ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း(နယူးဇီလန်နိုင်ငံ)

Type
1

 

ချိန်သီး

ယမန်နေ့မှအဆက်

 


ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
နယူးဇီလန်နိုင်ငံ၏  ရွေးကောက်ပွဲအက်ဥပဒေ အရ ဆန္ဒမဲပေးခွင့်ရှိသူများသည် ဥပဒေပါ တားမြစ် ချက်များမှလွဲ၍ လွှတ်တော်ကိုယ်စားလှယ်

လောင်း ဖြစ်ခွင့်ရှိသည်။ ဥပဒေပါလွှတ်တော်ကိုယ်စားလှယ် လောင်းဖြစ်ခွင့်မရှိသူများမှာ-


(၁)    ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
(၂)    လက်ထောက်ရွေးကောက်ပွဲကော်မရှင်နာ
(၃)    ရွေးကောက်ပွဲတာဝန်ခံအရာရှိ
(၄)    မဲစာရင်းအရာရှိ
(၅)    လက်ထောက်မဲစာရင်းအရာရှိ စသည်တို့ ဖြစ်သည်။


အစိုးရဝန်ထမ်းများအနေနှင့် လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်လိုပါက  သက်ဆိုင် ရာဌာနမှခွင့်ပြုပေးပြီး   ရွေးကောက်ပွဲပြီးနောက် ပြန်လည်ထမ်းဆောင်လိုပါက    မူလရာထူးကို ပြန်လည်ထမ်းဆောင်ခွင့်ပြုပါသည်။

 


ရွေးကောက်ပွဲနေ့နှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်း      တင်သွင်းရမည့်နေ့ကို ဘုရင်ခံမှ စာချွန်တော် ပေးပို့သတ်မှတ်ပေးပြီးနောက် တွင် ကိုယ်စားလှယ်လောင်းအဖြစ်   လျှောက်ထား လိုသူများသည် ရွေးကောက်ပွဲအာမခံငွေ ဒေါ်လာ ၃၀၀ နှင့်အတူ     မဲဆန္ဒရှင်သက်သေနှစ်ဦးက လက်မှတ်ရေးထိုး၍ ရွေးကောက်ပွဲတာဝန်ခံအရာရှိ ထံ လျှောက်ထားရမည်ဖြစ်သည်။ ကိုယ်စားလှယ် လောင်းလျှောက်ထားသူသည်  မဲဆန္ဒနယ်တစ်နယ် ထက်ပို၍   လျှောက်ထားခြင်းကို   ခွင့်မပြုပေ။ ရွေးကောက်ပွဲတာဝန်ခံအရာရှိက   လျှောက်ထားသူ အား    ဥပဒေနှင့်အညီ   စိစစ်၍  အမည်စာရင်း တင်သွင်းခြင်းကို လက်ခံခြင်း၊ ငြင်းပယ်ခြင်း ပြုလုပ် နိုင်သည်။

 


