ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း(ဘရာဇီးနိုင်ငံ)

Type
5

 

ဆုဝေ

 

(ယမန်နေ့မှ အဆက်)

 


မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း၊ မဲပေးခြင်း


အသက် ၁၈ နှစ်မှ  ၇၀  နှစ် အထိသည်  မဲပေး ရမည့် အသက်အဖြစ် သတ်မှတ်ထားသည်။ အသက် ၁၆ နှစ်နှင့် ၇၀ နှစ်အထက် နိုင်ငံသားများသည် မိမိ ဆန္ဒအရ မဲပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ နိုင်ငံ ခြားသို့ ရောက်ရှိနေသည့် ဘရာဇီးလူမျိုးမဲဆန္ဒရှင် များသည် သမ္မတရွေးကောက်ပွဲအတွက်သာလျှင် မဲပေးနိုင်သည်။   ဘရာဇီးနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားများ၊ ရူးသွပ်နေသူ၊ ထောင်ဒဏ်ကျခံနေ ရသူများသည် မဲပေး၍ မရပါ။  မဲဆန္ဒရှင်မှတ်ပုံတင် ခြင်းနှင့် မဲဆန္ဒနယ်ရွှေ့ပြောင်းခြင်းကို ရွေးကောက် ပွဲမတိုင်မီ ရက်ပေါင်း ၁၅၀ ထိသာ လက်ခံနိုင်သည်။

 

မဲဆန္ဒရှင်များမှတ်ပုံတင်ရာတွင် မဲဆန္ဒရှင်သက်သေ ခံကတ် ( Votre ID ) ကို ပြန်လည်ထုတ်ပေးရမည်။ မဲပေးရာတွင်   နိုင်ငံသားကတ်အပြင်   မဲဆန္ဒရှင် သက်သေခံကတ် ( Votre ID ) ပါ ပါရှိရမည်ဖြစ်သည်။ ဥပဒေအရ မဖြစ်မနေမဲပေးရသည်။ ရွေးကောက်ပွဲ သုံးခု  ဆက်တိုက်မဲမပေးပါက   ရရှိထားသော မဲဆန္ဒရှင်သက်သေခံကတ် (Votre ID) ပျက်ပြယ် သည်။  မဲဆန္ဒရှင်သက်သေခံကတ်   (Votre ID) မရှိပါက Passport မရပါ။

 

အစိုးရဌာနများတွင် အလုပ်မလုပ်နိုင်ပါ။ အစိုးရချေးငွေ မရနိုင်သည့် အပြင်  ရွေးကောက်ပွဲတရားရုံးများတွင် အမှုဖြေရှင်း မပြီးမချင်း ဥပဒေအရ အချို့သောအရာများတွင် ကန့်သတ်မှုရှိသည်။   အနည်းဆုံးရွေးကောက်ပွဲ  နှစ်ခုတွင်   မဲပေးပြီးမှသာ   ကန့်သတ်ချက်များ ကင်းလွတ်နိုင်သည်။ မဖြစ်မနေ မဲပေးရသောစနစ် ကြောင့် တစ်နိုင်ငံလုံးမှမဲပေးရပြီး မဲအများဆုံးရရှိ သူက အနိုင်ရရှိမည်ဖြစ်သောကြောင့် မျှတပြီးစစ်မှန် သော ရွေးကောက်ပွဲဖြစ်သည်။ မဖြစ်မနေမဲပေးရ သည့်စနစ်ကို ဘယ်လ်ဂျီယံနိုင်ငံ၌ ၁၈၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး   အာဂျင်တီးနားနိုင်ငံ၌  ၁၉၁၄ ခုနှစ်၊ သြစတြေးလျနိုင်ငံ၌ ၁၉၂၄ ခုနှစ်တွင် ထိုစနစ်ကို ကျင့်သုံးခဲ့သည်။ ဗင်နီဇွဲလားနှင့်  နယ်သာလန်နိုင်ငံ တို့သည် မဖြစ်မနေမဲပေးခြင်းစနစ်ကို တစ်ကြိမ်သာ ကျင့်သုံးခဲ့ပြီးနောက် ထိုစနစ်ကို ပယ်ဖျက်ခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးသည် လူ့အခွင့် အရေးတွင်  ပါဝင်သော   နိုင်ငံရေးဆိုင်ရာရပိုင်ခွင့် ဖြစ်သည်။

