
လင်းခက်
=====
(ယမန်နေ့မှအဆက်)
ဆန္ဒမဲပေးခြင်းနှင့်မဲရေတွက်ခြင်း
တူရကီနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲ များကို မဲဆန္ဒနယ်အားလုံးတွင် တစ်ပြိုင်တည်း၊ တစ်ရက်တည်းဆောင်ရွက်ရပြီး လွတ်လပ်၍ တရားမျှတသော လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကို ကျင့်သုံးသည်။ မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးရာ တွင် ပါတီ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို သာ ရွေးချယ်စေပြီး ယင်းပါတီ သို့မဟုတ် အဖွဲ့ အတွင်းရှိ ၎င်းတို့နှစ်သက်သည့် မည်သည့် ကိုယ်စားလှယ်လောင်းကိုမဆို သီးသန့်ရွေးချယ် မဲပေးခွင့်မရှိသည့် Closed List PR စနစ်အား ကျင့်သုံးပါသည်။ ဆန္ဒမဲများရေတွက်ရာတွင် အချိုးကျကိုယ်စားပြု (List PR) စနစ်တွင် ရရှိလာ သည့် ကိုယ်စားလှယ်နေရာများအား အညီအမျှ ခွဲဝေရန် (D’Hondt Formula – Highest Average Method) ကို အသုံးပြုသည်။
Highest Average Method သည် စာရင်း လိုက်အချိုးကျကိုယ်စားပြုစနစ်များတွင် အသုံးပြု သော မဲအရေအတွက်ကို ကိုယ်စားလှယ်နေရာ အရေအတွက်သို့ ပြောင်းလဲတွက်ချက်ရာတွင် အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်။ မဲရေတွက်မှုဖြစ်စဉ်တစ်ခုလုံး ပြီးသွားသည့်နောက် မဲဆန္ဒနယ်တစ်ခုရှိ စုစုပေါင်းမဲအများဆုံး ရထားသည့်ပါတီတစ်ခု သို့မဟုတ် အုပ်စုတစ်ခုအား အောက်ဖော်ပြပါနည်းလမ်းအတိုင်း ကိုယ်စားလှယ် နေရာခွဲဝေပေးခြင်းဖြစ်သည်။
Quot = V / (S+1)
အဆိုပါတွက်ချက်နည်းတွင် V သည် ပါတီ တစ်ခုရရှိသည့် ခိုင်လုံမဲစုစုပေါင်းဖြစ်ပြီး S သည် ရရှိလာသည့် ကိုယ်စားလှယ်ခွဲတမ်းဖြစ်သည်။ ကနဦးစတင်တွက်ချက်ရာတွင် ကိုယ်စားလှယ် ခွဲတမ်း (S) အား ၀ (သုည) အဖြစ်သတ်မှတ်ထား မည်ဖြစ်သည်။ ထို့နောက် အဆင့်လိုက်ယှဉ်ပြိုင်မှု များတွင် ကိုယ်စားလှယ်တစ်နေရာ စတင်ရရှိပါက (၁+၁)၊ နှစ်နေရာရရှိပြီးပါက (၂+၁)၊ သုံးနေရာ ရရှိပြီးပါက (၃+၁) စသည်ဖြင့် တွက်ချက်သွားမည် ဖြစ်သည်။ မဲဆန္ဒနယ်အတွင်း ခိုင်လုံမဲအများဆုံးရရှိ သည့်ပါတီမှစ၍ အထက်ပါတွက်ချက်နည်းအတိုင်း ကိုယ်စားလှယ်ခွဲဝေသွားမည်ဖြစ်သည်။
ဥပမာအားဖြင့် ခိုင်လုံမဲပေါင်း ၂၃၀၀၀၀ ရှိသည့်မဲဆန္ဒနယ်တွင် နိုင်ငံရေးပါတီလေးခု ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်ရှစ်ဦး ခွဲတမ်း ရရှိသည်ဆိုရာတွင် -
(D’Hondt Formula – Highest Average Method )သည် စုစုပေါင်းမဲအများဆုံး ရရှိထားသည့် ပါတီများအလိုက် ကိုယ်စားလှယ်နေရာခွဲဝေ ပေးခြင်းအား အထက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ပါသည်။ အဆင့်လိုက်ယှဉ်ပြိုင်မှုများ တွင် မဲဆန္ဒနယ်အတွင်း ပါတီအလိုက်ရရှိလာသော ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်ခွဲတမ်း (ကနဦး ၀) + ၁ ဖြင့် စတင်စား၍ အများဆုံးကျန်ရှိ သည့် ခိုင်လုံမဲအရေအတွက်များ နှိုင်းယှဉ်ကာ ကိုယ်စားလှယ်နေရာများ ခွဲဝေသွားမည်ဖြစ် သည်။
သမ္မတရွေးကောက်ပွဲများ
နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တိုက်ရိုက်ရွေးကောက်တင်မြှောက် ရပြီး သက်တမ်းအားဖြင့် ငါးနှစ်ဖြစ်သည်။ နိုင်ငံ တော် သမ္မတအား ရွေးကောက်တင်မြှောက်ရာတွင် အသက် (၄၀) နှစ်ပြည့်ပြီးသူ၊ ဘွဲ့တစ်ခုခုရရှိထားသူ စသည်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရည်အချင်း သတ်မှတ်ချက်များနှင့်ပြည့်စုံသူကိုသာ သမ္မတ ရွေးကောက်ပွဲမှတစ်ဆင့် တိုက်ရိုက်ရွေးကောက် တင်မြှောက်သည်။
