ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း(ဘရာဇီးနိုင်ငံ)

Type
5

 

ဆုဝေ

 

ဘရာဇီးနိုင်ငံ ဖွဲ့စည်းပုံ


ဘရာဇီးနိုင်ငံကို ပြည်နယ် ၂၆ ခု၊ ဖက်ဒရယ်ခရိုင် တစ်ခု၊ မြူနီစီပယ်ဒေသ  ၅၅၇၀  ဖြင့်  ဖွဲ့စည်းထား ပါသည်။ ဖက်ဒရယ်ခရိုင်ဖြစ်သည့် ဘရားဇီးလီးယား သည် ဘရာဇီးနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ယခင်က ရီယိုဒီဂျနေယိုးသည် မြို့တော်ဖြစ်ပြီး ၁၉၆၀ ပြည့် နှစ်တွင် မြို့တော်သစ်တည်ထောင်ခဲ့ပြီးနောက်တွင် Brasi'lia သည်  မြို့တော်ဖြစ်လာသည်။ ကမ္ဘာတွင် ငါးနိုင်ငံမြောက် အကြီးဆုံးနိုင်ငံဖြစ်ပြီး ခြောက်နိုင်ငံ မြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သည်။  ၂၀၂၀  ပြည့်နှစ် လူဦးရေ ခန့်မှန်းချက်အရ ၂၁၂ ဒသမ ၆ သန်းရှိပြီး မြူနီစီပယ် မြို့တော်တစ်ခုလျှင်  ပျမ်းမျှ  ၃၇၇၂၈  ဦးနှုန်းဖြင့်  နေထိုင်သည်။ ၁၉၆၀   ပြည့်နှစ် တွင်   ဥရောပနှင့် ကနေဒါမှ ရွှေ့ပြောင်းနေထိုင်သူ   များပြားခဲ့သည်။ 

 


ဘရာဇီးနိုင်ငံသည်  ဖက်ဒရယ်သမ္မတနိုင်ငံ ဖြစ်သည်။ ဖက်ဒရယ်ခရိုင်၊ ပြည်နယ်၊  မြူနီစီပယ် ဒေသများတွင်   အစိုးရအဆင့်ဆင့်ကြား ဖက်ဒရယ် ပုံစံဖြင့် အုပ်ချုပ်သောနိုင်ငံဖြစ်သည်။   ဖက်ဒရယ် နိုင်ငံဆိုသည်မှာ   ဖက်ဒရယ်ပြည်နယ်များအကြား     အာဏာခွဲဝေ   အုပ်ချုပ်ခြင်းဖြစ်သည်။     ပြည်နယ် တစ်ခုစီတွင် ဥပဒေပြုလွှတ်တော်တစ်ရပ်စီရှိသည်။   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော    ဖက်ဒရယ်နိုင်ငံ ဖြစ်သည်။ ဘရာဇီးနိုင်ငံကို   ဖွဲ့စည်းပုံအခြေခံဥပဒေ၊   အခြားချမှတ်ထားသော   ဥပဒေများနှင့်  အုပ်ချုပ် သည်။ ဖက်ဒရယ်အစိုးရတွင် အုပ်ချုပ်ရေး၊  ဥပဒပြု ရေး၊   တရားစီရင်ရေးဟူ၍   အပိုင်း  သုံးပိုင်းခွဲ၍ အုပ်ချုပ်သည်။

 


ဘရာဇီးနိုင်ငံရွေးကောက်ပွဲသမိုင်း


၁၈၉၁ ခုနှစ် ဖေဖော်ဝါရီလ  ၂၅   ရက်နေ့ ဘရာဇီးသမ္မတရွေးကောက်ပွဲသည်    ပထမဆုံး ဖြစ်သည်။ ၁၉၉၅ ခုနှစ်  စက်တင်ဘာလ   ၁၉ ရက်နေ့တွင် ဘရာဇီးနိုင်ငံ၏ နိုင်ငံရေးပါတီဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ဘရာဇီးနိုင်ငံ ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၇ ခုနှစ် တွင် ပြင်ဆင်ရေးဆွဲခဲ့သည်။  လက်ရှိတွင် ၁၉၉၇ ခုနှစ် ရွေးကောက်ပွဲဥပဒေကိုအခြေခံ၍ လိုအပ်ချက် များကို လွှတ်တော်တွင် ဆွေးနွေးပြင်ဆင်လျက် ရှိသည်။ 

