ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ)

Type

နိဒါန်း

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ (Democratic Republic of Timor-Leste)သည် အရှေ့တောင်အာရှတွင် တည်ရှိသော ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး တီမောကျွန်း၏အရှေ့ဘက်တွင် တည်ရှိသည်။ အနောက်ဘက်တွင် အင်ဒိုနီးရှားနိုင်ငံရှိ အနောက် တီမောနှင့် ထိစပ်လျက်ရှိပြီး  တောင်ဘက်တွင် ဩစတြေးလျနိုင်ငံနှင့် တီမောပင်လယ်ခြား၍ တည်ရှိသည်။ စုစုပေါင်းဧရိယာစတုရန်းမိုင် ၅၄၀၀  (၁၅၄၁၀ ကီလိုမီတာ) ကျယ်ဝန်းပြီး ၂၀၂၁ ခုနှစ် စာရင်းများအရ လူဦးရေစုစုပေါင်း ၁၃၄၀၅၁၃ ရှိကာ မြို့တော်မှာ Dili ဖြစ်သည်။  ၂၀၀၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တီတမ် (Tetum) နှင့် ပေါ်တူဂီ (Portuguese) ဘာသာစကားနှစ်မျိုးမှာ နိုင်ငံတော်၏ တရားဝင် ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်နှင့်အင်ဒိုနီးရှားဘာသာစကားအပါအဝင် အခြားတိုင်းရင်းသားဘာသာ စကားများကိုလည်း ရုံးသုံးဘာသာစကားအဖြစ် အသိအမှတ်ပြုထားသည်။ လက်ရှိသမ္မတမှာ  Francisco Guterres ဖြစ်ပြီး ဝန်ကြီးချုပ်မှာ Taur Matan Ruak ဖြစ်သည်။


အရှေ့တီမောသည် ၁၆ ရာစုနှစ်များတွင် ပေါ်တူဂီနိုင်ငံ၏ ကိုလိုနီဖြစ်ခဲ့သည်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာ လ ၂၈ ရက်နေ့တွင် အရှေ့တီမောနယ်မြေ လွတ်လပ်ရေးမကြေညာခင်အချိန်အထိ Portuguese Timor ဟု ခေါ်ကြသည်။ လွတ်လပ်ရေးကြေညာအပြီး ကိုးရက်မြောက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံက ယင်း၏ ၂၇ ခုမြောက် စီရင်စုအဖြစ် သိမ်းယူခဲ့သည်။ အင်ဒိုနီးရှားစစ်တပ်နှင့် တီမောနယ်မြေ ခွဲထွက်ရေးအုပ်စုများ အကြား ပဋိပက္ခများသည် ကာလကြာရှည်စွာ တည်ရှိခဲ့သည်။
၁၉၉၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဥပဒေ(United Nations-sponsored act of Self-determination) အရ အင်ဒိုနီးရှားနိုင်ငံက တီမောနယ်မြေအား လက်လွှတ်ပေးပြီးနောက် ၂၀၀၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် တီမောနိုင်ငံသည် ၂၁ ရာစု၏ ပထမဆုံးသော လွတ်လပ်၍အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး ပေါ်တူဂီဘာသာစကားသုံးစွဲသောနိုင်ငံများအဖွဲ့ (Community of Portuguese Language Countries) သို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)သို့ ၁၁ နိုင်ငံမြောက် အဖြစ် ဝင်ရောက်လိုကြောင်း ကြေညာခဲ့သည်။ 


