ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (အင်ဒိုနီးရှားနိုင်ငံ)

 အေးစုကျော်

 

နိဒါန်း
“အင်ဒိုနီးရှား” ဟူသော အမည်သည် ဂရိဘာသာစကား အင်ဒိုမှ ဆင်းသက်လာခြင်းဖြစ်ပြီး အိန္ဒိယကျွန်းများဟု အဓိပ္ပာယ်ရပါသည်။ ၁၉၀၀ ပြည့်နှစ်   နောက်ပိုင်းတွင်   အင်ဒိုနီးရှားဟူသောအမည်မှာ ပို၍  အသုံးများလာခဲ့ကြပြီး    ဒေသခံပြည်သူများက    နိုင်ငံရေး အသုံးအနှုန်းအဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ကြပါသည်။ 
အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကြား တွင် တည်ရှိပြီး  စတုရန်းမိုင်ပေါင်း ၇၃၅၃၅၈ မိုင်မျှရှိသဖြင့် ကုန်းမြေ ဧရိယာအားဖြင့် ၁၄ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါသည်။  မြို့တော် မှာ  ဂျကာတာမြို့တော်ဖြစ်ပြီး အသုံးပြုသည့် ငွေကြေးမှာ ရူပီးဖြစ်ပါ သည်။ လူဦးရေ ၂၆၁ သန်းခန့်ရှိသည်။ 
အင်ဒိုနီးရှားနိုင်ငံသည် သမ္မတနိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သမ္မတသည် နိုင်ငံ အကြီးအကဲဖြစ်သကဲ့သို့ အစိုးရအဖွဲ့၏ အုပ်ချုပ် ရေးမဏ္ဍိုင်အကြီးအကဲလည်း ဖြစ်ပါသည်။  သမ္မတသည်  ငါးနှစ် သက်တမ်း နှစ်ကြိမ်ထိ ထမ်းဆောင်ခွင့်ရှိပါသည်။ ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်     နိုင်ငံ၏အစိုးရအဖွဲ့    ဖွဲ့စည်း တည်ဆောက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာခွဲဝေကျင့်သုံးမှုတို့ကိုလည်း အတိအကျ သတ်မှတ်ပြဋ္ဌာန်းပေး ထားပါသည်။ ဥပဒေပြုလွှတ်တော်များအတွက် ကိုယ်စားလှယ်များ နှင့် သမ္မတ၊ ဒုတိယသမ္မတတို့အား ပြည်သူများမှ ငါးနှစ်လျှင်တစ်ကြိမ် ရွေးကောက်တင်မြှောက်ပေးပါသည်။
၁၉၉၉ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အင်ဒိုနီးရှားနိုင်ငံရေးသမိုင်း တွင် ရွေးကောက်ပွဲခုနစ်ကြိမ်  ကျင်းပခဲ့ပါသည်။  ၁၉၆၆   ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ  အင်ဒိုနီးရှားနိုင်ငံ  လွှတ်တော်ကို  တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှစ၍ တပ်မတော်သားကိုယ်စားလှယ်များ၏ ပါဝင်မှု ကို ပယ်ဖျက်ခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် အောက်လွှတ်တော်   သို့မဟုတ်   ပြည်သူ့ လွှတ်တော် People's Representative Council (Dewan Perwa-kilan Rakyat-DPR) သည် ရွေးကောက်ပွဲစီမံခန့်ခွဲမှုအဖွဲ့အစည်းများဆိုင်ရာ ဥပဒေ (၁၅/၂၀၁၁)၊ ဥပဒေပြုရွေးကောက်ပွဲများဆိုင်ရာ ဥပဒေ (၈/၂၀၁၂)နှင့် သမ္မတ ရွေးကောက်ပွဲများဆိုင်ရာဥပဒေ (၄၂/ ၂၀၀၈) တို့ကိုပေါင်းစပ်၍ အထွေထွေရွေးကောက်ပွဲ ဥပဒေအသစ် (၇/၂၀၁၇) ကို  ပြဋ္ဌာန်းခဲ့ပါသည်။  အဆိုပါဥပဒေ၌   လွှတ်တော် ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများကို တစ်နေ့တည်း ကျင်းပ ရန်  ပြဋ္ဌာန်းခဲ့ပါသည်။   ယခင်ဥပဒေတွင်    ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများအား   သမ္မတရွေးကောက်ပွဲမတိုင်မီ  လပေါင်း များစွာအလို၌  ကျင်းပပြီး  