
အေးစုကျော်
(ယမန်နေ့မှအဆက်)
မဲဆန္ဒနယ်မြေသတ်မှတ်ခြင်း
အောက်လွှတ်တော်ရွေးကောက်ပွဲကို မြို့တော် (ဖနွမ်းပင်) နှင့် ပြည်နယ် ၂၄ ခုတို့ကို မဲဆန္ဒနယ်အဖြစ် သတ်မှတ်သည်။ အထက်လွှတ်တော်အတွက် တိုင်း ဒေသကြီး ရှစ်ခုကို အခြေခံ၍ မဲဆန္ဒနယ်မြေ ခွဲဝေ သတ်မှတ်ပါသည်။ ကွန်မြူနီ (Commune/ Sang-kat) ကောင်စီရွေးကောက်ပွဲအတွက် ကွန်မြူနီ (Commune/Sangkat) ဒေသတို့ကို မဲဆန္ဒနယ်မြေ အဖြစ် ခွဲဝေသတ်မှတ်သည်။ မြို့တော်နှင့် ပြည်နယ် ၂၄ ခု၊ ခရိုင် ၁၅၉ ခု၊ မြူနီစီပယ် ၂၆ ခုနှင့် ခန် ၁၂ ခု၊ ကွန်မြူနီ ၁၄၀၆ ခု၊ Sangkats ၂၂၇ ခု၊ ကျေးရွာ ၁၄၁၆၈ တို့ကို သတ်မှတ်ဖွဲ့စည်းပါသည်။
မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ် အရေ အတွက်ကို ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် အတိုင်း ဆောင်ရွက်ပြီး ရွေးကောက်ပွဲဥပဒေအရ ဝန်ကြီးချုပ်သည် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် ကို ရွေးကောက်ပွဲမကျင်းပမီ အနည်းဆုံး ကိုးလ မတိုင်မီ ကြေညာရသည်။
မဲဆန္ဒရှင်စာရင်းပြုစုခြင်း
အမျိုးသား ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့် ပြင်ဆင်ခြင်းကို မဲဆန္ဒရှင်များ သေဆုံးသည့်ကိစ္စရပ်များမှအပ ဆန္ဒ မဲပေးမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၁၅ ရက်ကြိုတင်၍ ဆောင်ရွက်ရသည်။ ရွေးကောက် တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ခံရခြင်းမပြုမီ သေဆုံးခဲ့လျှင် NEC သည် ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်မတိုင်မီ အနည်း ဆုံး ခုနစ်ရက် ကြိုတင်၍ ပြောင်းလဲမှတ်ပုံတင်ခွင့် တင်ပြလာသည့် ကိုယ်စားလှယ်လောင်း၏ အမည် စာရင်းအား ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုရန် အခွင့်အာဏာရှိပါသည်။ အမျိုးသားရွေးကောက်ပွဲကော်မရှင်သည် ပြည်နယ် များရှိ မြို့နယ်များတွင် မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်မတိုင်မီ အနည်း ဆုံး ၄၈ ရက် ကြိုတင်၍ ကပ်ထားကြေညာရပါသည်။ NEC သည် ကွန်ပျူတာစနစ်ပေါ်အခြေခံ၍ ၂၀၁၆ မဲဆန္ဒရှင်စာရင်းသစ်ကို ပြင်ဆင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ကွန်မြူနီကောင်စီရွေးကောက်ပွဲကို ကျင်းပခဲ့သည်။
အမည်စာရင်းတင်သွင်းခြင်း
အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့ အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာ၌ ကမ္ဘောဒီးယားနိုင်ငံတွင် မွေးဖွားသော ခမာလူမျိုးဖြစ်၍ အနည်းဆုံး အသက် ၂၅ နှစ်ပြည့် ပြီးသူများသည် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းနိုင်သည်။ ကွန်မြူနီ/Sang-kats ဒေသအတွက် ကျား/မ မရွေး ကမ္ဘောဒီးယား နိုင်ငံသားဖြစ်၍ သက်ဆိုင်ရာမဲဆန္ဒနယ်တွင် အမည် စာရင်းပါဝင်ရမည်ဖြစ်ပြီး မဲပေးမည့်နေ့ မတိုင်မီ အသက် ၂၅ နှစ်ရှိသူများသည် အမည်စာရင်း တင်သွင်းနိုင်ပါသည်။ သို့သော်လည်း ထိုအခွင့်အရေး များကို