
အေးစုကျော်
နိဒါန်း
ကမ္ဘောဒီးယားနိုင်ငံ၏ တရားဝင်အမည်မှာ ကမ္ဘောဒီးယားဘုရင့်နိုင်ငံဖြစ်ပြီး အရှေ့တောင် အာရှရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်တောင်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အနောက် မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက် တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံနှင့် အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့တို့ နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး အကျယ်အဝန်း မှာ ၁၈၁၀၃၅ စတုရန်း ကီလိုမီတာ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် စာရင်းအရ လူဦးရေ ၁၅ ဒသမ ၂၈ သန်း ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူဦးရေ၏ ၉၇ ရာခိုင်နှုန်းကျော်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ မြို့တော်မှာ ဖနွမ်းပင်မြို့ ဖြစ်ပြီး အသုံးပြုသည့် ငွေကြေးမှာ ရီယဲဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ပါလီမန်ကိုယ်စားပြု ဒီမိုကရေစီစနစ်ပေါ်တွင် အခြေခံထားသည့် စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ် သည်။ နိုင်ငံတော်၏ အကြီးအမှူးမှာ ဘုရင်ဖြစ်ပြီး ပြည်သူများအတွက် ငြိမ်းချမ်းသာယာဝပြောရေးကို ကိုယ်စားပြုသည်။ ဘုရင်မင်းမြတ်တစ်ပါး နန်းသက် ကုန်ဆုံးပါက ၎င်း၏နေရာကို အနည်းဆုံးအသက် ၃၀ နှစ်ရှိပြီးဖြစ်သော ဆွေမျိုးသားချင်းများသာ ဆက်ခံပိုင်ခွင့်ရှိသည်။ ဘုရင်မင်းမြတ်သည် ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ကို ခန့်အပ်နိုင်ပြီး ဥပဒေပြု လွှတ်တော်မှ တင်သွင်းသည့် ဥပဒေဆိုင်ရာကိစ္စရပ် များနှင့် အစိုးရအဖွဲ့မှ အဆိုပြုချက်များကို အတည် ပြုပြဋ္ဌာန်းနိုင်သည်။
အစိုးရအဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ်ဖြစ်ပြီး ၎င်းသည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံး ဆောင်ရွက်သည်။ ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ရမည့်အပြင် အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ ထောက်ခံချက်ဖြင့် ဘုရင်မှ ခန့်အပ်ပေးသည်။ ၎င်း သည် ဝန်ကြီးများကောင်စီ (အစိုးရအဖွဲ့) ကို ခန့်အပ် ခြင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း တို့ကို ဆောင်ရွက်သည်။ ဝန်ကြီးချုပ်နှင့် ၎င်း၏ အစိုးရအဖွဲ့သည် ကမ္ဘောဒီးယားအစိုးရ၏ အုပ်ချုပ် ရေးအဖွဲ့အစည်းဖြစ်ပြီး သက်တမ်းမှာ ငါးနှစ်ဖြစ် သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၇၀ ပြည့်နှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်းတွင် နှစ်ပေါင်း ၂၀ ကျော် ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင် နိုင်ငံရေးပါတီများအကြား သဘောတူညီ ချက် ရရှိသွားပြီး စစ်ပွဲများပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ၁၉၉၃ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၏ အသွင်ကူးပြောင်းရေး ကုလသမဂ္ဂအာဏာ ပိုင်အဖွဲ့ (United Nations Transitional Authority in Cambodia, UNTAC) အနေဖြင့် ကမ္ဘောဒီးယား နိုင်ငံ၏ အာဏာအမြင့်ဆုံး အမျိုးသားကောင်စီနှင့် ပူးပေါင်း၍ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကို ၁၉၉၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သည်။ ခမာလူမျိုးများ သိမ်းပိုက်ထားသည့် အချို့သောဒေသများတွင် တည်ငြိမ်အေးချမ်းမှု မရှိခဲ့သည်မှအပ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်စုစုပေါင်း ငါးသန်းခန့်ရှိသည့်အနက် ၈၆ ဒသမ ၇၈ ရာခိုင်နှုန်းက မဲပေးခဲ့ကြသည်။ တိုင်းပြု ပြည်ပြုလွှတ်တော်တွင် ပါတီ လေးခုက အနိုင်ရရှိခဲ့ သော်လည်း လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ သုံးပုံနှစ်ပုံခန့်ကို မည်သည့်ပါတီမှ မရရှိခဲ့သော ကြောင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန်သာ ဖြစ်လာခဲ့ သည်။ ၁၉၉၈ ခုနှစ် အောက်လွှတ်တော်ဖြစ်သော အမျိုးသားလွှတ်တော် (National Assembly) ရွေးကောက်ပွဲပြီးနောက် ပါလီမန်အတွက် အခြား လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ထို လွှတ်တော်မှာ အထက်လွှတ်တော် (Senate) ဖြစ် သည်။ အောက်လွှတ်တော်၏ ကိုယ်စားလှယ်နေရာ သုံးပုံနှစ်ပုံခန့်ကို အနိုင်ရမှသာ အစိုးရဖွဲ့နိုင်မည်ဟူသောအချက်သည် လိုအပ်ချက်တစ်ခုအနေဖြင့် တည်ရှိနေသောကြောင့် မလွှဲမရှောင်သာသော နိုင်ငံ ရေး အခြေအနေကို ဖြေရှင်းရန်အတွက် အများ သဘောဆန္ဒအရ အထက်လွှတ်တော် ပေါ်ပေါက် လာခြင်းပင် ဖြစ်သည်။ ၂၀၀၆ ခုနှစ်မှစ၍ အထက်လွှတ်တော်ကိုယ်စားလှယ်များကို ကွန်မြူနီကောင်စီ (Commune Councilors) များမှ တစ်ဆင့်ခံရွေး ချယ်ခြင်းနှင့် ကိုယ်စားလှယ်လေးဦးကို ဘုရင်နှင့် အောက်လွှတ်တော်တို့က ရွေးချယ်ခြင်းတို့ပြုလုပ် သည်။ ၂၀၀၂ ခုနှစ်တွင် Communes နှင့် Sangkats (အုပ်ချုပ်ရေးနယ်မြေများ) အတွက် ဒေသအလိုက် တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့်ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ (Commune/ Sangkat) ကောင်စီရွေးကောက်ပွဲဥပဒေများကို ပြဋ္ဌာန်းပြီး သည့်နောက်တွင် ထိုကောင်စီ၏အဖွဲ့ဝင်များကို PR စနစ်ကိုအခြေခံ၍ တိုက်ရိုက်ရွေးကောက် တင်မြှောက်ရန် ပြဋ္ဌာန်းခဲ့သည်။
၁၉၉၇ ခုနှစ် ရွေးကောက်ပွဲဥပဒေအတိုင်း ၂၀၁၃ ခုနှစ်တွင် အောက်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အောက်လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း နှင့်စပ်လျဉ်းသည့် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ခဲ့ သည်။ ထိုပြင်ဆင်သည့် ဥပဒေအသစ်တွင် “လွှတ်တော်တွင် ပါဝင်သော နိုင်ငံရေးပါတီများက ဖြစ်စေ၊ အောက်လွှတ်တော် ပထမအကြိမ်အစည်း အဝေး၌ဖြစ်စေ၊ ကျမ်းသစ္စာကျိန်ဆိုပြီးချိန်၌ဖြစ်စေ သပိတ်မှောက်ခြင်း ပြုလုပ်ပါက ကိုယ်စားလှယ် နေရာများ တစ်နေရာမကျန် ဖယ်ရှားပစ်မည်” ဟူသော ထင်ရှားသည့် ပြဋ္ဌာန်းချက်တစ်ခုကို ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။
၂၀၁၃ ခုနှစ် ရွေးကောက်ပွဲအလွန် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များတွင် ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင် (NEC) ကိုယ်တိုင် ပါဝင်ခဲ့ သည်။ ကမ္ဘောဒီးယားပြည်သူ့ပါတီ (Cambodian People’s Party - CPP) နှင့် ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီ (Cambodia National Rescue Party- CNRP) တို့၏ သဘောတူညီချက်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁၅) အရ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် (NEC) ကို နိုင်ငံ၏အမြင့်ဆုံးအဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ NEC ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို ရွေးကောက်ပွဲ ဥပဒေမဟုတ်ဘဲ သီးခြားဥပဒေတစ်ခုအဖြစ် ပြဋ္ဌာန်း ခဲ့သည်။