ပါတီများအနေဖြင့်  အဆိုပါဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲများတွင် ရရှိသည့် အနိမ့်ဆုံးဆန္ဒမဲအရေ အတွက် သို့မဟုတ် ကိုယ်စားလှယ်နေရာအရေအတွက်ပေါ် မူတည် ၍  သမ္မတရွေးကောက်ပွဲအတွက်   အမည်စာရင်းတင်သွင်းရခြင်း ဖြစ်ပါသည်။ ဥပဒေသစ်တွင်  မည်သည့်နိုင်ငံရေးပါတီ  သို့မဟုတ် ညွန့်ပေါင်းအဖွဲ့အစည်းမဆို နောက်ဆုံးပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲ တွင် ခိုင်လုံမဲစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် DPR ရှိ ကိုယ်စား လှယ်အရေအတွက်၏ ၂၀ ရာခိုင်နှုန်း အနိုင်ရရှိပါက သမ္မတနှင့် ဒုတိယ သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခွင့်ရှိပါသည်။ သမ္မတနှင့် ဒုတိယ သမ္မတတို့ကို ပြည်သူများက တစ်ပြိုင်နက် တိုက်ရိုက်ရွေးကောက်တင် မြှောက်ခြင်း ဖြစ်ပါသည်။
ရွေးကောက်ပွဲစနစ်
သမ္မတရွေးကောက်ပွဲကို Majority Vote စနစ်၊ အထက်လွှတ်တော် Regional Representative Council (Dewan Perwakilan Daerah - DPD ) ကို Single Non-Transferable Vote စနစ်၊ အောက်လွှတ်တော် People's Representative Council  (Dewan Perwakilan Rakyat- DPR ) ကို အချိုးကျကိုယ်စားပြုစနစ် (Proportional Representative System- Open List ) ကိုကျင့်သုံး၍ ဆောင်ရွက်ပါသည်။ အဆိုပါစနစ်၌ လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ရရှိရေးအတွက် ပါတီများအနေဖြင့် အနိမ့်ဆုံးဆန္ဒမဲ (Threshold)  ၃  ဒသမ ၅   ရာခိုင်နှုန်းရရှိရန် လိုအပ်ပါသည်။ 
လွှတ်တော်ဖွဲ့စည်းမှု
အင်ဒိုနီးရှားနိုင်ငံတွင်  အောက်လွှတ်တော်  သို့မဟုတ်  ပြည်သူ့ လွှတ်တော် (People's Representative Council-DPR) နှင့် အထက် လွှတ်တော် (Regional Representative Council- DPD)ဟူ၍ ပြည်ထောင်စု အဆင့် ဥပဒေပြုလွှတ်တော် နှစ်ရပ်ရှိပါသည်။ အောက်လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော် DPR သည် ဥပဒေများကို ပြင်ဆင်ခွင့်၊ ပြဋ္ဌာန်းခွင့်ရှိပါသည်။ အထက်လွှတ်တော်  DPD သည် လွှတ်တော်နှစ်ရပ် ထားရှိရေးအတွက် အခြေခံဥပဒေပြင်ဆင်မှုမှ ၂၀၀၄ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သော    လွှတ်တော်ဖြစ်ပြီး   လုပ်ပိုင်ခွင့်အကန့်အသတ်ဖြင့် ဆောင်ရွက်ရသော လွှတ်တော်ဖြစ်ပါသည်။  လွှတ်တော်နှစ်ရပ် ပူးပေါင်း ကျင်းပသည့် လွှတ်တော်အစည်းအဝေးကို ပြည်သူ့အတိုင်ပင်ခံညီလာခံ People’s Consultative Assembly ( Majelis Permusyawaratan Rakyat - MPR ) ဟုခေါ်ဆိုပြီး ၎င်းညီလာခံမှ  ဆောင်ရွက်ခွင့်ရှိသည့်  လုပ်ငန်းတာဝန်များတွင်  သမ္မတအား  စွပ်စွဲပြစ်တင်ခြင်းနှင့်  စပ်လျဉ်း၍ အပြီးသတ်ဆောင်ရွက်ရသည့်အဆင့်များ ပါဝင်ပါသည်။  လွှတ်တော် နှစ်ရပ်လုံးရှိ  ကိုယ်စားလှယ်များသည်  ငါးနှစ်တာဝန်  ထမ်းဆောင်ရမည် ဖြစ်ပါသည်။
ကျင်းပသည့် ရွေးကောက်ပွဲများ
