
နေခြည်
ယမန်နေ့မှအဆက်
မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်
နေရာအရေအတွက် သတ်မှတ်ခြင်း
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ် ကိုယ်စားပြု ကိုယ်စားလှယ် ၁၆၀ ဦး သတ်မှတ်ထားပါသည်။ ၎င်းမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် ၁၆၀ ဦးကို မဲဆန္ဒနယ် တစ်နယ်ချင်းစီအလိုက် ရှိသည့် မဲဆန္ဒရှင်အရေအတွက်အပေါ်အခြေခံ၍ အဆင့်နှစ်ဆင့်ဖြင့် ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ တွက်ချက်သတ်မှတ်ပေး ခြင်း ဖြစ်ပါသည်။ ( ပုံ - ၃ )
ပထမအဆင့်တွင် တစ်နိုင်ငံလုံးရှိ မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် အရေအတွက်နှင့် ရွေးချယ်မည့်ကိုယ်စားလှယ်နေရာအရေအတွက် ကို အချိုးချခြင်းအားဖြင့် Q (Qualifying Number) တစ်ခုရရှိလာမည် ဖြစ်ပါသည်။
ဒုတိယအဆင့်တွင် မဲဆန္ဒနယ်တစ်နယ်ရှိ မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်အရေအတွက်နှင့် ပထမအဆင့်တွင် တွက်ချက်ရရှိသည့် Q (Qualifying Number) တို့ကို အချိုးချ တွက်ချက်ပါသည်၊။ ထိုသို့ တွက်ချက်ခြင်းဖြင့် ရရှိသည့်အရေအတွက်သည် ယင်းမဲဆန္ဒနယ် အတွက် ရရှိမည့် ကိုယ်စားပြုကိုယ်စားလှယ်နေရာ အရေအတွက် ဖြစ်ပါသည်။
Colombo မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်နေရာ တွက်ချက်ခြင်း
အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်
အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်နေရာ ၂၉ နေရာ သတ်မှတ်ထားပါသည်။ အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်နေရာ တွက်ချက်ရာတွင် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီး ပုဂ္ဂလအစုအဖွဲ့များအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရှိလာသော ဆန္ဒမဲအရေအတွက်ပေါ်မူတည်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ်အပေါ်အခြေခံ ရွေးချယ်သည့် ကိုယ်စားလှယ်နေရာ ၁၉၆ နေရာ၏ မဲရလဒ်များ ထုတ်ပြန်ကြေညာပြီးနောက် အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စား လှယ်နေရာများကို ရွေးချယ်ပေးခြင်း ဖြစ်ပါသည်။
ဆန္ဒမဲပေးခြင်း
မဲဆန္ဒရှင်သည် မိမိဆန္ဒမဲပေးလိုသည့် နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် တစ်သီးပုဂ္ဂလ အစုအဖွဲ့တစ်ခုကို ဦးစွာဆန္ဒပြုရွေးချယ်ပေးရပါမည်။ ယင်းနောက် မိမိရွေးချယ်ဆန္ဒပြုလိုက်သော နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့၏ ကိုယ်စားပြုကိုယ်စားလှယ်လောင်းများအနက် (၃) ဦးကို ဦးစားပေး ၁၊ ၂ နှင့် ၃ ဟူ၍ ရွေးချယ်ဆန္ဒပြုပေးရမည် ဖြစ်ပါသည်။
ကိုယ်စားလှယ်နေရာ အချိုးကျခွဲဝေသတ်မှတ်ခြင်း
မဲဆန္ဒနယ်တစ်နယ်ချင်းစီတွင် ဥပဒေနှင့်အညီ တွက်ချက်၍ရရှိလာ သည့် မဲဆန္ဒနယ်အပေါ် အခြေခံရွေးချယ်သည့် ကိုယ်စားလှယ်နေရာများ နှင့် အမျိုးသားကိုယ်စားလှယ်စာရင်း ( National List ) အပေါ် အခြေခံ ရွေးချယ်သည့် ကိုယ်စားလှယ်နေရာများကို အချိုးကျကိုယ်စားပြုစနစ် အသုံးပြု၍ နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့များသို့ ခွဲဝေသတ်မှတ်ပေးခြင်း ဖြစ်ပါသည်။
