
စာချစ်သူ
မုန်တိုင်းအပြီး ထွက်ပေါ်စနေခြည်သည် လောကကို သာယာလှပါစေသည်။ မျှော်လင့်ချက်တို့ကို ပိုမိုဝင်းပစေသည်။ နိုင်ငံတော်၏ စနစ်တကျစီမံခန့်ခွဲမှု၊ နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်း၊ အသင်းအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ တတိယလှိုင်း သည် ပစ္စက္ခကာလတွင် အထိုက်အလျောက် လျော့ပါးသွားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ ဇူလိုင်လ။ မြန်မာပြည်အတွက် ကံဆိုးမိုးမှောင် ကျရောက်ခဲ့ရသည့် နေ့ရက်များဟုဆိုရမည်။ လူတွေ က တဖြုတ်ဖြုတ်ဆုံးပါးသွားကြသည်။ အချို့က မိဘ၊ ညီ၊ အစ်ကို၊ မောင်နှမ ဆွေမျိုးသားချင်းများ၊ အချို့ကား မိတ်ဆွေသင်္ဂဟများကို ဆုံးရှုံးခဲ့ကြရ သည်။ သက်ဆိုင်သူအားလုံးရဲ့ မျက်ဝန်းမှမျက်ရည်စ တွေနှင့်။ သောက၊ ပရိဒေဝတို့နှင့်အတူ သေသူကို ရှင်သူက တသကျန်ရစ်ခဲ့ကြရသည်။
ယခင်က လူချင်းတွေ့လျှင် “နေကောင်းလား၊ စားပြီးပြီလား”ဟူသည့် ပဋိသန္ဓာရ စကားတို့အစား “ဟေ့၊ ကြားပြီးပြီလား၊ ဘယ်သူဘယ်ဝှာတော့ ညကဆုံးသွားပြီ၊ မနက်က ဆုံးသွားပြီ” ဟူသည့် အမင်္ဂလာသတင်းဆိုးများကိုသာ ကြားခဲ့ကြရသည်။
ဆုံးပါးသွားခဲ့ကြသည့် မိတ်ဆွေသင်္ဂဟများ ထဲတွင် မွေးကတည်းက သည်ရပ်ကွက်ထဲမှာနေ၊ သည်ရပ်ကွက် သည်လမ်းထဲမှာအတူတကွကြီးပြင်း လာခဲ့ကြ၊ လည်ပင်းဖက် ပေါင်းသင်းလာခဲ့ကြသော အလွန်ရင်းနှီးချစ်ခင်ခဲ့ရသူများလည်း ပါသွားကြ သည်။
“ကို-- ဘယ်သူလည်း မတွေ့တာကြာပြီ၊ နေရောကောင်းရဲ့လား မသိဘူး”
“ဟ၊ ဆုံးသွားပြီလေကွာ၊ တစ်ပတ်လောက် ရှိပြီ”
“ဟင်၊ ကျွန်တော်မသိလိုက်ဘူး၊ ကိုဗစ်ပဲလား”
“ဟုတ်တယ်”
သူကား ကျွန်တော်နှင့် ဟိုးငယ်စဉ်ကတည်းက ရင်းနှီးခင်မင်ခဲ့သူဖြစ်ပါသည်။ ကျွန်တော့်ထက် အသက်ကြီးသည်။ သို့သော် ပျော်တတ်သူများပီပီ အမြဲတမ်းနောက်ပြောင်နေကျ။ စိတ်နှလုံးကို ရွှင်ပြုံးစေတတ်သော မိတ်ဆွေများဖြစ်ကြပါ၏။ သို့တစေ ဖေဖော်ဝါရီလဆန်းနောက်ပိုင်းကစ၍ ကျွန်တော့်ကိုသူ မျက်နှာချင်းဆိုင်တွေ့ပါသော် လည်း နှုတ်ခွန်းမဆက်တော့။ အံ့အားသင့်စရာ ဖြစ်ရ၏။ ဘာကြောင့်လဲ၊ ဘာအတွက်လဲ။
သဘာဝကို မေ့လျော့နေလေသလား
နိုင်ငံရေးအယူအဆ၊ သဘောထားရပ်တည်ချက် တို့ကြောင့်လေလား။ သူသည် အနီရောင် လေနီ ကြမ်းထဲက သစ်ရွက်တစ်ရွက်လို ဦးတည်ရာမရှိ၊ ရောက်ရာပေါက်ရာ တိုက်ချင်သည့် အရာဝတ္ထုကို ဝင်တိုက်နေသကဲ့သို့နှယ်များလား၊ သူစိတ်ထဲမှာ စွန်းထင်းနေသော အရောင်တစ်ခုလို မြင်မြင်သမျှ ဒီအရောင်ပဲဖြစ်ရမယ်လို့များ ထင်မှတ်နေရော့ သလား။ ဪ၊ မိတ်ဆွေသူငယ်ချင်းရယ်၊ ထိုသို့ ဆိုလျှင် လက်ချောင်းတွေသည်ပင်လျှင် အတို၊ အရှည်မညီကြသည့် သဘာဝကိုမေ့လျော့နေလေ သလား။
