ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (နီပေါနိုင်ငံ)

Type

နိဒါန်း


နီပေါနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ နိုင်ငံဖြစ်ပြီး တောင်အာရှတွင်ရှိသော ကုန်းတွင်း ပိတ်   နိုင်ငံတစ်နိုင်ငံဖြစ်သည်။   နီပေါနိုင်ငံ၏ ဧရိယာအများစုသည် ဟိမဝန္တာတောင်တန်းဒေသ အတွင်း  တည်ရှိပြီး  အိန္ဒိယမြောက်ပိုင်းလွင်ပြင် (Indo-Gangetic Plain) ၏ အစိတ်အပိုင်းတစ်ခု အဖြစ်လည်း ပါဝင်သည်။     နီပေါနိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း  ၁၄၃,၃၅၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် ၉၃ နိုင်ငံ မြောက်  အကြီးဆုံးသော  နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံ၏ မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက် တွင်   အိန္ဒိယသမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ ၌ နီပေါနိုင်ငံ၏ ထုတ်ပြန်ကြေညာချက်အရ နိုင်ငံ၏ လူဦးရေမှာ   ၂၉,၆၅၃,၈၆၉ ဦးခန့်ရှိပြီး   နိုင်ငံ၏  ၂၁ ဒသမ ၄ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြသည်။   ကမ္ဘာ့အမြင့်ဆုံး ဖြစ်သော တောင် ၁၀ လုံးအနက်  ရှစ်လုံးသည် နီပေါနိုင်ငံတွင်   တည်ရှိသည်။   ယင်းတောင် ရှစ်လုံးအနက် ကမ္ဘာ့အမြင့်ဆုံးဖြစ်သော  ဧဝရတ် တောင်    အပါအဝင်ဖြစ်ပြီး     နီပေါနိုင်ငံ၏ ပြယုဂ်တစ်ခုဖြစ်သည်။  နိုင်ငံ၏ မြို့တော်သည် ကတ္တမန္ဒူ ဖြစ်ပြီး ရုံးသုံးဘာသာစကားမှာ နီပေါ ဘာသာဖြစ်၍  အသုံးပြုသည့် ငွေကြေးမှာ ရူပီး ဖြစ်သည်။


နီပေါနိုင်ငံအနေဖြင့် ၁၉၉၀ ပြည့်နှစ်နှင့်၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ပြည်တွင်း စစ်ဖြစ်ပွားခဲ့ပြီးနောက်    ၂၀၀၈ ခုနှစ်တွင် နီပေါနိုင်ငံ၏ ဟိန္ဒူဘုရင်စနစ်အား အဆုံးသတ်ခဲ့ပြီး  ဖက်ဒရယ်သမ္မတနိုင်ငံ    တည်ထောင်ခဲ့သည်။  နီပေါနိုင်ငံ၏     လက်ရှိကျင့်သုံးလျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေအား  ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး   ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖက်ဒရယ်ပါလီမန်၊ အောက်လွှတ်တော်၊ အထက် လွှတ်တော်  (အမျိုးသားလွှတ်တော်)  ဟူ၍ လွှတ်တော်(၃)ရပ်ရှိသည်။ ဖက်ဒရယ်ပါလီမန် သည်  အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသော လွှတ်တော်ဖြစ် သည်။   အောက်လွှတ်တော်ကို   လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၂၇၅ ဦးဖြင့် ဖွဲ့စည်းထားပြီး အထက်လွှတ်တော်ကို   လွှတ်တော် ကိုယ်စား လှယ်ဦးရေ ၅၉ ဦးဖြင့် ဖွဲ့စည်းထားသည်။