အုပ်ချုပ်ရေးအာဏာ


တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် သမ္မတစနစ်ကိုကျင့်သုံးသော ဒီမိုကရက်တစ် နိုင်ငံဖြစ်ပြီး ပါတီစုံစနစ်ကို ကျင့်သုံးသည်။ သမ္မတနှင့် အစိုးရအဖွဲ့ထံတွင် အုပ်ချုပ်ရေးအာဏာရှိပြီး အစိုးရအဖွဲ့နှင့် အမျိုးသားလွှတ်တော်တွင် ဥပဒေပြုရေးအာဏာရှိကာ တရားစီရင်ရေးအာဏာမှာ လွတ်လပ်၍ အမှီအခိုကင်းသည်။      
သမ္မတသည် နိုင်ငံ၏အကြီးအကဲဖြစ်ပြီး အများစုဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်ကာ သမ္မတသက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ သမ္မတ၏အုပ်ချုပ်မှုအာဏာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကန့်အသတ်ရှိသော်လည်း သမ္မတသည် ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်နိုင်ပြီး အစိုးရ၏ ဥပဒေပြုမှုကို လည်း ဗီတိုအာဏာဖြင့် ပယ်ဖျက်နိုင်သည်။ သမ္မတသည် အနိုင်ရပါတီ   သို့မဟုတ် ညွန့်ပေါင်းပါတီ၏ ခေါင်းဆောင်အား    ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပြီး ဝန်ကြီးချုပ်၏အဆိုပြုချက်ဖြင့်     အစိုးရအဖွဲ့ကို  ခန့်အပ်ဖွဲ့စည်းသည်။    ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏အကြီးအကဲဖြစ်ပြီး  အစိုးရအဖွဲ့ကို စီမံအုပ်ချုပ် သည်။
တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံအား Oecusse၊ Dili ၊ Liquiçá၊ Manatuto၊ Baucau၊ Lautém၊ Bobonaro၊ Ermera၊ Aileu၊ Viqueque၊ Cova Lima၊ Ainaro နှင့် Manufahi အစရှိသည့် မြူနီစီပယ်ခရိုင် ၁၃ ခုဖြင့် ဖွဲ့စည်းထားရှိပြီး ယင်းအောက်တွင် ခရိုင်ခွဲ ၆၅ ခု၊ ကျေးရွာ ၄၉၈ ရွာ၊ ကျေးရွာငယ် နှစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းထားပါသည်။ 


ဥပဒေပြုရေးအာဏာ


တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အမျိုးသားလွှတ်တော် (National Assembly- Parlamento Nacional) တစ်ရပ်သာရှိပြီး သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦးအား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System-d’Hondt Method) ဖြင့် ရွေးကောက်တင်မြှောက်သည်။ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်မှာ အနည်းဆုံး ၅၂ ဦးမှ အများဆုံး ၆၅ ဦးအထိ ရှိနိုင်သည်။ သို့ရာတွင် ပထမဦးဆုံးအကြိမ် လွှတ်တော်သက်တမ်းတွင် လွှတ်တော် ကိုယ်စားလှယ် ၈၈ ဦးရှိခဲ့ပြီး လွှတ်တော်သက်တမ်းမှာလည်း ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ခြောက်နှစ် ကြာမြင့်ခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ၂၀၀၂ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသက်ဝင်ပြီးနောက် ၈၈ ဦး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံက ပထမဦးဆုံးလွှတ်တော်ဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဖော်ပြထားသောကြောင့်ဖြစ်သည်။ 


တရားစီရင်ရေးအာဏာ   

 
တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်တွင် တရားလွှတ်တော် ချုပ်မှာ အမြင့်ဆုံးဖြစ်သည်။ သက်တမ်းလေးနှစ်ရှိသည့် တရားလွှတ်တော်ချုပ်ဥက္ကဋ္ဌအား သမ္မတက ခန့်အပ်နိုင်ပြီး အခြားတရားလွှတ်တော်ချုပ်တရားသူကြီးများကို အမျိုးသားလွှတ်တော်နှင့် တရားစီရင်ရေး အဆင့်မြင့်ကောင်စီက ခန့်အပ်သည်။ အယူခံတရားရုံး၊ အဆင့်မြင့်အုပ်ချုပ်ရေး အခွန်နှင့် စာရင်းစစ်တရားရုံး၊ စစ်တရားရုံးများ၊ ရာဇဝတ်တရားရုံး၊ ခရိုင်တရားရုံး စသည်ဖြင့် အခြားတရားရုံးများလည်း ရှိသည်။


