ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း

Type
5

 

မေနယ်လီ
 

(ယမန်နေ့မှအဆက်)
၁၉၀၈  ခုနှစ်တွင်   ဗြိတိသျှတို့မှ   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ခွင့်ပြုခဲ့ပြီး ၁၉၀၉ ခုနှစ် အက်ဥပဒေ ကို ပြဋ္ဌာန်း၍ အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ဗြိတိသျှ တို့၏      ယခင်ကိုလိုနီနယ်ဟောင်းများဖြစ်သော ‘ကိတ်’ နှင့် ‘နေတယ်’ ဒေသ၊ ‘ဘိုးအား’ နယ်မြေများ ဖြစ်သော ‘အောရိန့် ဖရီးစတိတ်’ နှင့် ‘ထရန့်စ် ဗယ်’ တို့ကိုပေါင်းစု၍ တောင်အာဖရိကပြည်ထောင်စုနိုင်ငံ တည်ထောင်ခဲ့သည်။ ၁၉၀၉ ခုနှစ် အက်ဥပဒေသည်  တောင်အာဖရိကပြည်ထောင်စု (Union of South Africa)  ဖွဲ့စည်းပုံအခြေခံဥပဒေ၏  အရင်းအမြစ် ဖြစ်ခဲ့သည်။ ၎င်းဥပဒေကို ဗြိတိသျှပါလီမန်မှ ပြဋ္ဌာန်း ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေအရ အင်္ဂလန်ဘုရင်မ ကြီးသည် နိုင်ငံ၏အကြီးအကဲ ဖြစ်သည်။ အစိုးရ အဖွဲ့၏   အကြီးအကဲမှာ   ဝန်ကြီးချုပ်  ဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် ၎င်းဥပဒေကို ဖျက်သိမ်းပြီး တောင် အာဖရိကသမ္မတနိုင်ငံ            ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကို ရေးဆွဲခဲ့သည်။ ဓနသဟာယနိုင်ငံ များအဖွဲ့ဝင်အဖြစ်မှလည်း နုတ်ထွက်ခဲ့သည်။
၁၉၈၄ ခုနှစ်တွင် ဖွဲ့စည်းပုံဥပဒေအသစ်တစ်ခုပြဋ္ဌာန်း၍ ၁၉၆၁ ခုနှစ်ဖွဲ့စည်းပုံကို ဖျက်သိမ်း ခဲ့သည်။ ဥပဒေပြုလွှတ်တော်နှစ်ရပ်နေရာတွင် လွှတ်တော် (၃) ရပ်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ သည်။ လူဖြူများအတွက် လွှတ်တော်၊ အခြားအသား အရောင်များအတွက် ကိုယ်စားပြုလွှတ်တော်နှင့် အိန္ဒိယကိုယ်စားလှယ်များအတွက် လွှတ်တော်တို့ ဖြစ်သည်။   ၁၉၉၃   ခုနှစ်တွင်  တောင်အာဖရိက သမ္မတနိုင်ငံ   ဖွဲ့စည်းပုံအခြေခံဥပဒေ     သို့မဟုတ် ယာယီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပြီး ၁၉၈၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေအရ အသားအရောင် ခွဲခြားမှုကို အဆုံးသတ်စေခဲ့သည်။ နိုင်ငံသားအခွင့် အရေး၊  လစ်ဘရယ်ဒီမိုကရေစီ   စသည်တို့ကို စတင် မိတ်ဆက်ခဲ့သည်။ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေ တွင် လွှတ်တော်နှစ်ရပ်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ သည်။ ကိုယ်စားလှယ်  ၄၀၀   ပါဝင်သော   အောက် လွှတ်တော်နှင့်  ကိုယ်စားလှယ်   ၉၀  ပါဝင်သော ဆီးနိတ်အထက်လွှတ်တော်တို့ ဖြစ်သည်။ အောက် လွှတ်တော်ကို   အချိုးကျ  ကိုယ်စားပြုစနစ်ဖြင့် ပြည်သူများမှ တိုက်ရိုက်ရွေးကောက်ပြီး အထက် လွှတ်တော်ကို စီရင်စု ကိုးပြည်နယ်မှ ကိုယ်စားလှယ် ၁၀  ဦးစီဖြင့် အညီအမျှ ရွေးချယ်ခဲ့သည်။ အထက် လွှတ်တော်အတွက်       ကိုယ်စားလှယ်များကို သက်ဆိုင်ရာ စီရင်စုလွှတ်တော်များမှ  ရွေးချယ်ပေး သော စနစ်ကို ကျင့်သုံးသည်။ ၎င်းဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ရွေးချယ်ခံရသော လွှတ်တော်နှစ်ရပ်မှ ကိုယ်စား လှယ်များ စုပေါင်း၍ နှစ်နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တစ်ခု ရေးဆွဲရမည် ဖြစ်သည်။
၁၉၉၄ ခုနှစ်တွင်  တောင်အာဖရိကနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ         ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင်အနိုင်ရရှိသော လွှတ်တော်နှစ်ရပ် မှ  ရွေးကောက်ခံကိုယ်စားလှယ်များ     စုပေါင်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်         ရေးဆွဲခြင်းကို နှစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ  ၁၈  ရက်နေ့တွင်   သမ္မတ  နယ်ဆင် မင်ဒဲလားမှ      ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အတည်ပြု   ကြေညာခဲ့သည်။   ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်  ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေကို   ဖျက်သိမ်း၍  ဖွဲ့စည်းပုံအသစ် စတင်အသက်ဝင်ခဲ့သည်။ ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံကို တောင်အာဖရိကသမ္မတနိုင်ငံ        ဖွဲ့စည်းပုံအခြေခံ ဥပဒေဟုခေါ်ဆိုပြီး ယနေ့အချိန်အထိ ပြင်ဆင်မှု ပေါင်း (၁၇) ကြိမ်   ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ် စနစ်ကို      ကျင့်သုံးပြီး      အမျိုးသားလွှတ်တော် (National Assembly - အောက်လွှတ်တော်) ကို ပြည်သူများမှ တိုက်ရိုက် ရွေးကောက်တင်မြှောက်၍ အမျိုးသားစီရင်စုကောင်စီလွှတ်တော် (National Council of Provinces - အထက်လွှတ်တော်) ကို သက်ဆိုင်ရာ စီရင်စုလွှတ်တော်များမှ ရွေးချယ်ပေး သည့် စနစ်ဖြစ်သည်။
ရွေးကောက်ပွဲနေ့၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း
မဲပေးရာတွင်    မဲဆန္ဒရှင်အမည်စာရင်းရှိရာ မဲပေးခရိုင်အတွင်းရှိ  မဲရုံတွင်သာ မဲပေးခွင့်ရှိသည်။ အကယ်၍ မဲဆန္ဒရှင်စာရင်းရှိရာ  မဲပေးခရိုင်ပြင်ပရှိ မဲရုံတွင် မဲပေးလိုပါက မည်သည့်မဲရုံ၌မဆို အမျိုးသား လွှတ်တော်ရွေးကောက်ပွဲအတွက်သာ  မဲပေးနိုင်ပြီး  စီရင်စုရွေးကောက်ပွဲများအတွက် ဆန္ဒမဲပြုခွင့်မရှိပါ။ နိုင်ငံပြင်ပရောက်  တောင်အာဖရိကနိုင်ငံသားများအနေဖြင့်    သတ်မှတ်ထားသည့်   ရက်များတွင် သက်ဆိုင်ရာနိုင်ငံများရှိ  တောင်အာဖရိကနိုင်ငံသံရုံး များ၌ မဲပေးနိုင်သည်။
