တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်  ဇန်နဝါရီ  ၃၀


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၉ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ  စစ်ဆေးဆောင်ရွက်ခဲ့ရာ  သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော အထွေထွေလူသုံးကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၀၄၀၀၀)၊ လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၂၀၀၀၀)၊ လယ်ယာသုံးစက်အပိုပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)၊ ဖုန်းဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၂၅၀၀၀)၊ အလှကုန်ပစ္စည်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၄၄၈၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၂၂၉၀၀၀ ကို  သိမ်းဆည်းရမိခဲ့ပြီး  အကောက်ခွန်ဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။


အလားတူ ကရင်ပြည်နယ် မြဝတီ(OSS)တာဝန်ကျအကောက်ခွန် အဖွဲ့မှ  မြဝတီကုန်သွယ်ရေးဇုန်အနီး ရှောင်တခင်ကင်းလှည့်စစ်ဆေးခဲ့ရာ မြဝတီကုန်သွယ်ရေးဇုန်အကျော် မြစန္ဒီရှောင်ကွင်းလမ်းမှ အာရှလမ်းဆုံ သို့ထွက်လာသည့် ခြောက်ဘီးယာဉ်တစ်စီးပေါ်မှ တရားမဝင် အားဖြည့် အချိုရည် ဖာ ၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)နှင့်  အဆိုပါ ပစ္စည်းများသယ်ဆောင်လာသော Mitsubishi Canter ခြောက်ဘီးယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း  တန်ဖိုးငွေကျပ်  ၂၅၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီ မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ၂၂ ဘီးယာဉ်ပေါ်မှ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော လုပ်ငန်းသုံးပစ္စည်းများ   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၂၈၆၀)နှင့် ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၉၀၈၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀၃၆၆၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ ဇန်နဝါရီ  ၃၀ ရက်တွင်  ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနကဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်သစ်မျိုးစုံ ၁၆ ဒသမ ၃၉၆၂ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၅၅၉၂) ကို  သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး ၁၆  မိုင် ကျောက်ချောစစ်ဆေးရေး စခန်း၌ အကောက်ခွန်ဦးစီးဌာနမှဦးဆောင်သော တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင် Chain Saw  (ဓားနှင့်ဓားအထိုင်မပါ)  ၁၀ လက် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)နှင့်  ဓား(အရွယ်မျိုးစုံ)အလက် ၁၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၀၀၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက် ရှိသည်။


ထပ်မံ၍ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်တွင် သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုပမာဏထက် ပိုမိုသယ်ဆောင်လာသော ဓာတ်မြေဩဇာ ၅၀ ကီလိုဂရမ်ပါ ၆၆၅ အိတ်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၉၄၂၂၀)ကို သိမ်းဆည်းရမိခဲ့သဖြင့်   အကောက်ခွန်ဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။


သို့ပါ၍ ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၇၅၂၄၇၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


သတင်းစဉ်