ရွေးကောက်ပွဲအမျိုးအစားများနှင့် ရွေးကောက်ပွဲစနစ်များ
တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် သမ္မတနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်ပွဲများကျင်းပ၍ ရွေးချယ်တင်မြှောက်ပါသည်။ သမ္မတသက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး ပြည်သူ လူထုမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း  ဖြစ်ပါသည်။  အမျိုးသားလွှတ်တော် (National Assembly - Parlamenta Nacional) တွင် လွှတ်တော်ကိုယ်စားလှယ် ၆၅ နေရာရှိပြီး Closed List PR စနစ်ကို ကျင့်သုံးပါသည်။ နိုင်ငံရေးပါတီ  ၂၀ ခန့်ရှိပြီး ရွေးကောက်ပွဲများကို ငါးနှစ်လျှင်တစ်ကြိမ် ကျင်းပပါသည်။ မဲမပေးမနေရစနစ် မဟုတ်ဘဲ အသက် ၁၇ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးလိုက ပေးနိုင်ပါသည်။ 
သမ္မတရွေးကောက်ပွဲများ


သမ္မတရွေးကောက်ပွဲများအား Two Round System ဖြင့်ကျင်းပပြီး ငါးနှစ်သက်တမ်းဖြစ်ကာ စုစုပေါင်းဆန္ဒမဲ၏ ၅၀ ရာခိုင်နှုန်း + ၁ ရရှိရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၇၅၊ ပုဒ်မ ၁၊ ၂ နှင့် ၃ အရ သမ္မတအဖြစ် အသက် ၃၅ နှစ်ပြည့်ပြီးသောတီမောနိုင်ငံသားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိပြီး သမ္မတလောင်းအဖြစ် အနည်းဆုံးမဲဆန္ဒရှင် ၅၀၀၀ က     အဆိုပြုရန်လိုအပ်သည်။ သမ္မတ သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး ထပ်မံ၍ တစ်ကြိမ်သာ ပြန်လည်တင်မြှောက်ခံပိုင်ခွင့် ရှိသည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၇၆၊ ပုဒ်မ ၁၊ ၂၊ ၃ နှင့် ၄ အရ သမ္မတရွေးကောက်ပွဲများအား အများစု အနိုင်ရစနစ် ဖြင့် ကျင်းပရမည်ဖြစ်ပြီး အကယ်၍ ဆန္ဒမဲထက်ဝက်ကျော်နှင့်အထက်ရရှိသည့် ကိုယ်စားလှယ်လောင်း မရှိပါက ဒုတိယအဆင့်ရွေးကောက်ပွဲများအား ပထမအကြိမ်မဲပေးပြီးသည့်နောက် ရက်ပေါင်း ၃၀ ပြည့်သည့်နေ့တွင် ကျင်းပပြုလုပ်ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၇၈ အရ သမ္မတသည် နိုင်ငံတော် အဆင့် ပါတီဆိုင်ရာ ရာထူးတစ်ခုခု သို့မဟုတ် အခြားရာထူးတစ်ခုခုအား ထမ်းဆောင်ခွင့် မရှိသည့်အပြင် အခြားသော ပုဂ္ဂလိကရာထူးတာဝန်များလည်း ဆောင်ရွက်ခွင့်မရှိပါ။


(၄) ကြိမ်မြောက်သမ္မတရွေးကောက်ပွဲများကို  ၂၀၁၇ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည်။ မဲဆန္ဒရှင်စုစုပေါင်း  ၇၄၃၁၅၀ ရှိခဲ့ပြီး ဆန္ဒမဲပေးသူ ၅၂၈၈၁၃ ဦးရှိခဲ့ကာ မဲပေးမှုရာခိုင်နှုန်း ၇၁ ဒသမ ၁၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ရွေးကောက်ပွဲအပြီး သမ္မတလောင်းများ တစ်ဦးချင်းစီအလိုက် ဆန္ဒမဲများရရှိမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


အမျိုးသားလွှတ်တော် (National Assembly - Parlamento Nacional) ရွေးကောက်ပွဲများ
အမျိုးသားလွှတ်တော်ဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်အဖြစ်သာ သတ်မှတ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၉၃၊ ပုဒ်မ ၂ အရ အနည်းဆုံး ၅၂ ဦးမှ အများဆုံး ၆၅ ဦး အထိ ရှိနိုင်သည်။ လွှတ်တော်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒနယ်အလိုက် ယင်းတို့၏ ကိုယ်စားလှယ်လောင်းများစာရင်း (Closed Lists) တွင် အဓိကကိုယ်စား လှယ်လောင်း ၆၅ ဦး၏အမည်စာရင်းနှင့် အရန်ကိုယ်စားလှယ်လောင်း အနည်းဆုံး ၂၅ ဦး ပါဝင်ရမည် ဖြစ်သည်။ ထို့ပြင် ယင်းစာရင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း လေးပုံတစ်ပုံ ပါရှိရမည် ဖြစ်ပါသည်။         လွှတ်တော်ကိုယ်စားလှယ်နေရာခွဲဝေရာတွင်  d’Hondt method            
စနစ်ဖြင့် အသုံးပြုပြီး အနိမ့်ဆုံးသတ်မှတ်ထားသော ထောက်ခံမဲရာခိုင်နှုန်း လေးရာခိုင်နှုန်း ရရှိရမည် ဖြစ်ပါသည်။ 