ရွေးကောက်ပွဲနေ့တွင်   မဲရုံများအား  နံနက် ၇ နာရီတွင် စတင်ဖွင့်လှစ်ပြီး ည ၉ နာရီတွင် မဲရုံပိတ် သည်။ မဲပေးရာတွင်  ဆန္ဒမဲပြုသူအား  သက်သေခံ စာအုပ်နှင့်   တိုက်ဆိုင်စစ်ဆေးပြီး   မှန်ကန်မှသာ မဲပေးခွင့်ပြုသည်။  မဲပေးခွင့်ရရှိသူ၏  သက်သေခံ စာအုပ်၏ ဒုတိယစာမျက်နှာတွင်  မဲပေးပြီးကြောင်း တံဆိပ်တုံးရိုက်နှိပ်ပြီး   မဲဆန္ဒရှင်၏  လက်မအား လည်း ကြာရှည်ခံမင်ဖြင့် သုတ်လိမ်းအမှတ်အသား ပြုသည်။ မသန်စွမ်းမဲဆန္ဒရှင်များအနေဖြင့် မဲပေးရာ တွင် မဲရုံ၌ကူညီပေးရန် ၎င်းတို့ဆန္ဒရှိသည့်  ပုဂ္ဂိုလ် တစ်ဦးအား ရွေးချယ်နိုင်သည်။ 
မသန်စွမ်းမဲဆန္ဒရှင်များ မဲပေးနိုင်ရန် မဲရုံမှူးက ကူညီပေးနိုင်သော်လည်း မတူညီသောပါတီ နှစ်ပါတီမှ ကိုယ်စားလှယ်      နှစ်ဦးရှေ့မှောက်တွင်သာ ဆောင်ရွက်ခွင့်ရှိသည်။ မှားယွင်းစွာ ရေးခြစ်မိသော ဆန္ဒမဲလက်မှတ်အား မဲပုံးအတွင်းသို့မထည့်မီ မဲရုံမှူး ထံတွင် မဲလတ်မှတ်အသစ်ဖြင့် ပြန်လည်လဲလှယ်နိုင် သည်။ လဲလှယ်ပေးလိုက်သည့် အသုံးပြုရေးခြစ်ပြီး သား မဲလက်မှတ်များအား  ပယ်မဲအဖြစ်  သတ်မှတ် သိမ်းဆည်းသည်။ မဲရုံပိတ်ပြီးချိန်တွင် မဲရုံများ၌ပင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်အဆင့် တစ်သီးပုဂ္ဂလ            ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ လေ့လာသူများ၏ ရှေ့မှောက်တွင် မဲများရေတွက်သည်။ မဲရလဒ်စင်တာ (Results Centres) များ ထားရှိပြီး ရလဒ်များအား ကြေညာပေးသည်။ 
ရွေးကောက်ပွဲကော်မရှင် 
(Independent Electoral Commission of South Africa – IEC)
ရွေးကောက်ပွဲကော်မရှင်အား   အဖွဲ့ဝင်  ငါးဦး ဖြင့်ဖွဲ့စည်းပြီး  တစ်ဦးမှာ တရားသူကြီးဖြစ်ရသည်။ ရွေးကောက်ပွဲကော်မရှင်အက်ဥပဒေအရ ကော်မရှင် အဖွဲ့ဝင်များသည် တောင်အာဖရိကနိုင်ငံသား ဖြစ်ရ ပြီး    နိုင်ငံရေးပါတီတစ်ခုခု၏  အထင်ကရပုဂ္ဂိုလ် မဖြစ်ရပေ။ အဖွဲ့ဝင်များအား အမျိုးသားလွှတ်တော်ရှိ Inter-Party Committee က တင်သွင်းသည့် အမည် စာရင်းအပေါ် သမ္မတက  အတည်ပြုခန့်အပ်ခြင်း ဖြစ်သည်။ ကော်မရှင်အဖွဲ့ဝင်တစ်ဦး၏ သက်တမ်း မှာ ခုနစ်နှစ်ဖြစ်ပြီး လိုအပ်ပါက လွှတ်တော်၏ အကြံပြု ချက်ဖြင့် သမ္မတက ကော်မရှင်အဖွဲ့ဝင်၏ သက်တမ်း ကို တိုးမြှင့်နိုင်သည်။ အရည်အချင်းပျက်ယွင်းခြင်း၊ မမှန်မကန်ပြုကျင့်ခြင်း စသည့် အကြောင်းပြချက် များဖြင့် လွှတ်တော်၏  အတည်ပြုချက်ရယူကာ သမ္မတက  ကော်မရှင်အဖွဲ့ဝင်များအား   ရာထူးမှ ထုတ်ပယ်နိုင်သည်။   ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအား ရွေးကောက်ပွဲကော်မရှင်ကပင် အဖွဲ့ဝင် များအနက်မှ ရွေးချယ်ခန့်အပ်သည်။