ရွေးကောက်ပွဲစနစ်


နီပေါနိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်များ  ရွေးကောက်တင်မြှောက်ခြင်းကို Mixed Election System စနစ်ဖြစ်သည့် မဲများသူအနိုင်ယူစနစ် (First Past The Post-FPTP) နှင့်   အချိုးကျ ကိုယ်စားပြုစနစ်           (Proportional Representation-PR)     နှစ်မျိုးအားကျင့်သုံး သည်။  မဲများသူ  အနိုင်ယူ (FPTP) စနစ်သည် ဆန္ဒမဲအများဆုံးရရှိသော ကိုယ်စားလှယ်လောင်း အား အနိုင်ပေးသော စနစ်ဖြစ်သည်။ အချိုးကျ ကိုယ်စားပြု(PR)စနစ်သည်      ပါတီများ၏ လွှတ်တော်အတွင်း နေရာများရရှိအောင် ပြိုင်ဆိုင် သည့်စနစ်  ဖြစ်သည့်အတွက် ပါတီတစ်ခုတည်း က လွှတ်တော်အတွင်း  လွှမ်းမိုးမှု လျှော့ချနိုင် သည့်စနစ်   တစ်ခုပင်ဖြစ်သည်။      အောက် လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း  ရွေးချယ်ရာ တွင် ၆၀ ရာခိုင်နှုန်းအား မဲများသူအနိုင်ယူ (FPTP) စနစ်ဖြင့် ရွေးချယ်ပြီး    ကျန် ၄၀ ရာခိုင်နှုန်းအား အချိုးကျကိုယ်စားပြု (PR)စနစ်ဖြင့် ရွေးချယ်သည်။ နီပေါနိုင်ငံတွင် မဲဆန္ဒရှင်တစ်ဦးသည် ဆန္ဒမဲပေးရာ ၌  ရွေးကောက်ပွဲစနစ်  နှစ်ခုစလုံးအတွက် ဆန္ဒမဲ နှစ်မဲပေးခွင့်ရှိသည်။


သမ္မတရွေးချယ်တင်မြှောက်ခြင်း


နီပေါနိုင်ငံ၏သမ္မတသည် နိုင်ငံ၏အကြီးအကဲ ဖြစ်သည့်အပြင် နီပေါတပ်မတော်၏ အကြီးအကဲ လည်းဖြစ်သည်။ နိုင်ငံတော်သမ္မတကို ဖက်ဒရယ် ပါလီမန်နှင့် ပြည်နယ်လွှတ်တော်တို့မှ  ကိုယ်စား လှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ ဆိုင်ရာအဖွဲ့အစည်း  (Electoral  College)  က ရွေးချယ်သည်။ နိုင်ငံတော်သမ္မတသည်  အသက်  ၄၅ နှစ်  ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး    ဥပဒေနှင့် မဆန့်ကျင်သည့် ဖက်ဒရယ်ပါလီမန်အဖွဲ့ဝင် ဖြစ်ရ မည်ဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ် ၏  ထောက်ခံချက်ဖြင့်  တင်ပြလာသော အစိုးရ အဖွဲ့ဝန်ကြီးများ  ခန့်အပ်ရာတွင် လည်းကောင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ရာတွင်လည်းကောင်း အတည်ပြုနိုင်သည်။ ထို့ပြင် ဖက်ဒရယ်ဥပဒေအရ ဖက်ဒရယ်ပါလီမန်မှ   တင်သွင်းလာသည့်  ဥပဒေ မူကြမ်းနှင့် အမိန့်ညွှန်ကြားချက်များကို အတည်ပြု ပြဋ္ဌာန်းပေးသည်။


လွှတ်တော်ဖွဲ့စည်းမှု
၂၀၁၅ ခုနှစ်  နီပေါနိုင်ငံ၏  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၈၃ အရ ဖက်ဒရယ်ပါလီမန်ကို အောက် လွှတ်တော်နှင့် အထက်လွှတ်တော် ဟူ၍ နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသည်။


ဖက်ဒရယ်ပါလီမန်သည်      အစိုးရအဖွဲ့အား ဖွဲ့စည်းခြင်း၊   မူဝါဒများနှင့်စပ်လျဉ်း၍   ဆွေးနွေး အတည်ပြုခြင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းတို့နှင့်  စပ်လျဉ်း၍ ဆုံးဖြတ်ပေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုခြင်း၊ အစိုးရအဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ခြင်း၊ လိုအပ်သော လမ်းညွှန်မှုများပေးခြင်းနှင့် နိုင်ငံတကာ စာချုပ်များအား အတည်ပြုပေးခြင်းတို့ ဆောင်ရွက် သည်။
အောက်လွှတ်တော်(House of Representatives)
အောက်လွှတ်တော်ကို လွှတ်တော် ကိုယ်စား လှယ် ၂၇၅ ဦးဖြင့် ဖွဲ့စည်းထားသည်။  ပြည်နယ် ခုနစ်ခုတွင်ရှိသော နိုင်ငံ၏လူဦးရေအပေါ်မူတည်၍  သတ်မှတ်ထားသည့်    မဲဆန္ဒနယ် ၁၆၅ နယ်ရှိ       လွှတ်တော်ကိုယ်စားလှယ် ၁၆၅ ဦးကို မဲများသူ အနိုင်ယူ (FPTP)စနစ်ဖြင့်   ရွေးချယ်ပြီး   ကျန် လွှတ်တော်ကိုယ်စားလှယ် ၁၁၀ အား  အချိုးကျ ကိုယ်စားပြု (PR-Closed List) စနစ်ဖြင့် ရွေးချယ် တင်မြှောက်သည်။ ကိုယ်စားလှယ် ၁၁၀ ၏ သုံးပုံ တစ်ပုံကို အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် နေရာအဖြစ်        သတ်မှတ်ထားသည့်အတွက်  နိုင်ငံ‌ရေးပါတီများက အမည်စာရင်းတင်သွင်းရာ၌ အမျိုးသမီး ကိုယ်စားလှယ် သုံးပုံတစ်ပုံ  တင်သွင်း ရမည်ဖြစ် သည်။ အောက်လွှတ်တော် သက်တမ်း မှာ ငါးနှစ်ဖြစ်ပြီး  အောက်လွှတ်တော်  ဖျက်သိမ်း ခံရသည့်အခါတွင်    ဖက်ဒရယ်ပါလီမန်၏    အာဏာ ကို    အမျိုးသားလွှတ်တော်က   ရယူကျင့်သုံးခွင့်ရှိ သည်။


