
မေနယ်လီ
နိဒါန်း
ရုရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်ပြီး ဧရိယာစတုရန်းမိုင် ၁၇ သန်းကျော်ကျယ်ပြန့်ကာ သက်ရှိများနေထိုင်သည့် ကမ္ဘာမြေကြီး၏ ၈ ပုံ ၁ ပုံ ရှိသည်။ နိုင်ငံအတွင်း မတူညီသော ဒေသစံတော်ချိန် ၁၁ မျိုးရှိပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ၁၉၂၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ရုရှားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု (Union of Soviet Federative Socialist Republic-USSR)၏ အကြီးမားဆုံးသော အစိတ်အပိုင်းဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှစတင်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအဖြစ် တည်ထောင်ခဲ့သည်။ လူဦးရေ ၁၄၂ ဒသမ ၆ သန်းကျော် နေထိုင်လျက်ရှိပြီး ဥရောပတိုက်တွင် လူဦးရေ အထူထပ်ဆုံးနှင့် ကမ္ဘာပေါ်တွင် နဝမမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံ ဖြစ်သည်။ မြို့တော်မှာ မော်စကိုဖြစ်ပြီး လက်ရှိသမ္မတမှာ ဗလာဒီမီယာ ပူတင်ဖြစ်ကာ ဝန်ကြီးချုပ်မှာ ဒီမထရီမက်ဗီဒေ့ဗ် ဖြစ်သည်။
ရုရှားနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စုဖြစ်သည့် အားလျော်စွာ စီရင်စု(Province)၄၆ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Autonomous) ၂၂ ခု၊ ပြည်ထောင်စုနယ်မြေ(Territories) ကိုးခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်(Autonomous District) လေးခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု (Autonomous Oblast) တစ်ခု၊ ဖက်ဒရယ်မြို့တော် (Federal Cities) သုံးခု ရှိသည်။
ရုရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတမှာ နိုင်ငံ့အကြီးအကဲ ဖြစ်ပြီး ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့အကြီးအကဲဖြစ်သည်။ အစိုးရအဖွဲ့ ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် အခြားပုဂ္ဂိုလ် များကို ဝန်ကြီးချုပ်၏ထောက်ခံချက်ဖြင့် သမ္မတက အမည်စာရင်း တင်သွင်းပြီး အောက်လွှတ်တော် (State Duma)၏ အတည်ပြုချက်ဖြင့် ခန့်အပ်သည်။ အခြေခံအားဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး မဏ္ဍိုင်သုံးရပ်ဖြင့် ဖက်ဒရယ်အစိုးရက အုပ်ချုပ်သည်။ ရုရှားနိုင်ငံတွင် အမျိုးသမီးများမဲပေးခွင့်ကို ၁၉၁၇ ခုနှစ်က ခွင့်ပြုခဲ့ပြီး ကမ္ဘာ့အစောဆုံး နိုင်ငံများတွင် ပါဝင်သည်။
ဥပဒေပြုရေး
ရုရှားနိုင်ငံ ဖက်ဒရယ်လွှတ်တော်တွင် လွှတ်တော် နှစ်ရပ်ရှိပြီး အမတ်နေရာ ၄၅၀ ရှိသော အောက်လွှတ်တော်(State Duma)နှင့် ကိုယ်စားလှယ်နေရာ ၁၇၀ ရှိသော အထက်လွှတ်တော် (Federation Council)တို့ ပါဝင်သည်။ ဖက်ဒရယ်ဥပဒေများ အတည်ပြုခြင်း၊ စစ် ကြေညာခြင်း၊ နိုင်ငံများအကြား သဘောတူစာချုပ်များအတည်ပြုခြင်း တို့ကို ဆောင်ရွက်ပြီး ဘဏ္ဍာရေးကိစ္စဆိုင်ရာများနှင့် သမ္မတအား ရှုတ်ချဖယ်ရှားနိုင်သော အာဏာများရှိသည်။
အုပ်ချုပ်ရေး
သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ဥပဒေ အဖြစ် အတည်မပြုမီ ဥပဒေကြမ်းများအား ဗီတိုအာဏာဖြင့် ပယ်ဖျက် နိုင်သည်။ အစိုးရအဖွဲ့(ကတ်ဘိနက်)၊ ဖက်ဒရယ်ဥပဒေများနှင့် မူဝါဒ များကိုချမှတ်သည့် အရာရှိကြီးများအား ခန့်အပ်ခွင့်ရှိသည်။
တရားစီရင်ရေး
သမ္မတ၏ထောက်ခံချက်ဖြင့် ဖက်ဒရေးရှင်းကောင်စီ(Federation Council)က ခန့်အပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ တရား လွှတ်တော်ချုပ်နှင့် ယင်းအောက်ရှိ ဖက်ဒရယ်တရားရုံးများဆိုင်ရာ တရားသူကြီးများသည် ဥပဒေများအရ တရားစီရင်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မညီသည့် ဥပဒေများအား ပယ်ဖျက်နိုင်သည်။
ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲစနစ်များ
ရုရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ ဖက်ဒရယ်လွှတ်တော် ရွေးကောက်ပွဲနှင့် ဒေသန္တရ မြို့တော်ဝန်ရွေးကောက်ပွဲများဟူ၍ ရှိသည်။ ဖက်ဒရယ်လွှတ်တော်တွင် အထက်လွှတ်တော် (Federation Council) နှင့် အောက်လွှတ်တော် (State Duma)ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည်။ သမ္မတရွေးကောက်ပွဲများကို ခြောက်နှစ်လျှင် တစ်ကြိမ် Two Round System စနစ်ဖြင့်လည်းကောင်း၊ ဖက်ဒရယ်လွှတ်တော် ရွေးကောက်ပွဲ များ၌ အောက်လွှတ်တော်(State Duma) ရွေးကောက်ပွဲများကို ငါးနှစ် လျှင် တစ်ကြိမ် FPTP နှင့် PR စနစ်များဖြင့်လည်းကောင်း ကျင်းပ ပြုလုပ်သည်။ သက်တမ်းလေးနှစ်ရှိသော အထက်လွှတ်တော်(Fede- ration Council)အား တိုက်ရိုက်ရွေးချယ်ခြင်းမဟုတ်ဘဲ ပြည်နယ် ၈၅ ခုမှ ဥပဒေပြုရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိုယ်စားလှယ် နှစ်ဦး စီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ သမ္မတက ကိုယ်စားလှယ် ၁၀ ရာခိုင် နှုန်းအား ခန့်အပ်ခွင့်ရှိသည်။
သမ္မတရွေးကောက်ပွဲများ
ရုရှားနိုင်ငံတွင် သမ္မတမှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်ကာ သမ္မတ၏ သက်တမ်းမှာ ခြောက်နှစ်ဖြစ်သည်။ ၂၀၀၈ ခုနှစ်အထိ သမ္မတသက် တမ်းမှာ လေးနှစ်ဖြစ်သည်။ သမ္မတကို Two Round System စနစ်ဖြင့် ရွေးကောက်တင်မြှောက်ပြီး ပထမအကြိမ် ရွေးကောက်ပွဲတွင် မဲ အပြတ်အသတ်အနိုင်ရရှိသူ ကိုယ်စားလှယ်လောင်းမရှိပါက မဲအများ ဆုံးရရှိသည့် ကိုယ်စားလှယ်လောင်း နှစ်ဦးအား ဒုတိယအကြိမ်အဖြစ် ပြန်လည်ယှဉ်ပြိုင်စေသည့်စနစ်ဖြစ်သည်။ ဒုတိယအကြိမ် ယှဉ်ပြိုင်မှု တွင် အနိုင်ရရှိသူသည် ဆန္ဒမဲစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် ရရှိ ရမည်ဖြစ်သည်။ သမ္မတအား ရွေးကောက်တင်မြှောက်မှုကို ရုရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၀ မှ ၉၃ ၌ ဖော်ပြထားပြီး ရွေးကောက်ပွဲ တွင် လျှို့ဝှက်မဲပေးစနစ်ကို အသုံးပြုရွေးချယ်ခြင်းဖြစ်သည်။ အသက် ၃၅ နှစ်ပြည့်ပြီးသော ရုရှားနိုင်ငံအတွင်း အနည်းဆုံး ၁၀ နှစ်ကြာ တစ်ဆက်တစ်စပ်တည်း နေထိုင်သည့် ရုရှားနိုင်ငံသားများသည် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းသည် ယခင်က မဲ ဆန္ဒရှင် တစ်သိန်း၏ ထောက်ခံချက်လက်မှတ်များ လိုအပ်ပြီး ၁၉၉၅ ခုနှစ်မှစတင်ကာ မဲဆန္ဒရှင် တစ်သန်း၏ ထောက်ခံချက်လက်မှတ်များ ရရှိရန်လိုသည်။ ယခင်က ရုရှားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ လူ တစ်ဦးတည်းအား သမ္မတအဖြစ် တစ်ဆက်တစ်စပ်တည်း သက်တမ်း နှစ်ကြိမ်ထက်ပို၍ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ချက်များအရ ယင်းအချက်အား ပယ်ဖျက်ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ထပ်မံကျင်းပမည်ဖြစ်သည်။
ဖက်ဒရယ်လွှတ်တော် (Federal Assembly)
ရုရှားနိုင်ငံ၏ ဖက်ဒရယ်လွှတ်တော်တွင် အထက်လွှတ်တော် (Federal Council)နှင့် အောက်လွှတ်တော်(State Duma)ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည်။ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများကို ပြည်နယ် ၈၅ ခုတွင် ကျင်းပခြင်းဖြစ်သည်။ ရုရှားနိုင်ငံ၏ ဥပဒေပြု လွှတ်တော်(Federation Council နှင့် State Duma)နှင့် စပ်လျဉ်းပြီး ရုရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၄ မှ ၁၀၉ ထိ ဖော်ပြထားသည်။