လွတ်လပ်ပြီး  အမှီအခိုကင်းသည့် ရွေးကောက်ပွဲ ကော်မရှင် (Independent Electoral Commission of South Africa – IEC) အား   တောင်အာဖရိက ဖွဲ့စည်းပုံအခြေခံဥပဒေအရ      ဖွဲ့စည်းထားခြင်းဖြစ် သည်။    ရွေးကောက်ပွဲကော်မရှင်၏      အဓိက ကတိကဝတ်များမှာ         အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ၊ စီရင်စုလွှတ်တော်ရွေးကောက်ပွဲ များနှင့် မြူနီစီပယ်လွှတ်တော် ရွေးကောက်ပွဲများကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများ အဖြစ် ကျင်းပပေးရန်၊ ယင်းရွေးကောက်ပွဲများ၏ ရလဒ်များ ထုတ်ပြန်ကြေညာပေးရန်နှင့် တစ်နိုင်ငံလုံး အဆင့်    မဲဆန္ဒရှင်စာရင်းကို    ပြုစုထိန်းသိမ်းရန် ဖြစ်သည်။ 
အဆိုပါကတိကဝတ်များအပြင် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရန်၊ နိုင်ငံရေး ပါတီများနှင့် ဆက်သွယ်ဆက်ဆံရေး၊ ပူးပေါင်းရေးကို ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲဆိုင်ရာ သုတေသန လုပ်ငန်းများကို  ဆောင်ရွက်ရန်နှင့် မြှင့်တင်ရန်၊ ရွေးကောက်ပွဲဆိုင်ရာ  နည်းပညာနှင့်   နားလည် တတ်ကျွမ်းမှု တိုးတက်စေရေးမြှင့်တင်ဆောင်ရွက် ရန်၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို  စဉ်ဆက် မပြတ် ပြန်လည်သုံးသပ်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား   အဆိုပြုတင်သွင်းရန်၊   မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ         ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲရလဒ်များအားလုံးကို ခုနစ်ရက်အတွင်း ကြေညာနိုင်ရေး   ဆောင်ရွက်ရန်၊    ရွေးကောက်ပွဲ အငြင်းပွားမှုများအား ဖြေရှင်းရန်၊   ရွေးကောက်ပွဲ ကျင်းပချိန်တွင် လိုအပ်လာပါက အဆင့်ဆင့်သော အစိုးရယန္တရားတွင် တာဝန်ထမ်းဆောင်နေသူများ အား သင့်လျော်သကဲ့သို့ အဆိုပြုတာဝန်ပေးအပ်ရန် အစရှိသည့် တာဝန်များလည်းရှိသည်။
ရွေးကောက်ပွဲတရားရုံးကို      ရွေးကောက်ပွဲ ကော်မရှင်အက်ဥပဒေအရဖွဲ့စည်းပြီး ကော်မရှင်၏ ဆုံးဖြတ်ချက်များကို            သုံးသပ်စိစစ်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း ၍   တရားရုံးများ၏     ဆုံးဖြတ်ချက်များအပေါ် နောက်ဆုံး        အယူခံတင်သွင်းနိုင်ရန်  ဖြစ်သည်။ ရွေးကောက်ပွဲ တရားရုံးသည် တရားလွှတ်တော်ချုပ် နှင့် အဆင့်အတန်းတူညီပြီး  ရွေးကောက်ပွဲတရားရုံး အဖွဲ့ဝင်များအား Judicial Services Commission ၏ အကြံပြုမှုဖြင့် သမ္မတက အတည်ပြုခန့်အပ်သည်။