မဲဆန္ဒနယ်နှင့်ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ်နေရာ
နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ဆန္ဒမဲရရှိမှုအနည်းဆုံး ၅ ရာခိုင်နှုန်း ပြည့်မီမှသာ ကိုယ်စားလှယ်နေရာ ရရှိခွင့်ရှိပါသည်။ ဆန္ဒမဲအများဆုံး ရရှိသည့် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့သည် အပို ဆောင်းကိုယ်စားလှယ်နေရာ ( Bonus Seat ) တစ်နေရာ ရရှိမည်ဖြစ်ပါ သည်။ နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့တို့ ရရှိနိုင်မည့် မဲဆန္ဒနယ်နှင့်ပြည်နယ်အပေါ် အခြေခံရွေးချယ်သည့် ကိုယ်စားလှယ် နေရာအရေအတွက်ကိုလည်း အဆင့် ၂ ဆင့်ဖြင့် တွက်ချက်ရပါ သည်။ (ပုံ - ၄)
ပထမအဆင့်တွင် မဲဆန္ဒနယ်တစ်နယ်၌ ဆန္ဒမဲရရှိမှု ၅ ရာခိုင်နှုန်းနှင့် အထက်ရှိသော နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့တို့၏ ဆန္ဒမဲစုစုပေါင်းကို ယင်းမဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ခွင့် ရှိသည့် ကိုယ်စားလှယ်နေရာမှ Bonus Seat တစ်နေရာချန်လှပ်၍ ကျန်ရှိသောကိုယ်စားလှယ်နေရာနှင့် အချိုးချလိုက်ပါက R ( Resulting Number) ရရှိမည် ဖြစ်ပါသည်။ ချန်လှပ်ထားသည့် Bonus Seat တစ်နေရာသည် ဆန္ဒမဲအများဆုံးရရှိသည့် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့အားပေးရန် ဖြစ်ပါသည်။
ဒုတိယအဆင့်တွင် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့ ရရှိသည့် ဆန္ဒမဲအရေအတွက်ကို R ( Resulting Number ) နှင့် အချိုးချခြင်းအားဖြင့် ယင်းနိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလ အစုအဖွဲ့ ကိုယ်စားပြုခွင့်ရမည့် မဲဆန္ဒနယ်နှင့်ပြည်နယ်အပေါ် အခြေခံ ရွေးချယ်သည့် ကိုယ်စားလှယ်နေရာအရေအတွက်ကို ရရှိမည်ဖြစ်ပါ သည်။
နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့တစ်ခုချင်းအနေဖြင့် မဲဆန္ဒနယ်နှင့် ပြည်နယ်အပေါ်အခြေခံသည့် ကိုယ်စားလှယ်ရွေးကောက် တင်မြှောက်ရာတွင် မဲဆန္ဒနယ်တစ်နယ်ချင်းစီ၌ ၎င်းတို့ တင်သွင်းထား သည့် ကိုယ်စားလှယ်လောင်းများအနက် ဆန္ဒမဲအများဆုံးရရှိသူများကို ဦးစားပေးအဆင့်အလိုက် ရွေးချယ်၍ မဲဆန္ဒနယ်တစ်နယ်ချင်းစီ တွင် ၎င်းတို့အနိုင်ရရှိသည့် ကိုယ်စားလှယ်နေရာအရေအတွက်အတိုင်း ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ပါသည်။
အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်နေရာ
အမျိုးသားကိုယ်စားလှယ်စာရင်း (National List) အပေါ် အခြေခံ ရွေးချယ်သည့် အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြုကိုယ်စားလှယ် ၂၉ နေရာ ကိုခွဲဝေသတ်မှတ်ရာတွင် စုစုပေါင်း ခိုင်လုံမဲအရေအတွက်နှင့် ပါတီတစ်ပါတီချင်း သို့မဟုတ် တစ်သီးပုဂ္ဂလအစုအဖွဲ့ တစ်ခုချင်း အလိုက် ရရှိသည့် ဆန္ဒမဲအရေအတွက်တို့ကို တင်မြှောက်မည့်ကိုယ်စား လှယ် အရေအတွက်နှင့် အချိုးချခြင်းနည်းဖြင့် ခွဲဝေသတ်မှတ်ပေး ပါသည်။ (ပုံ - ၅)
အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ်ကိုမူ ၎င်းတို့ တင်သွင်းထားသည့် အမျိုးသားမဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်လောင်းစာရင်းအနက်မှ ရွေးချယ်နိုင်သကဲ့သို့ မဲဆန္ဒနယ် အပေါ် အခြေခံရွေးချယ်သည့် ကိုယ်စားလှယ်လောင်းစာရင်းမှ ရွေးကောက်တင်မြှောက်ခံထားရခြင်း မရှိသေးသူများကိုလည်း ရွေးချယ်နိုင်ပါသည်။
၂၀၂၀ သီရိလင်္ကာ ပါလီမန်ရွေးကောက်ပွဲ
သီရိလင်္ကာနိုင်ငံ၏ ၉ ကြိမ်မြောက် ပါလီမန်လွှတ်တော်သို့ ကိုယ်စားလှယ် ၂၂၅ ဦးအား ရွေးကောက်တင်မြှောက်မည့် ပါလီမန် ရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၅ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆,၂၆၃,၈၈၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၃၁ ဒသမ ၉၅ ရာခိုင်နှုန်းမှာ လူငယ်မဲဆန္ဒရှင်များ ဖြစ်ကြပါသည်။
People's Freedom Alliance Coalition ပါတီသည် သောင်ပြိုကမ်းပြိုအနိုင်ရလဒ်အဖြစ် ကိုယ်စားလှယ်နေရာ ၁၄၅ နေရာအနိုင်ရရှိ ခဲ့ပြီး Samagi Jana Balawegaya က ၄၅ နေရာ၊ Tamil National Alliance က ၁၀ နေရာနှင့် National People's Power က ၃ နေရာ အနိုင်ရရှိခဲ့ပါသည်။ အဓိကအတိုက်အခံပါတီဖြစ်သော United Nati-onal Party သည် ပါတီတွင်း ခေါင်းဆောင်းပိုင်း အကွဲအပြဲဇာတ်လမ်း များပေါ်ပေါက်ခဲ့ပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရလဒ်အဖြစ် ကိုယ်စားလှယ်နေရာ တစ်နေရာသာ အနိုင်ရရှိခဲ့ကာ စတုတ္ထနေရာတွင် ရပ်တည်ခဲ့ပါသည်။
နိုင်ငံတွင်း ကိုဗစ် - ၁၉ ဖြစ်ပွားမှုမြင့်တက်ခဲ့သည့်အတွက် ရွေးကောက်ပွဲကို အနည်းဆုံး ၂ ကြိမ် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၅ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ သီရိ လင်္ကာနိုင်ငံသမိုင်းတွင် ယင်းရွေးကောက်ပွဲသည် ကပ်ရောဂါပြန့်ပွား နေချိန်၌ ကျင်းပသည့်ပထမဆုံးသော ရွေးကောက်ပွဲဖြစ်ပါသည်။ လုံခြုံရေးဝန်ထမ်း ၈၂,၀၀၀ ဦးခန့်နှင့် ကျန်းမာရေးဝန်ထမ်း ၆၀,၀၀၀ ဦးခန့် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် လူစုလူဝေးပြုလုပ်ခြင်း များအား ပိတ်ပင်ထားသည့်အတွက် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများ ကို ကိုယ်စားလှယ်လောင်းများက ဦးဆောင်၍ လူမှုကွန်ရက်မီဒီယာအား အများဆုံးအသုံးပြု၍ ဆောင်ရွက်ခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ်ကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် စတင်ကြေညာ ပေးခဲ့ပါသည်။
တွေ့ရှိချက်