သမ္မတရွေးကောက်ပွဲတွင် နှစ်ကျော့ပြိုင်စနစ် (Two Round System) ကို ကျင့်သုံးပါသည်။ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအနက် ကနဦး (ပထမ အကျော့) ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတွင် မည်သည့်ကိုယ်စားလှယ်လောင်းမျှ ၅၀ ရာခိုင်နှုန်း အထက် ခိုင်လုံမဲမရရှိခဲ့လျှင် မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးအား ရွေးချယ်၍ ပြန်လည်ယှဉ်ပြိုင်ရသည့်စနစ်ဖြစ်သည်။ နောက်ဆုံး ကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအစုအဖွဲ့များ၊ နိုင်ငံရေးပါတီများသည် ခိုင်လုံမဲစုစုပေါင်း၏ ငါးရာခိုင်နှုန်းရရှိလျှင်သော် လည်းကောင်း၊ အနည်းဆုံးမဲဆန္ဒရှင်တစ်သိန်း၏ အဆိုပြုချက်ဖြင့်သော်လည်းကောင်း သမ္မတလောင်း အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။
ဒေသန္တရရွေးကောက်ပွဲများ
တူရကီနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲများ တွင် နိုင်သူအကုန်ယူစနစ် (FPTP) ကို ကျင့်သုံးပြီး နောက်ဆုံးကျင်းပခဲ့သည့် မြို့တော်ဝန်ရွေးကောက် ပွဲများ၊ ခရိုင်အဆင့်ရွေးကောက်ပွဲများ၊ မြို့နယ် အဆင့်/ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲများကို ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက် နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
တူရကီနိုင်ငံ၏ ပထမဆုံးသောဖွဲ့စည်းပုံ အခြေခံဥပဒေအား ၁၈၇၆ ခုနှစ် အော်တိုမန် အင်ပါယာခေတ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၈ ခုနှစ်တွင် ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ သည်။ ထို့နောက် နိုင်ငံ့သမိုင်းတစ်လျှောက် ဒီမို ကရေစီစနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေများပြဋ္ဌာန်းလာပြီး အောက်ပါအတိုင်းတွေ့ရှိ ရမည်ဖြစ်သည်။
(က) ၁၉၂၁ ဖွဲ့စည်းပုံအခြေခံဥပဒေ
(ခ) ၁၉၂၄ ဖွဲ့စည်းပုံအခြေခံဥပဒေ
(ဂ) ၁၉၆၁ ဖွဲ့စည်းပုံအခြေခံဥပဒေ
(ဃ) ၁၉၈၂ ဖွဲ့စည်းပုံအခြေခံဥပဒေ (လက်ရှိ အသုံးပြုလျက်ရှိသည်)
လက်ရှိအသုံးပြုလျက်ရှိသော ၁၉၈၂ ဖွဲ့စည်းပုံ အခြေခံဥပဒေအား တပ်မတော်အုပ်ချုပ်ရေးကာလ ၁၉၈၀ - ၁၉၈၃ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် အတူ အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၁၉၈၂ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းအား ၁၉ ကြိမ် ဆောင်ရွက် ထားပြီးဖြစ်ပြီး သုံးကြိမ်အား ၂၀၀၇၊ ၂၀၁၀နှင့် ၂၀၁၇ ခုနှစ်တို့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများမှတစ်ဆင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီ
(Supreme Election Council)
ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီသည် လွတ်လပ်တရားမျှတမှုရှိသော လျှို့ဝှက်ဆန္ဒမဲပေး ခြင်း၊ ပွင့်လင်းမြင်သာစွာ မဲရလဒ်များတွက်ချက် ထုတ်ပြန်ခြင်း၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေ ရေး စသည်တို့ကို ကြီးကြပ်ဆောင်ရွက်သည်။ ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် ခုနစ်ဦး၊ အရန်အဖွဲ့ဝင် လေးဦးဖြင့် ဖွဲ့စည်း ထားသည်။ အဖွဲ့ဝင်ခြောက်ဦးအား Cassation တရားရုံး