တူနီးရှားကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်ရေး အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့သည့် ဩစတြေးလျ

 

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဃ) ပွဲစဉ် (၂)မှ တူနီးရှားနှင့် ဩစတြေးလျအသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ဩစတြေးလျ က  တစ်ဂိုး - ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့သောကြောင့် နောက်တစ်ဆင့်  တက်ရောက်ရေး မျှော်လင့်ချက် အားကောင်းလာခဲ့သည်။ 

 


တူနီးရှားအသင်းရော ဩစတြေးလျအသင်းပါ နောက်တစ်ဆင့်တက်ရောက်ရေးအတွက် အရေးပါ သည့် ပွဲစဉ်ဖြစ်သည့်အလျောက် နောက်ဆုံးမိနစ် အပိုင်းအခြားအထိ အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ ပွဲချိန်အများစုကို  တူနီးရှားအသင်း က   လွှမ်းမိုးထားနိုင်ခဲ့သော်လည်း  ဩစတြေးလျ အသင်း၏     ခက်ထန်မာကျောသည့်     တုံ့ပြန်ကစားမှု အောက်တွင် ပုံစံကောင်းပျောက်ဆုံးခဲ့ကာ ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ 

 


ဩစတြေးလျအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကို  ပွဲချိန် ၂၃ မိနစ်တွင်    ရရှိခဲ့ပြီး  ဒပ်ခ်က   သွင်းယူပေးခဲ့သည်။ ဩစတြေးလျအသင်းက ယခုပွဲအနိုင်ရရှိမှုကြောင့် နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် သုံးမှတ် ရရှိထားပြီး ပြိုင်ဘက်တူနီးရှား အသင်းက နိုင်ပွဲမရရှိသေးဘဲ နှစ်ပွဲကစား တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရမှတ် တစ်မှတ်သာ ရရှိထားသည်။ 

 


အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၃၀ ရက်တွင် တူနီးရှား အသင်းက နာမည်ကြီး ပြင်သစ်အသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်ပြီး ဩစတြေးလျအသင်းက ဒိန်းမတ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရ မည်ဖြစ်သည်။ 

 


အုပ်စု(ဂ) ဒုတိယပွဲစဉ်အဖြစ်  ပိုလန်နှင့်  ဆော်ဒီအသင်းတို့ ည ၇ နာရီခွဲတွင်   ယှဉ်ပြိုင်ကစားရာ   ပိုလန်က နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရသည်။ အုပ်စုမှတက်နိုင်ရေးအတွက်  နှစ်သင်းစလုံး အပြန် အလှန်   ထိုးဖောက်ကစားခဲ့ပြီး   ပွဲချိန်   ၄၅ မိနစ်တွင်ရရှိသည့် ပယ်နယ်တီကို    ဆော်ဒိတို့    ဂိုးအဖြစ်   မပြောင်းလဲနိုင်သဖြင့် နစ်နာခဲ့ရသည်။ ပိုလန်အတွက်  အနိုင်ဂိုးများကို ပွဲချိန် ၃၉ မိနစ်တွင် ဇီလင်စကီနှင့် ၈၂ မိနစ်တွင် လီဝမ်ဒေါစကီးတို့က သွင်းယူခဲ့သည်။ ပိုလန်က နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ လေးမှတ်နှင့် ဆော်ဒီ က နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံး သုံးမှတ် ရထားသည်။

 


ည ၁၀ နာရီခွဲတွင် အုပ်စု(ဃ) ဒုတိယပွဲစဉ်ဖြစ်သည့် ပြင်သစ်နှင့် ဒိန်းမတ်ပွဲတွင် ပြင်သစ်က နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရသည်။

အောင်ဇော်