တုန်လှုပ်မှုမရှိအောင် နေထိုင်ခြင်း

Type
5

 

အေးမိုးလှိုင်

လူသားတွေ ဘဝတစ်လျှောက် လောကဓံတရားတွေနဲ့ ရင်ဆိုင်ကြရတဲ့အခါ တုန်လှုပ်မှုအမျိုးမျိုး ဖြစ်ပေါ်ကြလေ့ရှိပါတယ်။ စီးပွားရေး ပျက်စီးသွားလို့၊ ချစ်ခင်ရတဲ့သူတွေနဲ့ ကွေကွင်းရလို့၊ သေဘေးနဲ့ ကြုံရလို့ စသည်ဖြင့် ရင်ဆိုင်ရတဲ့အခါ တုန်လှုပ်မှုတွေ ဖြစ်ကြရပါတယ်။ ဒါဟာ လောကဓံပဲမို့ လူတိုင်း တွေ့ကြုံရမယ့် ကိစ္စပါ။

“ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ” တဲ့။ အနက်အဓိပ္ပာယ်ကတော့ လောကဓမ္မေဟိ-လောကဓံတရား ရှစ်ပါးတို့နှင့်၊    ဖုဋ္ဌဿ-တွေ့ထိ သော၊ ယဿ-အကြင်ရဟန္တာပုဂ္ဂိုလ်တို့၏၊ စိတ္တံ-စိတ်သည်၊ နကမ္ပတိ-မတုန်လှုပ်လို့  ဖွင့်ဆိုထား ပါတယ်။  ဘုရား၊ ရဟန္တာကလွဲရင် ပုထုဇဉ် သာမန် လူပုဂ္ဂိုလ်တွေဟာ    ဒီလောကဓံတရားရှစ်ပါးနဲ့ တွေ့လာတဲ့အခါ မခံနိုင်ကြတော့ပါဘူး။ အကုသိုလ် တွေ ပိုပြီးတိုးလာကြတော့တာပဲ။     လောကဓံတရား ရှစ်ပါးမှာ အကောင်းလေးပါး၊ အဆိုးလေးပါး ဒွန်တွဲ နေကြပါတယ်။
အကောင်းလောကဓံတရားလေးပါးက လာဘ-လာဘ်လာဘရခြင်း၊ ယသ- အခြွေအရံများခြင်း၊ ပသံသာ-ချီးမွမ်းခံရခြင်း၊   သုခ-ချမ်းသာခြင်းတို့ ဖြစ်ပြီး   အဆိုးလောကဓံတရားလေးပါးကတော့ အလာဘ-လာဘ်လာဘချို့တဲ့ခြင်း၊ အယသ-အခြွေ အရံကင်းမဲ့ခြင်း၊ နိန္ဒ-အကဲ့ရဲ့ခံရခြင်း၊ ဒုက္ခ-ဆင်းရဲ ခြင်းတွေပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က သာဓကတွေပြ ဟောကြားတော်မူ
မြတ်စွာဘုရားရှင်က       သာဓကတွေပြပြီး ဟောကြားတော်မူတာတွေ  ရှိပါတယ်။ ပဋာစာရီ ဆိုတဲ့အမျိုးသမီးဟာ  မိဘမောင်ဖား၊  ယောက်ျား နဲ့သား မျက်စိရှေ့မှာ သေဆုံးခဲ့ရတော့ တုန်လှုပ်ပြီး ရူးသွပ်သွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဘုရားရှင်နဲ့ တွေ့မှ ဘုရားဟောကြားတဲ့    တရားတော်တွေကို နာယူဆင်ခြင်ရင်း ရဟန္တာထေရ်ရီ ဖြစ်သွားတာ လည်း နာယူမှတ်သားဖူးကြမှာပါ။
စာရေးသူကိုယ်တိုင် ကြုံတွေ့နေရတဲ့ လောကဓံ ကိုလည်း ဖော်ပြချင်ပါတယ်။ စာရေးသူဟာ အစိုးရ ဝန်ထမ်းတစ်ဦး  ဖြစ်ပါတယ်။     အသက်အရွယ် ရောက်လာတော့ မကျန်းမမာဖြစ်လာတဲ့အခါ အမျိုး သမီးတို့ရဲ့ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာအရ သွေးရိုးသားရိုး သာမန်နေမကောင်းမှုပဲလို့ ထင်ခဲ့မိတယ်။ ဆရာဝန် တစ်ဦးရဲ့ အကြံပေးမှုကြောင့်    သားဖွားမီးယပ် ဆရာဝန်နဲ့ပြသလိုက်လို့    အဖြစ်မှန်သိလိုက်ရတဲ့ အခါမှ ထိတ်လန့်တုန်လှုပ်မှုကို ပထမဆုံး ရင်ဆိုင် လိုက်ရပြီး ဘာမှကို သတိမရှိနိုင်တော့ပါဘူး။ စာရေး သူရဲ့ရောဂါဟာ အမျိုးသမီးများ   ဖြစ်ပွားနိုင်လေ့ ရှိတဲ့    သားအိမ်ခေါင်းကင်ဆာ ရောဂါအဆင့်(၃) ဖြစ်နေတာပါ။
