ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများကို လေ့လာခြင်း (အစ္စရေးနိုင်ငံ)

Type

ရှင်ကုကူး

 

နိဒါန်း


၁၉၄၇ ခုနှစ် နိုဝင်ဘာလ  ၂၉  ရက်နေ့တွင်     ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်ချက် အရ     ပါလက် စတိုင်းဒေသ၌   ဂျူးလူမျိုးများအတွက် နိုင်ငံတစ်နိုင်ငံ        ထူထောင်ခွင့်ရရှိခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်အရ   ၁၉၄၈    ခုနှစ်   မေလ ၁၄   ရက်နေ့တွင်  နိုင်ငံထူထောင်ကြောင်း    ကြေညာခဲ့ ပါသည်။    ထိုနိုင်ငံမှာ      ခေတ်သစ်ဂျူးနိုင်ငံဟု ခေါ်သော အစ္စရေးနိုင်ငံပင်ဖြစ်သည်။ 


ပထဝီဝင်အနေအထား


အစ္စရေးသမ္မတနိုင်ငံဟု   တရားဝင်ခေါ်ဝေါ် သုံးစွဲသောအစ္စရေးနိုင်ငံသည်     အရှေ့အလယ်ပိုင်း တွင်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်၍    မြေထဲပင်လယ်၏ အရှေ့ဘက်ကမ်းရိုးတန်း၊  ပင်လယ်နီ၏မြောက် ဘက်စွန်းတွင်တည်ရှိသော     နိုင်ငံတစ်နိုင်ငံလည်း        ဖြစ်ပါသည်။ မြောက်ဘက်တွင်     လက်ဘနွန်နိုင်ငံ၊  အရှေ့မြောက်ဘက်တွင် ဆီးရီးယားနိုင်ငံ၊ အရှေ့ ဘက်တွင်  ဂျော်ဒန်နိုင်ငံနှင့်   မြောက်ဘက်တွင် အီဂျစ်နိုင်ငံစသည့်  အာရပ်နိုင်ငံများအကြားတွင်   တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။  နိုင်ငံ၏ အကျယ်အဝန်းမှာ   ဧရိယာစတုရန်းကီလိုမီတာပေါင်း     ၂၂၀၇၂  စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။   အစ္စရေးနိုင်ငံ၏မြို့တော်မှာ   ဂျေရုဆလင်မြို့ဖြစ်၍   တဲလ်အဗစ် (Tel Aviv) မြို့သည်လည်း နိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာပိုင်းဆိုင်ရာအရ အချက် အချာကျသောမြို့တစ်မြို့ ဖြစ်ပါသည်။ 
လူဦးရေနှင့်ဘာသာစကား
အစ္စရေးနိုင်ငံတွင် ဂျူးလူမျိုး ၇၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် အာရပ်လူမျိုး ၂၀ ဒသမ ၉ ရာခိုင်နှုန်း တို့ အတူယှဉ်တွဲနေထိုင်လျက်ရှိပြီး   ၄ ဒသမ ၈ ရာခိုင်နှုန်းမှာ အခြားလူမျိုးများဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ခန့်မှန်းလူဦးရေမှာ ၉၃၆၇၉၀၀ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အစ္စရေးနိုင်ငံ၏       ရုံးသုံးဘာသာ စကားမှာ ဟီဘရူးဘာသာစကားဖြစ်၍       အာရပ် ဘာသာစကားကိုလည်း အသိအမှတ်ပြုသုံးစွဲလျက် ရှိပါသည်။


အာဏာခွဲဝေကျင့်သုံးခြင်း


အစ္စရေးနိုင်ငံသည်    ဥပဒေပြုရေးအာဏာ၊     အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ များကို     ခွဲဝေကျင့်သုံးလျက်ရှိသော   နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အုပ်ချုပ်ရေးအာဏာကို အစိုးရအဖွဲ့ ကလည်းကောင်း၊       ဥပဒေပြုရေးအာဏာကို    နက်ဆက်ဟုခေါ်ဆိုသည့်      အထက်လွှတ်တော်က လည်းကောင်း၊       တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် (ပြည်ထောင်စု တရားရုံးချုပ်) ကလည်းကောင်း  အသီးသီးခွဲဝေကျင့်သုံးလျက်ရှိပါသည်။ အစ္စရေးနိုင်ငံတွင် အတည် ပြုပြဋ္ဌာန်းထားသော   ဖွဲ့စည်းပုံအခြေခံဥပဒေမရှိ သော်လည်း အစ္စရေးနိုင်ငံ၏ နိုင်ငံရေးအခြေအနေ များနှင့် စည်းမျဉ်းစည်းကမ်းများကို အခြေခံဥပဒေ အချက် (၁၁) ချက်ကိုအခြေခံ၍ စီမံဆောင်ရွက် လျက်ရှိပါသည်။ 
ဥပဒေပြုရေးအာဏာ
နက်ဆက်လွှတ်တော်သည် အစ္စရေးနိုင်ငံ၏    တစ်ခုတည်းသောလွှတ်တော်ဖြစ်၍ ဂျေရုဆလင် မြို့တော်တွင်  ရုံးစိုက်ပါသည်။       နက်ဆက်လွှတ်တော် ကို   လွှတ်တော်ကိုယ်စားလှယ်   ၁၂၀   ဖြင့် ဖွဲ့စည်း ထားရှိပြီး  ၎င်းလွှတ်တော်ကိုယ်စားလှယ်များကို ၁၉၅၈ ခုနှစ်  နက်ဆက်လွှတ်တော်    အခြေခံဥပဒေ အရ သတ်မှတ်ထားသည့် အချိုးကျကိုယ်စားပြုစနစ် ကိုကျင့်သုံး၍  ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်ပါသည်။ လွှတ်တော်သက်တမ်းမှာ   လေးနှစ် ဖြစ်ပါသည်။    လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက     လျှို့ဝှက်မဲပေးခြင်းစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားခြင်းဖြစ်ပြီး လေးနှစ် မပြည့်မီ   ရွေးကောက်ပွဲထပ်မံကျင်းပရန်ကိုသော် လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပ ခြင်းမရှိဘဲ အစိုးရသစ်တစ်ရပ်ကို   ပြန်လည်ဖွဲ့စည်း ရန်ကိုသော်လည်းကောင်း နက်ဆက်လွှတ်တော်က  အဆုံးအဖြတ်ပေးနိုင်ပါသည်။ 