ကျွန်တော်ကတော့ ကိုယ့်လိပ်ပြာကိုယ်သန့် ပါသည်။ အစွဲအလမ်းမထား။ ဤသည်ကို သူသည် အထင်လွဲကာ သူ့လို ရဲရဲမတောက်ရကောင်းလားဟု စိတ်ကွက်ပြီး ကျွန်တော့်ကို မခေါ်မပြောနိုင်ဖြစ်လေ ရော့သလား မသိ။
မည်သို့ဆိုစေ ယခုအချိန်တွင် သူ့ကိုကျွန်တော် လွမ်းပါသည်။ နောင်တလည်း ရမိသည်။ “ဪ”၊ သူ မခေါ်မပြောသည့်တိုင် “ငါက အငယ်ပဲလေ။ ငါအရင်နှုတ်ဆက်ခေါ် ပြောသင့်တာပေါ့”ဟုလည်း တွေးရင်း ဆွေးမိလေသည်။
ကိုယ်ယုံကြည်ရာနိုင်ငံရေးနှင့် လူမှုရေး
တကယ်တော့ ဤအဖြစ်သည် ဒီမိုကရေစီစံနှုန်း၊ ဒီမိုကရေစီယဉ်ကျေးမှုတို့နှင့် ကျင့်သားမရသေး သည့် မရင့်ကျက်သေးသည့် မြန်မာလူ့ဘောင်၏ ပြယုဂ်တစ်ခုဟု ဆိုရပါမည်။ ကိုယ်ယုံကြည်ရာ နိုင်ငံ ရေးနှင့် လူမှုဆက်ဆံရေးကို တလည်းသီးပမာ သူ့အကန့်နှင့်သူ ဖြစ်တည်ထားရှိရမည့်အစား အားလုံးကိုရောထွေးခဲ့ခြင်းကြောင့် ဖြစ်လေသည်။
တကယ်တော့ ကိုယ့်အထင်၊ ကိုယ့်အမြင်များ သည် အမြဲအစဉ် ထာဝရမှန်ကန်နေသည့်အရာ မဟုတ်ပါ။ ကာလ၊ ဒေသ၊ ပယောဂအရ အမြဲ ပြောင်းလဲနေတတ်သော အရာများသာဖြစ်သည်။ အယူဝါဒတစ်ခုကို အစဉ်ထာဝရ မဖောက်မပြန်အမြဲ မှန်သည်ဟု တရားသေဆုပ်ကိုင်၍ ငြင်းခုန်နေ၍မရ ပါ။ “ကမ္ဘာကြီးမြဲသလော”၊ “ကမ္ဘာကြီးမမြဲသလော” ဟူ၍ တက္ကတွန်းများက သက္ကာယဒိဋ္ဌိအယူအဆ တစ်ခုကို တရားသေဆုပ်ကိုင်ပြီး မြတ်စွာဘုရားရှင် အားမေးမြန်းသော အဖြေမရသည့်ပုစ္ဆာတစ်ရပ်ကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ ကိုယ့်အယူသည် ကိုယ့်အပူ မဖြစ်စေဖို့ အရေးကြီးလှသည်။
တကယ်တော့ သူက သူ့ရဲ့ နိုင်ငံရေးအယူအဆ အရ၊ ကျွန်တော်ကတော့ အဓိမာနအရ သူနှင့် ကျွန်တော်လပိုင်းမျှမခေါ်မပြောဖြစ်ခဲ့ကြ။ ထိုစဉ်က အရေးမပါဟု ထင်ကောင်းထင်မိခဲ့ကြပါမည် ဖြစ်သော်လည်း ယခုလို သူမမျှော်လင့်ဘဲ ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သွားတော့ ဘဝတစ်သက်တာ ၏ နောက်ဆုံးအချိန်ဝယ် “နှုတ်မဆက်လိုက်ရလေ ခြင်း”ဟူသော နောင်တနှင့်အတူ မိတ်ဆွေဝတ္တရား ပျက်ကွက်ခဲ့သည်အထိ အတိုင်းအတာပမာဏ ကြီးမားသွားလေသည်။