အောက်လွှတ်တော်(State Duma)
State Duma ဟုခေါ်သည့် အောက်လွှတ်တော်တွင် အမတ်နေရာ ၄၅၀ ရှိကာ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ (၂၀၀၈ ခုနှစ် ဒီဇင်ဘာလ အထိ သက်တမ်းမှာ လေးနှစ်ဖြစ်သည်။) အမတ်နေရာ၏ ထက်ဝက် ၂၂၅ နေရာအား Closed List Proportional System စနစ်ဖြင့် ရွေးချယ်ပြီး အနိမ့်ဆုံးရရှိရမည့် မဲအရေအတွက် သတ်မှတ်ချက်မှာ ၅ ရာခိုင်နှုန်း ဖြစ်သည်။ ကျန်တစ်ဝက် ၂၂၅ နေရာအား မဲအများဆုံး ရရှိသူ အနိုင်ရသူအကုန်ယူစနစ်(FPTP)ဖြင့် ရွေးချယ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သမ္မတသည် အောက်လွှတ်တော်ရွေးကောက်ပွဲ များကို ကျင်းပခွင့်ရှိသည်။ ရွေးကောက်ပွဲများကျင်းပရန် ဆုံးဖြတ် ခြင်းကို(သတ်မှတ်မည့်) ရွေးကောက်ပွဲနေ့မတိုင်မီ ရက်ပေါင်း ၁၁၀ ထက် မကျော်လွန်၊ ရက်ပေါင်း ၉၀ ထက် နောက်မကျဘဲ ပြုလုပ်ရ သည်။ လက်ရှိ အောက်လွှတ်တော်သက်တမ်း ကုန်ဆုံးမည့်လ၏ တတိယမြောက် တနင်္ဂနွေနေ့သည် ရွေးကောက်ပွဲနေ့ဖြစ်သည်။ အောက် လွှတ်တော်အသစ်၏သက်တမ်းမှာ ရွေးကောက်ပွဲနေ့တွင် စတင်သည်။ အောက်လွှတ်တော် ရွေးကောက်ပွဲများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းတွင် ထပ်မံကျင်းပမည် ဖြစ်သည်။
အောက်လွှတ်တော်ရွေးကောက်ပွဲများ၌ FPTP စနစ်ဖြင့် ကျင်းပ သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်နယ်လျှင် တစ်ဦးနှုန်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းစာရင်းကို လည်းကောင်း၊ PR စနစ်ဖြင့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများစာရင်း ကိုလည်းကောင်း နိုင်ငံရေးပါတီများသည် ပါတီညီလာခံတွင် လျှို့ဝှက် မဲပေးပြီး ရွေးချယ်ရသည်။ PR စနစ်ဖြင့် ရွေးကောက်ပွဲအတွက် ကိုယ် စားလှယ်လောင်းစာရင်းတင်သွင်းသည့် နိုင်ငံရေးပါတီသည် ၎င်းတို့၏ မဲဆွယ်စည်းရုံးရေးအသုံးစရိတ် ရန်ပုံငွေအတွက် တာဝန်ယူရသည်။ ရုရှားနိုင်ငံသားများသည် FPTP စနစ်ဖြင့်ကျင်းပသည့် ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်တစ်နယ်၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ အသက် (၂၁)နှစ် ပြည့်ပြီးသည့် ရုရှားနိုင်ငံသား မည်သူမဆို အောက်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။
ပုံမှန်အားဖြင့် FPTP စနစ်ဖြင့် ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်နယ်လျှင် ကိုယ်စားလှယ်လောင်းပျမ်းမျှ ၁၂ ဦးခန့်ဖြင့် နေရာ ၂၂၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၇၀၀ ခန့် ယှဉ်ပြိုင် သည်။ PR စနစ်ဖြင့်ရွေးကောက်ပွဲအတွက် ပါတီတစ်ခုလျှင် ကိုယ်စား လှယ်လောင်း အများဆုံး ၂၇၀ အထိ တင်သွင်းနိုင်ပြီး စာရင်းတွင် ပါရှိသော ဖက်ဒရယ်စာရင်း ၁၂ ဦးမှာ ပထမဦးစားပေးဖြစ်ကာ နေရာ ၂၂၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၅၆၇၅ ဦးခန့် ယှဉ်ပြိုင် သည်။ အနိုင်ရရှိသည့် မဲအချိုးအစားအလိုက် နေရာများရရှိခြင်းဖြစ်ပြီး ဥပမာအားဖြင့် ၉ ရာခိုင်နှုန်းသောမဲရလဒ်ကို အနိုင်ရရှိသည့်ပါတီသည် ၂၂၅ နေရာ၏ ၉ ရာခိုင်နှုန်းဖြစ်သည့် နေရာ ၂၀ ကို ရရှိသည်။
အထက်လွှတ်တော်(Federation Council)