အထွေထွေကောင်စီအဖွဲ့ဝင်များအနက် အဖွဲ့ဝင်အချင်းချင်း လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ် ရပြီး အဖွဲ့ဝင်ငါးဦးအား နိုင်ငံတော်ကောင်စီအဖွဲ့ဝင်များအနက် အဖွဲ့ဝင်အချင်းချင်း လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ရသည်။ ထို့နောက် ရွေးချယ်ခံရသည့်အဖွဲ့ဝင် များထဲမှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအား လျှို့ဝှက် ဆန္ဒမဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ၏သက်တမ်းသည် ခြောက်နှစ်ဖြစ်သည်။ ထို့ပြင် နောက်ဆုံးကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စား လှယ်အများဆုံးရရှိသည့် နိုင်ငံရေးပါတီလေးခု အနေဖြင့် ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီ တွင် အမြဲတမ်းကိုယ်စားလှယ်တစ်ဦးနှင့် အရန် ကိုယ်စားလှယ်တစ်ဦးစီ ထားရှိခွင့်ရှိသည်။ အဆိုပါ ကိုယ်စားလှယ်များသည် ကောင်စီ၏အစည်းအဝေး များတက်ရောက်ခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက် နိုင်သော်လည်း မဲပေးဆုံးဖြတ်ခွင့်မရှိပေ။
ဗဟိုရွေးကောက်ပွဲကျင်းပရေး ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ -
(က) လွတ်လပ်သောရွေးကောက်ပွဲများ ကျင်းပ နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက် ခြင်း၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလတွင် တိုင်ကြားမှုများနှင့် ကန့်ကွက်မှုများကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ အပြီးသတ်ဆုံးဖြတ်ချက် များ ချမှတ်ခြင်း၊
(ခ) ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲမှတ်တမ်းများအား ထိန်းသိမ်း ထားရှိခြင်း၊
(ဂ) သမ္မတရွေးကောက်ပွဲ မှတ်တမ်းများအား ထိန်းသိမ်းထားရှိခြင်း၊ သမ္မတအဖြစ် ရွေးကောက်ခံရသူ အမည်စာရင်းအား ထုတ်ပြန်ကြေညာခြင်း၊
(ဃ) ရွေးကောက်ပွဲဆိုင်ရာ မှတ်ပုံတင်ကိစ္စရပ် များအား ကြီးကြပ်ဆောင်ရွက်ခြင်း၊ စီမံ ခန့်ခွဲခြင်း၊ အဆင့်မြှင့်တင်ခြင်း စသည် တို့နှင့် စပ်လျဉ်း၍ လိုအပ်သည့်မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊
(င) ရွေးကောက်ပွဲကာလတွင် ရေဒီယို၊ ရုပ်သံထုတ်လွှင့်ရေး အစီအစဉ်များမှ တစ်ဆင့် မဲဆန္ဒရှင်အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(စ) မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေးလိုအပ် သည်များ ဆောင်ရွက်ခြင်း၊
(ဆ) နိုင်ငံပြင်ပမဲဆန္ဒရှင်များ ဆန္ဒမဲပေးနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ခြင်း၊
(ဇ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေ တစ်ရပ်ရပ်အရ ပေးအပ်သည့်တာဝန်များ ကိုထမ်းဆောင်ခြင်း စသည်တို့ဖြစ်သည်။
၂၀၁၈ အထွေထွေရွေးကောက်ပွဲ
တူရကီနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ အား ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ ပါသည်။ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ် ၆၀၀ ပါဝင်သည့် လွှတ်တော်ရွေးကောက်ပွဲများအား အချိုးကျကိုယ်စားပြုစနစ်ဖြင့် ကျင်းပခဲ့ပြီး သမ္မတ ရွေးကောက်ပွဲအား နှစ်ကျော့ပြိုင်စနစ်ဖြင့် ကျင်းပ ခဲ့သည်။
လွှတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ရှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး People Alliance အဖြစ် မိတ်ဖက်ဖွဲ့စည်းထားသည့် AK ပါတီနှင့် MHP ပါတီတို့မှ ခိုင်လုံမဲ ၂၆၉၀၄၀၂၄ မဲ ၅၃ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့် ကိုယ်စားလှယ် ၃၄၄ ဦး၊ Nation Alliance အဖြစ် မိတ်ဖက်ဖွဲ့စည်းထားသည့် CHP ပါတီ၊ SP ပါတီနှင့် IYI ပါတီတို့မှ ခိုင်လုံမဲ ၁၇၀၁၉၈၀၈ မဲ ၃၃ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် ကိုယ်စားလှယ် ၁၈၉ ဦး၊ HDP ပါတီမှ ခိုင်လုံမဲ ၅၈၆၇၃၀၂ မဲ ၁၁ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ကိုယ်စား လှယ် ၆၇ ဦးရရှိခဲ့ပြီး မဲပေးမှုရာခိုင်နှုန်းမှာ ၈၆ ဒသမ ၂၂ ရာခိုင်နှုန်းဖြစ်သည်။
သမ္မတရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်းခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိ သမ္မတ ရာဂျစ်တိုင်ရစ်ပ်အယ်ဒိုဝမ်က ထောက်ခံမဲ ၂၆၃၃၀၈၂၃ မဲ ၅၂ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲ ပထမအကျော့တွင်ပင် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။ သမ္မတရွေးကောက်ပွဲတွင် မှတ်ပုံ တင်ထားသည့် မဲဆန္ဒရှင်ပေါင်း ၅၉၃၆၇၄၆၉ ဦး၊ ခိုင်လုံမဲပေါင်း ၅၀၀၆၈၆၂၇ မဲနှင့် ပယ်မဲ/ ပျောက်မဲ ပေါင်း ၁၁၂၉၃၃၂ မဲရှိကြောင်း တွေ့ရှိရပြီး မဲပေးမှု ရာခိုင်နှုန်းမှာ ၈၆ ဒသမ ၂၄ ရာခိုင်နှုန်းဖြစ်သည်။
နိဂုံး
တူရကီနိုင်ငံသည် အော်တိုမန်အင်ပါယာ ခေတ်မှစကာ ဖွဲ့စည်းပုံအခြေခံဥပဒေများ ပြဋ္ဌာန်း ကျင့်သုံးလာပြီး ရွေးကောက်ပွဲစနစ်များ၊ နိုင်ငံရေး စနစ်များ ပြောင်းလဲကျင့်သုံးလာသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပခဲ့ချိန်မှစ၍ နိုင်ငံတော် သမ္မတအား လွှတ်တော်မှတစ်ဆင့် ရွေးချယ်ခဲ့သည်။
၁၉၆၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် နှစ်ရပ်ထားရှိသည့်စနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပြီးနောက် အထက်လွှတ်တော် (Senate) အား ဖျက်သိမ်းခဲ့ သည်။ ၂၀၀၇ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးနောက် ၂၀၁၄ ခုနှစ်မှစ၍ သမ္မတအား တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် ရွေးကောက် ပွဲများပေါ်ပေါက်လာပြီး ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများတွင်လည်း အချိုးကျကိုယ်စားပြု စနစ်ကို ကျင့်သုံးသည့်အတွက် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကြား အပြန်အလှန်ထိန်းကျောင်း မှုများ အားကောင်းလာကာ ဒီမိုကရေစီလမ်းကြောင်း ပေါ် ဆက်လက်လျှောက်လှမ်းလျက်ရှိပါကြောင်း လေ့လာတင်ပြအပ်ပါသည်။ ။
ကျမ်းကိုးစာရင်း
- Turkey’s Constitution of 1982 with Amendments through 2017
- Turkey’Law on Parliamentary Elections
https://www.ysk.gov.tr/en/supreme-election-council/1841
- https:// www. researchgate.net/publication/332703377_How_do_Turks_abroad_vote
- https://www.ifes.org/sites/default/files/electoral-system-design-the-new-international-idea-handbook.pdf
- https://en. wikipedia. org/wiki/Electoral_system_of_Turkey
- https://global.tbmm.gov.tr/index.php/EN/yd/icerik/13
- https://en.wikipedia.org/wiki/2018_Turkish_parliamentary_election
- https://en.wikipedia.org/wiki/2018_Turkish_presidential_election
- Log in to post comments