သို့အတွက် ကိုဗစ်-၁၉ တတိယလှိုင်းအလွန်ဝယ် ကျွန်တော်တို့သည် အရှုံးထဲက အမြတ်အနေဖြင့် လက်ရှိ လူမှုဆက်ဆံရေးနယ်ပယ်ကို တစ်ချက် ငဲ့စောင်း ပြန်လည်သုံးသပ်ကြည့်ရပါတော့မည်။ နိုင်ငံရေးအယူအဆ၊ သဘောထားရပ်တည်ချက် အမျိုးမျိုးထက် နှစ်ရှည်လများ ရင်းနှီးကျွမ်းဝင်ခင်မင် ခဲ့ကြသည့် ဖြူစင်သောမေတ္တာတရားကို တန်ဖိုးထား လေးစားကြဖို့လိုသည်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့လိုသည်။ လူနှင့်လူ့ပတ်ဝန်းကျင် အညမညဖြစ်စေဖို့ ယောနိသောမနသီကာရ ကောင်းမွန်မျှတသော စိတ်စေတနာတို့ဖြင့် သာယာ သောလူ့ဘောင်ကို အားလုံးဝိုင်းဝန်းတည်ဆောက် ကြရပါမည်။ ဒီမိုကရေစီ၏ သဘောသဘာဝအရ မတူကွဲပြားခြားနားမှုများထဲက စုစည်းညီညွတ်မှု ကို အလေးထားတည်ဆောက်ကြရပါမည်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလဝယ် ထူးခြား ချက်က အိမ်တိုင်းလိုလိုတွင် ဆရာတော်၊ သံဃာ တော်များ ရွတ်ပွားချီးမြှင့်သော ပရိတ်တရားတော် များကို ကြည်ညိုဖွယ် ကြားနာခဲ့ရခြင်းဖြစ်ပါသည်။ အချို့အိမ်များက ဓမ္မရုပ်သံလိုင်းများမှ ထုတ်လွှင့် ပေးခဲ့ပါသော ပရိတ်တရားတော်များကို ဖွင့်လှစ် နာယူကြသည်။ အချို့ကား ကိုယ်တိုင်ရွတ်ပွားပူဇော် ကြသည်။ အထူးသဖြင့် ရတနသုတ်ပရိတ်တော်။
မြတ်ဗုဒ္ဓတရားတော်များက စိတ်ကို လုံခြုံ၊ ကြည်နူး
နိုင်ငံတော်ကထုတ်ပြန်ထားသည့် Stay at Home ညွှန်ကြားချက်ကြောင့် လမ်းများသည် အသွားအလာ လူသူကင်းမဲ့လျက် ခြောက်သွေ့နေ လေသည်။ လူအများစုတို့၏ စိတ်နှလုံးတို့သည် လည်း တုန်လှုပ်ချောက်ချားနေကြသည်။ ကိစ္စ တစ်ခုခုကြောင့် မထွက်မဖြစ် အပြင်သို့ထွက်လာခဲ့ ရသည့် ကျွန်တော်သည် ထိုထိုအိမ်များမှ မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်များကို ကြားနာမိသည့်အခိုက် ဝယ် စိတ်သည်လုံခြုံလာသည်။ ကြည်နူးလာသည်။
ရှေးအခါက ဤကမ္ဘာသည် မှောင်အတိဖြစ်ခဲ့ သဖြင့် ကမ္ဘာဦးလူတို့သည် အလွန်ကြောက်ရွံ တုန်လှုပ်ကြလေသည်။ ထို့နောက်မှာတော့ နေမင်း ကြီးပေါ်ထွက်လာ၍ ကြောက်ရွံ့ခြင်းများ အနည်း ငယ် ကင်းပသွားခဲ့ကြသည်။ ထိုအခါ ကမ္ဘာဦးလူတို့ သည် ငါတို့၏ ရဲရင့်ခြင်းကို ဖြစ်စေသောကြောင့် "သူရိယ"ဟု အမည်မှည့်ကြလေကုန်၏။
ထိုသူရိယနေမင်းသည် တစ်နေ့တာထွန်းလင်း ပြီး ကွယ်ပျောက်သွားပြန်သောအခါ မှောင်အတိ တစ်ဖန်ပြန်ဖြစ်သွားလေသည်။ ကမ္ဘာဦးလူတို့သည် အလင်းရောင်ကိုတစ်ဖန် တောင့်တကြပြန်သည်။ ထိုအခါ လဝန်းကြီးကပေါ်ထွက်လာ၍ ကမ္ဘာဦး လူတို့သည် ငါတို့ ၏ “အလိုဆန္ဒ”ကို သိဘိသကဲ့သို့ဖြစ်ပေါ်လာသောကြောင့် လဝန်းကြီးအား “စန္ဒ”ဟု အမည် မှည့်ကြလေသည်။