ရွေးကောက်ပွဲကော်မရှင်၏ အောက်တွင် စီရင်စု ကိုးခု၌ စီရင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများ ကို    ဖွဲ့စည်းထားသည်။   စီရင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတစ်ခုလျှင် စီရင်စုရွေးကောက်ပွဲ အရာရှိ ( Provincial Electoral Officer –PEO)  က ဦးဆောင်သည့် ရုံးအဖွဲ့ရှိပြီး စီရင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက  မြူနီစီပယ်ရွေးကောက်ပွဲ အရာရှိချုပ်များ (Municipal Electoral Officer) ၏ လုပ်ငန်းဆောင်ရွက်မှုများအား ကြီးကြပ်သကဲ့သို့ သက်ဆိုင်ရာပြည်နယ်အတွင်းရှိ  ရွေးကောက်ပွဲများ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာစီမံကိန်းများအား စီမံခန့်ခွဲသည်။


ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ
၁၉၁၀ ပြည့်နှစ်တွင် Union of South Africa  ကို တည်ထောင်ခဲ့ပြီးနောက် တောင်အာဖရိကနိုင်ငံ တွင် လွှတ်တော်ရွေးကောက်ပွဲများအား ယင်းနှစ်မှ စတင်ပြီးကျင်းပခဲ့သည်။ လွှတ်တော် နှစ်ရပ်ရှိခဲ့ပြီး ဘုရင် သို့မဟုတ် ဘုရင်မ၊ ဆီးနိတ်လွှတ်တော်နှင့် အောက်လွှတ်တော် ပါရှိသည်။   Parliament of the Union of South Africa  အဖြစ်    လွှတ်တော် ရွေးကောက်ပွဲ (၁၂) ကြိမ်အား ၁၉၁၀ ပြည့်နှစ်မှ ၁၉၅၈ ခုနှစ်အတွင်းတွင် လည်းကောင်း၊ Parliament of the  Republic  of  South  Africa  လွှတ်တော် ရွေးကောက်ပွဲ   ကိုးကြိမ်အား ၁၉၆၁ ခုနှစ်မှ  ၁၉၈၉   ခုနှစ်အတွင်းတွင်လည်းကောင်း၊   Democratic Parliament of South Africa အဖြစ်  လွှတ်တော် ရွေးကောက်ပွဲ   ခြောက်ကြိမ်အား   ၁၉၉၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်းတွင်လည်းကောင်း အသီးသီး ကျင်းပခဲ့သည်။ (၂၇) ကြိမ်မြောက် တောင်အာဖရိက လွှတ်တော် ရွေးကောက်ပွဲများကို ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး African National Congress ပါတီက မဲအများဆုံးရရှိခဲ့သည်။
၂၀၁၉ ခုနှစ် တောင်အာဖရိကလွှတ်တော် ရွေးကောက်ပွဲ
၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့တွင် တောင်အာဖရိက အထွေထွေရွေးကောက်ပွဲကို  ကျင်းပခဲ့ပြီး သမ္မတ၊ အမျိုးသားလွှတ်တော်နှင့်   စီရင်စုတစ်ခုစီအတွက် စီရင်စု      လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက်ခဲ့သည်။ 
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများ ပြုစုနိုင်ရန် ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက် နေ့နှင့် ၁၁ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့နှင့်  ၂၇  ရက်နေ့များတွင် လည်းကောင်း  မဲရုံများကို  ဖွင့်လှစ်ခဲ့ပြီး  မဲဆန္ဒရှင် အသစ်များအား  လက်ခံစာရင်းသွင်းခြင်း၊ မူလမဲ ဆန္ဒနယ်မှ အခြားမဲဆန္ဒနယ်သို့ ပြောင်းရွှေ့နေထိုင်သူ များအား မဲစာရင်းတွင် ပြင်ဆင်ဖြည့်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်   မဲဆန္ဒရှင်အသစ်  ၁ ဒသမ ၁ သန်းကျော်ကို မဲဆန္ဒရှင်များအဖြစ် မှတ်ပုံ တင်စာရင်းသွင်းနိုင်ခဲ့ပြီး   စုစုပေါင်း   မဲဆန္ဒရှင် ၂၆၇၂၇၉၂၁ ဦး ရှိလာခဲ့သည်။ 