အထက်လွှတ်တော်(National Assembly)


အထက်လွှတ်တော်ကို လွှတ်တော်ကိုယ်စား လှယ် ၅၉ ဦးဖြင့် ဖွဲ့စည်းထားသည်။ လွှတ်တော် ကိုယ်စားလှယ် ၅၉ ဦးကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အဆိုပြုသည့် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာ ဒေသများ၏ ရွေးကောက်တင်မြှောက်ခံဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊    ဒေသန္တရအစိုးရအဖွဲ့များ၏ မြို့တော်ဝန်နှင့်          ဒုတိယမြို့တော်ဝန်များ၊ ဖက်ဒရယ်ဥပဒေအရ       ရွေးကောက်ခံရသည့် ရွေးကောက်တင်မြှောက်ခံ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များ၊   ဒေသန္တရအစိုးရအဖွဲ့များ၏   မြို့တော်ဝန် နှင့်  ဒုတိယမြို့တော်ဝန်များထဲမှ  အနည်းဆုံး အမျိုးသမီး သုံးဦး၊ ဒဲလတ် (Dalit) လူမျိုးတစ်ဦး၊ မသန်စွမ်းသူ တစ်ဦး    စုစုပေါင်း ၅၆ ဦးနှင့် နိုင်ငံတော်သမ္မတက      တိုက်ရိုက်ခန့်အပ်သည့် အနည်းဆုံးအမျိုးသမီးတစ်ဦးပါဝင်သော ကိုယ်စား လှယ် သုံးဦးတို့ဖြင့် ရွေးချယ်တင်မြှောက်သည်။ အထက်လွှတ်တော်၏ သက်တမ်းမှာ ခြောက်နှစ် ဖြစ်ပြီး နှစ်နှစ်လျှင်တစ်ကြိမ် လွှတ်တော် ကိုယ်စား လှယ်များ၏ သုံးပုံတစ်ပုံအား ပြန်လည်ရွေးချယ် ရမည်ဖြစ်သည်။ 
ပြည်နယ်လွှတ်‌တော်‌ရွေးကောက်ပွဲများ
နီပေါနိုင်ငံတွင်     ပြည်နယ်   ခုနစ်ခုရှိပြီး ပြည်နယ်တစ်ခုစီတိုင်းတွင် ပြည်နယ်လွှတ်တော် ဖွဲ့စည်းမှုရှိသည်။    ၂၀၁၅ ခုနှစ် နီပေါနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၆ အရ ပြည်နယ် လွှတ်တော်တစ်ခုစီတိုင်းကို     သက်ဆိုင်ရာ ပြည်နယ်မှ    ရွေးကောက်တင်မြှောက်ခံရသည့် အောက်လွှတ်တော် ကိုယ်စားလှယ်ဦးရေ နှစ်ဆ နှင့်ညီမျှသည့် ကိုယ်စားလှယ်အရေအတွက်ဖြင့် ဖွဲ့စည်းသည်။      လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏   သုံးပုံတစ်ပုံသည်   အမျိုးသမီး ကိုယ်စားလှယ်များ ဖြစ်ရမည်။ ရွေးကောက်ပွဲ တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံး ရရှိသည့်ပါတီသည်  အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းရန်   လုံလောက်စွာ  အနိုင် မရရှိပါက  ညွန့်ပေါင်းအစိုးရအဖွဲ့  ဖွဲ့စည်းနိုင် သည်။
ဒေသန္တရအစိုးရ ရွေးကောက်ပွဲများ
ဒေသန္တရအစိုးရ ရွေးကောက်ပွဲများဆိုသည် မှာ ဒေသအတွင်းအုပ်ချုပ်မည့် ဒေသန္တရအစိုးရ အဖွဲ့ဝင် ခြောက်ဦး၊ ဒေသစည်ပင်သာယာရေး ဆိုင်ရာ ကိစ္စရပ်များအား စီမံခန့်ခွဲမည့် အဖွဲ့ဝင်များ၊ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ ကျေးရွာဒေသ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများအား ရွေးကောက် တင်မြှောက်ခြင်းဖြစ်ပြီး မဲများသူအနိုင်ယူ (FPTP) စနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များအား     ရွေးချယ်ရာတွင် အနည်းဆုံးအဖွဲ့ဝင်နှစ်ဦးသည်       အမျိုးသမီး ဖြစ်ရမည်ဖြစ်ပြီး ဒဲလတ် (Dalit)လူမျိုး သို့မဟုတ် လူနည်းစု    တိုင်းရင်းသားလူမျိုးအဖွဲ့ဝင်တစ်ဦး အနည်းဆုံး ပါဝင်ရမည်။