 


ရွေးကောက်တင်မြှောက်ခြင်း


ဘရာဇီးနိုင်ငံတွင် သမ္မတ၊ လွှတ်တော်  (၂) ရပ်  (အထက်လွှတ်တော်နှင့်   အောက်လွှတ်တော်)၊  အစိုးရအဖွဲ့၊ ပြည်နယ်/ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြူနီစီပယ်အုပ်ချုပ်ရေးမှူးများ      (မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ မြို့တော်ကောင်စီဝင်များ)ဖြင့် အုပ်ချုပ်သည်။ သမ္မတ၊ လွှတ်တော် နှစ်ရပ် (အထက် လွှတ်တော်နှင့် အောက်လွှတ်တော်)၊  ပြည်နယ်/ ခရိုင်အုပ်ချုပ်ရေးမှူးများ ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၇ ရက်က ကျင်းပခဲ့သည်။ သက်တမ်းမှာ လေးနှစ်ဖြစ်သောကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်  ကျင်းပရန်   လျာထား သတ်မှတ်သည်။ ဘရာဇီးနိုင်ငံ၏ လွှတ်တော်အမတ် အများစုသည် ယခင်က မြို့တော်ဝန်များ၊ ဝန်ကြီး များ၊ အုပ်ချုပ်ရေးမှူးများ၊ သမ္မတ၊  ဒုတိယသမ္မတ နေရာများတွင်      တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည့်အတွက်   နိုင်ငံရေး အတွေ့အကြုံရှိကြသည်။ 

 


သမ္မတ


သမ္မတကို   လေးနှစ်တစ်ကြိမ်    မဲအများစု ကိုယ်စားပြုစနစ်ဖြင့်   ရွေးချယ်သည်။ ပယ်မဲမပါဘဲ မဲအများဆုံးရသော   ကိုယ်စားလှယ်လောင်းကို ရွေးချယ်ပြီး   မဲအများဆုံးရသူ  မရှိပါက    ဒုတိယ အကြိမ် ပြန်လည်ရွေးချယ်ရသည်။ ရွေးကောက်ပွဲ တွင်  သမ္မတအဖြစ်   ဆက်တိုက်  တစ်ကြိမ်သာ   ပြန်လည်ရွေးကောက်ခံပိုင်ခွင့်ရှိ သည်။ သမ္မတသည် လွှတ်တော်နှစ်ရပ်နှင့်    ပူးပေါင်းဆောင်ရွက်ရပြီး    ဝန်ကြီးများကို   ခန့်ထားခြင်း၊ ထုတ်ပယ်ခြင်းများ ပြုလုပ်နိုင်သည်။ ဥပဒေပြုရေး ကိစ္စရပ်များကို   ဆောင်ရွက်နိုင်ပြီး   ဗီတိုအာဏာ ကျင့်သုံးနိုင်သည်။ နိုင်ငံခြားတိုင်းပြည်များနှင့်   စာချုပ်ချုပ်ဆိုခြင်း၊  သံတမန်များ    လက်ခံခြင်းနှင့်  တိုင်းပြည်ကာကွယ် ရေးအမိန့်များကို  ထုတ်ပြန်နိုင်သည်။   ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ   ခုံတရားသူကြီး၊ ရှေ့နေချုပ်၊ ကောင်စီအဖွဲ့ဝင်များ ခန့်ထားနိုင်သည်။ အမျိုးသား ကွန်ဂရက်နှင့် အတည်ပြုပြီး စစ်ကြေညာနိုင်သည်။ ငြိမ်းချမ်းရေးရယူနိုင်သည်။ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်နိုင်သည်။ သမ္မတသည် နိုင်ငံ၏ ခေါင်းဆောင် ဖြစ်သလို အစိုးရခေါင်းဆောင်လည်းဖြစ်သည်။ 

 


ဘရာဇီးနိုင်ငံအမျိုးသားကွန်ဂရက် 
(National Congress)