အထွေထွေရွေးကောက်ပွဲကော်မရှင်သည်    နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့်နှင့် မဲပေးခြင်းလုပ်ငန်းစဉ် များ စီမံဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကြေညာခြင်း စသည့် လုပ်ငန်းများကို တာဝန်ယူပြီး အောက်ပါရွေးကောက်ပွဲများကို ကျင်းပ ဆောင်ရွက်ပါသည်- 
(က)    သမ္မတရွေးကောက်ပွဲ   ( Presidential Election )
(ခ)    အထက်လွှတ်တော်ရွေးကောက်ပွဲ (Regional Represen-tative Council- DPD )    
(ဂ)    အောက်လွှတ်တော်ရွေးကောက်ပွဲ (People’s Represe-ntative Council- DPR )   
(ဃ)    ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲ (DPRD Province Council Election)  
(င)    ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့   ရွေးကောက်ပွဲ   (Regional Head Elections )             
(စ)    ဒေသန္တရ/မြူနီစီပယ်ရွေးကောက်ပွဲ  (Regency/mu-nicipality elections)         
မဲဆန္ဒနယ်မြေသတ်မှတ်ခြင်း
ရွေးကောက်ပွဲနယ်မြေမဲဆန္ဒနယ်များကို ရွေးကောက်ပွဲမတိုင်မီ ကြိုတင် သတ်မှတ်ပါသည်။  အောက်လွှတ်တော် (DPR) အတွက် မဲဆန္ဒနယ်မြေ ၇၇ ခု သတ်မှတ်ပြီး  အထက်လွှတ်တော် (DPD) အတွက် ပြည်နယ် ၃၄ ခုကို အခြေခံပါသည်။
ပြည်နယ်အဆင့်   ဒေသန္တရဆိုင်ရာကောင်စီ   (DPRD)  ၏ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ လူဦးရေ ပေါ်မူတည်၍ Multi-member မဲဆန္ဒနယ် ၂၅၉ ခုကို သတ်မှတ်ဖွဲ့စည်း ပါသည်။
ဒေသန္တရ/မြူနီစီပယ် (Regency/municipality elections) ရွေးကောက်ပွဲများတွင် မြူနီစီပယ်ဧရိယာအတွင်းရှိ လူဦးရေပေါ် အခြေခံ၍ သတ်မှတ်ဖွဲ့စည်းပါသည်။ ပြည်နယ် ၃၄ ခု၊ ဒေသန္တရ အုပ်ချုပ်ရေးနယ်မြေ (Regency) ၄၁၀ ခု၊ မြူနီစီပယ်အုပ်ချုပ်ရေး နယ်မြေ (Municiplity) ၉၈ ခု၊ ခရိုင် ၆၉၉၄ ခု၊ မြို့ပေါ်ရပ်ကွက် ၈၃၀၉ ခုနှင့် ကျေးရွာ ၇၂၉၉၄ ခုရှိပြီး မြူနီစီပယ်ရွေးကောက်ပွဲအတွက် Multi-member မဲဆန္ဒနယ် ၂၁၀၂ ခုကို  သတ်မှတ်ဖွဲ့စည်းထား ပါသည်။
အမည်စာရင်းတင်သွင်းခြင်း
နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် ညွန့်ပေါင်းပါတီသည် လွှတ်တော် နှစ်ရပ်တွင် ၂၅ ရာခိုင်နှုန်း အနိုင်ရလျှင်သော်လည်းကောင်း၊ အောက် လွှတ်တော် ( DPR )တွင် ၂၀ ရာခိုင်နှုန်း အနိုင် ရလျှင်သော်လည်းကောင်း သမ္မတနှင့် ဒုတိယသမ္မတ၏ အမည်စာရင်း တင်သွင်းနိုင်ပါသည်။
အထက်လွှတ်တော် (DPD) နှင့် အောက်လွှတ်တော် (DPR)တို့ အတွက် သက်ဆိုင်ရာပါတီနှင့် တစ်သီးပုဂ္ဂလများသည် အနည်းဆုံး အသက် (၂၁) နှစ်ရှိပြီး  နိုင်ငံရေးပါတီတစ်ခုအတွက်သာ  အမည် စာရင်းတင်သွင်းရပါသည်။ အောက်လွှတ်တော် (DPR) သို့ အမည် စာရင်းတင်သွင်းရာတွင်  အမျိုးသမီးလွှတ်တော်   ကိုယ်စားလှယ် လောင်း ၃၀ ရာခိုင်နှုန်း ပါဝင်ရပါသည်။
ဆန္ဒမဲပေးခြင်း
အင်ဒိုနီးရှားနိုင်ငံတွင် အသက် ၁၇ နှစ် ပြည့်ပြီးသည့် နိုင်ငံသား တိုင်း မဲပေးခွင့်ရှိပါသည်။ အိမ်ထောင်ရှိသူဖြစ်ပါက အသက်မပြည့် သေးသော်လည်း မဲပေးခွင့်ရှိပါသည်။ 
ရွေးကောက်ပွဲနေ့တွင် မဲရုံများကို နံနက် ၀၇:၀၀ နာရီမှ ၂၂:၀၀ နာရီထိ ဖွင့်လှစ်ပါသည်။ 