အစ္စရေးနိုင်ငံ၏    ပထမဆုံးသော    နက်ဆက် လွှတ်တော်ကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် နေ့တွင်    စတင်ကျင်းပခဲ့ပြီး    ယခုလွှတ်တော်မှာ နှစ်ဆယ့်လေးကြိမ်မြောက်လွှတ်တော်ဖြစ်ပါသည်။ ကျင်းပခဲ့သောလွှတ်တော်များအနက်      တစ်ဆယ့် သုံးကြိမ်သာ လွှတ်တော်သက်တမ်းလေးနှစ်အပြည့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။  ညွန့်ပေါင်းအစိုးရဖွဲ့ရန် တည်ငြိမ်သည့်အခြေအနေမရှိခြင်း    (သို့တည်း မဟုတ်)   လွှတ်တော်အတွင်း  ယုံကြည်စိတ်ချစွာ မဲပေးရွေးချယ်နိုင်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေ အသုံး စရိတ်ကို အတည်ပြုနိုင်ခြင်းမရှိခြင်း   စသည့်အခြေ အနေများကြောင့်        ကျန်လွှတ်တော်များသည်   သက်တမ်းလေးနှစ်လုံးလုံး    အပြည့်အဝတာဝန် ထမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါ။ နက်ဆက်လွှတ်တော် သည်   ဥပဒေပြုရေးအာဏာကို   ကျင့်သုံးသည့် အလျောက်   ဥပဒေများအားလုံးကို    ပြင်ဆင်ခွင့်၊         ပြဋ္ဌာန်းခွင့်ရှိပါသည်။  ဥပဒေများကို   ထပ်မံပြင်ဆင် ပြဋ္ဌာန်းရန်  လိုအပ်သည့်အခြေအနေရှိပါကလည်း  အခြေခံဥပဒေ (အချက် ၁၁ ချက် )နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေသည့်တိုင်     လွှတ်တော်အတွင်း ထောက်ခံမဲအများဆုံးရရှိပါက     ဥပဒေများကို   ပြင်ဆင်နိုင်သည့်  အမြင့်ဆုံးအာဏာကို   နက်ဆက် လွှတ်တော်က ရရှိထားပါသည်။ နက်ဆက်လွှတ်တော် အနေဖြင့် အခြေခံဥပဒေ (အချက် ၁၁ ချက်)ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် လိုအပ်လာပါကလည်း အခြေခံဥပဒေဆိုင်ရာ          အစည်းအဝေးတစ်ရပ်ကို ခေါ်ယူ၍ ပြင်ဆင်နိုင်ပါသည်။


 ၂၀၀၃ ခုနှစ်တွင် နက်ဆက်လွှတ်တော်အနေဖြင့် အခြေခံဥပဒေ (အချက် ၁၁ ချက်)ကိုအခြေခံ၍ တရား ဝင်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ပြုစုထားရှိရန် စတင်ဆောင်ရွက်ခဲ့ပါသည်။    နက်ဆက်လွှတ်တော် အနေဖြင့် အစိုးရအဖွဲ့၏   လုပ်ငန်းဆောင်ရွက်ချက် များဖြစ်ကြသော     ကော်မတီများဖွဲ့စည်းခြင်း၊ ဝန်ကြီးချုပ်အမည်စာရင်း  တင်သွင်းရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းရန် သဘောတူညီခြင်း၊ သမ္မတနှင့် နိုင်ငံတော်ထိန်းသိမ်းကြီးကြပ်သူတို့ကို ရွေးကောက် တင်မြှောက်ခြင်း         စသည့်လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာ    ထိန်းကျောင်းခြင်းများကို ဆောင်ရွက်ပါသည်။ ထို့အပြင် သမ္မတနှင့် နိုင်ငံတော် ထိန်းသိမ်းကြီးကြပ်သူတို့ကို   အာဏာမှရုပ်သိမ်း ဖယ်ရှားခြင်း၊    လွှတ်တော်ကို    ဖျက်သိမ်းခြင်းနှင့် ရွေးကောက်ပွဲအသစ်ကျင်းပရန်    ဆောင်ရွက်ခြင်း စသည့်ကိစ္စရပ်များကိုလည်း   ဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိပါသည်။  ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အစ္စရေးနိုင်ငံ၌ အထွေထွေရွေးကောက် ပွဲကို ကျင်းပခဲ့ပြီးနောက် နှစ်ဆယ့်လေးကြိမ်မြောက် နက်ဆက်လွှတ်တော်ကို ခေါ်ယူကျင်းပနိုင်ခဲ့ပါသည်။


