတစ်ဝန်းလုံးတွင်  ငြိမ်းချမ်းမှု၊  လွတ်လပ်မှု၊  ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊  နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နည်းလမ်းတကျ ပူးပေါင်းဆက်ဆံကြ ခြင်းဖြင့် အမျိုးမျိုးသော အကျိုးထူးများ ခံစားရနိုင်သည်ဟု မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး  ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်ခဲ့သည်။  လွန်ခဲ့သော  နှစ်ပေါင်း  ၇၆  နှစ်ခန့်က ပြောကြားခဲ့သည့် ၎င်း၏မိန့်ခွန်းတစ်ရပ်တွင် “ပြင်သစ်အင်ဒို ချိုင်းနားခေါ် ပြည်နယ်များ၊ ယိုးဒယားပြည်၊ မာလာယုပြည်နယ် များ၊ အင်ဒိုနီးရှားပြည်နယ်များနှင့် ကျွန်ုပ်တို့ မြန်မာပြည်တို့ကို မကြာမီပူးပေါင်း၍ “အင်ဒိုချိုင်းနားပြည်ထောင်စု” ဟူသော အမည်နာမဖြင့်    ပြည်ထောင်စုတစ်ခု   တည်ထောင်ရန် လိုကောင်းလိုလာပေလိမ့်မည်” ဟု ဆိုခဲ့ရာ မျက်မှောက်ခေတ် အာဆီယံအဖွဲ့အစည်းကို မြန်မာအမျိုးသားခေါင်းဆောင်က ထိုစဉ်ကပင် မျှော်မှန်းခဲ့ခြင်းဖြစ်သည်။

 


မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဆီယံ၏   ရည်ရွယ်ချက်များနှင့်   အခြေခံမူများနှင့်အညီ အဖွဲ့ဝင်၏   တာဝန်ဝတ္တရားများကို   ကျေပွန်စွာ  လိုက်နာ ဆောင်ရွက်လျက်ရှိသည်။   လက်ရှိ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည်   ၂၀၂၀   ပြည့်နှစ်    ရွေးကောက်ပွဲ မဲမသမာမှုနှင့် အငြင်းပွားမှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံ၏ အရေးအပေါ်အခြေအနေကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ   နိုင်ငံကို     တာဝန်ယူဆောင်ရွက်ရသည့် အိမ်စောင့်အစိုးရဖြစ်သည်။

 

အနောက်နိုင်ငံအချို့နှင့် ၎င်းတို့၏ မီဒီယာများက   စွပ်စွဲရေးသားနေသကဲ့သို့    အာဏာသိမ်း စစ်အစိုးရမဟုတ်ပေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွင် အရပ်ဘက်နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင့် စစ်ဘက် ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဖွဲ့စည်းထားပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

 


အာဆီယံ အခြေခံမူများတွင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူ ရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာ များကို လေးစားလိုက်နာခြင်း၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်  သာယာဝပြောရေးကို  တိုးတက်စေရန်  အတူ တကွ သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်ခြင်းနှင့် စုပေါင်းတာဝန် ယူမှုရှိခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်မှုမရှိခြင်း စသည်တို့အပါအဝင် အခြေခံမူများနှင့်အညီ သာ အာဆီယံနှင့်တကွ  အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်ကြ ရမှာဖြစ်သည်။  ထို့အပြင်  အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် ပဋိညာဉ်စာတမ်းအရ တူညီသည့် အခွင့်အရေးနှင့် တာဝန်များ ရှိသည်ကိုလည်း သတိပြုကြရမှာဖြစ်သည်။

 


လက်ရှိအခြေအနေတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ အစပြုကာ အနောက်အုပ်စုနှင့် အိုအိုင်စီတို့၏ နိုင်ငံရေး လိုအင် ဆန္ဒများနှင့်  ဖိအားတို့၏အောက်သို့  အာဆီယံအဖွဲ့တစ်ခုလုံး ကျရောက်သွားခဲ့ဟန်ရှိပြီး အာဆီယံ၏ အစဉ်အလာမဟုတ် သော အလေ့အထများပင် ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးကို နိုင်ငံ၏ပကတိအခြေအနေများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားရမည်သာ ဖြစ်ပါကြောင်း။      ။