သမ္မတရွေးကောက်ပွဲတွင် သမ္မတနှင့် ဒုတိယသမ္မတတို့ကို မဲလက်မှတ်တစ်စောင်တည်း ( Single Ticket ) ဖြင့် ဆန္ဒပြုရွေးချယ် ရပါသည်။ 
အထက်လွှတ်တော် (DPD)၊ အောက်လွှတ်တော် (DPR)၊ ပြည်နယ် (DPRD Province) နှင့် မြူနီစီပယ်ရွေးကောက်ပွဲ (DPRD Regency/Municipality) များကို  တစ်နေ့တည်းတွင်  ကျင်းပပြုလုပ်ပါသည်။ 
အဆိုပါ   ရွေးကောက်ပွဲများတွင်   မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲပေးရာ၌ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းအမည်များပါဝင်သော မဲလက်မှတ်တစ်စောင် စီရရှိမည် ဖြစ်ပါသည်။    


ရွေးကောက်တင်မြှောက်ခြင်း
အောက်လွှတ်တော် (People's Representative Council - DPR)
အောက်လွှတ်တော် (DPR) တွင် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရွေးကောက် တင်မြှောက်ခွင့်ရှိသော မဲဆန္ဒနယ် ၇၇ မှ ကိုယ်စားလှယ် ၅၇၅ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ မဲဆန္ဒနယ်တစ်ခုလျှင် လူဦးရေပေါ် အခြေခံ၍ ကိုယ်စားလှယ်  သုံးဦးမှ  ၁၀  ဦးအကြား  ရွေးကောက် တင်မြှောက်ခွင့်ရရှိပါသည်။ ကိုယ်စားလှယ်များကို နိုင်ငံရေးပါတီများမှ တင်သွင်းသည့် ကိုယ်စားလှယ်လောင်းစာရင်းမှတစ်ဆင့် Open List PR စနစ်ကို အသုံးပြု၍ ရွေးကောက်တင်မြှောက်ခြင်းဖြစ်ပါသည်။ လွှတ်တော်တွင်   ကိုယ်စားလှယ်နေရာရရှိရေးအတွက်   ပါတီများ အနေဖြင့် အနိမ့်ဆုံးဆန္ဒမဲ( Threshold ) ၃ ဒသမ ၅ ရာခိုင်နှုန်းရရှိရန် လိုအပ်ပါ သည်။ အနိမ့်ဆုံးဆန္ဒမဲ ( Threshold ) သတ်မှတ်ချက်သည် ပြည်ထောင်စုအဆင့် (DPR) အတွက်သာ သတ်မှတ်ထားခြင်းဖြစ်ပြီး ပြည်နယ်အဆင့်လွှတ်တော်များအတွက်မူ သတ်မှတ်ထားခြင်း မရှိပေ။
မဲဆန္ဒရှင်များက  ၎င်းတို့၏မဲဆန္ဒနယ်တွင်   ဝင်ရောက်ယှဉ်ပြိုင် သည့်   ကိုယ်စားလှယ်လောင်းများနှင့်  ၎င်းတို့ ကိုယ်စားပြုပါတီများကို ဖော်ပြထားသည့် DPR ဆန္ဒမဲလက်မှတ်တွင်  မိမိရွေးချယ်လိုသည့်ကိုယ်စားလှယ်လောင်းတစ်ဦး၊ ပါတီတစ်ခု သို့မဟုတ် ကိုယ်စားလှယ် လောင်းနှင့် ပါတီနှစ်ခုလုံးပေါ်တွင် ဆန္ဒပြုရမည် ဖြစ်ပါသည်။ မဲဆန္ဒ ရှင်သည် မတူညီသည့် ကိုယ်စားလှယ်လောင်းနှင့်ပါတီကို ရွေးချယ် ဆန္ဒပြုထားပါက ယင်းဆန္ဒမဲလက်မှတ်သည် ပယ်မဲအဖြစ် သတ်မှတ် ခြင်းခံရမည်ဖြစ်ပါသည်။
အထက်လွှတ်တော် ( Regional Representative Council - DPD)
အထက်လွှတ်တော် (DPD) တွင် ပြည်နယ်တစ်ခုလျှင် ကိုယ်စား လှယ် လေးဦးနှုန်းဖြင့် ပြည်နယ် ၃၄ ခုမှ အချိုးကျ ရွေးကောက် တင်မြှောက်ထားသည့်  ကိုယ်စားလှယ် ၁၃၆  ဦး  ပါဝင်ပါသည်။  သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှ ပါတီဝင်မဟုတ်သော  ကိုယ်စား လှယ်လောင်းများကို Single Non Transferable Vote စနစ်ဖြင့် ရွေးကောက်တင်မြှောက်ပါသည်။ မဲဆန္ဒရှင်များက  ၎င်းတို့မဲဆန္ဒနယ် အတွက်   ရွေးချယ်လိုသည့်    ကိုယ်စားလှယ်လောင်းတစ်ဦးတည်း အတွက်ကိုသာ ဆန္ဒပြုပေးရမည်ဖြစ်ပါသည်။ မဲဆန္ဒနယ်အလိုက် မဲအများဆုံးရရှိသည့်     ကိုယ်စားလှယ်လောင်း      လေးဦးသည်  ရွေးကောက်တင်မြှောက်ခံရမည်ဖြစ်ပါသည်။ DPD ကိုယ်စားလှယ် လောင်းတိုင်းသည် မဲဆန္ဒရှင်အရေအတွက်ပေါ်မူတည်၍ မဲဆန္ဒရှင် ၁,၀၀၀ မှ ၅,၀၀၀ အကြား ၎င်းတို့ကို ထောက်ခံမှုရရှိရန်လိုအပ်ပါသည်။ ၎င်းအချက်ကို သက်သေပြနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ် အလိုက် မှတ်ပုံတင်ထားသည့် ၎င်းအားထောက်ခံသော မဲဆန္ဒရှင် များ၏ သက်သေခံလက်မှတ် မိတ္တူများကို တင်သွင်းရန် ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။ 
မြို့တော်/ စီရင်စု ( Dewan Perwakilan Rakyat Daerah - DPRD)
မြို့တော်/စီရင်စု( DPRD) ကို လူဦးရေပေါ်မူတည်၍ မြို့တော်/စီရင်စုတစ်ခုလျှင် ၂၀ မှ ၅၅ ဦးအကြားပါဝင်သည့် အဖွဲ့ဝင်များဖြင့် မြို့တော်/စီရင်စု ၅၁၄ ခုအတွက် ရွေးချယ်ပေးရပါသည်။ ပြည်နယ် အဆင့်ဒေသအစိုးရအုပ်ချုပ်မှုအောက်တွင်   မြို့ပြ  ၄၁၆  ခုနှင့် ကျေးလက် ၉၈ ခုပါဝင်ပြီး  မြို့တော်/စီရင်စုအဆင့် (DPRD) တွင် အဖွဲ့ဝင် ၅၀၈ ဦးကို ရွေးချယ်ပေးရပါသည်။  ၂၀၁၉  ခုနှစ် မြို့တော်/စီရင်စုအဆင့် (DPRD)  တွင် မဲဆန္ဒနယ် တစ်နယ်လျှင် ကိုယ်စားလှယ် ၃ ဦးမှ ၁၂ ဦးထိ  ရွေးချယ်ပေးရသည့်  မဲဆန္ဒနယ် ၂,၂၀၆ နယ်မှ ကိုယ်စားလှယ် ၁၇,၆၁၀ ဦးအား ရွေးချယ်ပေးခဲ့ပါသည်။
ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် မြို့တော်/စီရင်စုအဆင့် ကိုယ်စားလှယ်များကို Open List PR စနစ်အသုံးပြု၍ ရွေးကောက်ပွဲကို တစ်နေ့တည်းကျင်းပခဲ့ပါသည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းမှာ ငါးနှစ်ဖြစ်ပါသည်။ ပြည်ထောင်စုအဆင့် (DPR) မှလွဲ၍ ပြည်နယ်အဆင့်နှင့် မြို့တော်/စီရင်စုအဆင့်များတွင် အနိမ့်ဆုံးဆန္ဒမဲ သတ်မှတ်ချက်ထားရှိခြင်း မရှိပါ။
ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့များနှင့် 
၎င်းတို့၏လုပ်ပိုင်ခွင့် အာဏာများ
အင်ဒိုနီးရှားနိုင်ငံတွင် ရွေးကောက်ပွဲများကို ကျင်းပရန်အတွက် စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့အစည်းသုံးခုရှိပါသည်။ အထွေထွေရွေးကောက်ပွဲ ကော်မရှင် The General Elections Commission of  Indonesia  ( KPU )၊ ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ The election Oversight Body ( Bawaslu ) နှင့် The Honorary Council of Election Commission of Indonesia ( DKPP ) တို့ ဖြစ်ပါသည်။
အထွေထွေရွေးကောက်ပွဲကော်မရှင် ( Kenapa –KNP )
အထွေထွေရွေးကောက်ပွဲကော်မရှင် (KNP) သည် ပြည်ထောင်စု အဆင့်နှင့်   ဒေသဆိုင်ရာရွေးကောက်ပွဲများကို  ကျင်းပပေးရသော လွတ်လပ်သည့်ရွေးကောက်ပွဲ     စီမံခန့်ခွဲရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါ သည်။ KNP တွင် ကော်မရှင်အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ယင်းကော်မရှင်အဖွဲ့ဝင်များအား     ပွင့်လင်းမြင်သာပြီး       တင်းတင်း ကျပ်ကျပ်ဖြင့် စနစ်တကျ ရွေးချယ်ကာ  သမ္မတမှရာထူး အပ်နှင်းပါသည်။ KNP ၏ဥက္ကဋ္ဌကို  KNP   ဖွဲ့စည်းပြီးနောက် ဆောင်ရွက်သည့်   ပထမ ဆုံးသော   မျက်နှာစုံညီအစည်းအဝေးအတွင်း    Closed   Vote ပုံစံဖြင့် ရွေးချယ်ပါသည်။ KNP ၏ သက်တမ်းမှာ  ငါးနှစ်ထမ်းဆောင်ရမည် ဖြစ်ပါသည်။ လက်ရှိတွင် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်ပါသည်။