ဘရာဇီးနိုင်ငံအမျိုးသားကွန်ဂရက် (National Congress) ကို  အထက်လွှတ်တော်၊   အောက် လွှတ်တော်တို့ဖြင့် ဖွဲ့စည်းထားသည်။ လွှတ်တော် နှစ်ရပ်လုံးသည် ဘရာဇီးနိုင်ငံ၏ မြို့တော် ဘရာ ဇီးလီးယားရှိ  Palace of National Congress တွင် တည်ရှိသည်။ လွှတ်တော်နှစ်ရပ်လုံးတွင်  ဥက္ကဋ္ဌ၊ အမှုဆောင်  ညွှန်ကြားရေးမှူးချုပ်၊   ဝန်ထမ်းများ ရှိသည်။ လွှတ်တော်ဝန်ထမ်းများသည် လွှတ်တော် ကိုယ်စားလှယ်များဆောင်ရွက်ရသည့်    ပါလီမန်ဆိုင် ရာ လုပ်ငန်းတာဝန်များကို  အထောက်အကူပြုရ သည်။ လွှတ်တော်နှစ်ရပ်လုံး၏   နိုင်ငံရေးဆိုင်ရာ   စီမံ ဆောင်ရွက်မှုများနှင့်   ပတ်သက်၍   လွှတ်တော် တစ်ရပ်စီရှိ ကိုယ်စားလှယ်များမှ ရွေးချယ်ထားသည့် ဗျူရိုအဖွဲ့ဝင်များက ဆောင်ရွက်ရသည်။ လွှတ်တော် နှစ်ရပ်လုံး၏  စီမံခန့်ခွဲရေးအဖွဲ့များသည်  အနည်း ငယ်ကွဲပြားပြီး လွှတ်တော် တစ်ရပ်စီတွင် အတွင်း ရေးမှူးရုံး၊ ဆက်သွယ်ရေးရုံး၊ သတင်းအချက်အလက် နှင့် နည်းပညာဝန်ဆောင်မှုများ၊ လုံခြုံရေးရုံးများ၊ ကော်မတီဌာနခွဲများရှိသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီတွင် မိမိကိုယ်တိုင် ရွေးချယ်ထားသော ကိုယ်ရေးဝန်ထမ်းတစ်ဦးစီ    ခန့်အပ်နိုင်သည်။ လွှတ်တော်နှစ်ရပ်လုံးတွင်    အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ရန်  ယာယီနှင့်  အမြဲတမ်း ကော်မတီများ ဖွဲ့စည်းထားသည်။ လွှတ်တော်နှစ်ရပ် အတွက် ရွေးကောက်တင်မြှောက်ခြင်းစနစ် နှစ်မျိုး ကျင့်သုံးသည်။ 

 