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း


နယူးဇီလန်နိုင်ငံတွင်      နိုင်ငံရေးပါတီအဖြစ် စတင်ဆောင်ရွက်လိုပါက ရွေးကောက်ပွဲကော်မရှင် ထံသို့   လျှောက်ထားနိုင်ပါသည်။   အနည်းဆုံးစည်းရုံး တင်ပြရမည့်    ပါတီဝင်အင်အားမှာ    ၅၀၀ ဦး ဖြစ်သည်။          လျှောက်ထားမှတ်ပုံတင်ပြီးပါက လွှတ်တော်ရွေးကောက်ပွဲများတွင်        ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါသည်။      နိုင်ငံရေးပါတီများတွင် အချိုးကျကိုယ်စားပြုစနစ်အတွက်      စာရင်းသွင်း ထားသောပါတီနှင့်      အချိုးကျကိုယ်စားပြုစနစ် အတွက်  စာရင်းသွင်းထားခြင်းမရှိသောပါတီဟူ၍ နှစ်မျိုးရှိပါသည်။ အချိုးကျကိုယ်စားပြုစနစ်အတွက် စာရင်းတင်သွင်းထားသော    နိုင်ငံရေးပါတီသည် အချိုးကျကိုယ်စားပြုကိုယ်စားလှယ်နေရာအတွက် နှင့် မဲဆန္ဒနယ်အတွက်   ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါ သည်။ 
အချိုးကျကိုယ်စားပြုစနစ်တွင်   ဝင်ရောက်ပါဝင် ယှဉ်ပြိုင်လိုသော  နိုင်ငံရေးပါတီသည်    သတ်မှတ် ထားသောနည်းလမ်းအတိုင်း ကော်မရှင်သို့ စာရင်း တင်သွင်းလျှောက်ထားရမည်  ဖြစ်ပါသည်။   ပါတီ မှတ်ပုံတင်ခြင်းအာမခံငွေမှာ  ဒေါ်လာ ၁၀၀၀ ဖြစ်ပါ သည်။ အထွေထွေရွေးကောက်ပွဲတွင်   အချိုးကျ ပါတီ ကိုယ်စားပြုမည့်     ကိုယ်စားလှယ်စာရင်းကို လည်း ဦးစားပေးအမှတ်စဉ်အတိုင်း ကော်မရှင်သို့တင်သွင်းရမည်ဖြစ်ပါသည်။ အချိုးကျကိုယ်စားပြုကိုယ်စားလှယ်နေရာအတွက်     စာရင်းသွင်းထား သောပါတီသည် ပါတီကိုယ်စားပြုရွေးကောက်ပွဲတွင် အနည်းဆုံး ဒေါ်လာ  ၁ သန်း  သုံးစွဲရမည်ဖြစ်သည်။ အခြားအချိုးကျကိုယ်စားပြုမည့်      စာရင်းသွင်း မထားသော ပါတီများသည် မဲဆန္ဒနယ်တစ်နယ်လျှင် အနည်းဆုံး ဒေါ်လာ ၂၀၀၀၀ သုံးစွဲရမည်ဖြစ်ပါသည်။

 


ရွေးကောက်ပွဲကျင်းပခြင်း


နယူးဇီလန်နိုင်ငံတွင်         ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် စနေနေ့များတွင်   ကျင်းပ ခဲ့ခြင်းဖြစ်သည်။  ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သောမဲရုံအဖွဲ့များ စသည့် လူ့စွမ်းအားများကို ရွေးကောက်ပွဲကော်မရှင်မှ အချိန်ပိုင်းအလုပ်သမား များ ခေါ်ယူ၍ သင်တန်းပေးခန့်ထားခြင်းဖြစ်သည်။ မဲရုံတစ်ရုံတွင် (၁) မဲရုံအရာရှိ၊ (၂)   လက်ထောက်မဲရုံ အရာရှိ၊ (၃) ဘာသာပြန်သူ၊ (၄) နေရာချထားသူများ ကို  ရွေးကောက်ပွဲတာဝန်ခံအရာရှိက  လုပ်ပိုင်ခွင့် ခွဲဝေခန့်ထား     ဆောင်ရွက်စေပါသည်။    မဲရုံတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ လေ့လာ စောင့်ကြည့်သူ      ကိုယ်စားလှယ်များကိုလည်း သက်ဆိုင်ရာကိုယ်စားလှယ်လောင်းက      ခန့်ထား စောင့်ကြည့်စေပါသည်။ မဲရုံကို  နံနက် ၉ နာရီတွင် ဖွင့်လှစ်ပြီး မဲရုံပိတ်ချိန်သည် ည ၇ နာရီ ဖြစ်သည်။ မဲရုံတွင်    မသန်စွမ်းသူများ   မဲပေးနိုင်ရေးအတွက် လည်း စီစဉ်ထားရှိပါသည်။

 


နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ  ဆန္ဒမဲပေးခြင်း


နိုင်ငံပြင်ပရောက်ရှိနေသော    တပ်မတော်သား များ၊ နိုင်ငံ့ဝန်ထမ်းများ၊ သံအဖွဲ့၊    ကုန်သွယ်ရေး ဆိုင်ရာကိုယ်စားလှယ်များနှင့်   အတူနေမိသားစုဝင် များ၊ နိုင်ငံမှ    ကင်းကွာချိန်   သုံးနှစ်တာကာလ မကျော်သော နိုင်ငံသားများ၊ နိုင်ငံမှ ၁၂   လတာ ကာလမကျော်ဘဲ ကင်းကွာနေသော အမြဲနေထိုင် ခွင့်ရသူများသည်    နိုင်ငံခြား      မဲပေးခွင့်ရရှိရန် အွန်လိုင်းမှတစ်ဆင့် အမည်စာရင်းပေးသွင်းလျှောက် ထားနိုင်သည်။ အမည်စာရင်းပေးသွင်းပြီး သတ်မှတ် ကာလတွင်    နိုင်ငံခြားမဲလက်မှတ်ကို    online မှ download ရယူမဲပေးခြင်းဖြင့်သော်လည်းကောင်း၊ နိုင်ငံရပ်ခြားမဲပေးရန်         သတ်မှတ်မဲရုံနေရာသို့ လည်းကောင်း   သွားရောက်၍  မဲပေးနိုင်ပါသည်။ နိုင်ငံရပ်ခြားမဲလက်မှတ်ကို    ဆန္ဒပြုမဲပေးပြီးပါက online မှတစ်ဆင့်သော်လည်းကောင်း၊ ဖက်စ်ဖြင့် ပေးပို့ခြင်းဖြင့်သော်လည်းကောင်း၊      နိုင်ငံရပ်ခြား မဲပေးရန် သတ်မှတ်ထားသော အနီးဆုံးမဲရုံနေရာသို့ စာတိုက်စနစ်(သို့)လူကိုယ်တိုင်လက်ဝယ် လွှဲပြောင်း ပေးခြင်းဖြင့် ပေးပို့နိုင်ပါသည်။ 

 


အထူးဆန္ဒမဲပေးခြင်း


ရွေးကောက်ပွဲတွင်   ဆန္ဒမဲပေးခွင့်ရှိသူတစ်ဦး သည် လုပ်ငန်းစဉ်တစ်ခုခုချွတ်ချော်၍ မိမိ၏အမည် မဲစာရင်းတွင်       မပါခဲ့လျှင်သော်လည်းကောင်း၊ ရွေးကောက်ပွဲနေ့တွင် အကြောင်းကိစ္စတစ်စုံတစ်ရာ ကြောင့်    မဲရုံသို့လာရောက်ရန်   ပျက်ကွက်ခဲ့လျှင် သော်လည်းကောင်း၊ မီးဖွားခြင်း၊   ကိုယ်ဝန်ဆောင် ခြင်း၊    လာရောက်နိုင်စွမ်းမရှိခြင်း၊    ဖျားနာခြင်း၊ ကလေးငယ်နေခြင်းကြောင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲနေ့တွင်  ဘာသာရေးအရ သွားလာရန် မသင့်တော်ဟုသတ်မှတ်ခံရ၍သော်လည်းကောင်း၊ ရွေးကောက်ပွဲတာဝန်ခံအရာရှိ၊    မဲရုံအရာရှိမှ အကြောင်းပြချက်တစ်ခုခုအရ    အထူးဆန္ဒမဲပေး သင့်သည်ဟု  သတ်မှတ်ပေး၍သော်လည်းကောင်း မဲရုံသို့လာရန် ပျက်ကွက်သူများသည်  အထူးဆန္ဒမဲ ပေးခြင်းကို   ဆောင်ရွက်နိုင်သည်။   အထူးဆန္ဒမဲ ပေးရာတွင်    ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်  အထူးဆန္ဒ မဲပေးခြင်းဟူ၍   နှစ်မျိုးရှိပါသည်။   မဲစာရင်းတွင် ပါဝင်သော  မဲဆန္ဒရှင်များသည်   ရွေးကောက်ပွဲနေ့ မတိုင်မီ    ဆန္ဒမဲပေးရန်  ဆန္ဒရှိပါက   အထူးဆန္ဒမဲ ပေးရန်  စာရင်းပေးသွင်းနိုင်သည်။ အထူးဆန္ဒမဲပေး သူများအတွက်လည်း အထူးဆန္ဒမဲပေးရာနေရာ သီးသန့်သတ်မှတ်ထား၍  အထူးဆန္ဒမဲလက်မှတ် သည်လည်း   သာမန်ဆန္ဒမဲလက်မှတ်နှင့်    ကွဲပြား ခြားနားသည်။         ကြိုတင်ဆန္ဒမဲပေးခြင်းကို ရွေးကောက်ပွဲနေ့မတိုင်မီ နှစ်ပတ်အလိုတွင် ဆောင် ရွက်နိုင်ပြီး  အထူးဆန္ဒမဲပေးခြင်းကို  ရွေးကောက်ပွဲ နေ့အပြီး ၁၀ ရက်အတွင်း ဆောင်ရွက်နိုင်ပါသည်။ အထူးဆန္ဒမဲပေးသူများသည်    မိမိနှစ်သက်ရာ ပါတီကိုသာ ဆန္ဒမဲပေးခွင့်ရှိပါသည်။

