ဥပဒေနှင့် ကျင့်ဝတ်ချိုးဖောက်မှု

 

 

ကမ္ဘာတစ်ခွင်  ကိုဗစ်-၁၉  ရောဂါ     ကူးစက်ခံရသူပေါင်း သန်း ၃၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။    ဗီဇပြောင်း   ကိုဗစ်-၁၉ အိုမီခရွန် ကူးစက်မှုကြောင့်      ကမ္ဘာ့နိုင်ငံအချို့တွင်     နေ့စဉ်    ကူးစက်ပျံ့နှံ့မှု စံချိန်တင် မြင့်မားလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် စပ်လျဉ်း၍  ပြည်တွင်း၌ ငြင်းခုံနေကြဆဲဖြစ်သော အမေရိကန် ပြည်ထောင်စုမှာ နေ့စဉ်ကူးစက်မှုနှင့် အပတ်စဉ်ကူးစက်မှုနှုန်းတို့   စံချိန်တင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ် တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအများဆုံး  နိုင်ငံဖြစ်ပြီး  ဓာတ်ခွဲ အတည်ပြုလူနာ ၆၁ သန်းကျော်  တွေ့ရှိထားပြီး ကိုဗစ်-၁၉ ကြောင့်  သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ အချိန်တွင် ကမ္ဘာတစ်ဝန်း၌ ခြိမ်းခြောက်နေသည့် အိုမီခရွန် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲဖြစ်ပွားမှုကို မျက်ခြည်မပြတ်   စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။    ပြည်ပနိုင်ငံအသီးသီးမှ   လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့    ပြန်လည်ဝင်ရောက်လာသူများကို   အသွားအလာ ကန့်သတ်မှုနှင့်  ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတို့ ပြုလုပ်သည့် အစီအစဉ် အရ  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ခံထားရသူများကို တွေ့ရှိခဲ့ရသည်။   ကူးစက်မြန်ပြင်းထန်သည့်   ကိုဗစ်-၁၉ မျိုးကွဲ ဒယ်လ်တာထက်ပို၍ ကူးစက်မှုမြန်ဆန်သည်ဟု ဆိုသည့် အိုမီခရွန် မျိုးကွဲသည် မြန်မာနိုင်ငံတွင်   ကူးစက်ပျံ့နှံ့မည်ဆိုပါက  ကျန်းမာရေး ဆိုင်ရာ ဝန်ပိဖိစီးမှုများ  ဖြစ်ပေါ်လာနိုင်သည့်အလျောက်  ကြိုတင် ကာကွယ်မှုကို    အထူးအာရုံစိုက်     ဂရုပြုဆောင်ရွက်နေရခြင်း လည်း ဖြစ်သည်။    ပြည်တွင်းကူးစက်မှုမရှိသေးသည့် အိုမီခရွန် ဗိုင်းရပ်စ်ဗီဇမျိုးကွဲကို   ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်ပမှ ဝင်ရောက်လာနိုင်သည့် ဝင်/ထွက် ဂိတ်များ၊ ရေကြောင်း၊ လေကြောင်း ဝင်ပေါက်များမှ လာရောက်မည့် ခရီးသွားများ အသွားအလာကန့်သတ် မှု၊   ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ   ဆောင်ရွက်မည့် အစီအစဉ်နှင့် ထပ်မံဖြည့်စွက်ထားသည့်   လုပ်ငန်းစဉ်ကြေညာချက်ကို  သံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ အသိပေးထားပြီးလည်းဖြစ်သည်။
မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်ခဲ့ပြီး ဟိုတယ်ကွာရန် တင်းဝင်နေစဉ်    ကိုဗစ်-၁၉ ရောဂါ   စစ်ဆေးတွေ့ရှိထားသည့် အမေရိကန်သံတမန်  နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတစ်ဦးနှင့် အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးတို့ကို အမေရိကန်သံရုံးဝန်ထမ်း တစ်ဦးနှင့်   အပေါင်းအပါတို့က   မည်သည့်ခွင့်ပြုချက်မှမပါရှိဘဲ ဟိုတယ်မှ   လာရောက်ခေါ်ဆောင်သွားမှုက   ဥပဒေချိုးဖောက်မှု ဖြစ်သကဲ့သို့ မြန်မာပြည်သူတို့ ကြိုးပမ်းဆောင်ရွက်နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ   ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေးတို့ကို  အလေးအနက်မပြုမှု၊ ဆိုးရွားစွာထိခိုက်စေ မှုလည်းဖြစ်သည်။  ထို့အပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများသည် ကျန်းမာရေးဝန်ကြီးဌာန က ချမှတ်ထားသည့် စံသတ်မှတ်ချက်များအညီ သတ်မှတ်ထားသည့် အစိုးရဆေးရုံ၊ ပုဂ္ဂလိက‌ဆေးရုံများတွင်  တက်ရောက်ကုသမှု ခံယူ ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှု ကာကွယ် ရေးဆောင်ရွက်ချက်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ       ဆောင်ရွက်နေခြင်းဖြစ်ရာ သံတမန်များအနေဖြင့်  သံတမန်ကင်းလွတ်ခွင့်ကို မထိခိုက်စေဘဲ မြန်မာနိုင်ငံ၏ဥပဒေများကို  လေးစားကြရမည်ဖြစ်သလို လူသားတို့ ၏ ကျင့်ဝတ်ကိုလည်း စောင့်ထိန်းကြရန်လိုသည်။ မိမိတို့၏ အပြုအမူ ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ် လာနိုင်သည့်အခြေအနေမျိုးကို   ရှောင်ရှားစောင့်စည်းကြရမည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ  အိုမီခရွန်ကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေပြီး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွား လာနိုင်သည့် အခြေအနေကို ကြိုတင်မျှော်တွေးကာ မိမိတို့တွင်ရှိသည့် အင်အားအရင်းအမြစ်များကို စုစည်း၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေချိန်တွင် ဆင်ခြင်တုံတရားပြည့်ဝသည့် အပြုအမူ၊ ကောင်းမြတ် သည့် စိတ်နှလုံးတို့ဖြင့် ပူးပေါင်းကူညီခြင်းဖြင့်သာ သံတမန်ကောင်းတို့ ၏ အရည်အသွေးကို ပြသအပ်ပါကြောင်း။      ။