ဘရာဇီးနိုင်ငံ အမျိုးသားကွန်ဂရက်၏   အဓိက တာဝန်မှာ ဥပဒေပြုရေးဆွဲရေး၊   အုပ်ချုပ်ရေးအဖွဲ့များ ၏ ဆောင်ရွက်မှုကို စောင့်ကြည့်ရေးတို့ ဆောင်ရွက် သည်။ ဘရာဇီးနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ် လုံးသည် လွှတ်တော်အတွင်း ဖွဲ့စည်းပုံနှင့်ပတ်သက် ၍ မိမိကိုယ်တိုင် စီရင်ခွင့်ရှိသည်။ အောက်လွှတ်တော် သည် သမ္မတ၏ ငွေစာရင်းကို စစ်ဆေးနိုင်သည်။ သမ္မတ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၏ အရေးကိစ္စနှင့် ပတ်သက်၍ ဥပဒေက ခွင့်ပြုထားသည့်အတိုင်း ဆောင်ရွက်နိုင်သည်။ လွှတ်တော်နှစ်ရပ်နှင့် ကော်မတီ များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်မှ တစ်ပါး  မဲအများစု ကိုယ်စားပြုစနစ် (Absolute Majority System)   ဖြင့်   ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ကြသည်။   ဘရာဇီးနိုင်ငံ    အမျိုးသား ကွန်ဂရက်သည်  အခွန်ကောက်ခံခြင်း၊   ဘတ်ဂျက် ရေးဆွဲခြင်း၊ လက်နက်ကိုင်အင်အား  အဖွဲ့အစည်း များကို   စီမံခန့်ခွဲခြင်း၊  ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ နိုင်ငံနယ်နိမိတ် သတ်မှတ်ဆောင် ရွက်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ဝန်ကြီး ဌာနများ ဖွဲ့စည်းခြင်းနှင့် ပြင်ဆင်ခြင်း၊ ပယ်ဖျက် ခြင်း၊     ရုပ်သံထုတ်လွှင့်ခြင်းအား    ကြီးကြပ်ခြင်း၊ နိုင်ငံခြားငွေကြေးစီမံခြင်းတို့တွင် တာဝန်ရှိသည်။ နှစ်စဉ် ဘရာဇီးနိုင်ငံ၏  ဖက်ဒရယ်မြို့တော်   ဘရာ ဇီးလီးယားတွင်  ဖေဖော်ဝါရီ ၂ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ တစ်ကြိမ်၊  သြဂုတ်  ၁  ရက်မှ  ဒီဇင်ဘာ  ၂၂ ရက်အထိ တစ်ကြိမ်၊ နှစ်စဉ် ငါးလစီဖြင့် နှစ်ကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပကြသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏     လွှတ်တော် အစည်းအဝေးတွင် တင်ပြသော ထင်မြင်ချက်များ၊ စကားလုံးများ၊ မဲပေးမှုများအပေါ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေအရသော်လည်းကောင်း၊ တရားမဆိုင်ရာ ဥပဒေအရသော်လည်းကောင်း  အရေးမယူနိုင်ပေ။ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သည့် အမှုကိစ္စရပ်များကို ရွေးကောက်ပွဲဆိုင်ရာတရားရုံးချုပ်တွင်သာ    ဖြေရှင်းရမည်ဖြစ်သည်။   လွှတ်တော် ကိုယ်စားလှယ်များအပေါ် စွဲဆိုသောအမှုများတွင် အာမခံမပေးနိုင်သော အမှုမှလွဲ၍ တိုင်ကြားချက်များ၊ မှတ်တမ်းများ၊   သက်သေများကို    သက်ဆိုင်ရာ လွှတ်တော်သို့   ၂၄  နာရီအတွင်း  ပေးပို့၍ ဆုံးဖြတ် ချက်ရယူရမည်ဖြစ်သည်။ 

 


အထက်လွှတ်တော်(Senate) 


အထက်လွှတ်တော် (Senate) ကို ကိုယ်စား လှယ်ဦးရေ ၈၁ ဦးဖြင့် ဖွဲ့စည်းထားသည်။  ပြည်နယ် ၂၆ ခု ရှိသည့်အနက် ပြည်နယ် တစ်ခုလျှင် ကိုယ်စား လှယ် သုံးဦးကျစီဖြင့် ၇၈ ဦးနှင့် ဖက်ဒရယ်ခရိုင်  တစ်ခုမှ ကိုယ်စားလှယ် သုံးဦး စုစုပေါင်း ၈၁ ဦး ပါဝင်သည်။  အထက်လွှတ်တော်ကို   မဲအများစု ကိုယ်စားပြု၊ မဲများသူ အနိုင်ယူစနစ် (Plurality Fast-Past The Post-System) ဖြင့် ရွေးချယ်သည်။  လွှတ်တော်သက်တမ်းမှာ ရှစ်နှစ်ဖြစ်သည်။ ပထမ လေးနှစ်တွင်   အဖွဲ့ဝင်သုံးပုံတစ်ပုံနှင့်   ဒုတိယ လေးနှစ်တွင်   အဖွဲ့ဝင်သုံးပုံနှစ်ပုံဖြင့်    ရှစ်နှစ် သက်တမ်းအတွက်    နှစ်ကြိမ်ရွေးချယ်ပါသည်။ အထက်လွှတ်တော်    ကိုယ်စားလှယ်များသည် အကန့်အသတ်မရှိ  ပြန်လည်ရွေးကောက်ခံနိုင်သည်။ အထက်လွှတ်တော်သည်  သမ္မတ၊   ဒုသမ္မတနှင့် ဝန်ကြီးများကို    ရာဇဝတ်မှုများအတွက်   စွပ်စွဲ နိုင်သည်။ သံတမန်များလည်း ရွေးချယ်နိုင်သည်။

 


အောက်လွှတ်တော်(Chamber of Deputies)