 

မဲရုံများ


မဲရုံရှိ   မဲရုံလက်ခံကောင်တာတွင်   တာဝန် ထမ်းဆောင်မည့် ကြီးကြပ်သူအား ခန့်ထားပြီး ထိုသို့ ခန့်အပ်ထားသူကို  မကျေနပ်ပါက ငါးရက်အတွင်း ရွေးကောက်ပွဲတရားသူကြီး (Electoral Judge) ထံ  အယူခံဝင်ရသည်။  တိုင်ကြားချက်အား ၄၈ နာရီအတွင်း အမိန့်ချရမည်။ ပြည်နယ်ရွေးကောက်ပွဲ တရားရုံးထံ   သုံးရက်အတွင်း   အယူခံနိုင်သည်။ အသက် ၁၈ နှစ်အောက်ကို  မဲရုံလက်ခံကောင်တာ ကြီးကြပ်သူအဖြစ်   ခန့်အပ်၍မရပါ။   မဲရုံတစ်ရုံ၏ မဲစာရင်းတွင်  ပါဝင်သူသာလျှင်   အဆိုပါမဲရုံတွင် မဲပေးနိုင်သည်။

 


အီလက်ထရွန်နစ်မဲပေးခြင်းစနစ် 
(Electronic Voting)


၁၉၈၆ ခုနှစ်တွင် အီလက်ထရွန်နစ်မဲပေးခြင်း စနစ် (Electronic Voting) စနစ်ကို စတင်မိတ်ဆက် ခဲ့သည်။  မဲပေးသူ သန်း ၇၀ နီးပါး မဲပေးခဲ့သည်။ ၁၉၉၄    ခုနှစ်တွင်   ပထမအကြိမ်အဖြစ်   ဗဟို ကွန်ပျူတာစနစ်ဖြင့်   မဲရေတွက်ခြင်းစနစ်ကို စတင် ကျင့်သုံးခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အီလက်ထရွန်နစ် မဲပုံးစနစ်  (Electronic Ballot Box)  စတင်ရန် ရှေ့ပြေးပုံစံပရိုဂရမ်များ၊ နည်းစနစ်များကို စတင် အကောင်အထည်ဖော်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ်တွင် အီလက်ထရွန်နစ်မဲပုံးစနစ်  (Electronic Ballot Box)  ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ ၁၉၉၆ ခုနှစ် မြူနီစီပယ်ရွေးကောက်ပွဲတွင် အီလက်ထရွန် နစ်မဲပုံး  (Electronic Ballot Box)  ဖြင့်   ရီယိုဒီ ဂျနေရိုး မြို့တော်အပါအဝင် မြို့ကြီး ၅၇ မြို့တွင် မဲဆန္ဒရှင်   နှစ်သိန်းနီးပါး  မဲပေးခဲ့သည်။  ၁၉၉၈ ရွေးကောက်ပွဲတွင်   မဲဆန္ဒရှင်   သုံးပုံနှစ်ပုံနီးပါး အီလက်ထရွန်နစ်စနစ်ဖြင့်  မဲပေးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင်    အီလက်ထရွန်နစ်မဲပေးခြင်းစနစ် တစ်ခုလုံးကို   အပြည့်အဝ  အကောင်အထည်ဖော်နိုင်ခဲ့ သည်။ ထို့နောက် ၂၀၀၂၊ ၂၀၀၄၊ ၂၀၀၆ ရွေးကောက်ပွဲ များတွင်လည်း အဆိုပါစနစ်ဖြင့် ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသော အီလက်ထရွန်နစ် မဲပေးခြင်းစနစ်     (Electronic Voting)    ကို ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲသည် မဲပေးသူအများ ဆုံး ရွေးကောက်ပွဲတစ်ခုဖြစ်သည်။ မဲပေးသူ ၁၂၅ သန်း    မဲပေးခဲ့သည်။