KNP ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အဆင့်မြင့် အစိုးရ ဝန်ထမ်းတစ်ဦးကို KNP မှ  အဆိုပြုကာ  သမ္မတမှခန့်အပ်ပါသည်။ အထွေထွေအတွင်းရေးမှူးချုပ်သည် စီမံခန့်ခွဲ ရေးဆိုင်ရာလုပ်ငန်းများ နှင့်  ပြည်ထောင်စုအဆင့်တွင်   အဖွဲ့အစည်း၏အုပ်ချုပ်ရေးလုပ်ငန်း များကို   အဓိကတာဝန်ယူဆောင်ရွက်ရသည့်  အတွင်းရေးမှူးတာဝန် ကိုလည်း ဆောင်ရွက်ရပါသည်။ 
ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့  ( Bawaslu )
ရွေးကောက်ပွဲများ   အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စောင့်ကြပ်ကြည့်ရှုရသည့် အဓိကအဖွဲ့အစည်းဖြစ်ပါသည်။ Bawaslu ကော်မရှင်နာများကို KNP ကဲ့သို့ပင် ရွေးချယ်ပါသည်။
ပြည်နယ်၊ စီရင်စုနှင့် ဒေသန္တရအဆင့်များတွင် Bawaslu ရုံးများ ဖွင့်လှစ်ထားရှိပြီး ပြည်နယ်တစ်ခုလျှင် ကော်မရှင်နာ ငါးဦးမှ ခုနစ်ဦး၊ စီရင်စုတစ်ခုလျှင် အဖွဲ့ဝင် သုံးဦးမှ ငါးဦး၊ ခရိုင်အဆင့်တွင်  သုံးဦးနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုတစ်ခုလျှင် မြေပြင်စစ်ဆေးရေးအရာရှိ တစ်ဦးမှ  ငါးဦးတို့ကို မြေပြင်အကျယ်အဝန်းနှင့်မဲရုံအရေအတွက်ပေါ်   မူတည်၍ ခန့်ထားပါသည်။ ရွေးကောက်ပွဲတိုင်းတွင် မဲရုံတစ်ရုံလျှင် Bawaslu  စောင့်ကြည့်လေ့လာသူ      တစ်ဦး   ခန့်အပ်ထားပါသည်။  ရွေးကောက်ပွဲအငြင်းပွားမှုများကို   Bawaslu  သို့ တင်သွင်းရပြီး အခြားအဖွဲ့ အစည်းများဖြစ်သော    ရွေးကောက်ပွဲစီမံခန့်ခွဲရေးဂုဏ်ထူးဆောင် ကောင်စီ ( DKPP )၊ ရဲဌာန  သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးတို့နှင့်     သင့်လျော်သလို     ပူးပေါင်းဖြေရှင်းပါသည်။  Bawaslu သည် KNP နှင့် ကိုယ်စားလှယ်လောင်းများအကြားဖြစ်ပွားသည့် အငြင်းပွားမှုများ နှင့်စပ်လျဉ်း၍ စစ်ဆေးဆုံးဖြတ်ခွင့်အာဏာနှင့် ဒေသဆိုင်ရာအကြီးအကဲရွေးချယ်သည့်    ရွေးကောက်ပွဲများတွင် ဆန္ဒမဲဝယ်ယူသည့် ကိုယ်စားလှယ်လောင်းများအား အရည်အချင်း  ပျက်ယွင်းကြောင်း ကြေညာနိုင်သည့် အာဏာတို့ရှိပါသည်။
ရွေးကောက်ပွဲစီမံခန့်ခွဲရေးဂုဏ်ထူးဆောင်ကောင်စီ (Dewan 
Kehormatan Penyelenggara Pemilu -  DKPP )
ရွေးကောက်ပွဲစီမံခန့်ခွဲရေးဂုဏ်ထူးဆောင်ကောင်စီ    (DKPP သည် KNP အဖွဲ့ဝင်များ နှင့် Bawaslu အဖွဲ့ဝင်များ ကျင့်ဝတ်ပိုင်း ဆိုင်ရာများကို  ဖောက်ဖျက်ကျူးလွန်သည်ဟု  တိုင်ကြားလာပါက စစ်ဆေးဆုံးဖြတ်နိုင်ရန်  ဖွဲ့စည်းထားသည့်  ပြည်ထောင်စုအဆင့် ကျင့်ဝတ် ထိန်းသိမ်းရေးကောင်စီဖြစ်ပါသည်။  ၎င်း၏  သက်တမ်း မှာလည်း ငါးနှစ်ဖြစ်ပြီး KNP နှင့် Bawaslu အဖွဲ့ဝင်များ  ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် နှစ်လအတွင်းဖွဲ့စည်းကာ KNP ကော်မရှင်နာ တစ်ဦး၊ Bawaslu ကော်မရှင်နာ တစ်ဦးနှင့်ဒေသန္တရအကြီးအကဲ ငါးဦး ပါဝင်ပါ သည်။