ထောင်ဒဏ်ကျခံနေရသူများအတွက် အချိန် အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့ထားနိုင်သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် PR စနစ်ကို ကျင့်သုံးချိန်မှစ၍ မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီများက ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခွင့်ရှိမည်ဖြစ်သည်။ နိုင်ငံရေးပါတီများ သည် ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည် ဖြစ်ပြီး သတ်မှတ်ထားသော မဲဆန္ဒနယ် သို့မဟုတ် နိုင်ငံတစ်ဝန်းလုံးအတွက် မှတ်ပုံတင်ပိုင်ခွင့်ရှိသည်။
မဲဆွယ်စည်းရုံးခြင်း
နိုင်ငံရေးပါတီများ သို့မဟုတ် ကိုယ်စားလှယ် လောင်းများအနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရာတွင် မဲဆန္ဒရှင်များနှင့် တစ်အိမ်တက်ဆင်း တွေ့ဆုံခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားမှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်း၊ ပါတီနှင့် သက်ဆိုင်သော ကြော်ငြာများ၊ ပိုစတာများနှင့် လက်ကမ်းစာစောင် များ၊ ပါတီတံဆိပ်၊ ဦးထုပ်တို့ကို မဲဆန္ဒရှင်များသို့ ဖြန့်ဝေခြင်း၊ အများပြည်သူသွားလာသောနေရာများ တွင် ကြော်ငြာဆိုင်းဘုတ်များကပ်ခြင်း၊ မဲဆွယ် စည်းရုံးရေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ နိုင်ငံရေး ဆိုင်ရာ မူဝါဒလမ်းစဉ်များကို မဲဆန္ဒရှင်များသို့ အသိ ပေးကြေညာခြင်း စသည်တို့ဖြင့် မဲဆွယ်စည်းရုံးပါ သည်။ သို့သော်လည်း ရွေးကောက်ပွဲမဲဆွယ်စည်းရုံး ရေးကာလအတွင်း မြို့တော်၊ ပြည်နယ်၊ မြူနီစီပယ်၊ ခရိုင်၊ ခန် (Khan) ဒေသတို့တွင် မော်တော်ကားဖြင့် သော်လည်းကောင်း၊ အုပ်စုဖွဲ့ ချီတက်ခြင်းဖြင့် လည်းကောင်း လေးကြိမ်ထက်ပို၍ မဲဆွယ်စည်းရုံး ခြင်း မပြုရပါ။
နိုင်ငံရေးပါတီများသည် အများပြည်သူဆိုင်ရာ နေရာများတွင် ကြော်ငြာထားသော မဲဆွယ်စည်းရုံး ရေးဆိုင်ရာ လက်ကမ်းစာစောင်များနှင့် ရုပ်ပုံကား ချပ်များကို မဲပေးပြီး ၁၅ ရက်အတွင်း ဖြုတ်သိမ်းရ သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ သည် ၂၁ ရက်ကြာမြင့်ပြီး စည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်မတိုင်မီ ၂၄ နာရီကြိုတင်၍ ရပ်နားရမည်ဖြစ် သည်။
ဆန္ဒမဲပေးခြင်း
မဲဆန္ဒရှင်များအနေဖြင့် အသက် (၁၈) နှစ်ပြည့် ပြီးသော ကမ္ဘောဒီးယားနိုင်ငံသား ကျား/မ မရွေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ မဲဆန္ဒရှင်သည် လျှို့ဝှက်မဲ ပေးခြင်းစနစ်ဖြင့် လူတစ်ဦးလျှင်တစ်ကြိမ် ဆန္ဒမဲ တစ်မဲသာ ပေးရမည်ဖြစ်သည်။ ဆန္ဒမဲပေးသူသည် မသန်စွမ်းသူဖြစ်ပါက သက်ဆိုင်ရာ မဲစာရင်းတွင် ပါရှိသော မဲဆန္ဒရှင်၏ ဆွေမျိုးသားချင်း သို့မဟုတ် လူတစ်ဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးနိုင်သည်။ ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ကို မဲပုံးထဲသို့ ထည့်နိုင်စွမ်းမရှိလျှင် မဲရုံမှူးမှ အကူအညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများကို နံနက် ၇ နာရီမှ ညနေ ၃ နာရီထိ ဖွင့်ပါ သည်။