Federal Council ဟု ခေါ်သည့် အထက်လွှတ်တော်တွင် နေရာ ၁၇၀ ရှိသည်။ တိုက်ရိုက်ရွေးချယ်ခြင်းမဟုတ်ဘဲ ပြည်နယ် ၈၅ ခုမှ ကိုယ်စားလှယ် နှစ်ဦးစီဖြင့် ခန့်အပ်တင်မြှောက်ခြင်းဖြစ်သည်။ အထက် လွှတ်တော်(Federation Council)အား တိုက်ရိုက် ရွေးကောက်တင် မြှောက်ခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ရုရှားနိုင်ငံရှိ ဖက်ဒရယ်ပြည်နယ် ၈၅ ခုမှ ခန့်အပ်တာဝန်ပေး ရွေးချယ်သည့် အစိုးရအဖွဲ့ဝင် တစ်ဦးနှင့် ဥပဒေပြုအဖွဲ့ဝင် တစ်ဦးစီတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အထက်လွှတ်တော်ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေပြင်ဆင်ချက်များအရ သမ္မတသည် အထက်လွှတ်တော်ကိုယ် စားလှယ် အများဆုံး ၁၇ ဦးအထိ ခန့်အပ်ခွင့်ရှိသည်။ ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး သမ္မတသည် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ပိုင်ခွင့်ရှိသည်။ သက်တမ်း လေးနှစ်ရှိသော အထက် လွှတ်တော်(Federation Council) အဖွဲ့ဝင်အဖြစ် အသက် ၃၀ နှစ် ပြည့်ပြီးသော (အဆိုပြုမခံရမီတွင်)ရုရှားနိုင်ငံအတွင်း၌ ငါးနှစ်ကြာ တစ်ဆက်တစ်စပ်တည်း နေထိုင်ခဲ့သော ရုရှားနိုင်ငံသားများအား အဆိုပြု ရွေးချယ်နိုင်သည်။
အထက်လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးဖြစ်ပြီး အောက်လွှတ်တော်ကအတည်ပြုသည့် ဖက်ဒရယ်ဖွဲ့စည်းပုံ ဥပဒေများ နှင့် ဖက်ဒရယ်ဘတ်ဂျက်ဆိုင်ရာ၊ ဖက်ဒရယ်အခွန်အခဆိုင်ရာ၊ နိုင်ငံခြား ငွေကြေးနှင့် အကောက်ခွန်ဆိုင်ရာ၊ နိုင်ငံတကာသဘောတူစာချုပ်များ ဆိုင်ရာ၊ နယ်စပ်ကာကွယ်ရေး၊ စစ်ပွဲများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဖယ်ဒရယ်ဥပဒေများကို သုံးသပ်ခြင်း၊ အောက်လွှတ်တော်နှင့်အတူ ဥပဒေမူကြမ်းများ ရေးဆွဲအတည်ပြုခြင်း၊ အထက်လွှတ်တော်၏လုပ် ပိုင်ခွင့်အတွင်း ဖက်ဒရယ်ဖွဲ့စည်းပုံဥပဒေ မူကြမ်းများနှင့် ဖက်ဒရယ် ဥပဒေမူကြမ်းများ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်သည်။
ထို့အပြင် မဲဆန္ဒနယ်များသတ်မှတ်ခြင်းကို အတည်ပြုခြင်း၊ စစ် အုပ်ချုပ်ရေးအမိန့်(Martial Law) သို့မဟုတ် နိုင်ငံတော်တွင် အရေး ပေါ်အခြေအနေကြေညာခြင်း စသည့် သမ္မတ၏ အမိန့်ကြေညာချက် များကို အတည်ပြုခြင်း၊ ရုရှားနိုင်ငံပြင်ပတွင် ရုရှားစစ်တပ်များ နေရာ ချထားခြင်းကို ဆုံးဖြတ်ခြင်း၊ ရုရှားသမ္မတရွေးကောက်ပွဲများ ကျင်းပ ရန် ဆုံးဖြတ်ခြင်း၊ သမ္မတအား ရာထူးမှဖယ်ရှားခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးနှင့် တရားလွှတ်တော်ချုပ်တို့အား ခန့်အပ်ခြင်း၊ တရား သူကြီးချုပ်နှင့် ဒုတိယတရားသူကြီးချုပ်တို့အား ခန့်အပ်ခြင်းနှင့် ထုတ် ပယ်ခြင်း၊ ဒုတိယစာရင်းစစ်ချုပ်နှင့် စာရင်းစစ်အင်အား ထက်ဝက်အား ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်းတို့ကိုလည်း ဆောင်ရွက်သည်။
ဒေသန္တရရွေးကောက်ပွဲများ
ဒေသန္တရရွေးကောက်ပွဲများကို နှစ်စဉ်ကျင်းပပြီး သမ္မတက ရွေး ကောက်ပွဲကျင်းပရန် ဆုံးဖြတ်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် နှစ်စဉ် စက်တင်ဘာလ၏ ဒုတိယ တနင်္ဂနွေနေ့တွင် ကျင်းပလေ့ရှိသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ၂၈ ရက်ဖြစ်သည်။
ဒေသန္တရအစိုးရရွေးကောက်ပွဲများ
ဒေသန္တရအစိုးရ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များသည် မြို့ တော်ဝန်အတွက် တစ်မဲနှင့် မြို့တော်ကောင်စီအတွက် တစ်မဲ စုစုပေါင်း နှစ်မဲ ပေးရသည်။
ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းနှင့်
မဲဆွယ်စည်းရုံးခြင်း