 

    အီလက်ထရွန်နစ်မဲရုံ (Electronic Polling Station) ကို  မြူနီစီပယ် ရွေးကောက်ပွဲ ပထမအကြိမ်တွင် အသုံးပြုခဲ့သည်။ မဲရုံပိတ်ပြီး   နာရီအနည်းငယ်အတွင်း  မဲရလဒ်ကို သိရသည်။ အီလက်ထရွန်နစ်မဲပေးခြင်း စနစ်သည် မြန်ဆန်ပြီး   မှန်ကန်သော   စနစ်တစ်ခုဖြစ်သည်။ လုံခြုံမှုရှိပြီး ပွင့်လင်းမြင်သာသည်။ ရွေးကောက်ပွဲ နှင့် ပတ်သက်သမျှကို ပါတီများ၊ အဖွဲ့အစည်းများ၊ နိုင်ငံသားများက   စောင့်ကြည့်လေ့လာနိုင်သည်။ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည် စာရင်း၊ ကိုယ်ရေးအချက်အလက်များနှင့် ပုံများကို စက်တွင် ဖော်ပြထားသည်။  ဆိုက်ဘာတိုက်ခိုက်မှု (Cyber Attack) သည် သံသယဖြစ်ဖွယ်ရာဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဘရာဇီးနိုင်ငံ မြူနီစီပယ်ရွေးကောက်ပွဲ ကာလတွင် ရွေးကောက်ပွဲဆိုင်ရာ၏ စီမံခန့်ခွဲရေး အဖွဲ့ (Electoral Management Bodies-EMBs) ၏ Website ကို တိုက်ခိုက်ခံခဲ့ရသည်။ ပထမအကြိမ် တိုက်ခိုက်မှုသည် မအောင်မြင်ခဲ့ဘဲ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ဝန်ထမ်းလစာအချက်အလက်များ ပေါက်ကြားခဲ့သည်။ သို့သော်  ထိုတိုက်ခိုက်မှုများ သည် မဲပေးခြင်း၊ မဲရေတွက်ခြင်းတွင် ထိခိုက်မှုမရှိခဲ့ ပါ။ ဘရာဇီးနိုင်ငံ၏ မဲဆန္ဒရှင်သက်သေခံကတ်သည် လက်ဗွေစနစ်အပြင်  မိုဘိုင်းဖုန်းများတွင် သုံးသော application (Digital Version E-titulo) စနစ် ပါဝင်သည်။   ယခင်က   ပြည်နယ်ရွေးကောက်ပွဲ တရားရုံးတစ်ခုစီသည် ရွေးကောက်ပွဲရလဒ်များကို စုစည်းပြီး ရွေးကောက်ပွဲဆိုင်ရာ တရားရုံးချုပ်ထံသို့ ပေးပို့ရသည်။ ၂၀၂၀ ပြည့်နှစ် ဘရာဇီးနိုင်ငံ မြူနီ စီပယ်     ရွေးကောက်ပွဲတွင်      ပထမအကြိမ်အဖြစ် ရွေးကောက်ပွဲရလဒ်များကို  ကွန်ပျူတာမှတစ်ဆင့် ရေတွက်ခဲ့သည်။ မဲပေးပုံနှင့်ပတ်သက်၍ စက်တွင် ပေါ်နေသော အမည်  (သို့မဟုတ်)  ပါတီအမည်ကို နှိပ်၍ ပေးရမည်။ အချိုးကျကိုယ်စားပြုစနစ် (Pro-portional representation System-PR)  ဖြင့် မဲပေးရသော    ရွေးကောက်ပွဲတွင်   ပါတီကိုသာ မဲပေးရမည်ဖြစ်သည်။  အချိုးကျကိုယ်စားပြုစနစ် (Proportional representation System-PR ) ကို မဲပေးပြီးမှ Majority စနစ် ရွေးကောက်ပွဲကို မဲပေးရမည်ဖြစ်သည်။  မဲပေးပြီးသည့်နောက်အီလက် ထရွန်နစ်မဲတစ်ခုစီကို ဒစ်ဂျစ်တယ်မှတ်ပုံတင်ခြင်း စနစ်ဖြင့်     လက်ခံပြီး    ဒစ်ဂျစ်တယ်စနစ်ဖြင့် ကွန်ပျူတာပေါ်တွင်      လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ မဲဆန္ဒရှင်အမည်စာရင်းကို မှတ်တမ်း တင်ထားသည်။   ရွေးကောက်ပွဲပြီးသည့်နောက် အီလက်ထရွန်နစ်မဲပုံး (Electronic Ballot Box) များတွင် မဲပေးထားသောဖိုင်များကို ဒစ်ဂျစ်တယ် စနစ်ဖြင့် မှတ်ပုံတင်ပြီး မဲအစားထိုးမှု မရှိစေရန် သိမ်းဆည်းသည့်အချိန်ကို မှတ်ပုံတင်ထားရမည်။ မဲတစ်ခုစီသည် လျှို့ဝှက်၍ လုံခြုံမှုရှိသည်။ 