ရန်ကုန်မှာ  ခေတ္တတာဝန်ထမ်းဆောင်နေချိန်    မိဘ၊   မောင်နှမတွေလည်း   အနားမှာမရှိတော့     ရူးမတတ်၊ သေလောက်အောင်   စိတ်ညစ်ညူးပြီး လူ့ဘဝကို စိတ်ကုန်လိုက်တာလို့ စဉ်းစားမိခဲ့ပါတယ်။ အဲဒီအချိန်မှာ   စာရေးသူရဲ့    ဘကြီးဖြစ်သူက   ဖုန်းဆက်တော့မှ   သတိဝင်လာပြီး    “ငါပြန်မယ်၊ ဒီလိုရောဂါဆိုတာ      ဆေးခန်းလောက်နဲ့မရဘူး၊ ဆေးရုံကြီးမှာ သေချာပြသကုသမှုခံယူရမယ်” လို့ တွေးပြီး နေပြည်တော်ကို ခဏပြန်လာခဲ့ပါတယ်။ နေပြည်တော်ဆေးရုံဝင်းထဲရောက်လို့   အရွယ်စုံ၊ ရောဂါစုံ၊ ဒေသစုံက လူတွေကိုတွေ့ပြီး “ငါစိတ်ပျက် အားငယ်လို့ မရဘူး၊   ပျောက်ကင်းအောင်ကုရမယ်” လို့ သန္နိဋ္ဌာန်ချခဲ့ပါတယ်။
စာရေးသူရဲ့ လောကဓံဟာ ဒါလောက်နဲ့ပဲ မပြီး ခဲ့ပါဘူး။ စာရေးသူရဲ့ဘဝကို အဆုံးသတ်ဖို့ စဉ်းစား တဲ့နေ့က ဖုန်းဆက်လာတဲ့ ဘကြီးဖြစ်သူဟာ သုံးလ လောက်အကြာမှာပဲ   နှလုံး၊    အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ရပါတယ်။ ဒီလို ထပ်ဖြစ်လာတော့ မည်သို့ပင် အသိ-သတိထားရင်းနဲ့ကို  ပဋာစာရီလို ချာချာလည်သွားခဲ့ရပါတယ်။  မိဘ၊   မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေတွေက နှစ်သိမ့်လာခဲ့ကြပေမယ့် သတိက ကပ်လိုက်၊ ကွာလိုက်ပါပဲ။
နောက်ဆုံးထွက်သက်အထိ
 ကြံ့ခိုင်အောင် စိတ်ကိုပြင်ဆင်
ဒီလိုနဲ့ ရောဂါကိုတွန်းလှန်ရင်း တစ်နှစ်ကျော် လာပြီး ဆရာတော်ကြီးတွေရဲ့   တရားအဆုံးအမ များစွာကို နာယူလိုက်ရတော့မှ “ဪ… ဒါ လူတိုင်း တွေ့ကြုံရတဲ့ လောကဓံပဲ။    ဘုရားနဲ့ ရဟန္တာတွေ တောင်မှ  တွေ့ကြုံရပြီး     ဒီလောကဓံရှစ်ပါးကို ကြံ့ကြံ့ခံသွားကြတာပဲ။ ငါလည်း တစ်ခုခုဖြစ်လာရင် အမှတ်ရှိရှိနဲ့ သတိကပ်တော့မယ်။ ဒါမှ တုန်လှုပ်မှု မရှိအောင် နေနိုင်မှာ”ဆိုပြီး ကြံ့ခိုင်လာခဲ့ရပါတယ်။ နောက်ဆုံးထွက်သက်အထိ  ကြံ့ခိုင်အောင်ကြိုးစားဖို့ စိတ်ကို ပြင်ဆင်နေရပါတယ်။
လူအတော်များများ  ပြောလေ့ရှိကြပါတယ်။ “ငါ့ကျမှ ဘဝကြီးဟာ ဒီလိုဖြစ်ရတယ်။ မတရားဘူး။ ဒီလောကကြီးထဲ   ရောက်လာတာ   မထိုက်တန် ဘူး” ဆိုပြီး   မိမိကိုယ်ကိုရော၊   လောကကြီးကိုပါ   ပြစ်တင်ဝေဖန်ရင်း နေထိုင်ကြသူတွေ    ဒုနဲ့ဒေးပါပဲ။ ငါခံစားနေရတဲ့အပူတွေ၊ ငါ့လောက်ပူလောင်တဲ့လူ  ရှိရောရှိနိုင်ပါ့မလားလို့  မတွေးလိုက်ပါနဲ့။ ဘုရားရှင် တောင်မှ အရှက်ခွဲခံ၊ အဆဲခံ၊ တံတွေးနဲ့ ထွေးတာ ခံခဲ့ရသလို ဝေဠုဝရွာမှာ တစ်ဝါတွင်းလုံး ဆွမ်းမရလို့ ဂျုံနဲ့ပဲ ဆွမ်းကိစ္စပြီးခဲ့ရပါတယ်။ လူသေအလောင်း က အဝတ်ကိုခွာပြီး    သင်္ကန်းအဖြစ် ဝတ်ခဲ့ရတယ်။   နိပါတ်တော်တွေထဲမှာ  တရားထူး ရသွားသူတွေဟာ  အကြီးစားလောကဓံတရားကို ခံစားခဲ့ရသူတွေပါ။