 DKPP သည် KPU နှင့် Bawaslu ကော်မရှင်နာများအနေဖြင့် ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့များ လိုက်နာရမည့်ကျင့်ဝတ်များကို လိုက်နာမှုရှိစေရန် ထိန်းကျောင်းပေးပြီး ကော်မရှင်နာများအား ရာထူးမှ ထုတ်ပယ်ပိုင်ခွင့်အာဏာ ရှိပါသည်။ DKPP ၏ ဆုံးဖြတ်ချက်များသည် အပြီးသတ်အတည်ဖြစ်သော်လည်း DKPP ၏ ထောက်ခံချက်ဖြင့် ရာထူးမှထုတ်ပယ်ခံရသော ကော်မရှင်နာများသည် ပြည်နယ်အုပ်ချုပ် ရေး တရားရုံးတွင် အယူခံတင်ခွင့်ရှိပါသည်။
ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တိုင်ကြားနိုင်ပါသည်။ တိုင်ကြားနိုင်သည့် ကာလကို အောက်လွှတ်တော် (DPR)၊ အထက်လွှတ်တော် ( DPD )နှင့် မြို့တော်/စီရင်စုအဆင့် ( DPRD ) ရွေးကောက်ပွဲများ အလိုက် နေ့ရက်ကာလသတ်မှတ်ပေးပါသည်။ 
အငြင်းပွားမှုအမျိုးအစားပေါ်မူတည်၍   Bawaslu၊      ရဲဌာနနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊    စီမံအုပ်ချုပ်ရေးတရားရုံးတို့မှ အသီးသီးကိုင်တွယ်ဆောင်ရွက်ပါသည်။ ရွေးကောက်ပွဲနှင့်စပ်လျဉ်း သည့် အငြင်းပွားမှုများကို အကြမ်းဖက်မှု၊ အငြင်းပွားမှုနှင့် ရာဇဝတ် မှုဟူ၍  အဓိကအမျိုးအစား သုံးမျိုးခွဲခြားထားပါသည်။ 
ပေါ်ပေါက်သည့်မည်သည့်အမှုကိုမဆို ဦးစွာ Bawaslu သို့ တင်သွင်း ရပြီး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် -
    -    ရွေးကောက်ပွဲစီမံခန့်ခွဲမှုအဖွဲ့အစည်းများအတွက် လိုက်နာရ မည့်ကျင့်ဝတ်ကို ဖောက်ဖျက်ပါက ရွေးကောက်ပွဲစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ကောင်စီမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ပါ သည်။
    -    စီမံခန့်ခွဲမှုဆိုင်ရာနှင့်စပ်လျဉ်း၍ ဖောက်ဖျက်ကျူးလွန်ပါက အထွေထွေရွေးကောက်ပွဲကော်မရှင်က ကိုင်တွယ်ဖြေရှင်း ရပါသည်။
    -    ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ Bawaslu၊ ရဲဌာနနှင့် ရာဇဝတ်မှု ဆိုင်ရာ တရားရုံးတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် Center for Integrated Law Enforcement က ကိုင်တွယ် ဖြေရှင်း ရပါသည်။
    -    KPU နှင့် ကိုယ်စားလှယ်လောင်းများအကြား ဖြစ်ပွားသည့် ရွေးကောက်ပွဲ  အငြင်းပွားမှုများဖြစ်ပါက  Bawaslu  က ကိုင်တွယ်ဖြေရှင်းရပါသည်။ ဆုံးဖြတ်ချက်များသည် အပြီး အပြတ်ဖြစ်သော်လည်း နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များ နှင့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကိစ္စရပ်များဖြစ်ပါက အုပ်ချုပ်ရေးဆိုင်ရာတရားရုံးနှင့်   တရားရုံးချုပ်များသို့ အယူခံတင်သွင်းနိုင်ပါသည်။