 


ရွေးကောက်ပွဲဆိုင်ရာ တရားစီရင်ရေးစနစ်


ရွေးကောက်ပွဲဆိုင်ရာ တရားစီရင်ရေးစနစ်တွင် ရွေးကောက်ပွဲဆိုင်ရာတရားရုံးချုပ် (The Superior Electoral Court-TSE)၊ ပြည်နယ်နှင့် ဖက်ဒရယ် ခရိုင်တစ်ခုစီတွင် ပြည်နယ်ရွေးကောက်ပွဲတရားရုံး  (The Regional Electoral court-TRE) ရှိပြီး ရွေးကောက်ပွဲဘုတ်အဖွဲ့ (Electoral Boards) များ ဖွဲ့စည်းထား၍  ရွေးကောက်ပွဲတရားသူကြီးများ (Electoral Judge)  က     အငြင်းပွားမှုများကို ဆုံးဖြတ်သည်။ ရွေးကောက်ပွဲဆိုင်ရာ တရားရုံးချုပ် တွင်  ဖက်ဒရယ်ပြည်ထောင်စု  တရားလွှတ်တော်ချုပ် မှ တရားသူကြီး သုံးဦး၊ အထက်တရားရုံးမှ  တရား သူကြီး နှစ်ဦး၊ သမ္မတမှ အမည်စာရင်း တင်သွင်းပြီး ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထောက်ခံသော ဥပဒေကျွမ်းကျင်၍ ရွေးကောက်ပွဲ တွင်  အတွေ့အကြုံရှိသည့် နိုင်ငံသား  နှစ်ဦး စုစု ပေါင်း    တရားသူကြီး   ခုနစ်ဦး    ပါဝင်သည်။   ရွေးကောက်ပွဲ ဆိုင်ရာ တရားရုံးချုပ်တရားသူကြီးများ ကို ဝန်ကြီးဟု သုံးစွဲသည်။ ပြည်နယ်ရွေးကောက်ပွဲ တရားရုံးများမှ တင်သွင်းသောအမှုများကို အယူခံ တရားရုံးအဖြစ်   ဆောင်ရွက်သည်။   ရွေးကောက်ပွဲ ဆိုင်ရာ   တရားရုံးချုပ်သည်  ရွေးကောက်ပွဲဆိုင်ရာ အမြင့်ဆုံးတရားရုံးဖြစ်ပြီး     ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေများဖြင့်   ဖွဲ့စည်းထားသည်။ ပြည်နယ်ရွေးကောက်ပွဲတရားရုံး  သည်     ဒုတိယ အမြင့်ဆုံး ရွေးကောက်ပွဲတရားရုံးဖြစ်ပြီး မြို့နယ် တိုင်းတွင်ရှိသည်။

 