ရွေးကောက်ပွဲကော်မရှင်
(Election Commission of Nepal - ECN)
ရွေးကောက်ပွဲကော်မရှင် (ECN)ကို ရွေးကောက် ပွဲကော်မရှင်ချုပ်အပါအဝင်   အဖွဲ့ဝင်လေးဦးဖြင့်
v စာမျက်နှာ ၁၆ မှ
ဖွဲ့စည်းထားပြီး   ၎င်းတို့အနက်   ရွေးကောက်ပွဲ ကော်မရှင်ချုပ်သည်  ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက် ရသည်။ ရွေးကောက်ပွဲကော်မရှင်ချုပ်နှင့်အဖွဲ့ဝင် များကို နိုင်ငံတော်သမ္မတက    ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကောင်စီ၏   ထောက်ခံချက်ဖြင့် ဖွဲ့စည်းရသည်။  ရွေးကောက်ပွဲကော်မရှင်၏ ရာထူး သက်တမ်းသည် ခြောက်နှစ်ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ အသက် ၄၅ နှစ်  ပြည့်ပြီးသူ၊   ထင်ပေါ်ကျော်ကြားသော ဂုဏ်သိက္ခာနှင့်ပြည့်စုံသူ ဖြစ်ရပါမည်။
ရွေးကောက်ပွဲကော်မရှင်၏
တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်တင်မြှောက်ခြင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ  ဥပဒေ၊  ဖက်ဒရယ်ဥပဒေနှင့်  အခြားဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊  ညွှန်ကြားချက်များအား လိုအပ်သလို ပြင်ဆင်ရေးဆွဲ အတည်ပြုနိုင်ပါသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ် ဥပဒေများနှင့်အညီ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပပေးရသည်။
သမ္မတနှင့်ဒုတိယသမ္မတ  ရွေးချယ်ရာတွင် လည်းကောင်း၊ ဖက်ဒရယ်ပါလီမန်တွင် တက်ရောက် မည့်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် လည်း ကောင်း၊   ပြည်နယ်လွှတ်တော်များမှ  ကိုယ်စား  လှယ်များ ရွေးချယ်ရာတွင်လည်းကောင်း၊ ကျေးရွာ ဒေသများမှ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် လည်းကောင်း အရည်အချင်းသတ်မှတ်ချက်နှင့်  စပ်လျဉ်း၍ ကန့်ကွက်ချက်များ ပေါ်ပေါက်လာပါက  ရွေးကောက်ပွဲရလဒ်မကြေညာမီ ရွေးကောက်ပွဲ ကော်မရှင်၏ အဆုံးအဖြတ်ကိုခံယူရသည်။
ရွေးကောက်ပွဲကော်မရှင်သည်  ဖက်ဒရယ် ဥပဒေတွင် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအရ လိုအပ်ပါက သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ  နှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းနိုင်ပြီး ၎င်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအား   ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် အခြား  သင့်လျော်သော    အစိုးရဝန်ထမ်း  တစ်ဦးဦးအား လွှဲအပ်ကျင့်သုံးဆောင်ရွက်စေနိုင်သည်။