လွှတ်တော်သက်တမ်း ငါးနှစ်ကာလအတွင်း လွှတ်တော်အစည်းအဝေးများကို ငါးကြိမ်ပြုလုပ် သည်။ လွှတ်တော်အစည်းအဝေး တစ်ကြိမ်စီအတွက် ကာလသတ်မှတ်ချက်မှာ တစ်နှစ်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိလွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်အတွင်း လွှတ်တော်ဖျက်သိမ်းခဲ့ပါက (ဥပမာ ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သကဲ့သို့) ကျန်ရှိနေသည့် ယင်းလွှတ်တော်အစည်းအဝေးများကို နောက်ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်သက်တမ်းတွင် ထပ်ပေါင်းထည့်သွင်းသည်။


မဲပေးခွင့်သတ်မှတ်ချက်များ 


မဲဆန္ဒရှင်စာရင်းတွင် ပါရှိသည့် အသက် ၁၇ နှစ်ပြည့်ပြီးသူ တီမောနိုင်ငံသားများ ဆန္ဒမဲပေးပိုင် ခွင့်ရှိသည်။ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရေးအတွက် မဖြစ်မနေမှတ်ပုံတင်စာရင်းသွင်းရန်  တီမောလက်စ်တေ နိုင်ငံသားများတွင် တာဝန်ရှိသည်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅ အရ  တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် တရားဥပဒေအရ အကျဉ်းချခံရသူများ၊ စိတ်ပေါ့သွပ်သူများ မဲပေးခွင့်မရှိပါ။    

   


 လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
ဥပဒေအရာရှိ၊ နိုင်ငံ့ဝန်ထမ်း၊ ကာကွယ်ရေးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ဘာသာရေးဝန်ကြီးများ၊ သံတမန်များ၊ အမျိုးသားရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အစရှိသည့် ရာထူးလက်ဝယ်ရှိသူများအား ကိုယ်စား လှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခွင့်မရှိပါ။ ကိုယ်စားလှယ်လောင်း အမည်စာရင်းများအားလုံး နိုင်ငံရေးပါတီ သို့မဟုတ် ညွန့်ပေါင်းပါတီက တင်သွင်းသည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါရှိရ မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတစ်ဦး၏အမည်အား ကိုယ်စားလှယ်လောင်းစာရင်းတစ်ခုတွင်သာ ထည့်သွင်းခွင့်ရှိသည်။


ကိုယ်စားလှယ်လောင်းအမည်စာရင်းတွင် အနည်းဆုံး အဓိကကိုယ်စားလှယ်လောင်း  ၆၅  ဦး၏ အမည်စာရင်းနှင့်  အရန်ကိုယ်စားလှယ်လောင်း ၂၅ ဦး အမည်ပါဝင်ရမည် ဖြစ်ပါသည်။ ထို့ပြင် ကိုယ်စား လှယ်လောင်း လေးဦးပါသည့် အစုအဖွဲ့တစ်ခုလျှင် အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦး ပါရှိရသည် သို့မဟုတ် ကိုယ်စားလှယ်လောင်းစာရင်း၌ အနည်းဆုံးကိုယ်စားလှယ်လောင်း သုံးဦးမြောက်နေရာတိုင်း တွင် အမျိုးသမီးကိုယ်စားလှယ်လောင်းအား      ထည့်သွင်းရန်ဖြစ်သည်။  အဆိုပါ  အမည်စာရင်းမှာ သက်ဆိုင်ရာလွှတ်တော်သက်တမ်းတစ်လျှောက်လုံးအတွက် အကျုံးဝင်သည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး နုတ်ထွက်ခြင်း သို့မဟုတ် ဆက်လက်တာဝန်ထမ်းဆောင်မှု မရှိခြင်းကြောင့်  လစ်လပ်ခဲ့ပါက သက်ဆိုင်ရာပါတီ သို့မဟုတ် ညွန့်ပေါင်းပါတီ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွင်ရှိသည့် ကိုယ်စားလှယ်လောင်းအား အစဉ်လိုက်ရွေးချယ်မည်ဖြစ်သည်။ အဓိက ၆၅ ဦးစာရင်းအနက် ရွေးချယ်ရန် ကိုယ်စားလှယ်လောင်း မကျန်ရှိတော့ပါက အရန်ကိုယ်စားလှယ်လောင်းစာရင်းမှ အစဉ်လိုက်အစားထိုး ရွေးချယ်မည်ဖြစ်သည်။