ဤသို့ဖြင့် ကမ္ဘာဦးလူတို့သည် ကိုးကွယ်ရာ အဖြစ် အချို့က နေမင်း၊ လမင်း၊ ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်တို့ကိုကြောက်ရွံ့ခြင်းမှ လွတ်ကင်း စေရန်၊ ဘေးဘယာအပေါင်းမှ ဝေးကွာစေရန်၊ ဆင်းရဲခြင်းမှကင်းဝေးစေရန် ကိုးကွယ်ဆည်းကပ် ခဲ့ကြလေသည်။ ထို့နောက် ဘာသာတရားများ ပေါ်ပေါက်လာသည်။ ပစ္စက္ခကာလတွင် ကမ္ဘာ့ လူသားတို့သည် မိမိတို့ယုံကြည်သက်ဝင်ရာအလိုက် ဘာသာတရားများ ကိုးကွယ်ဆည်းကပ်လာကြ သည်။
သရဏဂုံသုံးပါး ခံယူဆောက်တည်
မိမိတို့ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ် ဆည်းကပ်ရာကား ဘုရား၊ တရား၊ သံဃာရတနာ မြတ်သုံးပါးဖြစ်လေသည်။ ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတိုင်း ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိဟူသော သရဏဂုံသုံးပါးကို ငယ်စဉ်ကလေးဘဝကတည်းက ခံယူဆောက်တည် ခဲ့ကြပါသည်။
သို့ရာတွင် ပုထုဇဉ်လူသားများပီပီ များသော အားဖြင့် မီးနှင့်ဝေးသည့်ချိတ်ပမာ ပမာဒ မေ့လျော့ နေခဲ့ကြသည်။ ဃရာဝါသော ဗဟုကိစ္စောဆိုသည့် နှယ် ကိစ္စများမြှောင် လူတို့ဘောင်ဝယ် သားရေး သမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယခု နိုင်ငံရေးတို့ဖြင့် နိစ္စဓူဝ တဝဲဝဲလည်ခဲ့ကြရ ပါသည်။
ကိုဗစ်-၁၉ တတိယလှိုင်း ရိုက်ခတ်ချိန်ဝယ်၌မူ လူတွေကမျက်စိရှေ့အောက်မှာပင် တဖြုတ်ဖြုတ် သေဆုံးပျောက်ကွယ်ကုန်ကြသည်။ ကိုယ်ကိုယ်တိုင် လည်း အစိုးမရတော့။ ရောဂန္တရကပ်ဘေးကြီးဝယ် လူတိုင်း နေ့လား၊ ညလား မသေချာတော့။ ထိုသော အခါ ယခင်က သံဝေဂမပါ တရားမရှာခဲ့ကြသော အများစုတို့သည် သံဝေဂတွေရလာကြသည်။ သံဝေဂပါပါဖြင့် တရားရှာလာကြလေသည်။
အိမ်တိုင်းနီးပါး ကြေးစည်သံတွေ ဝေစီလာ သည်။ သရဏဂုံသုံးပါးတို့ လွှမ်းခြုံလာသည်။ ပရိတ် အရံအတားတို့ဖြင့် စည်းခြားလာကြသည်။ သူတော် ကောင်းဓာတ် တရားမြတ်တို့ လွှမ်းခြုံလာကြပေ သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း သံဃာ တော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ ရပ်ကွက် အလိုက်၊ လမ်းအလိုက် မော်တော်ယာဉ်များဖြင့် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ မေတ္တာ ပို့သခြင်းအစီအမံများကို စီစဉ်ဆောင်ရွက်ပေးခဲ့ ကြပါသည်။
ကျွန်တော်ထင်ပါသည်။ ပစ္စက္ခကာလ ကိုဗစ်-၁၉ တတိယလှိုင်းကို ကြံ့ကြံ့ခံထိန်းချုပ်ရင်း လျော့ပါး ကျဆင်းလာစေရန် အခြေအနေကောင်းများ ဖြစ်ပေါ်လာရခြင်းသည် နိုင်ငံတော်၏ ဦးဆောင်မှု သာမက ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးတို့ ကြောင့်လည်း ပါဝင်သည်ဟု ဤသို့ယုံကြည်မိ ပါသည်။
