ဦးခိုက်ပူဇော် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်

Type
1
မောင်တင်လှိုင်(ဟိုတယ်/ခရီး) မြန်မာနိုင်ငံအရပ်ရပ်၌ ပွင့်လင်းရာသီတွင် ဘုရားပွဲများကျင်းပလျက် ရှိရာ ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီး ကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင် စေတီတော်ကို လည်း နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပခဲ့ပေသည်။ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ယခုနှစ်တွင် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ကျင်းပမည်ဖြစ်ပေသည်။ မဟာမကုဋရံသီမှာ “ ကြီးမြတ်တော်မူသော မော်တင်အစွန်း၌ တောက်ပသော ရောင်ခြည်ဖြင့် ကြည်ညိုဖွယ်အဆင်းရှိသည့်စေတီ” ဟု အဓိပ္ပာယ်ရပြီး စေတီတော်ကို ဂေါတမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ် ပေးသနားတော်မူခဲ့သော ဆံတော်ရှစ်ဆူအနက် ဆံတော် နှစ်ဆူကို ဌာပနာပြု၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ပူဇော်ပွဲကျင်းပ ယခုနှစ် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင် စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၁ ခုနှစ် မတ် ၁၃ ရက်မှ မတ် ၂၇ ရက် အထိ(၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ အထိ) ကျင်းပမည်ဖြစ်သည်။ စေတီတော်တည်ထားကိုးကွယ် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သုံးလောကထွတ်ထား ရှင်တော်ဂေါတမမြတ်ဘုရား ဘုရားအဖြစ်သို့ ရောက်ရှိသည့်အခါက မြန်မာနိုင်ငံ ဥက္ကလာပတိုင်း အသီကဉ္ဇနမြို့ သား တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် အိန္ဒိယနိုင်ငံ မဇ္စျိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားရာက ဘုရားပွင့်တော်မူခိုက်နှင့် ကြုံတွေ့သဖြင့် ဘုရားရှင်ကိုယ်တော်မြတ်အား ဖူးမြော်ခွင့်ရရှိပြီး မုန့်ကြွပ်ကျစ်တို့ကို လှူဒါန်းကာ ဒေဝါဇိက သရဏဂုံဆောက်တည် ခဲ့ကြလေသည်။ ထိုအခါမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက တဖုဿနှင့် ဘလ္လိကကုန်သည် ညီနောင်တို့အား နောင်အစဉ်သဖြင့် ကိုးကွယ် ပူဇော်နိုင်ရန်အလို့ငှာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလဆန်း ၅ ရက်နေ့တွင် ဆံတော်မြတ်ရှစ်ဆူ စွန့်ကြဲပေးအပ်ခဲ့သည်။ တဖုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ပင့်ဆောင်လာသော ဗုဒ္ဓဆံတော် ရှင် ရှစ်ဆူအနက်မှ ဆံတော်နှစ်ဆူကို ဇေယျသေန နဂါးမင်းသည် ရယူခဲ့ပြီး ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ကုသိမနာဂရ (ပုသိမ်) တောင်ပိုင်းရှိ နဂါးရစ် မှော်သရနတောင်စွန်း (ဝါ) မော်တင်စွန်းတွင် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ပင်လယ်တွင်းရရှိသော