
နေခြည်
နိဒါန်း
သီရိလင်္ကာနိုင်ငံ၏ တရားဝင်အမည်မှာ ဒီမိုကရက်တစ်ဆိုရှယ်လစ် သမ္မတ သီရိလင်္ကာနိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံ တောင်ဘက်ကမ်းလွန် ဒေသတွင် တည်ရှိပါသည်။ အိန္ဒိယသမုဒ္ဒရာ၊ မန်နာပင်လယ်ကွေ့နှင့် ပါ့(ခ်) ရေလက်ကြားတို့ဖြင့် ဝန်းရံထားပြီး အိန္ဒိယနှင့် မော်လဒိုက်နိုင်ငံ အနီးတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်မှု မရှိသော်လည်း တောင်အာရှရှိ မြန်မာ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ လူဦးရေအားဖြင့် ၂၁ သန်းကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၆,၂၆၃,၈၈၅ ဦး ရှိပါသည်။ အကျယ်အဝန်းအားဖြင့် ၂၅၃၃၀ စတုရန်းမိုင်ကျယ်ဝန်းပြီး ခရိုင် ၂၅ ခု၊ ပြည်နယ် ၉ ခုတို့ဖြင့် ပိုင်းခြားသတ်မှတ်ဖွဲ့စည်းထားပါသည်။
သီရိလင်္ကာနိုင်ငံသည် ကိုလိုနီလက်အောက်မကျရောက်ခင်အထိ သက်ဦးဆံပိုင်ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ပေါ်တူဂီ၊ ဒတ်ချ်နှင့် ဗြိတိသျှတို့၏လက်အောက် ကျရောက်ခဲ့ရပြီး ၎င်းတို့အုပ်စိုးချိန်တွင် နိုင်ငံစီမံအုပ်ချုပ်ရေးစနစ်များ၌ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ Colebrook-Cameron ကော်မရှင် (စီမံအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် ဗြိတိသျှမှ ဖွဲ့စည်းပေးထားသည့်ကော်မရှင်) ၏ အကြံပြုချက်ဖြင့် ထိုအခါက Ceylon ဟု အမည်မှည့်ခေါ်သော သီရိလင်္ကာနိုင်ငံ၏ ပထမဆုံးဥပဒေပြု အဖွဲ့အစည်းများဖြစ်သည့် စီမံအုပ်ချုပ်မှုကောင်စီနှင့် ဥပဒေပြုကောင်စီ တို့ကို မြို့တော်ဝန် Sir Robert Horton က ၁၈၃၃ ခုနှစ်တွင် စတင် သန္ဓေတည်ပေးခဲ့ပါသည်။
ပါလီမန်စနစ်ကို ၁၉၄၄ ခုနှစ်နောက်ပိုင်းတွင် စတင်ကျင့်သုံးခဲ့ပြီး ပါလီမန်၌ ဘုရင်မကိုယ်စား ဆောင်ရွက်သော ဘုရင်ခံချုပ်နှင့် လွှတ်တော်နှစ်ရပ်ဖြစ်သော အထက်လွှတ်တော်နှင့် အောက်လွှတ်တော် တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ အောက်လွှတ်တော်တွင် ကိုယ်စားလှယ် ၁၀၁ ဦးပါဝင်ပြီး အထက်လွှတ်တော်တွင် ဘုရင်ခံချုပ် က အဆိုပြုထားသည့် ကိုယ်စားလှယ် ၁၅ ဦးနှင့် အောက်လွှတ်တော်မှ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ် ၁၅ ဦး စုစုပေါင်း ၃၀ ပါဝင်ပါသည်။ အထက်လွှတ်တော်ကို ၁၉၇၁ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ဖျက်သိမ်းခဲ့ပါသည်။ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု အကျိုးဆက်အဖြစ် ဥပဒေပြုလွှတ်တော်ကို အောက်ဖော်ပြပါအတိုင်း အမည်နာမအမျိုးမျိုး ပြောင်းလဲခေါ်ဝေါ် ခဲ့ပါသည် -
- ဥပဒေပြုကောင်စီ ၁၈၃၃ - ၁၉၃၁ (ကိုယ်စားလှယ် ၄၉ ဦး)
- ပြည်နယ်ကောင်စီ ၁၉၃၁ - ၁၉၄၇ (ကိုယ်စားလှယ် ၆၁ဦး)
- အောက်လွှတ်တော် ၁၉၄၇ - ၁၉၇၂ (ကိုယ်စားလှယ် ၁၀၁ ဦးနှင့် ၁၉၆၀ နောက်ပိုင်းတွင် ကိုယ်စားလှယ် ၁၅၇ ဦး)