နိုင်ငံပြင်ပရှိမဲဆန္ဒရှင်များ မှတ်ပုံတင်စာရင်း သွင်းခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ   ၄   ရက်နေ့အထိ    အခြားနိုင်ငံများရှိ တောင်အာဖရိကသံရုံး ၁၂၀  တွင်   ဆောင်ရွက်ခဲ့ရာ ၂၀၅၃၂ ဦး  လာရောက်လျှောက်ထားခဲ့ပြီး ၂၉၃၃၄ ဦးအား  မဲစာရင်းတွင်   အတည်ပြုထည့်သွင်းနိုင်ခဲ့ သည်။ နိုင်ငံပြင်ပတွင် ဆန္ဒမဲပေးခြင်းကို ယင်းသံရုံး ၁၂၀  ၌ပင်   ၂၀၁၉   ခုနှစ်   ဧပြီလ ၂၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး   အဆိုပါဆန္ဒမဲများကို   ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့တွင် ပြည်တွင်းဆန္ဒမဲများနှင့် အတူ ရေတွက်ခဲ့သည်။
တောင်အာဖရိကနိုင်ငံတွင် အိုမင်းမစွမ်းသူများ၊ နာမကျန်းသူများ၊ မသန်စွမ်းမဲဆန္ဒရှင်များ၊ ကိုယ်ဝန် ဆောင်များ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံသို့လာရောက် မဲပေးနိုင်ခြင်းမရှိသည့် မဲဆန္ဒရှင်များအား အထူးမဲ ပေးချိန် ( Special Vote Phase ) သတ်မှတ်ထားရှိ ပြီး  မဲပေးခွင့်ပြုရာ   ၂၀၁၉   ခုနှစ်   အထွေထွေ ရွေးကောက်ပွဲအတွက်    အဆိုပါပုဂ္ဂိုလ်များအား စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့မှ  ၁၈  ရက်နေ့အထိ   ဆောင်ရွက်ခဲ့သည်။ မဲဆန္ဒရှင်ပေါင်း ၇၇၀၀၀၀ ကျော် မှတ်ပုံတင်စာရင်း ပေးသွင်းခဲ့ကြပြီး  တောင်အာဖရိကနိုင်ငံ ခရစ်ယာန် ဂိုဏ်းချုပ် Desmond Tutu အပါအဝင် အထူးမဲ ကြိုတင်ပေးသူများသည်  မေလ  ၆  ရက်နေ့တွင် မဲပေးခဲ့ကြသည်။ 
ရွေးကောက်ပွဲကျင်းပသည့်   ၂၀၁၉  ခုနှစ် မေလ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံး၌ မဲရုံပေါင်း ၂၂၉၂၅ ရုံ ၌ မဲဆန္ဒရှင်ပေါင်း ၁၅၅၄၃၁၁၉ ဦး လာရောက်မဲပေးခဲ့ ရာ မဲပေးမှုရာခိုင်နှုန်းမှာ ၆၅ ဒသမ ၅၉ ဖြစ်သည်။ မဲပေးခြင်းကို နံနက် ၇ နာရီတွင်  စတင်ခဲ့ပြီးနောက် ည ၉:၀၀ နာရီ မဲရုံများပိတ်ပြီးချိန်၌ ဆန္ဒမဲများကို မဲရုံများ၌ပင်  ရေတွက်ခဲ့ပြီး  African National Congress ( ANC) ပါတီက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၌ ဆန္ဒမဲ ၅၇ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ စီရင်စုလွှတ်တော်ကိုးခုအနက် ရှစ်ခု ၌လည်းကောင်း   အနိုင်ရရှိခဲ့သည်။  ၂၀၁၉  ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပချိန်၌ KwaZulu-Natal ရှိ မြူနီစီပယ်သုံးခုတွင် လူတစ်ဦးတည်းက မဲနှစ်ကြိမ်လာပေးသူ ၁၉ ဦးရှိခဲ့သဖြင့် အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။
နိဂုံး