ကျင်းပသည့်ရွေးကောက်ပွဲများ
ရွေးကောက်ပွဲကော်မရှင်   (ECN)   သည် အောက်ပါရွေးကောက်ပွဲများကို ကျင်းပဆောင် ရွက်ပေးရသည် -
(က)    ဖက်ဒရယ်ဆိုင်ရာဥပဒေပြုရေး
    လွှတ်တော်ရွေးကောက်ပွဲ             (Federal Parliament Election)
(ခ)    ပြည်နယ်လွှတ်‌တော်‌ ရွေးကောက်ပွဲ         (State Assemblies Election)
(ဂ)    ဒေသန္တရအစိုးရ ရွေးကောက်ပွဲ        (Local Government Election)    
မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း
နီပေါနိုင်ငံတွင် မဲဆန္ဒရှင်စာရင်းရေးသွင်းခြင်း လုပ်ငန်းကို  တစ်နှစ်ပတ်လုံး  ရေးသွင်းဆောင် ရွက်ပါသည်။ အသက် ၁၆ နှစ်နှင့်အထက်ရှိသော  နီပေါနိုင်ငံသားတိုင်းသည်    ၎င်းတို့၏အမည် စာရင်းများကို   ခရိုင်(၇၇) ခုတွင်   ရုံးစိုက်သော ခရိုင်ရွေးကောက်ပွဲ      ကော်မရှင်ရုံးများတွင် လည်းကောင်း၊ ခရိုင်အဆင့် စီမံခန့်ခွဲမှုရုံးများတွင် လည်းကောင်း၊ ကော်မရှင်မှ တာဝန်ပေးအပ်ထား သည့် မဲဆန္ဒရှင်စာရင်း ကောက်ယူရေးအဖွဲ့များ ထံတွင်လည်းကောင်း  မှတ်ပုံတင်စာရင်းသွင်းနိုင် ပါသည်။ သို့ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် ကန့်သတ်ချက်မှာ အသက် ၁၈ နှစ်နှင့်အထက် ဖြစ်ပါသည်။     မဲစာရင်းရှိ   မဲဆန္ဒရှင်တိုင်းသည် နိုင်ငံသားမှတ်ပုံတင်ကတ်ရှိသူ     ဖြစ်ရပါမည်။ ကော်မရှင်သည် လိုအပ်လာပါက မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းစဉ်အတွက် အမိန့်နှင့်ညွှန်ကြား ချက်များအား   ထုတ်ပြန်နိုင်သည်။   ကော်မရှင်သည် တစ်နိုင်ငံလုံး၏ မဲဆန္ဒရှင်စာရင်းများအား ၎င်းတို့၏  ဗဟိုဆာဗာတွင် ထားရှိ၍ ထိုမဲစာရင်း၏ အချက် အလက်များ နှစ်ကြိမ်ထပ်ခြင်းကိစ္စရပ်များ မရှိစေရန် အတွက် စိစစ်ပြင်ဆင်ပြီးနောက် စိစစ်ပြီးစာရင်းများ ကို သက်ဆိုင်ရာခရိုင်များအလိုက် ပြန်လည်၍ ဖြန့်ဝေ  ပေးပါသည်။ မဲစာရင်းအချက်အလက်များ မှန်ကန်မှု  ရှိ/မရှိ စိစစ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အတည်ပြုခြင်း လုပ်ငန်းစဉ်များဖြင့် မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိရန် ဆောင်ရွက်ပြီးနောက် မဲဆန္ဒရှင် အသိအမှတ်ပြုကတ်ပြားအား ထုတ်ပေးပါသည်။