အုပ်ချုပ်ရေးအာဏာ


အစ္စရေးနိုင်ငံ၏    အုပ်ချုပ်ရေးအာဏာကို အစ္စရေးအစိုးရက တာဝန်ယူဆောင်ရွက်အုပ်ချုပ် ပါသည်။   အစ္စရေးနိုင်ငံတွင်   ဝန်ကြီးချုပ်သည် နိုင်ငံရေးဩဇာတိက္ကမ အကြီးမားဆုံးသောသူဖြစ်ပါ သည်။ ဝန်ကြီးချုပ်ကို   နက်ဆက်လွှတ်တော်၏ထောက်ခံချက်ဖြင့် သမ္မတက  ခန့်အပ်ခြင်းဖြစ်ပါ သည်။ (၁၉၉၆ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်ကာလအတွင်း ဥပဒေအသစ်ပြဋ္ဌာန်းချက်အရ        ဝန်ကြီးချုပ်ကို ပြည်သူမှ တိုက်ရိုက်ရွေးချယ်ခဲ့ပါသည်။) အများ အားဖြင့် အင်အားကြီးပါတီ၏ဥက္ကဋ္ဌကို ဝန်ကြီးချုပ် အဖြစ်  ရွေးချယ်လေ့ရှိပါသည်။  ဝန်ကြီးချုပ်သည် အစ္စရေးနိုင်ငံ၏   အစိုးရအကြီးအကဲဖြစ်သကဲ့သို့ လွှတ်တော်အကြီးအမှူးလည်းဖြစ်ပါသည်။ လက်ရှိ ဝန်ကြီးချုပ်မှာ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ရွေးချယ်ခန့်အပ်ထားသည့်  Naftali Bennett ဖြစ်ပြီး ဆယ့်သုံးယောက်မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။  


ဝန်ကြီးချုပ်အနေဖြင့်  အစိုးရအဖွဲ့က မဲပေး၍ ဆုံးဖြတ်ထားသော  နိုင်ငံတကာနှင့် ပြည်တွင်း ရေးရာမူဝါဒများကို  အတည်ပြုချမှတ်ပေးရပါသည်။ ဝန်ကြီးများ၊ အစိုးရဝန်ကြီးဌာနများ၏ အကြီးအကဲ များ၊ ဒုတိယဝန်ကြီးများ၊ သီးခြားတာဝန်ယူထား ခြင်းမရှိသည့်   ဝန်ကြီးများဖြင့်    အစိုးရအဖွဲ့ကို ဖွဲ့စည်းထားရှိပါသည်။ အစိုးရအဖွဲ့၏ဝန်ကြီးများကို ဝန်ကြီးချုပ်က   ခန့်အပ်ထားခြင်းဖြစ်ပါသည်။ သို့သော်လည်း        အစိုးရအဖွဲ့ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍    နက်ဆက်လွှတ်တော်တွင်တင်ပြ၍ အတည်ပြုချက်ရယူရန်   လိုအပ်ပါသည်။  အစိုးရ အဖွဲ့ဝင်များကို ဝန်ကြီးချုပ်က ဖြုတ်ချထုတ်ပယ်ပစ် နိုင်သော်လည်း         အစားထိုးခန့်အပ်မည်ဆိုပါက နက်ဆက်လွှတ်တော်၏ အတည်ပြုချက်ရယူရမည် ဖြစ်ပါသည်။ အစိုးရအဖွဲ့တွင်ခန့်အပ်သည့် ဝန်ကြီး အများစုသည်လည်း       နက်ဆက်လွှတ်တော် ကိုယ်စားလှယ်များသာ ဖြစ်ပါသည်။   အပတ်စဉ် တနင်္ဂနွေနေ့တိုင်း   အစိုးရအဖွဲ့အစည်းအဝေးကို ကျင်းပလေ့ရှိပြီး        အခြေအနေအချိန်အခါအရ လိုအပ်လာပါကလည်း အစည်းအဝေးများ ထပ်မံ ခေါ်ယူကျင်းပနိုင်ပါသည်။ 