ပြည်နယ်အဆင့်တရားရုံးမှ အယူခံ တရားသူကြီး နှစ်ဦး၊ အောက်တရားရုံးမှ တရား သူကြီး နှစ်ဦး၊ ဖက်ဒရယ်အောက်တရားရုံးမှ တရား သူကြီး တစ်ဦး၊ သမ္မတမှ အမည်စာရင်းတင်သွင်းပြီး ပြည်နယ်တရားရုံးမှ   ထောက်ခံသော   ဥပဒေ ကျွမ်းကျင်၍ ရွေးကောက်ပွဲတွင် အတွေ့အကြုံရှိ သည့် နိုင်ငံသား နှစ်ဦး စုစုပေါင်း  တရားသူကြီး ခုနစ်ဦးပါဝင်သည်။ ပြည်နယ်ရွေးကောက်ပွဲတရားရုံး သည် မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများ ကို မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွား မှုများ၊  စီမံခန့်ခွဲခြင်းများကို  ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲဘုတ်အဖွဲ့ (Electoral Boards) သည် ရွေးကောက်ပွဲဆိုင်ရာ      အထူးအဖွဲ့ဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍  ကန့်သတ်ထားသောပြစ်ဒဏ်များချမှတ်ရန် သီးသန့်ဖွဲ့စည်းထားသည်။ ရွေးကောက်ပွဲမတိုင်မီ ရက် ၆၀ အလိုတွင် ပြည်နယ် ရွေးကောက်ပွဲတရားရုံးမှ  တရားသူကြီး  တစ်ဦး၊  ဥပဒေ ကျွမ်းကျင်သော နိုင်ငံသားနှစ်ဦးမှ   လေးဦး အထိဖြင့် ဖွဲ့စည်းထားသည်။ ရွေးကောက်ပွဲတရား သူကြီးများ (Electoral Judges) ကို ပြည်နယ် ရွေးကောက်ပွဲတရားရုံး၏   တရားသူကြီးများမှ ရွေးချယ်သည်။ မိမိပြည်နယ်၏ ရွေးကောက်ပွဲနယ် မြေအတွင်းရှိ ရွေးကောက်ပွဲလုပ်ငန်းများတွင်သာ      ဆောင်ရွက်နိုင်သည်။ ရွေးကောက်ပွဲဆိုင်ရာတရားရုံးချုပ်၊    ပြည်နယ်ရွေးကောက်ပွဲ    တရားရုံးမှ တရားသူကြီးများသည်    အမြဲတမ်းအတွင်းဝန်များ  ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ     တရားစီရင်ရေး စနစ်တွင်  တာဝန်ထမ်းဆောင်ရသော တရားသူကြီး များသည်  မူလတရားစီရင်ရေးတာဝန်များကိုလည်း    ထမ်း ဆောင်ရမည်ဖြစ်သည်။    ရွေးချယ်ခန့်အပ်ထား သော   အရပ်သားများသည်    မိမိအသက်မွေး တာဝန်များကို  မူလအတိုင်း   ဆက်လုပ်နိုင်သည်။ ရွေးကောက်ပွဲအတွင်းသာ  တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ  တရားစီရင်ရေး အဖွဲ့ဝင်များသည် နှစ်နှစ်သက်တမ်းရှိပြီးနောက်ထပ် နှစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည်။ အနည်းဆုံး ဥပဒေဘွဲ့ရရှိရမည်ဖြစ်ပြီး  ဥပဒေလုပ်ငန်းအတွေ့အကြုံရှိရမည်ဖြစ်သည်။    တရားသူကြီးများ၊ တရား ရေးအဖွဲ့ဝင်များသည် လွတ်လပ်၍ ပါတီနိုင်ငံရေး ကင်းရှင်းရမည်။

 