အောက်လွှတ်တော် (Chamber of Deputies) ကို ကိုယ်စားလှယ်ဦးရေ ၅၁၃ ဦးဖြင့် ဖွဲ့စည်းထား ပါသည်။ ကိုယ်စားလှယ်ကို မဲပေးရသည့် စာရင်းဖွင့် အချိုးကျကိုယ်စားပြုစနစ်ကို     ကျင့်သုံးသည်။ လွှတ်တော်သက်တမ်းမှာ  လေးနှစ်ဖြစ်ပါသည်။ ပြည်နယ်တစ်ခုစီ၏     လူဦးရေအပေါ်မူတည်ပြီး ကိုယ်စားလှယ်နေရာများ  ရွေးချယ်သည်။ ပါတီ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးစီရရှိသော မဲအရေ အတွက်သည်    အချိုးကျကိုယ်စားပြုစနစ်ဖြင့် မဲရေတွက်ရာတွင်     ပါတီရရှိသော      မဲအဖြစ် သတ်မှတ်ရေတွက်သည်။ ပြည်သူများသည် ပါတီ များမှတင်သွင်းသော  ကိုယ်စားလှယ်စာရင်းဖြင့် တိုက်ရိုက်ရွေးကောက်နိုင်သည်။ စာမျက်နှာ ၁၇ သို့

စာမျက်နှာ ၁၆ မှ
အောက်လွှတ်တော်   ကိုယ်စားလှယ်များသည်   အကန့်အသတ်မရှိ ပြန်လည်ရွေးကောက်ခံနိုင်သည်။  ဘရာဇီး ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြား  ကိုယ်စားလှယ်ဦးရေ မညီမျှမှုကို လျှော့ချရန်အတွက် ခရိုင်အားလုံးတွင်   တူညီသော   ကိုယ်စားလှယ် အရေအတွက်ကို သတ်မှတ်ပေးထားသည်။ အောက် လွှတ်တော်သည် ပြည်တွင်းဥပဒေမူကြမ်းရေးဆွဲ နိုင်သည်။

 


အစိုးရအဖွဲ့


ဘရာဇီးနိုင်ငံအစိုးရအဖွဲ့ကို   ပြည်နယ်ဝန်ကြီး များ၊ ဘရာဇီးဖက်ဒရယ်အစိုးရအလုပ်အမှုဆောင်အဖွဲ့၏ အကြီးတန်းအကြံပေးများဖြင့် ဖွဲ့စည်းထား သည်။ အစိုးရအဖွဲ့တွင် ဝန်ကြီး ၂၂ ဦး၊ အခြားဝန်ကြီး အဆင့် ငါးဦးရှိသည်။

 


မြူနီစီပယ်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ 
(မြို့တော်ဝန်၊ ဒုမြို့တော်ဝန်၊ မြို့တော်ကောင်စီဝင်များ) 


ဘရာဇီးနိုင်ငံ၏ မြူနီစီပယ်ဒေသဟုခေါ်သည့် မြို့  ၅၅၇၀ ကို   အုပ်ချုပ်ရန်  မြို့တော်ဝန်၊  ဒုမြို့ တော်ဝန်၊  မြို့တော်ကောင်စီဝန်များကို  လေးနှစ် တစ်ကြိမ်    ရွေးကောက်ပွဲကျင်းပရွေးချယ်သည်။ မြူနီစီပယ်ရွေးကောက်ပွဲတွင်  ကိုယ်စားလှယ်ကို မဲပေးရသည့် စာရင်းဖွင့်အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးပြီး       တိုက်ရိုက်မဲအများစုစနစ်ဖြင့် ရွေးချယ်သည်။ အနိမ့်ဆုံး   နိုင်ငံရေးအာဏာခွဲဝေမှု သည် မြူနီစီပယ်အုပ်ချုပ်ရေးဖြစ်သည်။ 

 


ပါတီ


ပါတီစုံစနစ်ဖြစ်သည်။    ပါတီတစ်ခုစီသည် အနည်းဆုံး ထောက်ခံမဲ ၅ ရာခိုင်နှုန်းရရှိရမည်။ ၂၀၂၀   ပြည့်နှစ်အထိ   ဘရာဇီးနိုင်ငံတွင် ပါတီ ၄၀ ကျော် ရှိသည်။ Worker's Party  သည် ၁၉၈၀ တွင်တည်ထောင်သော  အကြီးဆုံးပါတီဖြစ်သည်။ လက်ရှိကျင့်သုံးနေသော နိုင်ငံရေးပါတီစနစ်သည် ၁၉၄၀ ပြည့်နှစ်က Social Democratic Party ကို ထူထောင်ခဲ့သော   သမ္မတ  Getulio Dorneles Vargas လက်ထက်တွင် ပေါ်ပေါက်ခဲ့သည်။ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် အခြားပါတီများဖွဲ့စည်း ပြီး ရွေးကောက်ပွဲဝင်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၉၈၅ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ (၂၁ နှစ်ကြာသော) စစ်အုပ်ချုပ်ရေးကာလတွင် နိုင်ငံရေးပါတီများကို  ဖျက်ပြီး  တစ်ပါတီစနစ်ကို ထူထောင်ခဲ့သည်။