 


မဲပေးခြင်း


နယူးဇီလန်နိုင်ငံတွင်   မဲဆန္ဒရှင်များ   မဲရုံသို့ သွားရောက်မဲပေးရာတွင်   မဲလက်မှတ်၌    မိမိ နှစ်သက်ရာ   ကိုယ်စားလှယ်လောင်းကို  တစ်ကြိမ်၊ မိမိနှစ်သက်ရာ နိုင်ငံရေးပါတီကို တစ်ကြိမ်         စုစု ပေါင်းနှစ်ကြိမ်   ဆန္ဒပြုနိုင်သည်။ မဲရုံကို နံနက် ၉ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားရှိပါသည်။ 


မဲလက်မှတ်နမူနာမှာ ပုံပါအတိုင်းဖြစ်ပါသည်-

 မဲရလဒ်များရေတွက်ခြင်း 


နယူးဇီလန်နိုင်ငံတွင်     မဲရလဒ်ရေတွက်ခြင်း အတွက် ရေတွက်သောစက်ပစ္စည်းများကို   အသုံး ပြုခြင်းမရှိဘဲ လူကိုယ်တိုင်သေချာတွက်ချက်သောနည်းလမ်းကိုသာ အသုံးပြုပါသည်။ မဲရေတွက်ရာ တွင် ရွေးကောက်ပွဲနေ့မတိုင်မီပေးခဲ့သော ကြိုတင် မဲများကို ရွေးကောက်ပွဲနေ့ နံနက် ၉ နာရီမှ စတင်၍ ရွေးကောက်ပွဲ   တာဝန်ခံအရာရှိရုံးတွင်    စတင် ရေတွက်ပြီး သတ်မှတ်ပုံစံအတိုင်း စာရင်းရေးသွင်း ပါသည်။   မဲရုံတွင်ပေးခဲ့သော    မဲရလဒ်ကို    မဲရုံ ပိတ်ချိန်တွင် သက်ဆိုင်ရာမဲရုံအလိုက်  စောင့်ကြည့် လေ့လာသူများရှေ့တွင်   ရေတွက်ပါသည်။   ဆန္ဒမဲ ရလဒ်များကို ပဏာမအနေနှင့်   ရေတွက်ပြီးပါက သတ်မှတ်ပုံစံတွင်  စာရင်းရေးသွင်းပြီး  ရွေးကောက် ပွဲတာဝန်ခံအရာရှိနှင့်   ကျမ်းသစ္စာအတည်ပြုသူ အရာရှိ (Justice of Peace) က  လက်မှတ်ရေးထိုးပါ သည်။   ပဏာမရေတွက်ပြီးသော  မဲရလဒ်များကို နိုင်ငံ၏   မဲရလဒ်စနစ်အတွင်းသို့      ထည့်သွင်းပြီး အများပြည်သူ   သိရှိနိုင်ရန်နှင့်    စစ်ဆေးနိုင်ရန် ကြေညာထားရှိပါသည်။ အများအားဖြင့် ရွေးကောက် ပွဲနေ့  ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် တစ်နိုင်ငံလုံး၏ မဲရလဒ် ၉၃ ရာခိုင်နှုန်းကို သိရှိနိုင်ပြီဖြစ်ပါသည်။