လူ့လောကကို    ရောက်လာကြသူတိုင်းဟာ ခန္ဓာရှိနေသရွေ့  လောကဓံတရားကို  ရှောင်လို့ မရနိုင်ပါဘူး။ အသိတစ်ခုရသွားမှသာလျှင် တွေ့ကြုံ လာရတဲ့  လောကဓံကို    ခံနိုင်ရည်ရှိနိုင်မှာပါ။ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဒုက္ခသစ္စာကို   သံဝေဂဉာဏ်နဲ့ပေါင်းပြီး   မဂ္ဂသစ္စာဆိုက်အောင် လုပ်မှသာလျှင်   လောကဓံတရားကို    ကျော်လွှား နိုင်မှာလို့ ဟောကြားတော်မူပါတယ်။    တစ်ဖန်    ဖားအောက်ဆရာတော်ကြီးကလည်း  လောကဓံ လေပြင်းမုန်တိုင်းတွေကြောင့် တုန်လှုပ်ခြင်းမရှိဘဲ စိတ်ကို အလယ်ခေါင်မှာ   ငြိမ်ဝပ်စွာထားနိုင်တဲ့   စိတ်ထားလေးတစ်ခုကို တာဒိဂုဏ်လို့ ခေါ်ပါတယ် တဲ့။ အဲဒီ တာဒိဂုဏ်နဲ့ ပြည့်စုံတဲ့အဆင့်ရောက်အောင် ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်က အစ၊ အလယ်၊   အဆုံးဆိုတဲ့ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံတဲ့တရား တော်ပဲ ဖြစ်ပါတယ်။  ဘုရားရှင်ရဲ့ ပဋိပတ်တရား တော်တို့ဟာ အစွန်းလွတ်အောင် ဟောကြားတော် မူတဲ့  တရားတော်တွေမို့ “သွာက္ခာတဂုဏ်”နဲ့ ပြည့်စုံ တဲ့    တရားတော်တွေ ဖြစ်ကြပါတယ်။
လောကဓံတရားရှစ်ပါးကို သိထားမှ
ကြံ့ကြံ့ခံနိုင်
ဒါကြောင့် ဆရာတော်ကြီးတွေ မိန့်တော်မူတဲ့ အတိုင်း လူတိုင်း လောကဓံတရားနဲ့ တွေ့ကြုံလာရင် တုန်လှုပ်ခြင်းကင်းစွာ           ရင်ဆိုင်နိုင်ကြမှသာလျှင် လောကဓံကို  ကြံ့ကြံ့ခံနိုင်ကြမှာပါ။
ဒါကြောင့် စာရေးသူတို့  တွေ့ကြုံခံစားရတဲ့ ဒုက္ခဝေဒနာတွေဟာ လောကဓံတရားပဲဖြစ်ပါတယ်။ လောကဓံတရားတွေဟာ ဘုရားရှင်နဲ့ ရဟန္တာတွေ တောင်  တွေ့ကြုံခဲ့ရတာကြောင့် မိမိတို့လို လူသား အားလုံးတို့ဟာလည်း    လောကဓံတရားတွေနဲ့ တွေ့ကြုံရတဲ့အခါ တုန်လှုပ်ခြင်းမရှိအောင် နေထိုင် နိုင်မှသာလျှင် သံသရာမှာ အေးနိုင်မှာဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်  မိန့်ကြားတော်မူတဲ့   တရားဓမ္မတွေ ကို  မပြတ်သိမှတ်ဆင်ခြင်ပြီး    မိမိဘဝကို   စိတ်ချ လက်ချ နေနိုင်သွားအောင် ကြိုးစားကြရမှာဖြစ်ပါ တယ်လို့    စာရေးသူရဲ့    ဘဝအတွေ့အကြုံတွေနဲ့ ထပ်လောင်းပေါင်းစပ်  ရေးသားဖော်ပြလိုက်ရပါ တယ်။               ။