ရွေးကောက်ပွဲတရားစီရင်ရေးစနစ် သည် ပြည်သူများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်၊ ကျားမတန်းတူခွင့်၊ လွတ်လပ်စွာသတင်းယူခွင့် စသည်ဖြင့် အခြေခံလွတ်လပ်ခွင့်များကို ရပိုင်ခွင့်ရှိ သည်။  မဲဆန္ဒနယ်တစ်နယ်ထက်ပို၍   ပါဝင်သော မြူနီစီပယ်ရွေးကောက်ပွဲတွင် ပြည်နယ်ရွေးကောက် ပွဲတရားရုံးမှ တရားသူကြီး တစ်ဦးခန့်ထားသည်။  ရွေးကောက်ပွဲဆိုင်ရာ   တိုင်ကြားချက်ကို   လက်ခံ ရရှိသည်နှင့် တစ်ပြိုင်နက် ရွေးကောက်ပွဲတရားရုံး သည်   တရားပြိုင်  သို့မဟုတ်  တိုင်ကြားခံရသူကို ၄၈ နာရီအတွင်း  ခုခံရန်    အကြောင်းကြားရမည်။   အကြောင်းကြား ချက်ကို လက်ခံရရှိပြီးနောက်   ၂၄  နာရီအတွင်း အယူခံရမည်ဖြစ်ပြီး ၄၈ နာရီအတွင်း ဆုံးဖြတ်ပေးရ မည်ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာတရားရုံးများသည် ဒီမိုကရေစီဖော်ဆောင်ရာတွင် အခြေခံအကျ ဆုံးဖြစ်သည်။

 

ကိုဗစ်-၁၉ နှင့် ဘရာဇီးနိုင်ငံ 
၂၀၂၀ ပြည့်နှစ် မြူနီစီပယ်ရွေးကောက်ပွဲ


မြို့တော်ဝန်၊  ဒုမြို့တော်ဝန်၊  မြို့တော်ကောင်စီ ဝင်ရွေးကောက်ပွဲကို  ၂၀၂၀  ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ ကျင်းပခဲ့ သည်။ မူလက  အောက်တိုဘာလ  ၄  ရက်တွင် ကျင်းပရန်    သတ်မှတ်ထားသော်လည်း  ကိုဗစ် ကြောင့် ရက်ရွှေ့ခဲ့ရသည်။ ရောဂါပိုးပျံ့နှံ့မှုများပြားနေသောကာလဖြစ်သော်လည်း ကွန်ပျူတာစနစ်ဖြင့် မဲပေး ရသောနိုင်ငံဖြစ်သည်။    အခြားနိုင်ငံများနည်းတူ စာတိုက်မှ  ကြိုတင်မဲပေးခြင်း၊   ကာလတိုအတွင်း အထူးမဲပေးခြင်းတို့  မပြုလုပ်နိုင်ပါ။  ၂၀၂၀   မြူနီ စီပယ်ရွေးကောက်ပွဲတွင်   တစ်နိုင်ငံလုံးအတိုင်း အတာ ဖြင့် ၈၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြသည်။ Social distancing   သတ်မှတ်ချက်များကြောင့်  မဲဆန္ဒရှင်   မှတ်ပုံတင်ခြင်းကို  အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရသည်။ ၂၀၂၀   ပြည့်နှစ်   မြူနီစီပယ် ရွေးကောက်ပွဲတွင် မိုဘိုင်းဖုန်းများတွင်သုံးသော application (Digital Version E-titulo) ကို သုံး၍  မဲပေးခြင်းဖြင့်   လူစုလူဝေးကို  လျှော့ချနိုင်သည်။ ပထမအကြိမ်မဲပေးခြင်းတွင် ထို application ကို မသုံးနိုင်ဘဲ    ဒုတိယအကြိမ်   မဲပေးခြင်းတွင်မှ    သုံးစွဲနိုင်ခဲ့သည်။     နည်းပညာကျွမ်းကျင်သူများက    လက်ဗွေစကင်ဖတ်သည့်   မှန်ဘီလူးများသည် တစ်ကြိမ်အသုံးပြုပြီးနောက် ပိုးပြန်သတ်ပြီးမှသာ အသုံးပြုသင့်ကြောင်း  အကြံပြုခဲ့သည်။   ၂၀၂၀  ပြည့်နှစ်  ဘရာဇီးနိုင်ငံမြူနီစီပယ် ရွေးကောက်ပွဲကို   အောက်ဖော်ပြပါအထူးအချက်များဖြင့်   ကျင်းပခဲ့ သည်−