 


ရွေးကောက်ပွဲကျင်းပအပြီး  ၁၀ ရက်အတွင်း အထူးဆန္ဒမဲပေးခြင်းများကို  ဆောင်ရွက်ပါသည်။ အထူးဆန္ဒမဲပေးခြင်း သတ်မှတ်အချိန်ကာလပြီးစီး ပါက တရားဝင်   မဲရလဒ်ကြေညာနိုင်ရန်    မဲရလဒ် စိစစ်ခြင်းကို ဆောင်ရွက်ပါသည်။ အထူးဆန္ဒမဲရလဒ် များကို    ပါတီမဲရလဒ်စာရင်းတွင်သာ     ထည့်သွင်း ရေတွက်ပါသည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် ရက် ၂၀ အကြာတွင်  ရွေးကောက်ပွဲအရာရှိချုပ်မှ တရားဝင် ရွေးကောက်ပွဲရလဒ်များကို ကြေညာပါ သည်။

 


ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပါတီရန်ပုံငွေ


နယူးဇီလန်နိုင်ငံတွင်      နိုင်ငံရေးပါတီများ၏  ရန်ပုံငွေကို လှူဒါန်းသူများ၊ အမည်မသိ   လှူဒါန်းသူ များနှင့်   ပါတီပိုင်လုပ်ငန်းများမှ    ရရှိပါသည်။ ရွေးကောက်ပွဲအသုံးစရိတ်အနေနှင့် ကိုယ်စားလှယ် လောင်းတစ်ဦးကို ဒေါ်လာ ၂၈၆၀၀ ထက်မပိုစေဘဲ၊ ကြားဖြတ်ရွေးကောက်ပွဲတွင်   ဒေါ်လာ  ၅၇၂၀၀ ထက်မပိုစေဘဲ ကန့်သတ်ထားပါသည်။ ရွေးကောက် ပွဲ အသုံးစရိတ်သုံးစွဲမှုနှင့် ပတ်သက်၍ ကိုယ်စား လှယ်တစ်ဦးစီနှင့်  ပါတီ၏ငွေကြေးကိုယ်စားလှယ် များ ခန့်အပ်စေပြီး ဥပဒေနှင့်အညီ   သုံးစွဲစေပါ သည်။ ရန်ပုံငွေရရှိသုံးစွဲမှုတွင် ဥပဒေပါအချက်များကို ဖောက်ဖျက်ပါက တရားမဲ့ပြုကျင့်မှုမြောက်ကြောင်း သတ်မှတ်ထားသည်။


ရွေးကောက်ပွဲကန့်ကွက်လွှာဆိုင်ရာကိစ္စများ


တရားဝင်ရွေးကောက်ပွဲရလဒ်ကြေညာအပြီး ကိုယ်စားလှယ်လောင်းတစ်ဦးဦးသည်     မဲရလဒ် အပေါ်တွင်   ကျေနပ်မှုမရှိပါက   မဲရလဒ်ပြန်လည်  ရေတွက်စေလိုမှုကို    အစိုးရရုံးဖွင့်ရက်   ၃ ရက် အတွင်း    အာမခံကြေးငွေ    ၁၀၂၂   ဒေါ်လာ   ပေးဆောင်၍     သက်ဆိုင်ရာ   ခရိုင်တရားရုံးသို့     ကန့်ကွက်လွှာ တင်သွင်းလျှောက်ထားနိုင်ပါသည်။

 


ပါတီတစ်ခုခုအနေနှင့်  ပါတီမဲရလဒ်အပေါ်တွင် ကျေနပ်မှုမရှိပါက မဲရလဒ်ပြန်လည်ရေတွက်စေလို မှုကို    အစိုးရရုံးဖွင့်ရက် ၃ ရက်အတွင်း   အာမခံ ကြေးငွေ ၁၅၃၃ ဒေါ်လာ ပေးဆောင်၍   ပါတီအတွင်း ရေးမှူးမှ သက်ဆိုင်ရာခရိုင်တရားရုံးသို့ ကန့်ကွက် လွှာ တင်သွင်းလျှောက်ထားနိုင်ပါသည်။