အစိုးရအဖွဲ့အစည်းအဝေး၏    ဥက္ကဋ္ဌသည် ဝန်ကြီးချုပ်ဖြစ်ပါသည်။  နိုင်ငံတကာရေးရာနှင့် ကာကွယ်ရေးဆိုင်ရာမူဝါဒများ ချမှတ်ရန်အလို့ငှာ လုံခြုံရေးဆိုင်ရာအစိုးရအဖွဲ့ကိုလည်း     ဖွဲ့စည်း ထားရှိပါသည်။   လုံခြုံရေးဆိုင်ရာအစိုးရအဖွဲ့ကို ဝန်ကြီးချုပ်ကဦးဆောင်ပြီး သီးခြားရွေးချယ်ထား သောဝန်ကြီးများဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။
                               

 


စစ်မက်ဖြစ်ပွားချိန်များ၊   နိုင်ငံရေးမတည်ငြိမ်သည့် အချိန်များ၊ ပဋိပက္ခဖြစ်ပွားနေသည့် အချိန်များတွင် ထိရောက်လျင်မြန်သော ဆုံးဖြတ်ချက်များ ချမှတ် နိုင်ရန်နှင့် သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုများ   ပြုလုပ်နိုင်ရန်အတွက် လုံခြုံရေး ဆိုင်ရာအစိုးရအဖွဲ့ကို       ဖွဲ့စည်းထားခြင်းဖြစ်ပါ သည်။
အစ္စရေးနိုင်ငံတွင်   ဝန်ကြီးဌာန   ၂၈   ခုရှိပြီး ဝန်ကြီးဌာနတစ်ခုချင်းအနေဖြင့်    ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကဏ္ဍတစ်ခုချင်းစီအလိုက်    တာဝန်ယူ ဆောင်ရွက်ပေးရခြင်းဖြစ်ပါသည်။   ဝန်ကြီးဌာန တစ်ခုချင်းစီကို အစိုးရအဖွဲ့နှင့်နက်ဆက်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးကောက်တင်မြှောက် ထားသည့် ဝန်ကြီးတစ်ဦးစီက ဦးဆောင်၍တာဝန်ယူ ဆောင်ရွက်ပါသည်။ အစ္စရေးနိုင်ငံတွင်  နိုင်ငံတော် ထိန်းသိမ်းကြီးကြပ်သူ   (State  Comptroller)  တစ်ဦးရှိပါသည်။ ထိုနိုင်ငံထိန်းသိမ်းကြီးကြပ်သူ ကို နက်ဆက်လွှတ်တော်အတွင်း လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်ပြီး  ထိုနိုင်ငံတော်ထိန်းသိမ်းကြီးကြပ်သူအနေဖြင့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ၊ မူဝါဒများ ကို       စောင့်ကြည့်လေ့လာသုံးသပ်ခြင်းများကို ဆောင်ရွက်ပါသည်။ 


လွှတ်တော်ရွေးကောက်ပွဲများကို   ပုံမှန်အား ဖြင့် လေးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသော်လည်း ညွန့်ပေါင်းအစိုးရဖွဲ့ရန် တည်ငြိမ်သည့်အခြေအနေ မရှိခြင်း  (သို့တည်းမဟုတ်)   လွှတ်တော်အတွင်း ယုံကြည်စိတ်ချစွာ မဲပေးရွေးချယ်နိုင်ခြင်းမရှိသည့် အခြေအနေများကြောင့် အစိုးရအဖွဲ့ကို စောစီးစွာ ဖျက်သိမ်းလိုက်ရသည့်   အခြေအနေများလည်းရှိ ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြီးနောက် အစ္စရေးနိုင်ငံ၏ ၃၆ ခုမြောက်သော အစိုးရအဖွဲ့ကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။


အစ္စရေးနိုင်ငံ၏ အကြီးအကဲမှာ သမ္မတဖြစ်၍ လက်ရှိသမ္မတမှာ Isaac Herzog ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်ပါသည်။          သမ္မတ၏ သက်တမ်းမှာ ခုနစ်နှစ်ဖြစ်ပါသည်။ သမ္မတအနေ ဖြင့်  ၎င်း၏အာဏာဖြင့်ပြဋ္ဌာန်းနိုင်သော ဥပဒေများ ကို  လက်မှတ်ရေးထိုးပြဋ္ဌာန်းခြင်း၊    နိုင်ငံတကာ သဘောတူစာချုပ်များ၊ နှစ်နိုင်ငံအကြား သဘောတူ စာချုပ်များကို  လက်မှတ်ရေးထိုးခြင်း၊    လုပ်ထုံး လုပ်နည်းများအရ ဝန်ကြီးချုပ်ခန့်အပ်မှုကို အတည် ပြုသဘောတူခြင်း၊ သံအမတ်ကြီးများခန့်အပ်ခြင်း၊ နိုင်ငံတကာသံရုံးများမှ သံတမန်များခန့်အပ်ခြင်း တို့ကို ဆောင်ရွက်ပါသည်။  ထို့အပြင်   အစိုးရအဖွဲ့ တွင်  ပါဝင်သည့် အခြားအရေးကြီးတာဝန်များကို လည်း ထမ်းဆောင်ပါသည်။ သမ္မတသည် ပြစ်ဒဏ် ကျခံနေရသည့်အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးနိုင်သည့်အာဏာကို ပိုင်ဆိုင်ထား သောအစိုးရအဖွဲ့၏ တစ်ဦးတည်းသောအာဏာပိုင် ဖြစ်ပါသည်။  သမ္မတအနေဖြင့်   အစ္စရေးဒေသကို အုပ်ချုပ်သည့်အာဏာပိုင်များ၊    Magen David Adom ဟုခေါ်ဆိုသည့် နိုင်ငံတော်အရေးပေါ်အခြေ အနေကယ်ဆယ်ရေးလုပ်ငန်း၏ဥက္ကဋ္ဌနှင့် အခြား ဌာနဆိုင်ရာ      အဖွဲ့အစည်းအမြောက်အမြား၏ ခေါင်းဆောင်များ၊   အဖွဲ့ဝင်များကို    ခန့်အပ်ခြင်း စသည့်လုပ်ငန်းများကိုလည်း  တာဝန်ယူဆောင်ရွက် ပါသည်။ ထို့အပြင် တရားသူကြီးများကို   ခန့်အပ်ရန် လျာထားပြီးနောက်       ၎င်းတို့ကိုခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပါသည်။
တရားစီရင်ရေးအာဏာ


