
ဦးကျော်ကျော် (တရားရေး)
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “အားလုံးအတွက် တိုးတက် ကောင်းမွန်သော တရားမျှတမှုဆီသို့” ဟူသော ဆောင်ပုဒ်ဖြင့် ငါးနှစ် တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကို ရေးဆွဲ
အကောင်အထည်ဖော်လျက်ရှိပါသည်။ စီမံကိန်း၏ ပန်းတိုင်အဖြစ် လူတိုင်းသို့အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက် မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်ဟူသည့် ရည်မှန်းချက်(၂)ရပ် ထားရှိပါသည်။ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စေရေး အတွက် နှစ်စဉ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်များရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တရားစီရင်ရေး၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ တန်ဖိုးများရရှိအောင်မြင်စေရန်အတွက် မဟာ ဗျူဟာ လုပ်ငန်းနယ်ပယ်(၅)ရပ်ဖြစ်သည့် တရားရုံးဝန်ဆောင်မှုများ အများပြည်သူ လက်လှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေး ဆောင်ရွက်ပေးရန်၊ အများပြည်သူ၏အသိအမြင်ကို မြှင့်တင်ပေးရန်၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် စီမံခန့်ခွဲနိုင်မှုစွမ်းရည် မြှင့်တင် ရန်၊ တရားစီရင်ရေး၏ပညာရပ် ကျွမ်းကျင်မှု၊ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန်၊ ထိရောက်သော မှုခင်းစီမံခန့်ခွဲ မှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့် ဆောင်ရွက်ရန်ဟူ၍ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၅)ရပ် သတ်မှတ် ထားပါသည်။
မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၅)ရပ်ကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်များကို အရေးကြီးမှု အစီအစဉ်အလိုက် ဦးစားပေးအဆင့်များ သတ်မှတ်အကောင်အထည် ဖော်ခဲ့ရာ ထိုက်သင့်သည့်အောင်မြင်မှုများလည်း ရရှိနေပြီဖြစ်ပါသည်။
စနစ်တကျဖြည့်ဆည်းပေးရန် ဆောင်ရွက်
မဟာဗျူဟာစီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှုစနစ်ကျင့်သုံးရေးကို ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် တရားရုံးပေါင်း ၂၆ ရုံး၊ ၂၀၁၉ ခုနှစ် တွင် တရားရုံးပေါင်း ၄၈ ရုံး၊ ၂၀၂၀ ပြည့်နှစ်တွင် တရားရုံးပေါင်း ၁၃၄ ရုံးတို့တွင် မှုခင်းစီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်တွင်လည်း ခရိုင်တရားရုံး ၂၂ ရုံးနှင့် မြို့နယ်တရားရုံး ၁၀၄ ရုံး တို့ကို မှုခင်းစီမံခန့်ခွဲမှုစနစ်ကျင့်သုံးသည့် တရားရုံးများအဖြစ် တိုးချဲ့ အကောင်အထည်ဖော်မည်ဖြစ်ရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၃၃၄ ရုံးအထိ ရှိလာမည်ဖြစ်ပါသည်။ မှုခင်းစီမံခန့်ခွဲမှုစနစ်အပြင် တရားရုံး ကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကိုလည်း ရှေ့ပြေးအစီအစဉ် အဖြစ် အကောင်အထည်ဖော်လျက်ရှိရာ အများပြည်သူအတွက် တရားမျှတမှု လက်လှမ်းမီရေးကို စနစ်တကျဖြည့်ဆည်းပေးရန် ဆောင်ရွက်လျက်ရှိသည်မှာ မြင်သာပါသည်။
တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုသည်မှာ တရားရုံး ၌ စွဲဆိုပြီးဖြစ်သော တရားမမှုအားအမှုသည်တို့၏ ဆန္ဒအရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ တရားရုံးရှိ စေ့စပ်ဖြေရှင်းရေးဌာန၌ အမှု သည်များကိုယ်တိုင်ပါဝင်ပြီး စေ့စပ်ဖြေရှင်းရာတွင် တရားရုံးက တာဝန် ပေးအပ်သည့် စေ့စပ်ဖြေရှင်းရေးအရာရှိတစ်ဦးက အမှုသည်များ အကြား ကြားဝင်ကူညီဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်း ခြင်းဖြစ်သည်။