ကမ္ဘောဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ အရ အောက်လွှတ်တော် ကိုယ်စားလှယ်များအားလုံး သည် ကိုယ်တိုင်ဆန္ဒမဲပေးပိုင်ခွင့်သော်လည်းကောင်း၊ ရွေးချယ်ခံပိုင်ခွင့်သော်လည်းကောင်း ရှိသည်။ လုပ်ငန်းကော်မတီ သို့မဟုတ် ( sangkat) ကောင်စီများမှ ကိုယ်စားလှယ်များသည်လည်း အောက်လွှတ်တော်ကိုယ်စားလှယ်များ နည်းတူ တန်းတူဆောင်ရွက်ရန် အခွင့်အရေးရှိပါသည်။
မဲရေတွက်ခြင်းနှင့် ရလဒ်ကြေညာခြင်း
မဲရေတွက်ခြင်းကို သက်ဆိုင်ရာ မြို့နယ်များရှိ ဒေသတွင်း မဲရုံများတွင် ဆောင်ရွက်ပါသည်။ လုံခြုံ ရေးအခြေအနေအရသော်လည်းကောင်း၊ မခန့်မှန်း နိုင်သော ပြဿနာများကြောင့်လည်းကောင်း သတ်မှတ်ထားသည့်မဲရုံတွင် ဆန္ဒမဲလက်မှတ် ရေတွက်ခြင်းကို မဆောင်ရွက်နိုင်လျှင် အမျိုးသား ရွေးကောက်ပွဲကော်မရှင်က ထိုကိစ္စရပ်နှင့်စပ်လျဉ်း၍ တိကျသည့်ညွှန်ကြားချက်များကို ထုတ်ပြန်ပေး သည်။
မဲရေတွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ မဲရေတွက်သည့် Center ကို ဖွဲ့စည်းဆောင်ရွက်ပြီး ဆန္ဒမဲလက်မှတ် များ ရေတွက်ခြင်းကို မဲရုံမှတာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာအရာရှိများမှ တာဝန်ယူဆောင် ရွက်ပေးသည်။
အမျိုးသား ရွေးကောက်ပွဲကော်မရှင်သည် စစ်ဆေးဆုံးဖြတ်ပြီးသော ရွေးကောက်တင်မြှောက် ခံရသည့် ကိုယ်စားလှယ်ရလဒ်စာရင်းများကို ဘုရင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီသို့ မိတ္တူတစ်စောင်စီ ပေးပို့ရသည်။ နိုင်ငံရေးပါတီ များအနေဖြင့် မိမိတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်မှ ရွေးကောက်ပွဲရလဒ်စာရင်းများကို တောင်းယူပိုင်ခွင့်ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီ
ကမ္ဘောဒီးယားနိုင်ငံတွင် ရွေးကောက်ပွဲရလဒ် များ ကြေညာပြီးနောက် ၇၂ နာရီအတွင်း နိုင်ငံရေး ပါတီများက ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု သို့မဟုတ် ရွေးကောက်ပွဲရလဒ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကောင်စီသို့ တိုက်ရိုက် တင်သွင်းနိုင်သည်။
ကမ္ဘောဒီးယားဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့် ပြည်နယ်တရားရုံး၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ ကောင်စီတွင် အဖွဲ့ဝင် ကိုးဦးပါဝင်ပြီး သုံးဦးကို ဘုရင်မှ ခန့်အပ် ကာ သုံးဦးကို လွှတ်တော်က ခန့်အပ်ပြီး ကျန်သုံးဦး ကို တရားသူကြီးချုပ်၏ အဓိပတိကောင်စီက ခန့်အပ်ပါသည်။ ကောင်စီအဖွဲ့ဝင် သုံးပုံ တစ်ပုံကို သုံးနှစ်တစ်ကြိမ် အစားထိုးခန့်အပ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကောင်စီ၏ သက်တမ်းမှာ ကိုးနှစ်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာစောင့်ထိန်းခြင်း၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့မှ ချမှတ်သော ဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် တာဝန်ရှိပါသည်။ ထို့အပြင် အောက်လွှတ်တော်ရွေးကောက်ပွဲနှင့် အထက်လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွား မှုများအား ပြန်လည်သုံးသပ်ရန် ဆုံးဖြတ်ပိုင်ခွင့်ရှိ သည်။ ဆုံးဖြတ်ချက်တစ်ခုအတွက် အထက် လွှတ်တော်အစည်းအဝေးတွင် အထက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော်၏ အမြဲတမ်း ကော်မတီသို့ ဆောလျင်စွာ သတင်းပို့ရသည်။