အမျိုးသားရွေးကောက်ပွဲကော်မရှင် (NEC)
အမျိုးသားရွေးကောက်ပွဲကော်မရှင် (NEC) ကို ၁၉၉၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင် မြှောက်ခြင်းဥပဒေနှင့်အညီ တည်ထောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် NEC ကို နိုင်ငံသားကိုယ်စားပြု အများ ယုံကြည်လေးစားခြင်းခံရသော ခမာလူမျိုး များ၊ အမျိုးသားညီလာခံတွင် တက်ရောက်ခွင့်ပေး ထားသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်ထဲရေးနှင့် ပြည်သူ့အကျိုးပြုဆိုင်ရာဝန်ကြီး ဌာနမှ ပုဂ္ဂိုလ်များ ပါဝင်သည့်အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အမျိုးသားရွေးကောက်ပွဲ ကော်မရှင်၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာဥပဒေပြင်ဆင်ချက်အရ NEC ကို ဘုရင်မှ အဖွဲ့ဝင် လေးဦး၊ အမျိုးသားလွှတ်တော်မှ ပါတီ ကိုယ်စားပြုအဖွဲ့ဝင် လေးဦး၊ အမျိုးသားလွှတ်တော်ရှိ ပါတီများမှ ထောက်ခံသော ကိုယ်စားလှယ် တစ်ဦး တို့ပါဝင်သော အဖွဲ့ဝင် ကိုးဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ သည်။
အမျိုးသား ရွေးကောက်ပွဲကော်မရှင်သည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းနှင့် ဥပဒေများမှ သတ်မှတ်ထားသည့် အခြားရွေးကောက် ပွဲများကို စီစဉ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် စီမံခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ NEC သည် ပါတီစုံ၊ လစ်ဘရယ်ဒီမိုကရေစီ၏ အခြေခံမူများနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများရရှိ စေရန် ၎င်း၏ တရားစီရင်ပိုင်ခွင့်ကို သီးခြားရပ်တည် ပြီး ဘက်လိုက်မှုမရှိ အကောင်အထည်ဖော်ရပါသည်။
NEC သည် မဲဆန္ဒရှင်စာရင်းများကို နှစ်စဉ် ပြင်ဆင်မှုများ ပြုလုပ်ရပြီး ကမ္ဘောဒီးယား ပြည်သူ များ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ခိုင်လုံသောအထောက်အထား စာရွက်စာတမ်းများ ကို စီစဉ်ဆောင်ရွက်ပေးသည်။ ရွေးကောက်ပွဲနှစ်များ တွင် NEC သည် မဲရုံများရှိ ရွေးကောက်ပွဲများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ပေးပြီး ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများကို ဖြေရှင်း ပေးသည်။
ကျင်းပသည့် ရွေးကောက်ပွဲများ
အမျိုးသားရွေးကောက်ပွဲကော်မရှင်မှ ကျင်းပ ဆောင်ရွက်ပေးသည့် ရွေးကောက်ပွဲများမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) အထက်လွှတ်တော်ရွေးကောက်ပွဲ
(Senate Election )
( ခ ) အောက်လွှတ်တော်ရွေးကောက်ပွဲ
( National Assembly Election )
( ဂ ) မြို့တော်၊ စီရင်စု၊ မြူနီစီပယ်၊ ခရိုင်နှင့် ခန် ကောင်စီရွေးကောက်ပွဲ (The Election of the Capital, Provincial, Municip-ality, District, and Khan Councils Election )
(ဃ) ကွန်မြူနီ/Sangkat ကောင်စီရွေးကောက်ပွဲ (Commune/ Sangkat Council Election)