(၁)    မဲရုံများကို သတ်မှတ်ချိန်ထက်  ၁  နာရီ စောဖွင့်ခြင်း၊
(၂)    မဲဆန္ဒရှင်များ၊     မဲရုံဝန်ထမ်းများကို လက်သန့်ဆေးစီစဉ်ပေးခြင်း၊ 
(၃)    မဲပေးသည့်ပစ္စည်းများ ပိုးသတ်ခြင်း၊
(၄)    မဲရုံဝန်ထမ်းများ၏ Mask များကို ၄ နာရီ ခြားတစ်ကြိမ် လဲလှယ်ပေးခြင်း၊
(၅)    Mask အပြည့်အစုံတပ်ဆင်ပြီး အနည်းဆုံး တစ်မီတာအကွာတွင်နေ၍ လက်ပိုးသတ် ခြင်း၊
(၆)    Social distancing  လုပ်ရန်  သတိပေး ကြေညာခြင်း၊
(၇)    တီဗွီ၊ အင်တာနက်များမှတစ်ဆင့် Mask တပ်ရန်၊ ကိုဗစ်စည်းမျဉ်းနှင့်အညီ မဲပေး ရန်၊ ကိုဗစ် သံသယလူနာများ မိမိနေအိမ် တွင်သာ နေထိုင်ရန် တိုက်တွန်းခဲ့ခြင်း။

 

၂၀၂၀    ပြည့်နှစ်   မြူနီစီပယ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ နှစ်ဖွဲ့ ရှိခဲ့သည်။ The Organization of American State (OAS) နှင့်  ပြည်တွင်းမှ အစိုးရမဟုတ်သောအဖွဲ့ Transparencia Eleitoral Brasil ( Election Transparency Brazil) တို့ဖြစ်သည်။

 