လွှတ်တော်ကိုယ်စားလှယ်လောင်း၏
အရည်အချင်းများ


အောက်လွှတ်တော်အတွက်     လွှတ်တော် ကိုယ်စားလှယ်လောင်းသည် အသက် ၂၅နှစ် ပြည့်ပြီး သက်ဆိုင်ရာမဲစာရင်းတွင် ပါဝင်သူဖြစ်ရမည်။
အထက်လွှတ်တော်အတွက်     လွှတ်တော် ကိုယ်စားလောင်းများ၏ သတ်မှတ်ချက်မှာ ရပ်ကွက်  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အသက်၂၂ နှစ်ပြည့်ပြီး သက်ဆိုင်ရာမဲစာရင်းတွင် ပါဝင်သူ၊ ကျေးရွာဖွံ့ဖြိုး  တိုးတက်ရေးကော်မတီ သို့မဟုတ် စည်ပင်သာယာ ရေးကော်မတီများ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ မြို့တော် ဝန်နှင့်ဒုတိယမြို့တော်ဝန်များသည် အသက် ၂၃  နှစ်ပြည့်ပြီး သက်ဆိုင်ရာမဲစာရင်းတွင် ပါဝင်သူ၊ ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များသည်  အသက်၂၁ နှစ်ပြည့်၍  သက်ဆိုင်ရာ မဲစာရင်းတွင်  ပါဝင်ရမည်ဖြစ်ပြီး  ၎င်းတို့ကို ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အုပ်ချုပ်မှုအောက်ရှိ ကျေးရွာကောင်စီ သို့မဟုတ် စည်ပင်သာယာရေး ကောင်စီ၏ အဖွဲ့ဝင်များထဲမှ ရွေးချယ်သည်။


ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ရွေးကောက်ပွဲတစ်ရပ်တွင် မဲဆန္ဒနယ် ၂ နယ်အထိ  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။  အကယ်၍      ၎င်းကိုယ်စားလှယ်လောင်းသည် မဲဆန္ဒနယ်၂ နယ်လုံးတွင် အနိုင်ရရှိသည့် ကိစ္စရပ် များပေါ်ပေါက်လာပါက ကာယကံရှင် ကိုယ်စားလှယ် လောင်းက ယင်းကိုယ်စားပြုလိုသည့်မဲဆန္ဒနယ်ကို ရွေးချယ်၍   ကိုယ်စားပြုခွင့်ရမည်ဖြစ်ပြီး    ကျန် မဲဆန္ဒနယ်အတွက်   ကြားဖြတ်ရွေး‌ကောက်ပွဲများ ပြန်လည်ကျင်းပ‌‌ပေးရပါသည်။ 


ရွေးကောက်ခံပိုင်ခွင့်ပြဋ္ဌာန်းချက်များ မပြည့်စုံ သူ၊ နီပေါနိုင်ငံသားမဟုတ်သူ၊ စိတ်ပေါ့သွပ်နေသူ၊  လူမွဲအဖြစ်ခံယူထားသူ၊  နိုင်ငံ့ဝန်ထမ်း  သို့မဟုတ် နိုင်ငံတော်၏ လစာနှင့်ရိက္ခာ ထောက်ပံ့မှုများအား ခံစားနေသူ၊ ကျေးရွာဒေသအဖွဲ့များတွင် တာဝန် ထမ်းဆောင်နေသူ၊ ရွေးကောက်ပွဲဥပဒေအရ ပြစ်ဒဏ် ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်မှလွတ်မြောက်ခွင့်ရရှိ ပြီး ၆ နှစ် မပြည့်သေးသည့်ပုဂ္ဂိုလ်၊ ဥပဒေအရ ပြစ်ဒဏ် ချမှတ်ခံရပါက ပြစ်ဒဏ်မှလွတ်မြောက်ခွင့်ရပြီး ၂ နှစ် မပြည့်သေးသည့် ပုဂ္ဂိုလ်၊ နိုင်ငံတော်ပုန်ကန်မှုနှင့် ဆက်စပ်မှုရှိသည်ဟု ထင်မြင်ယူဆခံရသူ သို့မဟုတ် နိုင်ငံတော်၏   အခြေခံမူဝါဒများအား   ဖောက်ဖျက် သည်ဟု ထင်မြင်ယူဆခံရသူ သို့မဟုတ် နီပေါအစိုးရ အဖွဲ့မှ အရည်အချင်းမပြည့်မီဟု သတ်မှတ်ခံရသူ စသည့်အချက်များနှင့် မကိုက်ညီသည့် ပုဂ္ဂိုလ်များ သည်    လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်  ဝင်‌ရောက်ယှဉ်ပြိုင်ခွင့်မရှိပေ။