အမျိုးသား ရွေးကောက်ပွဲကော်မရှင်သည် အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲများကို ၁၉၉၃ ၊ ၁၉၉၈ ၊ ၂၀၀၃ ၊ ၂၀၀၈ ၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် အသီးသီးကျင်းပပေးခဲ့သည်။ အထက် လွှတ်တော်အတွက် ရွေးကောက်ပွဲများကို ၂၀၀၆ ၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် ကျင်းပပေးခဲ့ သည်။ ကွန်မြူနီ (Commune/ Sangkat) ကောင်စီရွေးကောက်ပွဲများကို ၂၀၀၂ ၊ ၂၀၀၇ ၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ကျင်းပခဲ့ပြီး မြို့တော်၊ ပြည်နယ်၊ မြူနီစီပယ်နှင့် ခရိုင်များအတွက် ရွေးကောက်ပွဲများကို ၂၀၀၉ ၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် ကျင်းပပေးခဲ့သည်။
ရွေးကောက်ပွဲစနစ်
အောက်လွှတ်တော် (အမျိုးသားလွှတ်တော်)၊ အထက်လွှတ်တော် ရွေးကောက်ပွဲနှင့် ကွန်မြူနီ/ဆန်းကတ် (Commune/ Sangkat) ကောင်စီ ရွေးကောက်ပွဲများကို အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representative System- Closed List) ကို ကျင့်သုံး၍ ဆောင်ရွက်သည်။ အဆိုပါစနစ် တွင် ပါတီများမှ ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံ ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို အရည်အချင်းအလိုက် စီစဉ်ပေးထားခြင်း ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဆန္ဒပြုရခြင်း မျိုး မဟုတ်ဘဲ ပါတီကိုသာ ဆန္ဒပြုရခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အချိုးကျကိုယ်စားပြုစနစ် ကို အသုံးပြုထားသော်လည်း ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများအနေဖြင့် ရရှိရမည့် အနိမ့်ဆုံးထောက်ခံမဲရာခိုင်နှုန်း (Threshold) သတ်မှတ် ထားခြင်းမရှိပေ။
လွှတ်တော်ဖွဲ့စည်းမှု
ကမ္ဘောဒီးယားနိုင်ငံတွင် အောက်လွှတ်တော်ဖြစ် သော အမျိုးသားလွှတ်တော် (National Assembly) နှင့် အထက်လွှတ်တော်ဖြစ်သော ဆီးနိတ်လွှတ်တော် (Senate) ဟူ၍ လွှတ်တော်နှစ်ရပ် ရှိပါသည်။
အောက်လွှတ်တော်သည် ဥပဒေများ ပြင်ဆင် ချမှတ်ခြင်း၊ နိုင်ငံတော်ဘတ်ဂျက်နှင့် အခွန်အခများ၊ အုပ်ချုပ်ရေးဆိုင်ရာစာရင်းများ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် ညီလာခံများကို အတည်ပြုခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။
အထက်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁၂ အရ ပြဋ္ဌာန်းထားသော အမျိုးသား ညီလာခံနှင့် တော်ဝင်အစိုးရတို့အကြား လုပ်ငန်းများ ကို ညှိနှိုင်းဆောင်ရွက်ရသည်။ အထက်လွှတ်တော် သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁၃ ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဥပဒေမူကြမ်းများ သို့မဟုတ် အဆိုပြုထားသော ဥပဒေများ သို့မဟုတ် အထက် လွှတ်တော်ကိစ္စရပ်များကို ဆုံးဖြတ်ခြင်းနှင့် သဘော ထားမှတ်ချက်ပြုခြင်းတို့ ဆောင်ရွက်ရသည်။
အောက်လွှတ်တော် (အမျိုးသားလွှတ်တော် - National Assembly )
အောက်လွှတ်တော်ဖြစ်သော အမျိုးသား လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ် ၁၂၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ ကိုယ်စားလှယ်များကို ပြည်နယ်များရှိ မဲဆန္ဒနယ်များမှ လူဦးရေကို အခြေခံကာ ပါတီကိုယ်စားပြုသည့် အချိုးကျ ကိုယ်စားပြုစနစ် (Closed List) ဖြင့် ရွေးကောက် တင်မြှောက်ပါသည်။ အောက်လွှတ်တော်ကိုယ်စား လှယ်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ အောက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အောက်ပါ အခြေအနေများအရ ရွေးကောက်ပွဲကျင်းပရသည်မှ အပ သင့်လျော်သော တနင်္ဂနွေနေ့ တစ်နေ့အား ရက်သတ်မှတ်၍ ကျင်းပသည်-