အစ္စရေးနိုင်ငံ၏     တရားစီရင်ရေးကဏ္ဍကို အစိုးရအဖွဲ့နှင့်ဆက်စပ်ခြင်းမရှိဘဲ အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ရန်  စီမံထားရှိပါသည်။  တရားစီရင် ရေးစနစ်၏အကြီးအကဲမှာ   ပြည်ထောင်စုတရား လွှတ်တော်ချုပ်အကြီးအကဲနှင့်  တရားရေးဝန်ကြီး ဌာနဝန်ကြီးတို့ ဖြစ်ပါသည်။    အစ္စရေးနိုင်ငံတွင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိသောကြောင့် ဘာသာရေးနှင့်      လောကီရေးဆိုင်ရာတရားရုံး များကိုလည်း တရားစီရင်ရေးကဏ္ဍတွင်  ထည့်သွင်း ထားရှိပါသည်။ တရားရေးစနစ်တွင် တရားစီရင်ရေး ဆိုင်ရာတရားရုံးများ၊  ဘာသာရေးဆိုင်ရာတရားရုံး များ၊ အလုပ်သမားဆိုင်ရာတရားရုံးများ၊ စစ်တရားရုံး များ၊ ရေတပ်မတော်ဆိုင်ရာတရားရုံးများဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။ တရားရုံးများအတွက် တရားသူကြီးများကို   Judicial    Selection Committee က ရွေးချယ်ခန့်အပ်ပါသည်။


