UFC -302 ပြိုင်ပွဲတွင် မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန် တွဲဆိုင်း ပါဝင်မည်

ရန်ကုန်  မေ  ၁၀
UFC- 302  ပြိုင်ပွဲကို  ဇွန် ၁ ရက် (မြန်မာစံတော်ချိန် ဇွန် ၂ ရက် နံနက်အစောပိုင်း)တွင်  အမေရိကန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး  မြန်မာ MMA ဖိုက်တာ  ဂျိုရှု အာဗန်၏ တွဲဆိုင်း ပါဝင်လာမည်ဖြစ်သည်။
ဂျိုရှုအာဗန်သည် UFC နှင့် လက်တွဲအပြီး လေးပွဲ မြောက် ထိုးသတ်ရခြင်းဖြစ်ပြီး  ဖလိုင်းဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ဂျပန်နိုင်ငံသား တက်ဆုရိုတာရီယာ နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ဂျိုရှုအာဗန် သည် MMA ပွဲပေါင်း ၁၁ ပွဲထိုးသတ်ထားရာ ၁၀ ပွဲ အထိ အနိုင်ရထားပြီး ဂျိုရှုအာဗန်နှင့်  ထိုးသတ်မည့် တာရီယာသည် MMA ပွဲပေါင်း ၁၅ ပွဲထိုးသတ်ရာ ၁၅ ပွဲစလုံး အနိုင်ရထားသည်။ ဂျိုရှုအာဗန်သည် MMA လောကတွင်   နာမည်ရလာသည့်  လူငယ်ဖိုက်တာ တစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် နာမည်ကျော်တိုက်ခိုက်ရေးအဖွဲ့အစည်း UFC နှင့် လက်တွဲခွင့်ရခဲ့သည်။ ဂျိုရှုအာဗန်သည်  UFC နှင့်  လက်တွဲအပြီး  သုံးပွဲ ထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရခဲ့သည်။ ဂျိုရှု အာဗန်သည် ၂၀၂၃ ခုနှစ် ဇွန် ၂၅ ရက်တွင် ကာဇက် စတန်နိုင်ငံသား ရူမာဂူလော့ဗ်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ပီရူးနိုင်ငံသား ကီဗင်ဘိုးဟို့စ်၊ ယခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ဘရာဇီးနိုင်ငံသား ဖိလစ်ပီ ဘူနက်စ်တို့နှင့် ယှဉ်ပြိုင်ထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရထားသည်။            ရဲရင့်လွင်၊ ဓာတ်ပုံ-UFC