- အမျိုးသားအဆင့်ညီလာခံ ၁၉၇၂ - ၁၉၇၈ (ကိုယ်စားလှယ် ၁၆၈ ဦး )
- ပါလီမန် ၁၉၇၈ မှ ယနေ့အထိ (ကိုယ်စားလှယ် ၂၂၅ ဦး)
၁၉၇၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့ကို မဲဆန္ဒရှင် ပြည်သူများမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်သော နိုင်ငံတော် သမ္မတက အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်ပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ကြည်း၊ ရေ၊ လေ တပ်များ၏ ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြင်ဆင်မှုများ
သီရိလင်္ကာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် ပုဒ်မအများစုကို လွှတ်တော်ကိုယ်စားလှယ် သုံးပုံ နှစ်ပုံ၏ ထောက်ခံချက်ဖြင့်သာ ပြင်ဆင်ခွင့်ရှိပါသည်။ သို့သော် ဘာသာစကား၊ ဘာသာရေး၊ နိုင်ငံရေး စနစ်တို့နှင့်စပ်လျဉ်းသောပုဒ်မများကို ပြင်ဆင်လိုပါက လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ ထောက်ခံချက်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ပြည်သူများ၏ ဆန္ဒခံယူပြီးမှသာ ပြင်ဆင်ခွင့် ရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းခဲ့သည့် ၁၉၇၈ ခုနှစ်မှ လက်ရှိအချိန်ထိ ပြင်ဆင်မှုပေါင်း အကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ အကြိမ် ၂၀ မြောက်ပြင်ဆင်မှုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
ရွေးကောက်ပွဲကော်မရှင်နှင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ
ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ၏ထောက်ခံချက်ဖြင့် သမ္မတက ခန့်အပ်သော အဖွဲ့ဝင်ငါးဦးနှင့် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်း ထားပြီး အဖွဲ့ဝင်ငါးဦးအနက် တစ်ဦးကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပါသည်။ သက်တမ်းသည် ငါးနှစ် ဖြစ်ပါသည်။ ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူ ကျင်းပပေးသော ရွေးကောက်ပွဲများမှာ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါသည် -
၁။ သမ္မတရွေးကောက်ပွဲ၊
၂။ ပါလီမန်ရွေးကောက်ပွဲ၊
၃။ ပြည်နယ်ကောင်စီရွေးကောက်ပွဲ၊
၄။ ဒေသအာဏာပိုင်ရွေးကောက်ပွဲ၊
၅။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ။
သီရိလင်္ကာနိုင်ငံ၏ ပထမဆုံးသော ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲဖြစ်သည့် ပထမအကြိမ် ပြည်နယ်ကောင်စီရွေးကောက်ပွဲ ( 1st State Council ) ကို ၁၉၃၁ ခုနှစ်တွင် ကျင်းပခဲ့ပြီး လွှတ်တော် သက်တမ်းသည် ၄ နှစ်ကျော် ကြာမြင့်ခဲ့ပါသည်။ ဒုတိယအကြိမ် ပြည်နယ်ကောင်စီ ရွေးကောက်ပွဲ ( 2nd State Council ) ကို ၁၉၃၆ ခုနှစ်တွင် ကျင်းပခဲ့ပြီး လွှတ်တော်သက်တမ်း ၁၁ နှစ်ကျော် ကြာမြင့်ခဲ့ ပါသည်။ ယင်းနောက် ပါလီမန်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပြီး ပထမ အကြိမ် ပါလီမန်လွှတ်တော်၏ အောက်လွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ်တွင် ကျင်းပခဲ့ကာ သက်တမ်း ၄ နှစ်ကျော် ကြာမြင့်ခဲ့ပါ သည်။