- ရွေးကောက်ပွဲနေ့ရက်ကို မဖြစ်မနေ ရွှေ့ဆိုင်း ရမည့်ကိစ္စရပ်များ ပေါ်ပေါက်လာခြင်း၊
- အမျိုးသားလွှတ်တော် ဖျက်သိမ်းရန်ကိစ္စ ရပ်များ ပေါ်ပေါက်၍ ဖျက်သိမ်းသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲမဖြစ်မနေ ကျင်းပရခြင်း၊
- လွှတ်တော်သက်တမ်း တိုးမြှင့်ရန်ကိစ္စ ပေါ်ပေါက်ခြင်း၊ ( ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၈ အပိုဒ် ၅ အရ လွှတ်တော်သက်တမ်း တိုးမြှင့်ရန် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲအနည်းဆုံး သုံးပုံ နှစ်ပုံရရှိပါက လွှတ်တော်သက်တမ်း တိုးမြှင့်နိုင်သည်။)
အောက်လွှတ်တော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲစီမံခန့်ခွဲမှုကို အမျိုးသားရွေးကောက် ပွဲကော်မရှင်၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာဥပဒေတွင် သတ်မှတ်ထားသည့်အတိုင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်၏ တရားစီရင် ပိုင်ခွင့်အောက်တွင် ထားရှိသည်။
အထက်လွှတ်တော် ( Senate )
အထက်လွှတ်တော်သည် ကိုယ်စားလှယ်ဦးရေ ၆၂ ဦးဖြင့် ဖွဲ့စည်းထားသော ဥပဒေပြုအဖွဲ့အစည်း ဖြစ်သည်။ ကိုယ်စားလှယ်နှစ်ဦးကို ဘုရင်မှ ခန့်အပ် ကာ နှစ်ဦးကို အောက်လွှတ်တော်မှ ခန့်အပ်ပြီး ကျန် ကိုယ်စားလှယ်များကို ကမ္ဘောဒီးယားပြည်နယ် ၂၄ ခုရှိ ကွန်မြူနီကောင်စီဝင်များနှင့် အောက် လွှတ်တော်ကိုယ်စားလှယ်များက ပါတီကိုယ်စား ပြုသည့် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးချယ် ပေးသည်။ အထက်လွှတ်တော်ကိုယ်စားလှယ်၏ သက်တမ်းမှာ ခြောက်နှစ် ဖြစ်သည်။ အထက်လွှတ် တော် ရွေးကောက်ပွဲကို ခြောက်နှစ်လျှင် တစ်ကြိမ် တနင်္ဂနွေနေ့တွင် ကျင်းပသည်။ အထက် လွှတ်တော်တွင် အောက်လွှတ်တော်ကိုယ်စားလှယ် အရေအတွက်၏ ထက်ဝက်ထက် လျော့နည်းရ မည်ဟု ပြဋ္ဌာန်းထားပါသည်။
အထက်လွှတ်တော်၏ သက်တမ်းအရ အထက် လွှတ်တော်ကိုယ်စားလှယ်များသည် အရည်အချင်း မပြည့်စုံခြင်း၊ နုတ်ထွက်ခြင်း သို့မဟုတ် သေဆုံးခြင်း စသည့်ကိစ္စရပ်များတွင် လစ်လပ်ကြောင်း ကြေညာ ရမည်ဖြစ်ပြီး ရာထူးသက်တမ်းမကုန်ဆုံးမီ အနည်း ဆုံး ခြောက်လခန့် လစ်လပ်နေသော အထက်လွှတ် တော်ကိုယ်စားလှယ်များကို ပြန်လည်ရွေးကောက် တင်မြှောက်ခြင်းမပြုဘဲ မူလနေရာမှ အဖွဲ့ဝင်အသစ် များဖြင့် ဖြည့်ဆည်းပေးရသည်။
အထက်လွှတ်တော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲကို စီမံခန့်ခွဲသည့်ကိစ္စရပ်များတွင် အမျိုးသားရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ် ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု အထက် လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂ တွင် ပြဋ္ဌာန်း ထားသည်။ အထက်လွှတ်တော်၏ ကိုယ်စားလှယ် များကို ရွေးချယ်ရာတွင် ခြောက်နှစ်လျှင် တစ်ကြိမ် ရွေးချယ်ရမည်ဖြစ်ပြီး ကျင်းပမည့်နေ့ရက်သည် သက်တမ်းကုန်ဆုံးမည့် နေ့ရက်မတိုင်မီ ရှစ်ပတ် မြောက် တနင်္ဂနွေနေ့နှင့် ထပ်တူကျရမည်ဟုအထက် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃တွင် ပြဋ္ဌာန်း ထားပါသည်။
ဆက်လက်ဖော်ပြပါမည်
- Log in to post comments