ရွေးကောက်ပွဲနေ့တွင် အသက် ၂၁ နှစ်ပြည့်ပြီးသည့် ရုရှားနိုင်ငံ သားများသည် အောက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရှိသော်လည်း နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် အမြဲနေထိုင်ခွင့် ရသူ သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တစ်ခု၏ နိုင်ငံသားအဖြစ် ခံယူထား သူများ၊ ပြစ်မှုကြီးကျူးလွန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူများနှင့် အကြမ်းဖက်သမားအဖြစ် ပြစ်မှုကျူးလွန်သူများသည် ပြစ်ဒဏ်ကျခံရ ပြီးနောက် သတ်မှတ်ထားသည့် နှစ်ကာလတစ်ခု ကြာသည်အထိ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးသည့်ကာလမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း သည့်နေ့မှ ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ရက်အလိုအထိ ဖြစ်သည်။
PR စနစ်ဖြင့်ကျင်းပသော ရွေးကောက်ပွဲများအတွက် ပါတီများက ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရာတွင် အနည်းဆုံး ၂၀၀ တင်သွင်းရပြီး ၄၀၀ ထက် မကျော်လွန်ရပါ။ ကိုယ်စားလှယ်လောင်း အဖြစ် ပါတီဝင်မဟုတ်သူကို အမည်ပေးနိုင်သော်လည်း စာရင်းတွင် ၅၀ ရာခိုင်နှုန်းကျော်ထက်ပို၍ ထည့်သွင်းခွင့်မရှိပါ။ FPTP စနစ်ဖြင့် ကျင်းပသော ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ပါတီများကသော်လည်းကောင်း၊ တစ်သီးပုဂ္ဂလများကသော်လည်း ကောင်း တင်သွင်းနိုင်ပြီး ၎င်းတို့၏အမည်နှင့် ပါဝင်ယှဉ်ပြိုင်လိုသည့် မဲဆန္ဒနယ်အမည်ကို ဖော်ပြရသည်။ ပါတီများ၏ အမည်စာရင်းကို ဗဟိုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းရပြီး တစ်သီးပုဂ္ဂလ ကိုယ် စားလှယ်လောင်းစာရင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်း ရသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန်အတွက် နိုင်ငံရေး ပါတီများသည် မဲဆန္ဒရှင်များထံမှထောက်ခံချက်လက်မှတ် ၂၀၀၀၀၀ ရရှိရန် လိုအပ်ပြီး အဆိုပါလက်မှတ်များမှာ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအတွင်း သက်တမ်းရှိရမည်ဖြစ်သည်။ တစ်သီးပုဂ္ဂလ ကိုယ် စားလှယ်လောင်းများသည် သက်ဆိုင်ရာမဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင် စုစုပေါင်း၏ သုံးရာခိုင်နှုန်းထံမှ လက်မှတ်များရရှိရန် လိုအပ်ပြီး ၎င်း၏ မဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်စုစုပေါင်းမှာ ၁၀၀၀၀၀ အောက်လျော့နည်းပါက အနည်းဆုံး လက်မှတ် ၃၀၀၀ ရရှိရန် လိုအပ်သည်။
မဲဆန္ဒရှင်စာရင်း
အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိသည်။ မဲဆန္ဒရှင်တစ်ဦး သည် ပါတီအတွက် ဆန္ဒမဲ တစ်မဲနှင့် ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲ တစ်မဲ ပေးရသည်။ ထောင်ကျနေသူများနှင့် တရားရုံးက စိတ် ပေါ့သွပ်နေသူဟု သတ်မှတ်ခံရသူများ မဲပေးခွင့်မရှိပါ။ ၂၀၁၆ ခုနှစ်က မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်ထားသူ သန်း ၁၁၀ ကျော်ရှိပြီး နိုင်ငံ ခြား မဲပေးခွင့်ရှိသူ နှစ်သန်းခန့်ရှိသည်။
မဲစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနရှိ နိုင်ငံသားများ၏ နေထိုင်မှု သက်တမ်း(Citizen’s Residence Records )များမှ ရယူပြုစုခြင်းဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ မဲစာရင်းကို မဲရုံများ၌ ကိုယ်တိုင် သွားရောက် ကြည့်ရှုနိုင်သကဲ့သို့ အွန်လိုင်းမှလည်း ကြည့်ရှုနိုင်သည်။ ရွေးကောက်ပွဲ မတိုင်မီ သုံးရက်အလိုတွင် ဆေးရုံများ၊ နာတာရှည်လူနာများအတွက် ဆေးကုဌာနများ၊ လူငယ်ထိန်းသိမ်းရေးစခန်းများရှိ မဲဆန္ဒရှင်များနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရှိ အခြားနေရာများတွင် ခေတ္တရောက်ရှိ နေသော မဲဆန္ဒရှင်များအတွက် သီးခြားမဲစာရင်းကို ပြုစုသည်။ မိမိ အမည်စာရင်းရှိသည့် မဲဆန္ဒနယ်၏ပြင်ပတွင် ခေတ္တရောက်ရှိနေသူများ သည် နိုင်ငံတစ်ဝန်းရှိ မည်သည့်မဲရုံ၌မဆို မဲပေးခွင့်ကို လျှောက်ထားခွင့် ရှိသည်။