၁၅၀၅ ခုနှစ်တွင် ပေါ်တူဂီလက်အောက်သို့ကျရောက်၍ ကိုလိုနီ နိုင်ငံဖြစ်ခဲ့ရသော သီရိလင်္ကာနိုင်ငံသည် ၁၆၅၈ ခုနှစ်တွင် ဒတ်ချ် လက်အောက်သို့လည်းကောင်း၊ ၁၇၉၆ ခုနှစ်တွင် ဗြိတိသျှလက်အောက် သို့လည်းကောင်း ဆက်လက်ကျရောက်ခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပါသည်။
လွတ်လပ်ရေးရပြီးသည့်နောက်တွင် ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ပါလီမန်လွှတ်တော် ရွေးကောက်ပွဲတို့ကို ပုံမှန်ကျင်းပပေးခဲ့ ပါသည်။ စတုတ္ထအကြိမ်ကို ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး သက်တမ်း ၂၄ ရက်သာ ကြာမြင့်ခဲ့ကာ ဧပြီလ ၂၃ ရက်နေ့ တွင် လွှတ်တော်ကိုဖျက်သိမ်း၍ ပဉ္စမအကြိမ်ကို ၁၉၆၀ ပြည့်နှစ် မေလ ၂၀ ရက်တွင် ထပ်မံကျင်းပပေးခဲ့ပါသည်။ ယင်း လွှတ်တော်သက်တမ်း သည် ၄ နှစ်ကျော် ကြာမြင့်ခဲ့ပါသည်။ ဆဋ္ဌမအကြိမ်နှင့် သတ္တမအကြိမ် တို့ကိုလည်း ပုံမှန်ကျင်းပပေးခဲ့ပြီး သတ္တမအကြိမ်လွှတ်တော်သည် သက်တမ်း ၁ နှစ်ကျော်သာ ကြာမြင့်ခဲ့ကာ နောက်ပိုင်းတွင် လွှတ်တော် ကို အမျိုးသားအဆင့်ညီလာခံဟု ပြောင်းလဲသတ်မှတ်၍ ယခင် ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ် ၁၅၇ ဦးအစား ကိုယ်စားလှယ် ၁၆၈ သို့ ပြောင်းလဲရွေးကောက် တင်မြှောက်ခဲ့ပါ သည်။
အမျိုးသားအဆင့်ညီလာခံကို နှစ်ကြိမ်သာကျင်းပခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပြဋ္ဌာန်းကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတ သီရိလင်္ကာနိုင်ငံ၏ ပထမဆုံးသော ပါလီမန် လွှတ်တော်ရွေးကောက်ပွဲကို ၁၉၇၈ ခုနှစ်တွင် ကျင်းပပေးခဲ့ပါသည်။ သက်တမ်းအားဖြင့် ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပါသည်။ ယင်းနောက် ပါလီမန်လွှတ်တော်ရွေးကောက်ပွဲများကို ပုံမှန်ကျင်းပပေးခဲ့ပြီး လွှတ်တော်သက်တမ်းကို ငါးနှစ်သတ်မှတ်ခဲ့ပါသည်။ သို့သော် စတုတ္ထ အကြိမ်နှင့် ပဉ္စမအကြိမ်လွှတ်တော်များသည် သက်တမ်း ၁ နှစ်နှင့် ၂ နှစ်စီသာ ကြာမြင့်ခဲ့ကြပါသည်။ ၉ ကြိမ်မြောက် ပါလီမန်လွှတ်တော် ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ မဲပေးပိုင်ခွင့်ရှိသူ ၁၆,၂၆၃,၈၈၅ ဦးရှိခဲ့ပြီး မဲပေးသူ ရာခိုင်နှုန်း ၇၅ ဒသမ ၈၉ ရာခိုင်နှုန်း ရှိခဲ့ပါသည်။
ပါလီမန်ရွေးကောက်ပွဲ မဲဆန္ဒနယ်သတ်မှတ်ခြင်း