မဲဆန္ဒရှင်စာရင်းပြုစုခြင်း     


ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၆၅၊ ပုဒ်မ ၂ နှင့် ၆ အရ မဲဆန္ဒရှင်မှတ်ပုံတင်ခြင်းအား မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး  ရွေးကောက်ပွဲများမကျင်းပမီတွင် မဲဆန္ဒရှင်စာရင်းအား ပြုစုထားရမည် ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာအက်ဥပဒေများအား လွတ်လပ်၍ အမှီအခိုကင်းသည့် အဖွဲ့အစည်းတစ်ရပ်က ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်း ဖွဲ့စည်းဆောင် ရွက်မှုအား ဥပဒေအရ ဆောင်ရွက်ရမည် ဖြစ်သည်။ အနည်းဆုံး အသက် ၁၆ နှစ်ပြည့်ပြီးသည့် တီမော နိုင်ငံသားများသည် မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်ခွင့်ရှိသော်လည်း ရွေးကောက်ပွဲနေ့တွင် အသက် ၁၇ နှစ်ပြည့်ပြီးသည့် နိုင်ငံသားများသာ မဲစာရင်းတွင် ပါဝင်မည်ဖြစ်သည်။

  
ရွေးကောက်ပွဲနေ့၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း


မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲနေ့တွင် မဲစာရင်းရှိရာ နယ်မြေဒေသအတွင်းရှိ သက်ဆိုင်ရာ မဲရုံတွင် ၎င်းတို့၏ မဲဆန္ဒရှင်မှတ်ပုံတင်ကတ်ပြားပြသ၍ မဲပေးနိုင်သည်။ မဲဆန္ဒရှင် မှတ်ပုံတင်ကတ်ပြား မရှိသည့် မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာမဲရုံရှိ မဲဆန္ဒရှင်စာရင်းတွင် ၎င်းတို့၏အမည် ပါရှိပါက ၎င်းတို့၏ သက်သေခံကတ်ပြား သို့မဟုတ် တီမောနိုင်ငံကူးလက်မှတ်ကိုပြသပြီး ဆန္ဒမဲပေးနိုင်သည်။ အကယ်၍ နေရာဒေသတစ်ခုတွင် မဲရုံတစ်ရုံထက်ပို၍တည်ရှိနေပါက   မဲဆန္ဒရှင်တစ်ဦးချင်းစီအလိုက် ၎င်းတို့နှင့်အနီးစပ်ဆုံးမဲရုံတွင် မဲပေးနိုင်ရန်အတွက် ၎င်းတို့၏ သက်သေခံကတ်ပြားများတွင် ကပ်ထားရမည့် သတ်မှတ်ထားသည့် စတစ်ကာများကို STAE က ထုတ်ပေးသည်။ သတ်မှတ်ထားသည့်ရက်များအတွင်းတွင် မဲဆန္ဒရှင်များက အဆိုပါစတစ်ကာများကို STAE ရုံးများတွင် သွားရောက်ထုတ်ယူရသည်။