 


ပါတီတစ်ခုခုအနေနှင့် ပါတီမဲရလဒ်အပေါ်တွင် ကျေနပ်မှုမရှိပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲရလဒ်ပြန်လည်ရေတွက်စေလိုမှုကို   အစိုးရရုံးဖွင့် ရက် ၃ ရက်အတွင်း    အာမခံကြေးငွေ    ၉၂၀၀၀ ဒေါ်လာပေးဆောင်၍ ပါတီအတွင်းရေးမှူးမှ ခရိုင် တရားသူကြီးချုပ်ထံသို့ ကန့်ကွက်လွှာ   တင်သွင်း လျှောက်ထားနိုင်ပါသည်။

 


တရားမဲ့ပြုကျင့်မှုများ၊    အခြားရွေးကောက်ပွဲ ဆိုင်ရာမကျေနပ်မှုများ၊ ရွေးကောက်ပွဲစီမံခန့်ခွဲသူ များ၏ တာဝန်အလွဲသုံးစားလုပ်မှုများကို တိုင်တန်း လိုသော      သက်ဆိုင်ရာပုဂ္ဂိုလ်သည်    တရား လွှတ်တော်သို့      တရားဝင်ရွေးကောက်ပွဲရလဒ် ကြေညာပြီး ၂၈ ရက်အတွင်း တိုင်တန်းနိုင်ပါသည်။ ရွေးကောက်ပွဲအက်ဥပဒေအရ တရားလွှတ်တော်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်။

 


နိဂုံး


နယူးဇီလန်နိုင်ငံသည်      ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ကျော် ရှိသည်နှင့်အညီ ပြည်သူများနှင့် အစိုးရကြားတွင် လုပ်ကိုင်မှုလုပ်ထုံးလုပ်နည်း အစဉ်အလာများသည် အခြေခိုင်မာလျက်ရှိပြီး   ဟန်ချက်ညီသော    အနေ အထားသို့ ရောက်ရှိနေသော နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲစနစ်တွင်  အခြေခိုင်မာမှု၊ နိုင်ငံသားများအကြား  အသိပညာ မကွာခြားမှုများ တွေ့မြင်ရပါသည်။  ရွေးကောက်ပွဲ ဆိုင်ရာသုတေသနနှင့်      ဆန်းစစ်လေ့လာမှုများ အားကောင်းခြင်း၊    သတင်းအချက်အလက်များ ပြန်ကြားမှု   ပွင့်လင်းမြင်သာ   အားကောင်းမှုများ သည်လည်း ရွေးကောက်ပွဲစနစ်များ ဖွံ့ဖြိုးတိုးတက်မှု အတွက်   အရေးပါသော အကြောင်းအရာများ    ဖြစ် ကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲစနစ်များ ပိုမိုကောင်းမွန်၍ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်စေရေး၊ အများပြည်သူများ၏ ကိုယ်စားပြုမှုခိုင်မာသော နိုင်ငံ၏ Institution  များ    ဖွံ့ဖြိုးရေးအတွက်   ရည်ရွယ်၍ ရေးသားတင်ပြအပ်ပါသည်။    ။

ကျမ်းကိုး
-    The Treaty of Waitangi
-    1852 Constitution Act 
-    1856 Electoral Act
-    1893 Electoral Act
-    1986 Constitution Act
-    1970 Age of Majority Act
-    1993 Electoral Act and Amendment Acts
-    2010 Electoral (Administration) 
-    Amendment Act
-    https://www.gvsu.edu/cms4/asset/ 7D7DCFF8-C4AD-66A3-6344C7E690 
    C4BFD9/new_zealand_2014.pdf
-    https://en.wikipedia.org/wiki/New_Zealand
-    https://www.ourcommons.ca/Content/Committee/421/ERRE/Brief/BR8391757/br-external/2PedenR-e.pdf
-    https://elections.nz/
-    https://www.vote.nz/?ref=top-nav
-    https://www.parliament.nz/en
-    https://www.govt.nz/    
-    https://en.wikipedia.org/wiki/Politics_of_New_Zealand