
ပရီမီယာလိဂ် ပွဲစဉ် (၃၁) မှ ဝက်စ်ဟမ်းနှင့် အာဆင်နယ် အသင်းတို့ ပွဲစဉ်ကို ဧပြီ ၁၆ ရက် ည ၇ နာရီခွဲက ယှဉ်ပြိုင်ကစားရာ အပြန်အလှန် ထိုးဖောက်တိုက်စစ် ဆင်မှုများဖြင့် အကြိတ်အနယ် ရှိခဲ့သော်လည်း ပွဲအပြီးတွင် တစ်ဖက် နှစ်ဂိုးစီဖြင့် အဆုံးသတ် ခဲ့သည်။
အာဆင်နယ် အသင်းသည် အမှတ်ပေးဇယားကို ပြတ်သား သောရလဒ်ဖြင့် ဦးဆောင်ခွင့်ရရေး ကြိုးစားလာခဲ့သော်လည်း အသင်း ကစားသမားများ အဆုံးသတ် အားနည်းမှု၊ ပြိုင်ဘက်ခံစစ် ဟန့်တားပုံကောင်းမွန်မှု၊ ဂိုးသမား ဖေဘီယန်စကီး လက်စွမ်းပြ ကာကွယ်ထားနိုင်မှု၊ ရရှိခဲ့သော ပယ်နယ်တီကို ဆာကာ ဂိုးအဖြစ် မပြောင်းလဲနိုင်မှုတို့ကြောင့် သရေ ကျခဲ့ခြင်းဖြစ်သည်။
ယခုပွဲ သရေ ကျမှုကြောင့် အာဆင်နယ်အသင်းက ဒုတိယ နေရာမှ မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားထားပြီး လေးမှတ် အသာဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ကာ ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းက တန်းဆင်းဇုန် အသင်းများ နှင့် ပွဲအရေအတွက်တူ ရမှတ် လေးမှတ် အသာဖြင့် အဆင့် (၁၅) တွင် ရပ်တည်နိုင်ခဲ့သည်။
ဦးဆောင်ဂိုးများကို အာဆင် နယ်အသင်းက ပွဲချိန် ၇ မိနစ်နှင့် ၁၀ မိနစ်တွင် ဂျီးဆပ်စ်နှင့် အိုဒီ ဂတ်တို့က သွင်းယူနိုင်ခဲ့သော် လည်း ဝက်စ်ဟမ်းအသင်းက ပွဲချိန် ၃၃ မိနစ်နှင့် ၅၄ မိနစ်တို့တွင် ချေပဂိုးများ ပြန်လည်သွင်းယူ နိုင်ခဲ့သည်။ အာဆင်နယ်အသင်း၏ လက်ကျန် ပွဲစဉ်များတွင် တန်းဆင်းဇုန်မှ ဆောက်သမ်တန်၊ မန်စီးတီး၊ ချယ်ဆီး၊ နယူးကာဆယ် အသင်းတို့နှင့် ကျန်ရှိနေသေး သည့်အတွက် အမှတ်ပေးဖလား ဆွတ်ခူးရေး ရုန်းကန်ရဦးမည်ဖြစ် သည်။
နော်တင်ဟမ် ဖောရက်စ် အသင်းနှင့် မန်ချက်စတာ ယူနိုက် တက်အသင်းတို့ပွဲတွင် မန်ယူ အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။ အောင်ဇော်