လွှတ်တော်ရွေးကောက်ပွဲကျင်းပမှုအခြေအနေများ
အစ္စရေးနိုင်ငံသည်လည်း  မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်သည့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံး သော   နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။  အစ္စရေးနိုင်ငံကို လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၂၀ ဖြင့် ဖွဲ့စည်း ထားသော  နက်ဆက်  (Knesset) ဟုခေါ်သည့် အထက်လွှတ်တော်က အုပ်ချုပ်ခြင်းဖြစ်၍ နက်ဆက် လွှတ်တော်အတွက်         ကိုယ်စားလှယ်နေရာများ ရွေးချယ်ရာတွင်    အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံး၍  ရွေးချယ်ခြင်းဖြစ်ပြီး စုစုပေါင်းခိုင်လုံမဲ အရေအတွက်၏ အနည်းဆုံး ၃ ဒသမ ၂၅ ရာခိုင်နှုန်း အနိုင်ရရှိသော နိုင်ငံရေးပါတီများက လွှတ်တော်တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်ပြီး       ထိုအနိုင်ရပါတီများမှ ကိုယ်စားလှယ်များအားလုံးပါဝင်ကာ    ညွန့်ပေါင်း အစိုးရတစ်ရပ်ဖွဲ့စည်း၍ အုပ်ချုပ်ခြင်းဖြစ်ပါသည်။ 
အစ္စရေးနိုင်ငံ၏   ရွေးကောက်ပွဲစနစ်သည် နက်ဆက်လွှတ်တော်အခြေခံဥပဒေနှင့် ၁၉၆၉ ခုနှစ် နက်ဆက်ရွေးကောက်ပွဲဥပဒေ၏    ပြဋ္ဌာန်းချက်များ အရ   ဆောင်ရွက်ရခြင်းဖြစ်ပါသည်။     အထွေထွေ ရွေးကောက်ပွဲတွင် မဲရေတွက်ရာ၌ D’Hondt စနစ်ကို အသုံးပြု၍ ရေတွက်ပါသည်။ ၁၉၉၂ ခုနှစ် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများကသာ ဆက်လက်ရပ်တည်ပိုင်ခွင့် ရှိပြီး   ရွေးကောက်ပွဲတွင်    ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။   တစ်နိုင်ငံလုံးကို   မဲဆန္ဒနယ် တစ်နယ်အဖြစ်သတ်မှတ်ထားပြီး    မဲဆန္ဒရှင်များ အနေဖြင့် နိုင်ငံရေးပါတီများကို တိုက်ရိုက်ရွေးချယ် မဲပေးခြင်းစနစ်ကို ကျင့်သုံးပါသည်။ မဲရုံများကို နိုင်ငံ တစ်ဝန်းလုံးတွင်   ဖွင့်လှစ်ထားရှိပါသည်။    သံရုံး ဝန်ထမ်းများ၊   ကုန်သွယ်ရေကြောင်းလုပ်ဆောင် နေသည့်  ကုန်သည်များသာ ကြိုတင်ဆန္ဒမဲပေးခွင့်  ရှိပါသည်။ 
အထွေထွေရွေးကောက်ပွဲတွင် ရရှိသောခိုင်လုံမဲ စုစုပေါင်း၏ အနည်းဆုံး ၃ ဒသမ ၂၅ ရာခိုင်နှုန်းခန့် ရရှိသော နိုင်ငံရေးပါတီကိုသာ အချိုးကျကိုယ်စားပြု ရွေးချယ်ရာတွင်   ထည့်သွင်းတွက်ချက်သွားမည် ဖြစ်ပါသည်။   ထိုသတ်မှတ်ချက်သည်    နိုင်ငံရေး ပါတီအချို့ကို လွှတ်တော်တွင် နေရာမရရှိနိုင်စေရန် ဖန်တီးထားသည့်အခြေအနေဟု ဆိုနိုင်သော်လည်း အချို့သောပါတီများကိုလည်း   မဟာမိတ်ဖွဲ့နိုင်ရန် အတွက်   တွန်းအားပေးသည့်  အခြေအနေတစ်ရပ် ဟုလည်း ဆိုနိုင်ပါသည်။ ထိုသို့သတ်မှတ်လုပ်ဆောင် လိုက်ခြင်းအားဖြင့် နိုင်ငံရေးအရောင်အသွေးစုံပါဝင် သော နိုင်ငံရေးပါတီငယ်များအနေဖြင့်  မဟာမိတ်ဖွဲ့ ကာ အာဏာကို      ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကြက် ကျင့်သုံးလာနိုင်သည့် အခြေအနေပင်ဖြစ်ပါသည်။ 


၁၉၆၉   ခုနှစ်    ရွေးကောက်ပွဲများမတိုင်မီက နိုင်ငံရေးပါတီအမျိုးမျိုးက              မဟာမိတ်ဖွဲ့ကာ ပေါင်းစည်းဆောင်ရွက်မှုများရှိသော်လည်း  အထွေ ထွေရွေးကောက်ပွဲတွင် မည်သည့်ပါတီကမျှ အပြတ် အသတ်အနိုင်ရခြင်းမရှိသည့်အတွက်  ပါတီစုံပါဝင် သော ညွန့်ပေါင်းအစိုးရကိုဖွဲ့၍ အုပ်ချုပ်ဆောင်ရွက် ရခြင်းဖြစ်ပါသည်။ အသက်  ၁၈  နှစ်ပြည့်ပြီးသော အစ္စရေးနိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိ၍ ပြည်ပတွင် အခြေချနေထိုင်လျက်ရှိသော အစ္စရေးနိုင်ငံသားများ အနေဖြင့်   အစ္စရေးနိုင်ငံသို့   ပြန်လာ၍   မဲပေးရန် လိုအပ်ပါသည်။  သို့သော်လည်း   အစ္စရေး ကုန်တင် သင်္ဘောများတွင်   မဲပေးနိုင်ရန်အတွက်    မဲရုံကို ဖွင့်လှစ်ထားရှိပါသည်။ ဗဟိုရွေးကောက်ပွဲကော်မတီ ဦးစီး၍ နက်ဆက်ရွေးကောက်ပွဲဥပဒေများအတိုင်း ရွေးကောက်ပွဲများကို ကြီးမှူးကျင်းပပါသည်။


ဗဟိုရွေးကောက်ပွဲကော်မတီဖွဲ့စည်းထားရှိမှု


၁၉၆၉ ခုနှစ်တွင်   ပြဋ္ဌာန်းခဲ့သော   နက်ဆက် ရွေးကောက်ပွဲဥပဒေအရ      နက်ဆက်လွှတ်တော် အသစ်ဖွဲ့စည်းပြီး  ရက်ပေါင်း   ၆၀   အတွင်း    ဗဟို ရွေးကောက်ပွဲကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ပါသည်။ နက်ဆက်လွှတ်တော်အတွက်         ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက် ရန်အလို့ငှာ ဗဟိုရွေးကောက်ပွဲကော်မတီကို ဖွဲ့စည်း ထားခြင်းဖြစ်ပါသည်။       ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တရားသူကြီးများဖြင့်ဖွဲ့စည်းထားသောအဖွဲ့က  တရားလွှတ်တော်တရားသူကြီးတစ်ဦး ကို   ကော်မတီ၏ဥက္ကဋ္ဌအဖြစ်  ရွေးချယ်ပေးရခြင်း ဖြစ်ပါသည်။ ၂၄ ကြိမ်မြောက် နက်ဆက်လွှတ်တော် ရွေးကောက်ပွဲအတွက်  ဥက္ကဋ္ဌမှာ  တရားသူကြီး Uzi Fogelman​ ဖြစ်ပါသည်။ ဗဟိုရွေးကောက်ပွဲကော်မတီ အဖွဲ့ဝင်များမှာ      နက်ဆက်လွှတ်တော်အတွင်း  ကိုယ်စားလှယ်နေရာရရှိထားသော     နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များဖြစ်ပါသည်။