 

၁၉၈၅ ခုနှစ် အရပ်သားအစိုးရ          လက်ထက်တွင် ပါတီများထူထောင်ခွင့်ပြုပြီး ပါတီ များစွာ   ပေါ်ပေါက်လာခဲ့သည်။    ပါတီများသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ရွေးကောက်ပွဲဆိုင်ရာ တရားရုံးချုပ်မှ ချမှတ်ထား သော ဥပဒေများ၊ စည်းမျဉ်းများအရ ရွေးကောက်ပွဲ မလုပ်မီ တစ်နှစ်ကြိုတင်၍ နိုင်ငံရေးပါတီမှတ်ပုံတင် ရသည်။ စည်းကမ်းတကျ   မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများ၊   ကိုယ်စားလှယ်လောင်းများ ကိုသာ မဲပေးနိုင်သည်။ မှတ်ပုံတင်ထားသော ပါတီ တစ်ခုစီတိုင်းသည် အထက်လွှတ်တော်၊  အောက် လွှတ်တော်နှင့် မြူနီစီပယ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ပါတီဝင်များသည် ဘရာဇီးနိုင်ငံသားများ ဖြစ်ရမည်။ နိုင်ငံခြားအစိုးရ သို့မဟုတ်  နိုင်ငံခြားအစိုးရလက်အောက်ခံများထံမှ ငွေကြေးအထောက်အပံ့မယူရ။ ပါတီမှ သုံးစွဲသည့် ငွေကြေးများကို ရွေးကောက်ပွဲတရားရုံးသို့ တင်ပြရ သည်။ အများပြည်သူသိရှိစေရန်  ကြေညာရသည်။ မိမိတို့ပါတီ၏ စည်းမျဉ်းများကို မိမိတို့ဆန္ဒနှင့်အညီ သတ်မှတ်နိုင်သည်။  

 


ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ ( Electoral Management Bodies-EMBs)


ဘရာဇီးနိုင်ငံ၏      ရွေးကောက်ပွဲများကို ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (Electoral Management Bodies-EMBs) က ဆောင်ရွက်ခြင်း ဖြစ်ပြီး    ရွေးကောက်ပွဲဆိုင်ရာ    အုပ်ချုပ်မှုစနစ်၊ ရွေးကောက်ပွဲဆိုင်ရာ တရားစီရင်ရေးစနစ်များဖြင့် စနစ်တကျ    ကျင်းပသည်။    ရွေးကောက်ပွဲဆိုင်ရာ အုပ်ချုပ်မှုစနစ်တွင် မဲပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ယှဉ်ပြိုင်မှု မူဘောင်များပါဝင်သည်။ မူဝါဒချမှတ် ခြင်း၊ အကောင်ထည်ဖော်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ် ခြင်းဟူ၍ မူဝါဒ သုံးရပ်  ချမှတ်ဆောင်ရွက်သည်။ ရွေးကောက်ပွဲဆိုင်ရာ   တရားစီရင်ရေးစနစ်တွင် တရားစီရင်ရေးဌာနများ၊ အဆင့်မြင့်ရွေးကောက်ပွဲ ခုံရုံးများဖြင့်   ကျယ်ပြန့်စွာ   ဆောင်ရွက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊   ရွေးကောက်ပွဲဥပဒေများအရကျင်းပပြီး ရွေးကောက်ပွဲစနစ်၊ မဲဆန္ဒနယ်ခွဲဝေ ခြင်း၊ ရွေးကောက်ပွဲကာလ၊ ပါဝင်ယှဉ်ပြိုင်သူများ အတွက် စည်းကမ်းသတ်မှတ်ခြင်းများကို ပြဋ္ဌာန်း ထားသည်။  ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ သည်   အဖွဲ့ဝင်များအပေါ်   လွှမ်းမိုးချုပ်ကိုင်မှုမရှိဘဲ လွတ်လပ်သော သီးသန့်အဖွဲ့ဖြစ်သည်။