အနုပဋိလောမရုပ်ဝါဒကို သက်ဝင်ယုံကြည်သူ တို့ကမူ သံဃာတော်အရှင်သူမြတ်များက ခုနစ်ရက် သားသမီးအပေါင်း အန္တရာယ်ကင်းဘေးကင်းစေရန် ရတနသုတ်အပါအဝင် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်မှုကို ပြက်ရယ်ပြုကြသည်။ မေတ္တာ၏ စွမ်းအား၊ သစ္စာ၏စွမ်းအား၊ သီလ၊ သမာဓိ၊ ပညာတို့၏ စွမ်းပကားသတ္တိကို သူတို့အနေ ဖြင့် လက်လှမ်းမမီနိုင်ကြချေ။ မြင်နိုင်စွမ်းလည်း မရှိခဲ့ကြချေ။
ငြိမ်သက်စွာနေခြင်းဖြင့် စွမ်းအားအသုံးပြု
ဘုရားရှင်၏ တပည့်သား သာဝကများသည် သတ္တဝါများ၏ အကျိုးစီးပွားတွက် မိမိတို့ အင်အားရှိ သလောက် မအိပ်မနေ ချီးမြှောက်တော်မူခဲ့ကြ ပါသည်။ အရိယာသာဝကကြီးတို့အင်အားသည် လူသာမန်တို့နားမလည်နိုင်အောင် စွမ်းပကား ကြီးမားလှပေသည်။ ငြိမ်သက်စွာနေခြင်းဖြင့် ထိုင်ရာ မထ နေ့ညမအား ထိုစွမ်းအားတို့ကို အသုံးပြုခဲ့ကြ ပါသည်။
ဂင်္ဂါမြစ်ကမ်း၌နေသော ဗကဗြဟ္မာလောင်း ရသေ့ကြီးသည်ပင် မိမိသင်္ခမ်းကျောင်းနှင့် မလှမ်း မကမ်း ဂေါစရဂါမ်ရွာငယ်သို့ ဓားပြများ ဝင်ရောက် ကာ ရတနာ ရွှေ၊ ငွေနှင့် ကျွဲနွားများပါ ယူဆောင် တိုက်ခိုက်သွားကြစဉ် တန်ခိုးဖြင့် စစ်တပ်အသွင် ဖန်ဆင်း၍ ရှေ့မှ ဆီးကြိုလျက် ကိုယ်ရောင်ပြရာ ဓားပြများပစ္စည်းချ၍ထွက်ပြေးကြရသည်။ သို့ရာ တွင် ဂင်္ဂါမြစ်ကမ်းရွာသားတို့သည် “ရသေ့ကြီး ၏ ကျေးဇူးကိုမမြင်၊ ဘုရင့်တပ်မတော်ကြီး၏ ကယ်တင်မှု”ဟုသာ ထင်ခဲ့ကြသည်။
လူငယ်များ ပရဟိတလုပ်ငန်းပါဝင်လာ
သို့ရာတွင် ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာ ပြည်သူအများစုသည် ရတနာမြတ်သုံးပါး၏ ဂုဏ် ကျေးဇူးတို့ကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ကြ ကုန်၏။ သို့အတွက် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဝယ် ပြည်မြန်မာသည် မင်္ဂလာရှိသော တရားဓမ္မ အသံများဖြင့် ဝေစီခဲ့လေသည်။ အလှူဒါနပြုကြသူ များ အထူးများပြားလာသည်။ အချင်းချင်းရိုင်းပင်း ကူညီမှု၊ ညှာတာစာနာမှုတို့နှင့်အတူ ဗြဟ္မစိုရ်တရား တို့ ထွန်းပလာသည်။ လူငယ်မောင်မယ်များသည် လည်း ပရဟိတလုပ်ငန်းများတွင် ရှေ့တန်းက ပါဝင် ကူညီလာကြသည်။
ဤသည်တို့က ကိုဗစ်-၁၉ တတိယလှိုင်းကာလ အရှုံးထဲကအမြတ်ဟုသာ ဆိုရပါမည်။ ကိုဗစ်-၁၉ တတိယလှိုင်းအလွန်တွင် သံဝေဂတရားများနှင့် အတူ ကောင်းမြတ်သော မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာကောင်းများကို ဆက်လက် လက်ဆင့် ကမ်း သယ်ပိုးရင်း တို့သာသနာ တို့ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။
- Log in to post comments