လွှတ်တော်တွင် ကိုယ်စားလှယ်အရေအတွက် လေးနေရာနှင့်အထက် ရရှိထားသော  နိုင်ငံရေးပါတီ အနေဖြင့်    ကိုယ်စားလှယ်လေးနေရာလျှင်     ဗဟို ရွေးကောက်ပွဲကိုယ်စားလှယ်   တစ်ဦးနှုန်းဖြင့် သတ်မှတ်၍ ခန့်အပ်ထားရှိပါသည်။ ကိုယ်စားလှယ် အရေအတွက် လေးနေရာထက်နည်း၍ ရရှိထားသော နိုင်ငံရေးပါတီအနေဖြင့် အနည်းဆုံးဗဟိုရွေးကောက်ပွဲ ကော်မတီအဖွဲ့ဝင်တစ်ဦးနှုန်းသတ်မှတ်၍  တာဝန် ထမ်းဆောင်ရပါသည်။ လွှတ်တော်အတွင်း ကိုယ်စား လှယ်နေရာရရှိမှု အများဆုံးဖြစ်သော နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များက   ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရပါသည်။ အကယ်၍ နိုင်ငံရေး ပါတီများအနေဖြင့် ကိုယ်စားလှယ်အရေအတွက် ရရှိ မှုပိုမိုများပြားပါက ဒုတိယဥက္ကဋ္ဌကို     ရှစ်ဦးအထိ တိုးမြှင့်ခန့်ထားနိုင်ပါသည်။    (၁၄)     ကြိမ်မြောက် နက်ဆက်လွှတ်တော်တွင် တရားလွှတ်တော်တရား သူကြီးတစ်ဦးကို  ကော်မတီ၏ဥက္ကဋ္ဌအဖြစ်   လည်း ကောင်း၊ နက်ဆက်လွှတ်တော်အတွင်း   ကိုယ်စား လှယ်ရရှိမှုအများဆုံး  နိုင်ငံရေးပါတီ    ခုနစ်ခုမှ ကိုယ်စားလှယ် ခုနစ်ဦးတို့က ဒုတိယဥက္ကဋ္ဌများအဖြစ် လည်းကောင်း၊    လွှတ်တော်တွင် ပါဝင်ခွင့်ရရှိသော နိုင်ငံရေးပါတီ ၁၃ ပါတီမှ အထက်ဖော်ပြပါတွက်ချက်မှု အရ  ကိုယ်စားလှယ်  ၂၆ ဦးတို့က အဖွဲ့ဝင်အဖြစ် လည်းကောင်း စုစုပေါင်း ၃၄ ဦးဖြင့် ဖွဲ့စည်းထား ရှိပါသည်။   ကော်မတီဝန်ထမ်းများ၏ အကြီးအကဲသည် ညွှန်ကြားရေးမှူးချုပ်ဖြစ်ပါသည်။ ဗဟိုရွေးကောက်ပွဲ ကော်မတီလက်အောက်တွင်    ဘဏ္ဍာရေးဆိုင်ရာ ဆပ်ကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာဆပ်ကော်မတီ၊ အထူးမဲရုံများဆိုင်ရာဆပ်ကော်မတီ၊   လေ့ကျင့် သင်ကြားရေးဆိုင်ရာဆပ်ကော်မတီ၊ မဲရုံနေရာနှင့် မဲဆန္ဒရှင်များကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆိုင်ရာဆပ်ကော်မတီနှင့် တင်ဒါဆပ်ကော်မတီဟူ၍ ဆပ်ကော်မတီများ         ဖွဲ့စည်းထားရှိကာ ရွေးကောက်ပွဲ      အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။