အသိအမှတ်ပြုခြင်းဟူသော အခြေခံမူများနှင့်အညီ
တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးကို (၁) သတ်မှတ် ထားသည့်အမှုအမျိုးအစားများမှအပ ကျန်တရားမမှုများအား အမှု သည်တို့၏ဆန္ဒအရ စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်း၊ (၂) စေ့စပ်ဖြေ ရှင်းရေးတွင် မပါဝင်လိုတော့ကြောင်း (သို့မဟုတ်) စေ့စပ်ဖြေရှင်းရေးကို ဆက်လက်မဆောင်ရွက်လိုတော့ကြောင်း အမှုသည်တစ်ဖက်ဖက်က (သို့မဟုတ်) နှစ်ဖက်အမှုသည်များက စေ့စပ်ဖြေရှင်းရေးဆောင်ရွက် သည့် မည်သည့်အဆင့်တွင်မဆို ထုတ်ဖော်ပြောကြားလာသည့်အခါ စေ့စပ်ဖြေရှင်းရေးအရာရှိက အမှုသည်တို့၏ ဆန္ဒအရ စေ့စပ်ဖြေရှင်း ရေးဆောင်ရွက်မှုကို အပြီးသတ်ခွင့်ပြုခြင်း၊ (၃) စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်တစ်လျှောက်တွင် အမှုသည်များ နားလည်ရလွယ်ကူပြီး၊ ၎င်းတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် ရိုးရှင်းသော လုပ်ထုံး လုပ်နည်းများကိုအသုံးပြုခြင်း၊ (၄) စေ့စပ်ဖြေရှင်းရေးဆောင်ရွက်စဉ် အမှုသည်တို့၏ ပြောကြားချက်များ၊ တင်ပြသည့်အထောက်အထားများ၊ ညှိနှိုင်းချက်များ၊ ဝန်ခံချက်များကို အမှုသည်တို့၏ သဘောတူညီချက် မပါဘဲ ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ လုံခြုံစွာ ထိန်းသိမ်းထားရှိခြင်း၊ (၅) စေ့စပ်ဖြေရှင်းရေး အရာရှိသည် လုပ်ငန်းစဉ်တစ်လျှောက် ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျကျ ကျင့်ဝတ်နှင့်အညီဆောင်ရွက် ခြင်း၊ (၆) နှစ်ဖက်အမှုသည်များက သဘောတူလက်ခံသည့် သဘော တူညီချက်ကိုသာ စေ့စပ်ဖြေရှင်းရေး သဘောတူညီချက်အဖြစ် အသိ အမှတ်ပြုခြင်းဟူသော အခြေခံမူများနှင့်အညီ ဆောင်ရွက်လျက် ရှိပါ သည်။
“တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး” ဆောင်ရွက်သည့် စေ့စပ်ဖြေရှင်းရေးဌာနသည် တရားရုံး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါ သည်။ ယင်းဌာနသည် တရားရုံးကလွှဲအပ်သည့် တရားမမှုများကိုသာ
စေ့စပ်ဖြေရှင်းရန်လက်ခံဆောင်ရွက်နိုင်ပြီး အမှုသည်တို့က စေ့စပ် ဖြေရှင်းပေးရန် တိုက်ရိုက်လျှောက်ထားလာသည့် တရားမမှုများကို လက်ခံဆောင်ရွက်နိုင်ခွင့်မရှိပါ။
တရားရုံးသို့ စတင်စွဲဆိုတင်ပို့လာသော တရားမမှုများအနက် မိသားစုဆိုင်ရာ အငြင်းပွားမှုများ၊ ငွေကြေးဆိုင်ရာ အငြင်းပွားမှုများ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများသည် အမှုမစစ်ဆေးမီ အဆင့်တွင် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ရန် သတ်မှတ်ထားသောအမှု များဖြစ်ပါသည်။
အထက်ပါအမှုအမျိုးအစားတွင် မပါဝင်သော်လည်း အမှုသည် တို့က ၎င်းတို့၏ သဘောဆန္ဒအလျောက် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်လိုကြောင်း တရားရုံးတွင် တင်ပြလာသည့်အခါ အမှုစစ် တရားသူကြီးသည် ယင်းအမှုအား သတ်မှတ်ချက်နှင့်အညီ စေ့စပ် ဖြေရှင်းရေးဌာနသို့ လွှဲပြောင်းပေးအပ်၍ စေ့စပ်ဖြေရှင်းရေးဆောင်ရွက်နိုင်ပါသည်။
စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ် စတင်ကျင့်သုံးသည့် အချိန် တွင် ယင်းတရားရုံးရှိ စစ်ဆေးဆဲတရားမမှုများနှင့် စပ်လျဉ်း၍လည်း အမှုသည်များက ၎င်းတို့၏သဘောဆန္ဒအလျောက် စေ့စပ်ဖြေရှင်းရေး