လွှတ်တော်ကိုယ်စားလှယ်လောင်း
အမည်စာရင်းတင်သွင်းခြင်း


နီပေါနိုင်ငံ၏      ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပါတီများသည်  မဲများသူအနိုင်ယူ(FPTP) စနစ်အတွက်    လွှတ်တော်ကိုယ်စားလှယ်လောင်း များကို အမည်စာရင်းတင်သွင်းရာ၌ “အားလုံးပါဝင် ခွင့်ရှိခြင်း  မူဝါဒ”နှင့်အညီ  ဥပဒေပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်သည့်  မည်သည့်ပုဂ္ဂိုလ်ကိုမဆို  အမည် စာရင်းတင်သွင်းခွင့်ရှိပါသည်။ အချိုးကျကိုယ်စားပြု  (PR)စနစ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများက ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း(၉၀)ကြိုတင်၍   ရွေးကောက်ပွဲကော်မရှင်တွင်   မှတ်ပုံ တင်ရပါသည်။ အချိုးကျကိုယ်စားပြု (PR-Closed List) အရ  မဲဆန္ဒရှင်ပြည်သူများက   လွှတ်တော် ကိုယ်စားလှယ်လောင်းများအား  တိုက်ရိုက်ရွေးချယ် ရခြင်းမဟုတ်ဘဲ ပါတီအား ရွေးချယ်ခြင်းဖြစ်ပါသည်။


ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံရေးပါတီ များက  မိမိတို့အချိုးကျရရှိသည့်  ကိုယ်စားလှယ် နေရာပေါ်မူတည်၍ မိမိပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်   အမည်စာရင်းများအား    နီပေါ ရွေးကောက်ပွဲကော်မရှင် (ECN) သို့ တင်ပြရပါသည်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာ တွင် ကိုယ်စားလှယ်အရေအတွက်၏ ၁၀ ရာခိုင်နှုန်း အား သီးခြားသတ်မှတ်ထားသည့်အုပ်စုများမှ ပုဂ္ဂိုလ် များကိုသာ ရွေးချယ်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။ သီးခြားသတ်မှတ် ထားသည့် အုပ်စုများမှာ ဖွံ့ဖြိုးတိုးတက်မှုနည်းသော တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေအရ သတ်မှတ်ထားသော မက်ဒ်ရှီးစ် (Madehsis)ဒေသမှ ကိုယ်စားလှယ်များနှင့် ဥပဒေ နှင့်အညီ  သတ်မှတ်ထားသော  အခြားပုဂ္ဂိုလ်များ ပါဝင်ပါသည်။ ၎င်းကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီး ၅၀ ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်ပါသည်။ 


နီပေါဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သည့် ခွဲတမ်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော  ကိုယ်စားလှယ်လောင်း     အမည်စာရင်းများအား တင်သွင်းပါက ရွေးကောက်ပွဲကော်မရှင်က အမည် စာရင်းတင်သွင်းသည့်နေ့ရက်မှ (၇) ရက်အတွင်း ပယ်ဖျက်‌ကြောင်း ပေးပို့ပါသည်။  ပေးပို့ခံရသည့် ပါတီသည် ပေးပို့သည့်ရက်မှ (၃) ရက်အတွင်း အမည် စာရင်းအသစ်အား ပြန်လည်တင်ပြရမည် ဖြစ်ပါ သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် နိုင်ငံရေးပါတီမှ အမည်စာရင်းတင်သွင်းသော ကိုယ်စား လှယ်လောင်းများသာမက  ဥပဒေပါပြဋ္ဌာန်းချက် များနှင့်ကိုက်ညီသည့် နိုင်ငံသားတိုင်းသည် တစ်သီး ပုဂ္ဂလအဖြစ်လည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်။


ဆန္ဒမဲလက်မှတ်


မဲများသူအနိုင်ယူစနစ်တွင်  အသုံးပြုသည့် ဆန္ဒမဲလက်မှတ်များတွင် ကိုယ်စားလှယ်လောင်း  များနှင့်စပ်လျဉ်း၍ ၎င်း၏အမည်နှင့် ဓာတ်ပုံများ အား  ဖော်ပြမထားဘဲ  ကိုယ်စားလှယ်လောင်း၏ သင်္ကေတများကိုလည်းကောင်း အချိုးကျကိုယ်စား ပြုစနစ်တွင် အသုံးပြုသည့် ဆန္ဒမဲလက်မှတ်များ တွင် ပါတီသင်္ကေတများကိုလည်းကောင်း ဖော်ပြ ထားပြီး မဲဆန္ဒနယ်အားလုံးအတွက် တစ်မျိုးတည်း သာ အသုံးပြုရန် သတ်မှတ်ထားပါသည်။