တောင်အာဖရိကနိုင်ငံ၌         လွှတ်တော် ကိုယ်စားလှယ်များ၏      ဒီမိုကရေစီနည်းကျ တာဝန်ယူမှုနှင့်  ကိုယ်စားပြုမှုအသက်ဝင်မှုအား မည်သို့မည်ပုံ        မြှင့်တင်နိုင်မည်ဆိုသည်ကို ဆက်လက်အငြင်းပွားနေဆဲဖြစ်ပြီး  လက်ရှိအချိန် ကာလအထိ နိုင်ငံအတွင်းရှိ အဓိကနိုင်ငံရေးပါတီကြီး များအားလုံးသည်  အချိုးကျကိုယ်စားပြုစနစ်ကို ထောက်ခံနေကြဆဲဖြစ်သည်။ List PR စနစ်သည် မြေမျက်နှာသွင်ပြင်       ပထဝီဝင်ဒေသအလိုက် ကိုယ်စားပြုခွင့်  လုံလောက်စွာရရှိမှု    မရှိဟူသည့် ဝေဖန်မှုများကြောင့် ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော် သမ္မတက ယခင်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဟောင်းဖြစ်သူ   ဖရက်ဒရစ်ဗွန်ဇိုင်း  စလက်ဘာ့တ် ဦးဆောင်ပြီး ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စား လှယ်များလည်းပါရှိသည့် ၁၂ ဦးပါ အဖွဲ့ တစ်ဖွဲ့ကို တာဝန်ပေးအပ်ဖွဲ့စည်းကာ ရွေးကောက်ပွဲစနစ်များ ကို   သုံးသပ်စေခဲ့သည်။   တောင်အာဖရိကနိုင်ငံ အနေဖြင့်   List  PR  စနစ်ကိုပင် ဆက်လက် ကျင့်သုံး သင့်သော်လည်း      နှစ်ဆင့်ခံစနစ်ကို    ပြောင်းလဲ ကျင့်သုံးရန် ယင်းအဖွဲ့က အဆိုပြုခဲ့သည်။ နှစ်ဆင့်ခံ စနစ်ဆိုသည်မှာ  နိုင်ငံကို  မဲဆန္ဒနယ် ၆၉ နယ်အဖြစ်    ခွဲခြား၍  လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှ ခုနစ်ဦး အထိ ရွေးချယ်စေပြီး အမတ်နေရာ ၁၀၀ ကို အမျိုးသား လွှတ်တော် အစားထိုးအမတ်နေရာများအဖြစ် ထားရှိ စေခြင်းဖြစ်သည်။ သို့ရာတွင် တောင်အာဖရိကနိုင်ငံ၌   ယနေ့အချိန်အထိ  ပြောင်းလဲကျင့်သုံးမှု  မရှိသေးဘဲ အချိုးကျကိုယ်စားပြုစနစ်အား     ဆက်လက်ကျင့်သုံး လျက်ရှိသဖြင့်     တိုင်းရင်းသားလူမျိုးများစွာ     နေထိုင်လျက်ရှိပြီး   မတူညီသော   ယဉ်ကျေးမှု၊ ကိုးကွယ်မှုဘာသာနှင့် ဘာသာစကားများမှာလည်း လွန်စွာကွဲပြားသော်လည်း    ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့မှုများအား  သိရှိလေ့လာနိုင်ရန်  ရေးသားတင်ပြအပ်ပါသည်။     ။
 

ကျမ်းကိုး
-    https://www.elections.org.za/content/Elections/Election-types/
-    https://www.eisa.org/wep/souiec.htm
-    https://en.m.wikipedia.org/wiki/Elections_in_South_Africa
-    https://en.m.wikipedia.org/ wiki/South_Africa
-    https://nationalgovernment.co.za/units/view/55/electoral-commission-iec-of-south-africa
-    https://www.etu.org.za/toolbox/docs/govern/elections.html
-    https://en.m.wikipedia.org/wiki/2019_South_African_general_election
-    https://pmg.org.za/committee-meeting/17384/