မဲရုံများအား နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိဖွင့်လှစ်သည်။ မဲပေးစင်တာတစ်ခုလျှင် အုပ်ချုပ်သူ တစ်ဦးစီရှိပြီး မဲရုံတစ်ရုံလျှင် မဲရုံဝန်ထမ်း ကိုးဦးနှင့် ကြီးကြပ်သူအရာရှိတစ်ဦး ထားရှိနိုင်သည်။ မဲရုံတစ်ရုံတွင် အနည်းဆုံးဝန်ထမ်း ခြောက်ဦးထားရှိရသည်။ မသန်စွမ်းမဲဆန္ဒရှင်များအား ၎င်းတို့ ရွေးချယ်ထားသည့် အခြားပုဂ္ဂိုလ်တစ်ဦး၏အကူအညီဖြင့် မဲပေးခွင့်ပြုသည်။ တီမောလက်စ်တေ သံရုံးနှင့် ကောင်စစ်ဝန် ရုံးများရှိရာ နိုင်ငံများတွင် နိုင်ငံပြင်ပ၌မဲပေးခြင်းကို ဆောင်ရွက်နိုင်သည်။
မဲပေးပြီးနောက်တွင် မဲရေတွက်ခြင်းကို မဲပေးစင်တာများ၌ ပြုလုပ်သည်။ ရလဒ်များအား မဲပေး စင်တာများ၌ ကပ်ထားကြေညာသကဲ့သို့  မြူနီစီပယ်ခရိုင် ၁၃ ခုရှိ မဲရေတွက်စုစည်းသည့် မြူနီစီပယ်စင်တာ များ၌ စုစည်းသည်။ ယင်းသို့ ဆန္ဒမဲစုစည်းရေတွက်ရေးကော်မတီများကို STAE မှ မြူနီစီပယ်ညွှန်ကြားရေးမှူး များက ဦးဆောင်ပြီး  မဲပေးစင်တာမှူးများ၊ STAE မှ ခန့်အပ်ထားသည့် အရာရှိများ ပါဝင်ဆောင်ရွက်သည်။ ရွေးကောက်ပွဲနေ့အပြီး နှစ်ရက်အတွင်းတွင် ဆန္ဒမဲစုစည်းရေတွက်ရေးကော်မတီများက မဲရလဒ်များအား အမျိုးသားရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ရသည်။ ကော်မရှင်သည် မဲရလဒ်များအား လက်ခံရရှိပြီးချိန်မှ ၇၂ နာရီအတွင်း စိစစ်ရပြီး ယင်းနောက် ၇၂ နာရီအတွင်း ခရိုင်အလိုက် ရွေးကောက်ပွဲရလဒ်များကို ကြေညာရသည်။


ရွေးကောက်ပွဲအငြင်းပွားမှုဖြေရှင်းခြင်း


ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်များ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ချိုးဖောက်မှုများအား အမျိုးသားရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားနိုင်သည်။ မဲရုံတွင် ရွေးကောက်ပွဲ လုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်းသော တိုင်ကြားချက်များအား STAE ထံ တင်ပြဆွေးနွေးမှုဖြင့် မဲရုံမှူးများက ဆုံးဖြတ်ဖြေရှင်းနိုင်သည်။ ယင်းဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိပါက တိုင်ကြားသူသည် အမျိုးသားရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်တိုင်ကြားနိုင်သည်။  တိုင်ကြားစာရရှိပြီး ၇၂ နာရီ  အတွင်း ကော်မရှင်ကဆုံးဖြတ်ပေးရသည်။ ကော်မရှင်ထံတွင် အထူးသဖြင့် STAE ၏ မဲဆန္ဒရှင်စာရင်းဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် ကန့်ကွက်လွှာများနှင့်စပ်လျဉ်းပြီး ဖြေရှင်းရန် တာဝန်ရှိသည်။ ပြစ်မှုဆိုင်ရာ ချိုးဖောက်မှုအား ကော်မရှင်က အစိုးရရှေ့နေထံ လွှဲပြောင်းပေးရသည်။  CNE နှင့် STAE တို့၏ ဆုံးဖြတ် ချက်များအပေါ် ကျေနပ်မှုမရှိပါက အယူခံတရားရုံး (Court of Appeal) ထံတွင် အယူခံဝင်နိုင်သည်။ ကော်မရှင်ကကြေညာသည့် ခရိုင်အဆင့် ရွေးကောက်ပွဲဆိုင်ရာရလဒ်များအပေါ်  ကန့်ကွက်လိုပါက ရလဒ်များ ကြေညာပြီးချိန်မှ ၄၈ နာရီအတွင်း အယူခံတရားရုံး (Court of Appeal) ထံ တင်သွင်းနိုင်သည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ

တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ၂၀၀၂ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး နိုင်ငံ၏ပထမဦးဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေညီလာခံက ၂၀၀၁ ခုနှစ်တွင် စတင်မူကြမ်းရေးဆွဲခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုရန် လူထုဆန္ဒခံယူပွဲကျင်းပရန်မလိုအပ်ဘဲ ညီလာခံကအတည်ပြုပြီးသည့်နောက်တွင် နိုင်ငံ၏ လွတ်လပ်ရေး နေ့၌ စတင်အသက်ဝင်ခြင်းဖြစ်သည်။ အခန်း ခုနစ်ခန်းပါရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား နိုင်ငံ၏ တရားဝင် ဘာသာစကားဖြစ်သည့် တီတမ် (Tetum) နှင့် ပေါ်တူဂီ (Portuguese) ဘာသာစကားနှစ်မျိုးဖြင့် ရေးသားထားသည်။ 
ရွေးကောက်ပွဲစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ    


တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲသည့် အဖွဲ့အစည်း နှစ်ရပ်ရှိပြီး အမျိုးသားရွေးကောက်ပွဲကော်မရှင်        (Comissão Nacional de Eleições - CNE) နှင့် ရွေးကောက်ပွဲစီမံအုပ်ချုပ်ရေးအတွက် နည်းပညာအထောက်အပံ့ဆိုင်ရာအတွင်းရေးမှူးချုပ်ရုံး (Secretariado Técnico de Administração Eleitoral - STAE) တို့ဖြစ်သည်။ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့်ဆိုင် သောအဓိကဥပဒေမှာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေ ၅/၂၀၀၆ ဖြစ်ပြီး ရွေးကောက်ပွဲစီမံအုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းများဟူ၍ အမည်သုံးစွဲခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် အဆိုပါဥပဒေအား ပြင်ဆင်သည့် ဥပဒေ ၆/၂၀၁၁ ပြဋ္ဌာန်းခဲ့ပြီး CNE နှင့် STAE တို့အတွက် သီးခြားဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ ဖော်ပြခဲ့သည်။      အမျိုးသားရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍အမှီအခိုကင်းသည့်အဖွဲ့အစည်းဖြစ်ပြီး ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနှင့်အဖွဲ့အစည်းဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်။ STAE သည် ၎င်း၏ ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် နည်းပညာဆိုင်ရာနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော်လည်း အစိုးရ၏ ကမကထပြုမှုနှင့် ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းဖြစ်သည်။


CNE နှင့် STAE တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲနေ့ ရက်သတ်မှတ်ကြေညာခြင်း သို့မဟုတ်  မဲဆန္ဒနယ်များသတ်မှတ်ခြင်းတို့အား  ဆောင်ရွက်ရန်တာဝန်မရှိပါ။  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို အယူခံတရားရုံး (Court of Appeal) ကလည်းကောင်း၊ ရွေးကောက်ပွဲနေ့  သတ်မှတ်ခြင်းကို သမ္မတကလည်းကောင်း ဆောင်ရွက်ပြီး ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအား မဲဆန္ဒနယ်များ တစ်နယ် အဖြစ်သတ်မှတ်၍ဖြစ်စေ၊ ယခင်က သတ်မှတ်ထားသည့် အုပ်ချုပ်မှုနယ်မြေများအပေါ် အခြေခံ၍ဖြစ်စေ ဆောင်ရွက်သည်။ CNE နှင့် STAE ၏ တာဝန်များ၊     လုပ်ပိုင်ခွင့်များအား   သမ္မတရွေးကောက်ပွဲနှင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ သီးခြားဥပဒေများတွင် အသေးစိတ်ဖော်ပြထားသည်။ တီမော လက်စ်တေသမ္မတနိုင်ငံတွင် သမ္မတရွေးကောက်ပွဲများ၊ လွှတ်တော်ရွေးကောက်ပွဲများနှင့် လူထုဆန္ဒခံယူ ပွဲများကျင်းပရန်အတွက် CNE နှင့် STAE ထံတွင်တာဝန်ရှိသည်။
(ဆက်လက်ဖော်ပြပါမည်)

 

ကိုအောင်(ရန်ကုန်)