 


ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း


ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း ခြင်းကို  ရွေးကောက်ပွဲတရားသူကြီး  (Electoral Judge) လက်မှတ်ရေးထိုးထားသော  မှတ်ပုံတင် စာအုပ်တွင် ထိန်းသိမ်းထားရမည်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်လောင်း သည် မိမိကိုယ်တိုင်မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်ထား သောဒေသတွင် အနည်းဆုံး တစ်နှစ် နေထိုင်သူဖြစ်ရ မည်။ ကိုယ်စားလှယ်လောင်းသည် ဘရာဇီးနိုင်ငံ သားဖြစ်ပြီး  မဲဆန္ဒရှင်အဖြစ်  မှတ်ပုံတင်ထားသူ၊ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်တွင် နေထိုင် သူဖြစ်ရမည်။ သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော် အမတ် များသည် အနည်းဆုံး အသက် ၃၅ နှစ် ရှိရမည် ဖြစ်သည်။ မဲဆန္ဒရှင်အဖြစ်  မှတ်ပုံမတင်ထားသူ၊ ပညာမတတ်သူများသည် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။ နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည်လည်း ကန့်သတ်ချက်များနှင့် အညီ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင် သည်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် မိမိတို့ တပ်ဖွဲ့တွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင် ပြီးပါက ခွင့်ယူပြီး ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။ ၁၀ နှစ်ကျော်ပါက အထက် အရာရှိခွင့်ပြုချက်ဖြင့်   ယှဉ်ပြိုင်နိုင်သည်။   ရွေး ကောက်ပွဲတွင်  အနိုင်ရရှိပါက   အလိုအလျောက် ပင်စင်ရမည်ဖြစ်သည်။ အသက်ကန့်သတ်ချက်နှင့် ပတ်သက်၍ သမ္မတနှင့် အထက်လွှတ်တော်အမတ် များသည် အနည်းဆုံး ၃၅ နှစ်၊ ပြည်နယ်/ ခရိုင် အုပ်ချုပ်ရေးမှူးသည် အနည်းဆုံး ၃၀ နှစ်၊ အောက် လွှတ်တော်အမတ်များနှင့်  မြို့တော်ဝန်၊ ဒုမြို့တော် ဝန်များသည် အနည်းဆုံး ၂၁ နှစ် ရှိရမည်ဖြစ်ပြီး မြို့တော်ကောင်စီဝင်များသည် အနည်းဆုံး ၁၈ နှစ် ရှိရမည်ဖြစ်သည်။ လက်ရှိအစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်နေပြီး    ရွေးကောက်ပွဲတွင်    ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲမတိုင်မီ ခြောက်လ ကြိုတင် ၍ မိမိလက်ရှိတာဝန်ထမ်းဆောင်နေသော ရာထူးမှ နုတ်ထွက်ရမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စား လှယ်၏ ၃၀ ရာခိုင်နှုန်းသည် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။

 


မဲဆွယ်စည်းရုံးခြင်း


ရွေးကောက်ပွဲကုန်ကျစရိတ်ကို   ပါတီ  (သို့ မဟုတ်) ကိုယ်စားလှယ်လောင်းမှ ကျခံနိုင်သည်။ ဥပဒေနှင့် အညီ  ငွေကြေးအထောက်အပံ့ယူနိုင်သည်။ အင်တာနက်ပေါ်တွင်  အခကြေးငွေပေးပြီး  မဲဆွယ် စည်းရုံးခြင်းကို   ရွေးကောက်ပွဲမတိုင်မီ  နှစ်ရက် အထိသာ ခွင့်ပြုသည်။ အင်တာနက်ပေါ်တွင် မဲဆွယ် စည်းရုံးခြင်းများ ဆောင်ရွက်လိုပါက ကိုယ်စားလှယ် လောင်း၏ Website လိပ်စာကို ရွေးကောက်ပွဲတရား သူကြီး (Electoral Judge) ထံ တင်ပြရသည်။ 


(ဆက်လက်ဖော်ပြပါမည်)