သီရိလင်္ကာနိုင်ငံကို ခရိုင် ၂၅ ခရိုင်၊ ပြည်နယ် ၉ ပြည်နယ်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ပါလီမန်ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက အဆိုပါ ခရိုင် ၂၅ ခရိုင်အား မဲဆန္ဒနယ် ၂၂ နယ်အဖြစ် သတ်မှတ်ဆောင် ရွက်ပါသည်။ မဲဆန္ဒနယ်တစ်နယ်ချင်းအလိုက် ကိုယ်စားလှယ် အရေအတွက် ညီမျှစွာရရှိစေရန်အလို့ငှာ မဲဆန္ဒနယ်ပိုင်းခြားသတ်မှတ် ခြင်းကို ၁၉၇၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီ နယ်မြေပိုင်းခြားသတ်မှတ်ရေးကော်မရှင် (Delimitation Commi-ssion) က တာဝန်ယူဆောင်ရွက်ပါသည်။
ပါလီမန်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများ
ဆန္ဒမဲပေးပိုင်ခွင့်အရည်အချင်းများနှင့် ပြည့်စုံသူတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၁ ရှိ အောက်ဖော်ပြပါ ပြဋ္ဌာန်းချက်များ နှင့် ကိုက်ညီနေသူများမှအပ ပါလီမန်ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိပါသည် -
- တရားရေးအရာရှိသော်လည်းကောင်း သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်သူ့အဖွဲ့အစည်း တစ်ခုခု၏ အရာရှိသော်လည်းကောင်း ဖြစ်သူ၊
- ရဲတပ်ဖွဲ့၊ ကြည်းတပ်၊ ရေတပ် သို့မဟုတ် လေတပ်တွင် တာဝန်ထမ်းဆောင်နေသူ၊
- သက်ဆိုင်ရာဥပဒေအရ လူမွဲအဖြစ် သတ်မှတ်ခြင်းခံရသူ၊
- ပါလီမန်နှင့် ဆက်စပ်ဆောင်ရွက်ရသော အစိုးရ သို့မဟုတ် ပြည်သူ့အဖွဲ့အစည်းတစ်ခုခု ၏ လုပ်ငန်းပိုင်းတွင် ကိုယ်ကျိုး စီးပွား ပါဝင်ပတ်သက်နေသူ၊
- မဲဆန္ဒနယ်တစ်နယ်ထက်ပို၍ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ သို့မဟုတ် မဲဆန္ဒနယ်တစ်နယ်ရှိ နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့ တစ်ခုထက် ပို၍ ကိုယ်စားပြုသူ။
ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်အလိုက် ပါလီမန်တွင် ရရှိမည့် ကိုယ်စားလှယ်နေရာ အရေအတွက်ကို ကြေညာပြီးသည့် နောက်တွင် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလ အစုအဖွဲ့ တို့သည် ၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အလိုက်ရရှိသည့် ကိုယ်စား လှယ် နေရာအရေ အတွက်ထက် ( ၃ ) ဦးပို၍ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည်ဖြစ်ပါသည် (အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေ အစားထိုးနိုင်ရန် ဖြစ်ပါ သည်)။
ထို့ပြင် အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်နေရာ ၂၉ နေရာအတွက်လည်း ကိုယ်စားလှယ်လောင်းအမည်စာရင်းကို အမည်စာရင်းတင်သွင်းရန် ခွင့်ပြုထားသည့် နေ့ရက်အတွင်း တင်သွင်း ပေးရမည် ဖြစ်ပါသည်။
သီရိလင်္ကာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် ရွေးကောက်ပွဲစနစ်