နိဂုံး


ဘရာဇီးနိုင်ငံ    ရွေးကောက်ပွဲကို     ဖွဲ့စည်းပုံ အခြေခံဥပဒေ၊   နိုင်ငံရေးပါတီဥပဒေနှင့်   ပြဋ္ဌာန်း ထားသော ဥပဒေများဖြင့် ကျင်းပသည်။ သမ္မတ၊ လွှတ်တော် နှစ်ရပ် (အထက်လွှတ်တော်နှင့် အောက် လွှတ်တော်)၊ အစိုးရအဖွဲ့၊ ပြည်နယ်/ခရိုင်အုပ်ချုပ် ရေးမှူးများ၊     မြူနီစီပယ်အုပ်ချုပ်ရေးမှူးများ (မြို့တော်ဝန်၊   ဒုမြို့တော်ဝန်၊  မြို့တော်ကောင်စီ ဝင်များ)ကို လေးနှစ်တစ်ကြိမ်  ရွေးကောက်ပွဲများ ကျင်းပ၍  ရွေးချယ်သည်။  သမ္မတကို  လေးနှစ် တစ်ကြိမ် မဲအများစုကိုယ်စားပြုစနစ် (Absolute majority system )၊ အထက်လွှတ်တော်ကို မဲအများ စုကိုယ်စားပြုမဲများသူ အနိုင်ယူစနစ် (Plurality Fast-Past The Post-System)၊ အောက်လွှတ်တော် ကို စာရင်းဖွင့်အချိုးကျကိုယ်စားပြုစနစ် ( Open List proportional representation System)၊ ပြည်နယ်/ ခရိုင်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲကို မဲအများစု  အသာစီးရသည့်စနစ်    (Plurality System)၊ မြူနီစီပယ်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ(မြို့တော်ဝန်၊ ဒုမြို့တော်ဝန်၊ မြို့တော်ကောင်စီ ဝင်များ ) ကို စာရင်းဖွင့်အချိုးကျကိုယ်စားပြုစနစ် (Open List proportional representation System)   ဖြင့်    ရွေးကောက်တင်မြှောက်သည်။ ပါတီများသည်   ဥပဒေနှင့်အညီ     မှတ်ပုံတင်၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ပါတီစုံစနစ်ဖြစ်သည်။ ပါတီမှသုံးစွဲသည့် ငွေကြေးများကို ရွေးကောက်ပွဲ တရားရုံးသို့ တင်ပြပြီး အများပြည်သူ သိရှိစေရန် ကြေညာရမည်။ ဘရာဇီးနိုင်ငံ၏  ရွေးကောက်ပွဲ များကို    ရွေးကောက်ပွဲဆိုင်ရာ  စီမံခန့်ခွဲရေးအဖွဲ့ (Electoral Management Bodies-EMBs) က ဆောင်ရွက်သည်။     ရွေးကောက်ပွဲဥပဒေတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း  အမည်စာရင်း တင်သွင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ မဲဆန္ဒရှင်မှတ်ပုံ တင်ခြင်း၊ မဲပေးခြင်းစသည့် ရွေးကောက်ပွဲလုပ်ငန်း များကို    ပြဋ္ဌာန်းထားသည်။   ဘရာဇီးနိုင်ငံတွင် အီလက်ထရွန်နစ်မဲပေးခြင်းစနစ်   (Electronic Voting) ကို ကျင့်သုံးပြီး  နိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးကြရသည်။ မဲပေးရန် ပျက်ကွက်ပါက ဥပဒေ အရ အရေးယူမှုများရှိသည်။ အီလက်ထရွန်နစ် မဲပေးခြင်းစနစ်၏   ကောင်းကျိုးများသည်    နာရီ အနည်းငယ်အတွင်း မဲရလဒ်ကို သိနိုင်ခြင်း၊ မြန်ဆန် ပြီး မှန်ကန်သော စနစ်တစ်ခုဖြစ်ခြင်း၊ လုံခြုံမှုရှိခြင်း၊ ပွင့်လင်းမြင်သာခြင်းတို့ဖြစ်သည်။ ဘရာဇီးနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ   တရားစီရင်ရေးစနစ်တွင် ရွေးကောက်ပွဲဆိုင်ရာ  တရားရုံးချုပ်၊ ပြည်နယ်နှင့် ဖက်ဒရယ်ခရိုင်တစ်ခုစီတွင်ရှိသော     ပြည်နယ် ရွေးကောက်ပွဲတရားရုံးများ၊ ရွေးကောက်ပွဲဘုတ် အဖွဲ့များ၊    ရွေးကောက်ပွဲတရားသူကြီးများဖြင့် ဖွဲ့စည်းထားသည်။  ဘရာဇီးနိုင်ငံ၏  နောက်ဆုံး ကျင်းပခဲ့သော   ရွေးကောက်ပွဲမှာ   မြို့တော်ဝန်၊ ဒုမြို့တော်ဝန်၊ မြို့တော်ကောင်စီဝင်ရွေးချယ်သော မြူနီစီပယ်ရွေးကောက်ပွဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ ကျင်းပခဲ့သည်။  ၂၀၂၀   ပြည့်နှစ်    မြူနီစီပယ် ရွေးကောက်ပွဲ၌   မိုဘိုင်းဖုန်းများတွင်   သုံးသော application (Digital Version E-titulo) ကိုသုံး၍ မဲပေးခြင်းဖြင့် လူစုလူဝေးကို လျှော့ချနိုင်ခဲ့သည်။


    ကိုးကား


    1    Election Law , 1997.
    2    Constitution of the Federative Republic of Brazil 3nd Edition.
    3    Electoral Governance in Brazil- (Vitor Marchetti)
    4    Building  a  Modern  and  Transparent Electoral System in Brazil-(Justice Gilmar Mendes)
    5    Party institutionalization and Women's Representation in Democratic Brazil- 
        (Kristin N.Wylie)
    6    Courts and Policy Reforms in Democratic Brazil- (Matthew M.Taylor)
    7    Covid-19 and the Brazilian 2020 Muni-cipal Elections- (Gabriela Tarouco)