ကောင်စီသည် ရွေးကောက်ပွဲများနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ တိုင်ကြားမှုများကို ဆုံးဖြတ်ပေးသည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် ပါတီတစ်ခုမှ မှတ်ပုံတင်ခြင်းကို ငြင်းဆန်ပါက ပါတီသည် ၀န်ကြီးဌာနအား တရားရုံးသို့ တရားစွဲဆို နိုင်ပြီး အဆိုပါအမှုကို ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ပေးသည်။ ပါတီများ၏ ကိုယ်စားလှယ် လောင်း စာရင်း သို့မဟုတ် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းကို NEC မှ ငြင်းပယ်ခဲ့လျှင် ကောင်စီ သို့ ခုနစ်ရက်အတွင်း အယူခံဝင်နိုင်သည်။
ထို့ပြင် ကောင်စီသို့ တင်ပြနိုင်သည့် ရွေးကောက် ပွဲဆိုင်ရာ တိုင်ကြားမှုများတွင် မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ရလဒ်များပါဝင်သည်။ အဆိုပါကိစ္စရပ်အားလုံး၌ ကောင်စီသည် နောက်ဆုံး အနေဖြင့် ဆုံးဖြတ်ပြီးသည့် ဆုံးဖြတ်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်အာဏာပိုင် အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်သည်။
နိဂုံး
ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို ချောချောမွေ့မွေ့နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက် နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ် နည်းများကို မဲဆန္ဒရှင်ပြည်သူများနှင့် လိုက်လျောညီ ထွေ ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါ သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ပြည်တွင်းစစ်ကို ပြေငြိမ်းအောင် ဆောင်ရွက်နိုင်စွမ်းရှိခဲ့ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချ ရေးလုပ်ဆောင်ချက်များ၏ ရလဒ်အနေဖြင့် ၁၉၉၃ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲ များ ကျင်းပဆောင်ရွက်ကာ နိုင်ငံသားများ၏ ပါဝင်ဆောင်ရွက်ခွင့်ကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေး အမြင်၊ လူမှုစီးပွားရေး အဆင့်အတန်းတို့ဖြင့် ခွဲခြား သတ်မှတ်ခြင်းမရှိစေဘဲ အခြေကျခိုင်မာသည့် ဒီမို ကရေစီစနစ် ရှင်သန်ထွန်းကားလာစေရေး ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသုံးသပ် ဖော်ပြ အပ်ပါသည်။
ရည်ညွှန်းကိုးကား
- Election in Cambodia
- Law on the election of members of the national assembly(LEMNA)
- National Election Committee in Cambodia
- National Assembly of the Kingdom of Cambodia
- Senate of the Kingdom of Cambodia
- Open Development in Cambodia
- Asian-journal-of-comparative-law-in-cambodia
- Cambodia’s Electoral System: A Window of Opportunity for Reform
- Log in to post comments