၁၉၇၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယခင်အသုံးပြုခဲ့သောရွေးကောက်ပွဲစနစ်ဖြစ်သည့် အများဆုံးရသူအနိုင်ယူ ( FPTP ) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် ( PR ) ကို မဲဆန္ဒနယ် ၂၂ ခု သတ်မှတ်၍ ပြောင်းလဲကျင့်သုံးရန် ဖော်ပြထားပါသည်။ မဲဆန္ဒနယ် တစ်နယ် ချင်းစီအလိုက်ရရှိမည့် ကိုယ်စားလှယ်နေရာ ခွဲဝေခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၈ ( ၈ ) အရ ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်ပါသည်။
၁၉၇၈ ခုနှစ်နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အမျိုးမျိုးရှိခဲ့သော်လည်း လက်ရှိတွင် ကျင့်သုံးလျက်ရှိသည့် ရွေးကောက်ပွဲစနစ်အရ ပါလီမန်ကို ကိုယ်စားလှယ် ၂၂၅ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ အဆိုပါ ကိုယ်စားလှယ် ၂၂၅ ဦးကို မဲဆန္ဒနယ် နှင့် ပြည်နယ်အပေါ် အခြေခံရွေးချယ်သည့် ကိုယ်စားလှယ် ၁၉၆ ဦး နှင့် အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် ၂၉ ဦးအဖြစ် သတ်မှတ်ထားပါသည်။ မဲဆန္ဒနယ်နှင့် ပြည်နယ်အပေါ် အခြေခံ ရွေးချယ်သည့် ကိုယ်စားလှယ် ၁၉၆ ဦးကို မဲဆန္ဒနယ် ၂၂ နယ်မှ လည်းကောင်း၊ အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် ၂၉ ဦးကို တစ်နိုင်ငံလုံးအား မဲဆန္ဒနယ်တစ်နယ်အဖြစ်သတ်မှတ်ပြီး
အမျိုးသားကိုယ်စားလှယ်စာရင်း (National List) အပေါ် အခြေခံ၍ လည်းကောင်း ရွေးကောက်တင်မြှောက်ပါသည်။
မဲဆန္ဒနယ်နှင့် ပြည်နယ်အပေါ်အခြေခံရွေးချယ်သည့် ကိုယ်စား လှယ် ၁၉၆ ဦးကို ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ် ၃၆ ဦးနှင့် မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် ၁၆၀ ဦးအဖြစ် ထပ်မံခွဲခြား သတ်မှတ်ထားပါသည်။
မဲဆန္ဒနယ်တစ်နယ်အတွက် ကိုယ်စားလှယ်နေရာ အရေအတွက် သတ်မှတ်ခြင်း
မဲဆန္ဒနယ်တစ်နယ်တွင်ရရှိမည့် ကိုယ်စားလှယ်နေရာ အရေ အတွက် သတ်မှတ်ရာတွင် ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ် အရေအတွက်နှင့် မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် အရေအတွက် တို့ကို ပေါင်းခြင်းဖြင့် ရရှိသည့်အရေအတွက်ကို သတ်မှတ်ပါသည်။
ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ် နေရာအရေအတွက် သတ်မှတ်ခြင်း
သီရိလင်္ကာနိုင်ငံကို ပြည်နယ် ၉ ပြည်နယ်ဖြင့် ဖွဲ့စည်းထားပြီး ပြည်နယ်တစ်ခုလျှင် ပြည်နယ်ကိုယ်စားပြုကိုယ်စားလှယ် ၄ ဦးနှုန်းနှင့် ၃၆ ဦးကို ရွေးကောက်တင်မြှောက်ပါသည်။ ပြည်နယ်တစ်ပြည်နယ် ချင်းစီတွင် ပါဝင်သည့် မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်ခွဲဝေမှုကို Delimitation Commission က သတ်မှတ်ပေးပါသည်။ ပြည်နယ် ၉ ပြည်နယ်တွင် မဲဆန္ဒနယ် ၂၂ နယ် သတ်မှတ်ထားပြီး ကိုယ်စားလှယ် နေရာ တစ်နေရာရရှိသည့် မဲဆန္ဒနယ် ၉ နယ်၊ ကိုယ်စားလှယ်နေရာ နှစ်နေရာရရှိသည့် မဲဆန္ဒနယ် ၁၂ နယ်နှင့် ကိုယ်စားလှယ်နေရာ သုံးနေရာရရှိသည့် မဲဆန္ဒနယ် ၁ နယ်ဟု ခွဲဝေသတ်မှတ်ထားပါ သည်။ (ပုံ - ၂ )
- Log in to post comments