ဆောင်ရွက်လိုကြောင်း တင်ပြလာသည့်အခါ အမှုစစ်တရားသူကြီးသည် ယင်းအမှုအား သတ်မှတ်ချက်နှင့်အညီ စေ့စပ်ဖြေရှင်းရေးဌာနသို့ လွှဲပြောင်းပေးအပ်၍ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်နိုင်ပါသည်။
စေ့စပ်ဖြေရှင်းရေးအရာရှိသည် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ရာတွင် လွတ်လပ်စွာဆောင်ရွက်မှု၊ သာတူညီမျှရှိမှု၊ သမာသမတ်ကျမှု၊ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ချက်များ၏ လုံခြုံမှုဟူသော ကျင့်ဝတ် များကို လိုက်နာဆောင်ရွက်ကြရပါသည်။
အထောက်အကူဖြစ်စေနိုင်ခြင်း
တရားမမှုများကို စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ခြင်းအားဖြင့် အမှုသည်များနှင့် တရားရုံးတို့သည်(၁) အမှုသည်များသည် မိမိတို့ အမှန်တကယ် အငြင်းပွားနေသည့် ပြဿနာအပေါ် မိမိတို့ကိုယ်တိုင် ညှိနှိုင်းဖြေရှင်း အဖြေရှာရခြင်းဖြစ်သည့်အတွက် စေ့စပ်ဖြေရှင်းရေး ရလဒ်အပေါ် စိတ်ကျေနပ်မှုမြင့်မားစေနိုင်ခြင်း၊ (၂) စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်စဉ် အချင်းချင်းညှိနှိုင်း အဖြေရှာခြင်းအားဖြင့် နှစ်ဖက် အမှုသည်များအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေ နိုင်ခြင်း၊ (၃) စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သည့်လုပ်ထုံးလုပ်နည်းသည် ရိုးရှင်းလွယ်ကူသည့်အတွက် လုပ်ငန်းစဉ်တစ်လျှောက် အမှုသည် များ လွယ်ကူသက်သာစွာ ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ခြင်း၊ (၄) အမှု သည် များအနေဖြင့် မိမိတို့လျှို့ဝှက်ထားလိုသည့် အကြောင်းအရာများ၊
အထောက်အထားများကို အခြားသူများမသိရှိစေဘဲ လုံခြုံစွာထိန်းသိမ်းထားရှိနိုင်ခြင်း၊ (၅) စေ့စပ်ဖြေရှင်းရေးအောင်မြင်သည့်အခါ အမှုသည်များအနေဖြင့် ၎င်းတို့၏အငြင်းပွားမှုကို အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ဖြေရှင်းပြီးစီးနိုင်ခြင်း၊ (၆) စေ့စပ် ဖြေရှင်းရေးအောင်မြင်သည့်အခါ တရားရုံးရှိ တရားမမှုလက်ကျန် လျော့ကျရေးကို အထောက်အကူဖြစ်စေနိုင်သည့်အပြင် တရားမမှုများ လျင်မြန်စွာ ပြီးပြတ်ရေးကိုလည်း အထောက်အကူဖြစ်စေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူး
တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်းကို စမ်းသပ်အစီအစဉ်အနေဖြင့် တောင်ငူခရိုင်တရားရုံး၊ တောင်ငူ မြို့နယ်တရားရုံး၊ ဒက္ခိဏခရိုင်တရားရုံးနှင့် တပ်ကုန်းမြို့နယ် တရားရုံး များတွင် ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်၍လည်းကောင်း၊ ဒက္ခိဏခရိုင်အတွင်းရှိ ပျဉ်းမနားမြို့နယ် တရားရုံး၊ လယ်ဝေးမြို့နယ် တရားရုံး၊ ဒက္ခိဏမြို့နယ်တရားရုံး၊ ပုဗ္ဗသီရိမြို့နယ်တရားရုံး၊ ဇမ္ဗူ သီရိမြို့နယ် တရားရုံး၊ ဥတ္တသီရိမြို့နယ် တရားရုံးများတွင်လည်း ၂၀၂၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့မှစတင်၍လည်းကောင်းစမ်းသပ် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် စေ့စပ် ဖြေရှင်းရေးဌာန၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် စေ့စပ် ဖြေရှင်းရေးဌာနများ ဖွင့်လှစ်၍ဖွဲ့စည်းထားပြီး တရားရုံးကဦးဆောင် သည့်စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်အား အကောင်အထည် ဖော်ဆောင်ရွက်နေပါသဖြင့် တရားမမှုခင်း ရင်ဆိုင်နေကြရသည့် ပြည်သူများအနေဖြင့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိခံစားနိုင်ကြစေရန်
အသိပေး ရေးသားတင်ပြအပ်ပါသည်။ ။
- Log in to post comments