    -    ရွေးကောက်ပွဲရလဒ်အငြင်းပွားမှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ ကိုင်တွယ်ဖြေရှင်းရပါသည်။ ၂၀၁၄ ခုနှစ် ဧပြီလ ၉ ရက်နေ့ လွှတ်တော် ရွေးကောက်ပွဲများအတွက် ခုံရုံးသို့တင်သွင်းသည့် အမှုပေါင်း ၉၁၄ မှုရှိခဲ့သော်လည်း ၂၁၇ မှုသည် အချက်အလက်ပြည့်စုံမှုမရှိသည့်အတွက် ပယ်ချခံ ခဲ့ရပါသည်။  ကျန်ရှိသည့်အမှု  ၆၉၇ မှုအနက် ၂၁ မှုသာ လျှောက်ထားသူဘက်မှ အနိုင်ရရှိခဲ့ပါသည်။ အဆိုပါအရေ အတွက်သည် ၂၀၀၉ ခုနှစ်တွင် လျှောက်ထား သူဘက်မှ ၁၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားသည်ကို တွေ့ရှိရပါသည်။ ၂၀၁၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ရလဒ်နှင့် စပ်လျဉ်း၍ တင်သွင်းသည့်  အမှု  တစ်မှုသာရှိခဲ့ပြီး လျှောက်ထားသူ ဘက်မှ ရှုံးနိမ့်ခဲ့ပါသည်။ 
ရွေးကောက်ပွဲရလဒ်များနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုများကို သင့်လျော်သည့် ရွေးကောက်ပွဲဆိုင်ရာ တရားရုံးမှ စစ်ဆေးရန် ဖော်ပြထားပါသည်။ သို့သော် သင့်လျော်သည့် တရားရုံးတစ်ရုံးရုံးသို့ လွှဲပြောင်းမှုမပြုမီအတွင်း   အမှုနှင့်စပ်လျဉ်း၍   စီရင်ဆုံးဖြတ်ခွင့် အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လွှဲအပ်ထားပါ သည်။ 
နိဂုံး
အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံ၏ ရွေးကောက်ပွဲ များအားလုံးကို တာဝန်ယူဆောင်ရွက်ရပြီး စောင့်ကြည့်ထိန်းကျောင်း သည့် အဖွဲ့အစည်းများ    အဆင့်ဆင့်ဖွဲ့စည်းကာ    အပြန်အလှန် ထိန်းကျောင်းသည့်စနစ်ထားရှိသည်ကို တွေ့ရှိရပါသည်။ 
ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲကျင်းပခြင်းတို့ကို နိုင်ငံ၏ ပထဝီအနေအထားအပြင် လူမျိုးစု၊ ဘာသာရေး၊ လူမှုလူတန်းစားတို့နှင့် လျော်ညီအောင် ပြင်ဆင်ဆောင်ရွက်မှုများရှိသော်လည်း  နယ်မြေ ကျယ်ဝန်းပြီး ကျွန်းစုနိုင်ငံဖြစ်သဖြင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်း ကြောင့် ရွေးကောက်ပွဲနေ့တွင် အချိန်နှင့်တစ်ပြေးညီ ကျင်းပနိုင်ရန် စီမံဆောင်ရွက်ရာ၌  စိန်ခေါ်မှုများရှိနိုင်ကြောင်း  တွေ့ရှိရပါသည်။ နောက်ဆုံးရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ်တွင်  ကျင်းပခဲ့ပြီးနောက် တစ်ကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ်တွင် ကျင်းပမည် ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးအစော ပိုင်းကာလတွင်  ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ရာမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ မျှော်မှန်းချက်နှင့်ပြည့်မီသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့  ကူးပြောင်းကျင့်သုံးလျက်ရှိကြောင်း ဖော်ပြပါ သည်။   ။


ရည်ညွှန်းကိုးကား
Elections_in_Indonesia
2019_Indonesian_general_election
Election guide by IFES ( Indonesia )
People's Consultative Assembly ( Indonesia )
House of Representative ( DPR )
Regional Representative Council ( DPD )
Electoral system in Indonesia
Portal for the Republic of Indonesia