သီရိလင်္ကာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျင်းပသည့် ဥပဒေပြုလွှတ်တော် ပါလီမန်ရွေးကောက်ပွဲများ၌ ဖော်ပြပါစနစ်အပေါ် တွင်သာ အခြေခံ၍ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးပါတီတစ်ခုအနေ ဖြင့် ရရှိသည့်ဆန္ဒမဲအရေအတွက်နှင့် ရရှိပိုင်ခွင့်ရှိသည့် ကိုယ်စားလှယ် အရေအတွက် တိုက်ရိုက်အချိုးကျသည့်အတွက် အဆိုပါစနစ်သည် ၁၉၈၈ ခုနှစ်မတိုင်မီ အသုံးပြုခဲ့သည့် FPTP စနစ်ထက်ပိုမို၍ ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီသည်ဟု မှတ်ယူနိုင်ပါသည်။ သို့သော် အချိုးမညီမှု ဖြစ်စေသော အချက်အနေဖြင့် မဲဆန္ဒနယ်များတွင် အပိုဆောင်း ကိုယ်စားလှယ် နေရာ (Bonus Seat) သတ်မှတ်ပေးခြင်းသည် ပါတီ ထောက်ခံသူ နိုင်ငံတစ်ဝန်းပျံ့နှံ့လျက်ရှိသည့် ပါတီငယ်များနှင့် အလယ် အလတ်ပါတီများအတွက် အခက်အခဲဖြစ်စေပါသည်။ အသုံးပြုသည့် ရွေးကောက်ပွဲစနစ်သည် အချိုးကျကိုယ်စားပြုစနစ် Open List PR ဖြစ်ပြီး မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက် ကိုယ်စားလှယ်နေရာသတ်မှတ် ပေး ခြင်းနှင့် အနိုင်ရရှိသည့် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအစု အဖွဲ့များသို့ ကိုယ်စားလှယ်နေရာခွဲဝေပေးခြင်းတို့ကို တွက်ချက်ရာ တွင် စနစ်တကျ သတ်မှတ်ထား၍ ရှင်းလင်းမှုရှိကြောင်း တွေ့ရှိရပါ သည်။
နိဂုံး
အာရှတွင် ရှေးအကျဆုံးသော ဒီမိုကရေစီစနစ်ကို ပိုင်ဆိုင်ထား သည့် သီရိလင်္ကာနိုင်ငံသည် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများအတွက် အများဆုံးရသူအနိုင်ယူစနစ် (FPTP) ကို အစောပိုင်းနှစ်များ တွင် အသုံးပြုခဲ့သော်လည်း ၁၉၇၈ ခုနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြဋ္ဌာန်း၍ အချိုးကျကိုယ်စားပြုစနစ် (PR) ကို အသုံးပြုခဲ့ပါသည်။ နိုင်ငံရေးပါတီများနှင့် တစ်သီး ပုဂ္ဂလအစုအဖွဲ့များသည် မိမိတို့ရရှိသည့် ဆန္ဒမဲအရေအတွက်နှင့် လျော်ညီသော ကိုယ်စားလှယ်အရေအတွက်ကို ကိုယ်စားပြုခွင့်ရသည့်အတွက် ဆန္ဒမဲများ အကျိုးမဲ့ဖြစ်မှုနည်းပါးသွား ကာ ရွေးကောက်ပွဲတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု များပြားလာပြီး ဒီမိုကရေစီလမ်းစဉ် အောင်မြင်လာရန် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေနိုင်ခဲ့ကြောင်း နိဂုံးချုပ် ဖော်ပြအပ်ပါသည်။
ရည်ညွှန်းကိုးကား
- Government and Society, Constitutional Framework by Election Commission of Sri Lanka
- Qualification To Be Elected As A Member Of Parliament by Election Commission of Sri Lanka
- Provisions for amendment by Election Commission of Sri Lanka
- A System of Electoral Representation For Sri Lanka: The Principles Behind The Choice
- 2020 Sri Lankan Parliamentary Election – Wikiwand
- The Constitution of the Democratic Socialist Republic of Sri Lanka ( 1978 )
- Official Website of the Sri Lanka Election Commission
- Sri Lanka’s parliamentary electoral process explained by Economynext
- သီရိလင်္ကာနိုင်ငံ ရွေးကောက်ပွဲစနစ် (ကော်မရှင်မှ ပြုစုထား သည့် စာစောင်)
- Log in to post comments