ဒေသဆိုင်ရာကော်မတီများဖွဲ့စည်းထားရှိမှု


ရွေးကောက်ပွဲမတိုင်မီ   သုံးလဝန်းကျင်၌ ဒေသဆိုင်ရာကော်မတီများကို     ဖွဲ့စည်းပါသည်။    ဒေသဆိုင်ရာ     ကော်မတီဖွဲ့စည်းမှုသည်လည်း         ဗဟိုရွေးကောက်ပွဲကော်မတီဖွဲ့စည်းမှုအတိုင်းပင် ဖြစ်ပါသည်။ ထိုကော်မတီများတွင် တရားသူကြီး တစ်ဦးက  ဥက္ကဋ္ဌအဖြစ်    တာဝန်ထမ်းဆောင်၍ ကော်မတီအဖွဲ့ဝင်များကိုလည်း အချိုးကျကိုယ်စား ပြုစနစ်ဖြင့် ပါဝင်စေပါသည်။   ထိုဒေသဆိုင်ရာ ကော်မတီဖွဲ့စည်းမှုကို ဗဟိုရွေးကောက်ပွဲကော်မတီ ထံသို့  တင်ပြ၍     အတည်ပြုချက်ရယူပါသည်။       ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒေသဆိုင်ရာကော်မတီ ၁၉ ခု ဖွဲ့စည်း၍  ဆောင်ရွက် ပါသည်။  ဗဟိုရွေးကောက်ပွဲကော်မတီအနေဖြင့်  ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ  ရက်ပေါင်း ၅၂ ရက်ထက်နောက်မကျစေဘဲ  ဒေသဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းထားရှိရမည် ဖြစ်ပါသည်။  ထို့ကြောင့် (၂၄) ကြိမ်မြောက် နက်ဆက်လွှတ်တော် အတွက်   ဒေသဆိုင်ရာကော်မတီတစ်ခုစီတွင် အဖွဲ့ဝင် ၃၄ ဦး ခန့်အပ်ထားရှိပါသည်။ မတူညီသည့် အချက်တစ်ခုမှာ    ဒေသဆိုင်ရာကော်မတီတွင် ဒုတိယဥက္ကဋ္ဌ   သုံးဦးသာခန့်အပ်ထားရှိပါသည်။ တစ်ချိန်တည်း၌ပင် ဗဟိုရွေးကောက်ပွဲကော်မတီ နှင့် ဒေသဆိုင်ရာကော်မတီများတွင် ဝန်ထမ်းများကို တိုးမြှင့်ခန့်အပ်ခြင်း၊     ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် ကော်မတီလက်အောက်၌    တာဝန်ထမ်း ဆောင်နိုင်ရန် ဝန်ထမ်းပေါင်း ၄၀၀၀ နီးပါးကို ခန့်အပ် ခြင်းတို့ကိုဆောင်ရွက်ပါသည်။ ထိုဝန်ထမ်းများ၏ သက်တမ်းမှာ  ခန့်မှန်းခြေအားဖြင့်  သုံးလခန့်သာ ဖြစ်ပါသည်။   ရွေးကောက်ပွဲနေ့တွင်     တာဝန် ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများကို ဒေသဆိုင်ရာ ကော်မတီက   သင်တန်းများပို့ချ၍  သင်ကြားပေး ပါသည်။ 
ရွေးကောက်ပွဲလုပ်ငန်းစဉ်များ


အစ္စရေးနိုင်ငံ၏ အခြေခံဥပဒေအရ နက်ဆက် လွှတ်တော်အတွက် အထွေထွေရွေးကောက်ပွဲကို ဂျူးလူမျိုးတို့ပြက္ခဒိန်အရ        ကျရောက်သော Cheshvan လ  (အောက်တိုဘာလအစောပိုင်းနှင့် နိုဝင်ဘာလလယ်)၏  အင်္ဂါနေ့တွင်  ကျင်းပလေ့ ရှိသည်။ လေးနှစ်တစ်ကြိမ်ကျင်းပပါသည်။ သို့သော် လည်း အခြေအနေတစ်ရပ်ရပ်ကြောင့် သတ်မှတ် ထားသောရက်ထက်စော၍ ရွေးကောက်ပွဲကျင်းပ နိုင်ကြောင်း အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြ ထားပါသည်။    နိုင်ငံရေးအကြောင်းတရားများ ဖြစ်ပေါ်လာခြင်း၊  အစိုးရအနေဖြင့် ၎င်းတို့ချမှတ် ဆောင်ရွက်သည့်မူဝါဒများကို        လွှတ်တော်မှ ထောက်ခံမှုမရှိတော့ခြင်း    စသည့်အခြေအနေ များနှင့် ကြုံတွေ့ရသည့်အချိန်တွင် ရွေးကောက်ပွဲ ထပ်မံကျင်းပရန်အတွက် နက်ဆက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်၍သော်လည်းကောင်း၊         သမ္မတက အမိန့်ပြန်တမ်း ထုတ်ပြန်၍သော်လည်းကောင်း ရွေးကောက်ပွဲတစ်ရပ်   ထပ်မံကျင်းပနိုင်ပါသည်။ နှစ်စဉ်ဘဏ္ဍာငွေသတ်မှတ်ခြင်းကို    နက်ဆက် လွှတ်တော်အနေဖြင့်  မတ်လ  ၃၁  ရက်နေ့တွင် အတည်ပြုရန်        ပျက်ကွက်ခြင်းသည်လည်း ရွေးကောက်ပွဲကို    စော၍ကျင်းပစေနိုင်သည့် အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။   နက်ဆက် လွှတ်တော်ကိုယ်စားလှယ်အများစုက  ထောက်ခံ ပါက ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်း သတ်မှတ်ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။


(ဆက်လက်ဖော်ပြပါမည်)