ရွေးကောက်ပွဲနေ့
ရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ စုစုပေါင်း(Voter Turn-out) ၂၅ ရာခိုင်နှုန်းရှိမှသာ ရွေးကောက်ပွဲ အထမြောက်သည်။ သို့ရာ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သာဖြစ်ပြီး ပြည်နယ် တစ်ခုစီ အလိုက် လာရောက်မဲပေးသူစုစုပေါင်း အနည်းဆုံး ၂၅ ရာခိုင်နှုန်းရှိရန် မလိုအပ်ပါ။ အကယ်၍ ၂၅ ရာခိုင်နှုန်း မပြည့်မီခဲ့ပါက PR စနစ်ဖြင့် ရွေးကောက်ခံရမှုကို တရားဝင်သည်ဟုသတ်မှတ်ပြီး FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက်မှုအတွက်သာ ကြားဖြတ်ရွေးကောက်ပွဲ ပြန် လည်ကျင်းပသည်။
လွှတ်တော်ရွေးကောက်ပွဲများကို ဒီဇင်ဘာလတွင် ပြုလုပ်လေ့ရှိပြီး တနင်္ဂနွေနေ့တွင် ကျင်းပသည်။ မဲပေးချိန်မှာ နံနက် ၈ နာရီမှ ည ၁၀ နာရီအထိဖြစ်သည်။ ပြည်နယ်များတွင် အချိန်ကွာခြားချက်များရှိ သည်။ ဥပမာ-ဂျပန်နိုင်ငံနှင့်နီးသောပြည်နယ်တွင် မဲပေးမှု ဦးစွာပြီးစီး မည်ဖြစ်ကာ ဂျာမနီနိုင်ငံနှင့်နီးသည့်ပြည်နယ်မှာ နောက်အကျဆုံး ဖြစ်သည်။
လွှတ်တော်ရွေးကောက်ပွဲများကို သမ္မတရွေးကောက်ပွဲမကျင်းပမီ လေးလခန့်အလိုတွင် ကျင်းပရန် သမ္မတက သတ်မှတ်လေ့ရှိသည်။ မဲလက်မှတ်များတွင် ကိုယ်စားလှယ်လောင်းများ၏အမည်နှင့် ပါတီ တံဆိပ် ပါရှိသည်။ ထို့အပြင် မည်သူ့ကိုမျှ ဆန္ဒမပြုလိုပါဟူသော နေရာလည်း ပါရှိသည်။ မဲဆန္ဒရှင်များသည် ၎င်းတို့ ဆန္ဒပြုလိုသည့် ကိုယ်စားလှယ်လောင်းနှင့် ပါတီအမည်များအား အမှတ်အသားပြုကာ မဲပေးရသည်။ ကိုယ်စားလှယ်လောင်းအချို့၏ အမည်များမှာ ဆင်တူမှု များ ဖြစ်ပွားလေ့ရှိသည့်အတွက် မဲရုံများတွင် ကိုယ်စားလှယ်လောင်း၏ ဓာတ်ပုံပါရှိသည့် ကိုယ်ရေးရာဇဝင်များထားရှိခြင်းဖြင့် မဲဆန္ဒရှင်များကို ကူညီပေးသည်။
ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများ
ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်တွင် အဖွဲ့ဝင် ၁၅ ဦးရှိပြီး သမ္မတက ငါးဦး၊ အောက်လွှတ်တော်က ငါးဦးနှင့် အထက်လွှတ်တော်က ငါးဦး ရွေးချယ်ခန့်အပ်သည်။ ကော်မရှင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အား အဆိုပါ ၁၅ ဦးအနက်မှ မဲပေးရွေးချယ်ခြင်းဖြစ်ကာ ကော်မရှင်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ ကော်မရှင်သည် ရွေးကောက်ပွဲများ ကြီးကြပ်ကျင်းပရန်အပြင် လူထုဆန္ဒခံယူပွဲများ ကျင်းပပေးရန်လည်း တာဝန်ရှိသည်။ ရုရှားနိုင်ငံအတွင်းရှိ ဖက်ဒရယ်ပြည်နယ်များတွင် ကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲများနှင့် လူထု ဆန္ဒခံယူပွဲကျင်းပရန် ပြင်ဆင်မှုများကို ဆောင်ရွက်သည်။ ဖက်ဒရယ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ယင်းပြည်နယ် လွှတ် တော်က ဖွဲ့စည်းပြီး ဖက်ဒရယ်ဥပဒေအရ သက်ဆိုင်ရာပြည်နယ်တွင် အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။
ရုရှားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ
ရုရှားနိုင်ငံ၌ ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ကျင့်သုံးချိန်မှ စတင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲ မှုကို ၂၀၀၈၊ ၂၀၁၄ နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ပြုလုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရာတွင် ပုဒ်မလေးခုအား ပြင်ဆင်ခဲ့ပြီး သမ္မတနှင့် အောက်လွှတ်တော်သက်တမ်းကို ပြောင်းလဲခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပုဒ်မ ရှစ်ခုကို ထပ်မံပြင်ဆင်ခဲ့ပြီး ပုဒ်မတစ်ခုကို ပယ်ဖျက် ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်ပင် ထပ်မံ၍ ပုဒ်မနှစ်ခုကို ပြင်ဆင်ခဲ့ရာ သမ္မတ သည် အထက်လွှတ်တော်(Federation Council)ရှိ နေရာ ၁၀ ရာခိုင်နှုန်း ၁၇ ဦးအား ခန့်အပ်ခွင့် ရရှိလာခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၈ နှင့် ၁၃၆ အရ အခန်း ၃ မှ ၈ ပါ အချက်များကို ပြင်ဆင်လိုပါက ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဥပဒေကဲ့သို့ပင် အတည်ပြုချက်ရယူရန် လိုအပ်သည့်အတွက် အောက်လွှတ်တော်တွင် ထောက်ခံမှု သုံးပုံ နှစ်ပုံ၊ အထက်လွှတ်တော် တွင် ထောက်ခံမှု လေးပုံ သုံးပုံနှင့် ဒေသန္တရလွှတ်တော်စုစုပေါင်း ၈၅ ခု၏ ထောက်ခံမှု သုံးပုံ နှစ်ပုံရရှိရန် လိုအပ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ဥပဒေမူကြမ်းကို သမ္မတက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်က အောက်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး မတ် ၁၁ ရက်တွင် အတည်ပြုခဲ့ပြီးနောက် မတ် ၁၃ ရက်တွင် ဒေသန္တရလွှတ်တော် စုစုပေါင်း ၈၅ ခုက အတည်ပြုခဲ့သည်။ မတ် ၁၆ ရက်တွင် ရုရှားနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆက်လက်အတည်ပြုခဲ့ပြီး ပြည်သူများ ဆန္ဒမဲဖြင့် အတည်ပြုမှုကို ဇူလိုင် ၁ ရက်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ နိုင်ငံတစ်ဝန်း၌ မဲပေးအတည်ပြုခြင်းမှာ ပုံမှန်မဲပေးခြင်း သို့မဟုတ် ပုံမှန် လူထုဆန္ဒခံယူပွဲနှင့် မတူကွဲပြားသကဲ့သို့ ယခင်က ဆောင်ရွက် ခဲ့ခြင်း မရှိခဲ့ချေ။ အနည်းဆုံး ရက် ၉၀ မှ ၁၀၀ ခန့် ကြိုတင်ပြင်ဆင်ရမည့် အစား တစ်လခန့်သာ အချိန်ယူဆောင်ရွက်ခဲ့ပြီး မဲပေးမှု အနိမ့်ဆုံး သတ်မှတ်ချက်မရှိဘဲ အွန်လိုင်းမှ မဲပေးခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု တွင် ပုဒ်မ ၄၁ ခုအား ပြင်ဆင်ခဲ့ပြီး ပုဒ်မ ငါးခုကို ထပ်မံဖြည့်သွင်းခဲ့သည်။ ပြင်ဆင်ရန်အဆိုပြုသော အချက်များတွင် အဓိကအားဖြင့် “တစ်ဆက် တစ်စပ်တည်း” စာသားကို ပယ်ဖျက်ခြင်းနှင့် ယခင်ထမ်းဆောင်ခဲ့ သည့်သက်တမ်းများအား ပယ်ဖျက်ခြင်းတို့ပါဝင်သည့် သမ္မတသက်တမ်း ဆိုင်ရာ ပြင်ဆင်ချက်များ၊ သမ္မတလောင်းအတွက် ပြည်တွင်းနေထိုင်မှု သတ်မှတ်ချက်အား ၁၀ နှစ်မှ ၂၅ နှစ်သို့ ပြောင်းလဲခြင်း အပါအဝင် နိုင်ငံခြားသားအဖြစ် ခံယူထားခြင်း၊ အခြားနိုင်ငံတစ်ခု၏ နိုင်ငံသား အဖြစ်မှ စွန့်လွှတ်ထားခြင်းမရှိစေရဟူသည့် ပြင်ဆင်ချက်များ၊ သမ္မတ
၏အဆိုပြုချက်ဖြင့် အထက်လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားသူကြီးများနှင့် တရားလွှတ်တော်ချုပ် တရားသူကြီး များကို ထုတ်ပယ်ခွင့်ရှိခြင်း စသည့် ပြင်ဆင်ချက်များ ပါဝင်သည်။ မဲရေတွက်မှု ၉၈ ရာခိုင်နှုန်းတွင် ထောက်ခံမဲ ၇၈ ရာခိုင်နှုန်း၊ ကန့်ကွက် မဲ ၂၂ ရာခိုင်နှုန်းဖြင့် ပြင်ဆင်ချက်များကို အတည်ပြုခဲ့သည်။
ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲများ
လူထုဆန္ဒခံယူပွဲကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင်ဦးရေ ၁၀၉၁၉၀၃၃၇ အနက် ၇၄၂၁၄၁၁၇ ဦး မဲပေးခဲ့ရာ မဲပေးမှုရာခိုင်နှုန်းမှာ ၆၇ ဒသမ ၈၈ ဖြစ်သည်။ သမ္မတရွေးကောက်ပွဲကို ၂၀၁၈ ဇွန် ၁၃ ရက်က ပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင် ၁၀၉၀၀၈၄၂၈ ဦးရှိသည့် အနက် ၇၃၅၇၈၉၉၂ ဦး မဲပေးခဲ့သည့်အတွက် မဲပေးမှုမှာ ၆၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် အောက်လွှတ်တော်(Duma)ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး မဲဆန္ဒရှင် ဦးရေ ၁၀၉၂၃၇၇၈၀ အနက် ၅၂၆၃၁၈၄၉ ဦး မဲပေးခဲ့ရာ မဲပေးမှုမှာ ၄၇ ရာခိုင်နှုန်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၅ အရ အထက် လွှတ်တော်(Federation Council)အတွက် ပြည်နယ်တစ်ခုစီမှ ပြည်နယ်လွှတ်တော်က တစ်ဦး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက တစ်ဦး စုစုပေါင်း ကိုယ်စားလှယ် နှစ်ဦးစီ ရွေးချယ်ခြင်းနှင့် သမ္မတက အများဆုံး ၁၇ ဦး ရွေးချယ်ခန့်အပ်ခွင့်ရှိခြင်းကြောင့် သီးခြားရွေးကောက်ပွဲ ကျင်းပမှုမရှိဘဲ ၎င်းတို့အား ရွေးချယ်မှုနှင့် ဆက်လက်ခန့်အပ်ထားမှုမှာ သက်ဆိုင်ရာပြည်နယ်များအပေါ်တွင်သာ မူတည်သည်။
နိဂုံး
ရုရှားနိုင်ငံသည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် အောက် လွှတ်တော်ရွေးကောက်ပွဲများကျင်းပရန် ဒီကရီတစ်ရပ်ကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်တွင် ရုရှားသမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်၍ ရွေးကောက်ပွဲများကို စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာကျင်းပရန် ရုရှား ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့ပြီး လက်ရှိအခြေအနေများအရ နိုင်ငံရေးပါတီ ၁၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ ယခု ကျင်းပမည့်ရွေးကောက်ပွဲမှာ (၈)ကြိမ်မြောက် အောက်လွှတ်တော် အတွက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အောက် လွှတ်တော်ရွေးကောက်ပွဲတွင် စုစုပေါင်းနေရာ ၄၅၀ အနက် United Russia ပါတီက ၅၄ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ၃၄၃ နေရာ ရရှိထားသည်။ မြေမျက်နှာသွင်ပြင် ကျယ်ပြန့်ကြီးမားပြီး ဘာသာစကားများစွာရှိသော၊ မတူညီသည့် စံတော်ချိန် ၁၁ မျိုးရှိပြီး လူဦးရေ မြောက်မြားစွာရှိသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရွေးကောက်ပွဲစနစ် နှစ်မျိုးဖြင့် မဲပေး ရွေးချယ်မည့် ရုရှားအောက်လွှတ်တော်ရွေးကောက်ပွဲမှာ ကမ္ဘာတစ်ဝန်း က စိတ်ဝင်တစား စောင့်ကြည့်လေ့လာလျက်ရှိသည့် ရွေးကောက်ပွဲ တစ်ခု ဖြစ်သည့်အတွက် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်များနှင့် ရွေးကောက်ပွဲများအကြောင်းအား သိရှိလေ့လာ သုံးသပ်နိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။ ။
ကိုးကား
- OSCE/ ODIHR Elections Observation Mission Final
Report 23 December 2016
- Russia: Election Guide, IFES
- Russian Election Law Brief, Belfer Communication Office
- Voting System of Russian Federation (election to the state Duma) by State Duma, http://duma.gov.ru/en/
- Russia- The State Automated Election System,
Encylopaedia
- Elections in Russia, 2021 Duma Elections in Russia,
Wikipedia
- https://en.m.wikipedia.org/wiki/2021_Russian_legislative_election
- http://council.gov.ru/en/structure/council/
- Log in to post comments