ရွေးကောက်ပွဲရလဒ်ကြေညာခြင်း
မဲများသူအနိုင်ယူ   (FPTP)     စနစ်တွင် ရွေးကောက်ပွဲတာဝန်ခံအရာရှိသည် ၎င်းအုပ်ချုပ်မှု  အောက်ရှိ မဲရုံများအားလုံးမှ မဲလက်မှတ်များအား သတ်မှတ်ထားသည့်နေရာတွင် စုစည်း၍ တစ်ပြိုင် နက်တည်း ရေတွက်ပါသည်။ ဒေသတွင်း ခိုင်လုံမဲ အများဆုံးရရှိသည့် ကိုယ်စားလှယ်အား အနိုင်ရ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပါသည်။ 


အချိုးကျကိုယ်စားပြု (PR) စနစ်တွင် နိုင်ငံရေး ပါတီတစ်ခုသည် ဆန္ဒမဲရရှိမှု အနည်းဆုံး ၃ ရာခိုင် နှုန်း ရရှိရမည်ဖြစ်သည်။ ရွေးကောက်ပွဲတာဝန်ခံ အရာရှိသည် ၎င်းအုပ်ချုပ်မှုအောက်ရှိ မဲရုံတစ်ရုံ ချင်းစီတွင်   ပါတီတစ်ခုချင်းစီ၏   ခိုင်လုံမဲအရေ အတွက်နှင့် ပယ်မဲအရေအတွက်များအား သတ်မှတ် ထားသည့်   ပုံစံများဖြင့်ပြုစု၍   ကော်မရှင်အား တင်ပြရသည်။   ကော်မရှင်သည်   တစ်နိုင်ငံလုံး မဲရလဒ်များအား  စုစည်း၍  ပါတီတစ်ခုချင်းစီရရှိ သည့် ခိုင်လုံမဲနှင့် ပယ်မဲအရေအတွက်များအား ပြုစုပါသည်။   ကော်မရှင်ကရရှိသည့်  ခိုင်လုံမဲ အရေအတွက်ပေါ် မူတည်၍ နိုင်ငံရေးပါတီများက တင်သွင်းထားသော (Closed List )ကိုယ်စားလှယ် လောင်း အမည်စာရင်းအရ လွှတ်တော်တွင်ရရှိမည့် ကိုယ်စားလှယ်နေရာများအား သတ်မှတ်ကြေညာ ပါသည်။ နိုင်ငံရေးပါတီတစ်ခုချင်းစီအားလည်း ရရှိသည့်  ကိုယ်စားလှယ်နေရာအရေအတွက်ကို အကြောင်းကြားပါသည်။
နိဂုံး
နီပေါရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက် ပွဲနှင့်သက်ဆိုင်သည့်    ကိစ္စရပ်များအားလုံးကို တာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ပါ သည်။   နီပေါနိုင်ငံတွင်    လွှတ်တော်အတွင်း အမျိုးသမီးများနှင့် လူနည်းစုတိုင်းရင်းသားများ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန် ဆောင်ရွက်ထားရှိပြီး လက်ရှိ  အသုံးပြုသည့်  ရွေးကောက်ပွဲစနစ်အရ လည်း    ဖက်ဒရယ်စနစ်ကို   ဖော်ဆောင်ပေးနိုင်‌ ကြောင်း တွေ့ရှိပါသည်။ ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းပြီးနောက် အခက်အခဲများ ကြားမှ ၂၀၁၇ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ နီပေါနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများ အား    ဒီမိုကရေစီစံနှုန်းများနှင့်အညီဖြစ်စေရန် အပြုသဘောဆောင်သည့်     တရားဝင်ပြုပြင် ပြောင်းလဲမှုများရှိသော်လည်း အားလုံးပါဝင်နိုင်မှု ရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ရွေးကောက်ပွဲ အသိပညာပေးမှုနည်းပါးခြင်းနှင့်  တောတောင် ထူထပ်သည့် ဝေးလံဒေသများသို့ ထိထိရောက်ရောက် ဆောင်ရွက်ရန် ခက်ခဲသည့်အတွက် အမျိုးသမီး များနှင့် လူနည်းစုတိုင်းရင်းသားများသည် ၎င်းတို့၏ရပိုင်ခွင့်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အလမ်းများနှင့်     လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးရန် အားနည်းနေဆဲဖြစ်ကြောင်း တွေ့ရှိ ရပါသည်။
ကိုးကားချက်များ
-    CONSTITUTION OF NEPAL 2015
-    Nepal Population (2021)-Worldometer
-    Election Commission,Nepal
-    Nepal Law Commission
-    www.aljazeera.com/news/2017/12/7/
    (Website)