မြသားဖြင့် စိုင်တမော့အရွယ်စေတီကို တည်ထားကိုးကွယ်ခဲ့သည်။ လူတို့ဖူးတွေ့ခွင့်မရနိုင်သည့်စေတီများ လူတို့ကိုယ်တိုင် ဖူးတွေ့ခွင့်မရနိုင်သည့်စေတီသုံးဆူရှိလေသည်။ တာ၀တိံသာ နတ်ပြည်တွင် ဘုရားလောင်း၏ ဆံတော်ကို ဌာပနာ၍ တည်ထားသော စူဠာမဏိစေတီတော်၊ ဗြဟ္မာပြည်တွင် ဘုရားလောင်း ၏ အဝတ်အထည်ကို ဌာပနာ၍ တည်ထားသော ဒုဿစေတီတော်၊ ဟိမဝန္တာတောတွင် မြတ်စွာဘုရားနှင့် မဟေသာရပညာချင်းယှဉ်ရာ တွင် မြတ်စွာဘုရားက အောင်နိုင်တော်မူရာ မဟေသာရက မြတ်စွာ ဘုရားကို ဝတ်ကြီး ဝတ်ငယ်ပြုစုခွင့်တောင်းသောအခါ မြတ်စွာဘုရား က သတ္တဝါတွေကို ကယ်တင်ရန်ရှိသဖြင့် သူ၏ကိုယ်စား ရုပ်ပွားတော် ကို ဖန်ဆင်းပေးခဲ့သော မဟေသာရဗုဒ္ဓရုပ်ပွားတော်စေတီတို့ ဖြစ်ပါ သည်။ ဇေယျသေန နဂါးမင်းအား ကျေးဇူးတင်ရခြင်း ဇေယျသေန နဂါးမင်းသည် ဆံတော်ဓာတ် နှစ်ဆူအား နဂါးပြည်သို့ ယူဆောင်ပြီး စေတီတည်ထားခဲ့သော် လူတို့ ဖူးမြော်နိုင်ရန် ခက်ခဲ မည်။ ယခု ဆံတော်ဓာတ်နှစ်ဆူကို ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ကုသိမနာဂရ (ပုသိမ်) တောင်ပိုင်း နဂါးရစ်မှော် (ခေါ်) သရနတောင်စွန်း (ဝါ) မော်တင်စွန်းတွင် မဟာမသက္ကရာဇ် (၁၀၃) ခုနှစ် ဝါဆိုလပြည့်နေ့တွင် တည်ထားကိုးကွယ်ခဲ့သဖြင့် လူအများဖူးမြော်ခွင့် ရရှိသောကြောင့် ဇေယျသေန နဂါးမင်းကြီးအား ကျေးဇူးတင်ရပါသည်။ ဖွင့်ပွဲနေ့ နံနက်အချိန်အခါ နတ်တောင် တောင်ခြေမှ ကမ်းနား သဲသောင်ပြင်တစ်လျှောက် ဖောင်တော်ဆိပ်ဘုရားအထိ ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် မြတ်မော်တင်စေတီတော်အား နှစ်စဉ်ပူဇော်ကန်တော့ သည့်မြင်ကွင်းမှာ မင်္ဂလာရှိလှပေသည်။ ပင်လယ်ရေပြင်၏ အလှ သဘာ၀နှင့် နေထွက်ခါစအလှတို့ ပနံရ တင့်တယ်လှသည်။ သမာဓိ စောင်းတန်းမှ ဆံတော်ရှင်မြတ်မော်တင် ရင်ပြင်ပေါ်သို့ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့် လည်ပူဇော်ကာ စေတီတော်မြတ်ကြီး၏ အင်္ဂါထောင့်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီးကိုးမျိုး၊ ယိုကိုးမျိုးတို့ဖြင့် ဆက်ကပ် လှူဒါန်းကြမည်ကို ကုသိုလ်ယူနိုင်ကြပေသည်။ ဆရာတော် သံဃာတော်များက မြတ်မော်တင်စေတီတော် မြတ်ကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင်တော်မူခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းအတွက်လည်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပေမည်။ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးကို သာသနာတော် နှစ် ၂၁၀ ခုနှစ် သီရိဓမ္မာသောကမင်းကြီးက လည်းကောင်း၊ သက္ကရာဇ် ၄၀၆-၄၃၉ နှစ်အတွင်း စိုးစံခဲ့သည့် အနော်ရထာမင်းကြီး လက်ထက် ကလည်းကောင်း၊ သက္ကရာဇ် ၄၇၄-၄၉၆ ခုနှစ်အတွင်း နန်းစံ ခဲ့သော ကျန်စစ်သားမင်းလက်ထက်တွင် လည်းကောင်း၊ ၄၇၅ ခုနှစ် တပေါင်းလပြည့်နေ့တွင် ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးက လည်းကောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက် တာဝန်ရှိ သူများကလည်းကောင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ် များကလည်းကောင်း၊ အလှူရှင်များက လည်းကောင်း၊ ၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျိုက်ထီးဆောင်း ဒုတိယဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ အရှင်သူမြတ် ဦးဆောင်ကြီးကြပ်၍ အလှူရှင်မိသားစုတို့ကလည်းကောင်း ထပ်မံမွမ်းမံပြင်ဆင်ခဲ့သည်။ မြန်မာနိုင်ငံ၌ ပထမဆုံးတည်ထားကိုးကွယ်သော စေတီတော် မြန်မာနိုင်ငံတစ်ဝန်းတွင် တန်ခိုးကြီးဘုရားများ ရှိသည့်အနက် ဆံတော်ရှင် မြတ်မော်တင်စေတီသည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ထားရာ စေတီတစ်ဆူဖြစ်ပြီး သာသနာတော်အတွင်း ဆံတော်၊ မွေတော်၊ ဓာတ်တော်များကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ကြသော စေတီတော်အဆူဆူအနက် မြန်မာနိုင်ငံ၌ ပထမဆုံး တည်ထား ကိုးကွယ်ခဲ့သော စေတီတော်ဖြစ်သည်။ ဘုရားပွဲတော်ကို တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပပြီး ရှေးယခင်က ပွင့်ခဲ့သော ဘုရားရှင်တို့၏ ဓာတ်တော်မွေတော်များ တည်နေကိန်းဝပ် နေတော်မူကြောင်းကို ဂေါတမမြတ်စွာဘုရား ကိုယ်တော်တိုင် မိန့်ကြား တော်မူခဲ့ပြီး ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ပေးခဲ့ သော ဆံတော်များတည်နေကိန်းဝပ်တော်မူရာ စေတီတော်မြတ် ဖြစ်လေသည်။ မြတ်မော်တင်စေတီတော်သို့ ဂေါတမမြတ်စွာဘုရား ကိုယ်တော်တိုင် သက်တော်ထင်ရှားရှိစဉ် နှစ်ကြိမ်တိုင်တိုင် ကြွရောက်ရာဌာနဖြစ်ကြောင်း သမိုင်းစဉ်လာရှိနေသဖြင့် မြတ်မော် တင်စေတီတော်သည် မြန်မာနိုင်ငံတော်၏ အထင်ကရထင်ရှားသော စေတီတော်တစ်ဆူ ဖြစ်လေသည်။ နတ်၊ နဂါး၊ ဆင်ဖြူတော်နှင့် ဝိဇ္ဇာဓိုရ်များ ကြည်ညို မဟာကောဇာသက္ကရာဇ် ၄၇၅ ခုနှစ် တပေါင်းလပြည့်နေ့တွင် အမြင့်သံတောင် ၂၅ တောင်ရှိ စေတီတော်အဖြစ် အလောင်းစည်သူ မင်းကြီးက ထပ်မံပြုပြင်မွမ်းမံ၍ တည်ထားခဲ့ပြီးနောက် အလှူရှင် အဆက်ဆက်၏ ပြုပြင်မွမ်းမံမှုကြောင့် ယခုအခါ အမြင့်သံတောင် ၈၈ တောင်နှင့် အဝန်းမှာ သံတောင် ၁၃၆ တောင်ရှိသည်။ လူများ သာမက နတ်များ၊ နတ်နဂါးများ ကြည်ညိုခဲ့သော စေတီလည်းဖြစ်ပြီး နံနက်နှင့် ညနေချမ်းအချိန်အခါများတွင် ဇေယျသေန နဂါးမင်း အမှူးပြုသော ရေနတ်နဂါးတို့သည် စေတီတော်၏ အနောက်တောင်ဘက် လမ်းမှ ဝတ္ထုပစ္စည်းများ ယူဆောင်ကာ ပူဇော်မှုပြုခဲ့ကြသဖြင့် ထိုလမ်း ကို နဂါးလမ်းဟူ၍လည်းကောင်း၊ ဆင်ဖြူတော်တို့သည် စေတီတော်၏ တောင်ဘက်အရပ်မှ တက်ရောက်ဖူးမြော်ခဲ့ကြသဖြင့် စေတီတော်၏ တောင်ဘက်လမ်းကို ဆင်ဖြူတော်လမ်းဟူ၍ လည်းကောင်း၊ ဝိဇ္ဇာဓိုရ် ပုဂ္ဂိုလ်တို့သည် ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် စေတီတော်၏ အရှေ့တောင်အရပ်မှ တက်ရောက်ဖူးမြော်ခဲ့ကြ၍ စေတီတော်၏ အရှေ့တောင်လမ်းကို ဝိဇ္ဇာဓိုရ်လမ်းဟူ၍ လည်းကောင်း ခေါ်တွင်ခဲ့ ကြောင်း သိရပေသည်။ ဘုရားဖူးများစည်ကား ဘုရားပွဲတော်ကာလတွင် ပွဲတော်သို့ သွားရောက်သည့် သင်္ဘော များ ၏ ခေါင်မိုးများပေါ်တွင် သာသနာ့အလံများ၊ ပလတ်စတစ်ပူဖောင်း များကို ဝါးခက်များဖြင့် တင့်တယ်လှပစွာ ပန်းဖွားဆင်ထားတတ်သည် ကို တွေ့ရသူများသည် မြတ်မော်တင်ဘုရားပွဲတော်သို့ သွားလိုစိတ်များ ပေါ်ပေါက်လာတတ်သည်။ ကျေးရွာဓလေ့ တေးသံသာများ လွှင့်ထုတ် ပေးနေသည်မှာလည်း ကြားရသူများအဖို့ ဘုရားပွဲတော်သို့ သွားလို စိတ်များ ထပ်မံဖြစ်ပေါ်စေပါသည်။ ရန်ကုန်မြို့မှ ၂၅၈ မိုင် ကွာဝေးသော ခမောက်မှော်သို့ ရေယာဉ် ကြီးများဖြင့် လည်းကောင်း၊ ပုသိမ်မြို့မှ မော်တင်စွန်းဘုရားအထိ ၁၀၁ မိုင် ၃ ဖာလုံခရီးကို မော်တော်ယာဉ်များဖြင့် လည်းကောင်း အလွယ်တကူသွားလာနိုင်ပြီး ပုသိမ်မြို့မှ ၈၆ မိုင် ကွာဝေးသော ခမောက်မှော်သို့ ရေယာဉ်ကြီးများဖြင့် သွားလာနိုင်သည်။ တစ်ညအိပ် ဘုရားဖူးပြီး ပြန်လာနိုင်မည်ဖြစ်ရာ သွားရေးလာရေး အလွန်လွယ်ကူ လှပေသည်။ အပြန်ခရီးတွင် ပုသိမ်၊ မြောင်းမြ၊ ဝါးခယ်မ၊ မအူပင်မြို့များသို့ ဝင်ရောက်၍ ဘုရားဖူးနိုင်သည်။ သမိုင်းဝင်ဟိုင်းကြီးကျွန်းမြို့ကို လည်း ဝင်ရောက်လေ့လာနိုင်ပြီး ကျိုက်တိစေတီကိုလည်း ဖူးမြော်နိုင် သည်။ ကျောက်ကလပ်သို့ စက်လှေဖြင့် လည်းကောင်း၊ ငွေတောင် ခေါ် (မြွေတောင်) သို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ နွားလှည်း များ၊ မော်တော်ဆိုင်ကယ်များ၊ ခြေကျင်လျှောက်၍ လည်းကောင်း သွားလာနိုင်သည်။ ရှုမျှော်၍မဆုံးသော ခရီးလမ်းတွင် ရေဝေကုန်းတန်း တစ်လျှောက် ကျောက်ဆောင် ကျောက်ကမ်းပါးများသည် လှပစွာ စီခြယ်ထားသည့်အလား မိုးကောင်းကင်၏ ပြာလဲ့သောအရောင်၊ စိမ်းမြမြပင်လယ်ရေပြင်များ၊ လှိုင်းကြက်ခွပ်သံများ၊ လှိုင်းဖြူဖြူဖွေး များ ကမ်းစပ်သို့ တလိမ့်လိမ့် တက်လာပုံများ၊ လေပြေ လေအေးများနှင့် သဘာ၀ရှုခင်းများကို ကြည့်ရှုခံစားနိုင်ကာ သွားရောက်လေ့လာနိုင် ကြသည်။ ငွေတောင် ရေချိုးဆိပ်တွင် ရေချိုးရသည်များမှာလည်း အလွန်ပျော်စရာ ကောင်းလှပေသည်။ သန့်ရှင်းလတ်ဆတ်သော ပင်လယ်အစားအစာများကို စားသောက်နိုင်သည်။ အုန်းရည်ချိုချိုလေး များလည်း သောက်သုံးနိုင်သည်။ ပွဲတော်ဈေးခင်းမှာ သဲသောင်ပြင် တွင်ရှိ၍ ပင်လယ်ရေ၏ အလှသဘာ၀နှင့် ပနံရ တင့်တယ်လျက် ရှိသည်။ ကျန်းမာရေးနှင့် လုံခြုံရေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများက နေ့ညမပြတ် စောင့်ရှောက် ပေးထားမည်ဖြစ်သည်။ အံ့ဖွယ် ၁၈ ပါး မြတ်မော်တင်စေတီတော်မြတ်ကြီးတွင် အံ့ဖွယ် (၁၈)ပါး ရှိလေ သည် - ၁။ ညအခါ စေတီတော်အား တစ်ယောက်တည်း အဓိဋ္ဌာန်၍ ခုနစ် ပတ်ရစ်ပတ်ပါက ရွှေသံ၊ ငွေသံ ကြားရခြင်း၊ ၂။ ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်များ အမြောက်မိုး၊ လက်နက် မိုး၊ ဗုံးမိုးရွာသော်လည်း ကျည်ဆန်တစ်ခုမျှ မခခြင်း၊ ၃။ လပြည့်၊ လကွယ်နေ့များတွင် ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း၊ ၄။ စေတီကုန်းနှင့် ပရိဝုဏ်တစ်ဝိုက်တွင် ရာသီပန်းများ မပြတ် ပွင့်ခြင်း၊ ၅။ ညချမ်းအခါတွင် စေတီတော်ကုန်းတော်၌ အမွှေးရနံ့လှိုင်ခြင်း၊ ၆။ ခေါင်းလောင်းများ လူမတီးဘဲ မြည်တတ်ခြင်း၊ ၇။ ယခုထက်တိုင်ပင် ရံဖန်ရံခါ ဆွမ်းများ ဦးအောင်မတင်နိုင်ခြင်း၊ ၈။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်ဖြစ်သော်လည်း အန္တရာယ်မရှိခြင်း၊ ၉။ နတ်များ၊ ဆင်များ၊ နဂါးတို့ ဘုရားဖူးလာသော်လည်း လူတို့အား ဒုက္ခမပေးခြင်း၊ ၁၀။ လပြည့်၊ လကွယ်တွင် အရုဏ်ဦးယံအချိန်များ၌ စေတီကုန်းတော် မှ မောင်းသံ၊ ဗုံသံ စသော တူရိယာအမျိုးမျိုးတို့၏ အသံကို ကြားရ တတ်ခြင်း၊ ၁၁။ ဘေးအန္တရာယ်များကျရောက်ပါက စေတီတော်ကြီးအား အာရုံပြု ၍ ရှိခိုးဆုတောင်းလိုက်သော် ဘေးအန္တရာယ်မှ ကင်းဝေးခြင်း၊ ၁၂။ တပေါင်းလ ဘုရားပွဲတော်ကြီးဖြစ်ခါနီးတိုင်း ကျီးအုပ်ကြီးများ အမျိုးအမည်မသိသော ငှက်အုပ်ကြီးများ၊ တောင်တော်နှင့် စေတီ တော်အား ရစ်ပတ်ပျံဝဲတတ်ခြင်း၊ ၁၃။ ဘုရားပွဲတော်ကြီးသို့ လူထောင်သောင်းချီ၍ လာရောက်သော် လည်း သောက်ရေကန်မှ ရေများမလျော့ခြင်း၊ ၁၄။ ဘုရားပွဲတော်တွင် ဆွမ်းတော်တင် တောင်ပုံရာပုံစွန့်ပစ်ထား သော်လည်း ကျီးတစ်ကောင်မျှ လာရောက်စားသောက်မှုမရှိခြင်း၊ ၁၅။ ဘုရားပွဲတော်တွင် လူထောင်သောင်းချီ၍ ရောက်လာသော် လည်း တောင်တော်တွင် လူပြည့်သည်ဟုမရှိခြင်း၊ ၁၆။ ယုံကြည်စွာဖြင့် စေတီတော်ကြီးရင်ပြင်တော်တွင် သစ္စာအဓိဋ္ဌာန် ပုတီးစိပ်ပါက ရင်ပြင်တော်မှ မြည်ဟီးသံကြားရတတ်ခြင်း၊ ၁၇။ နှစ်စဉ်တပေါင်းလတိုင်း အကြောင်းတစ်စုံတစ်ရာကြောင့် ဘုရား ပွဲတော်မကျင်းပနိုင်ပါက တောင်တော် မြည်ဟီးခြင်း၊ ၁၈။ စေတီတော်ကို အဝေးမှမြင်ရလျှင် သော်လည်းကောင်း၊ စေတီ တော်ပရိဝုဏ်သို့ ကြည်ညိုစိတ်နှင့် ရောက်လာသည်နှင့်လည်းကောင်း၊ ဖူးမြော်ဦးတိုက်လျှင် သော်လည်းကောင်း ကာယသုခ၊ စိတ္တသုခနှစ်ပါး ချမ်းမြေ့ရခြင်း။ ဒေသန္တရ ဗဟုသုတရရှိ မြတ်မော်တင်စေတီကို ဖူးမြော်ရင်း ဧရာ၀တီတိုင်းဒေသကြီး၏ သာယာတိုးတက်ဖွံ့ဖြိုးနေသော လုပ်ငန်းများ၊ ရေမြေတောတောင် များ၏ အလှသဘာ၀ရှုခင်းများ၊ အုန်းပင်များ၊ ဓနိပင်များ၊ စပါးပင် များ စသည့်စိုက်ခင်းများကို ကြည့်ရှုခံစားရင်း ဧရာ၀တီမြစ်ကူး တံတားများ၊ မြန်မာနိုင်ငံ၏ အထူးစီမံကိန်းများ၊ ဟိုင်းကြီးကျွန်း ဆိပ်ကမ်းရှိ များပြားလှသော ငါးဖမ်းရေယာဉ်များ၊ သာယာလှပသည့် သမိုင်းဝင်ဟိုင်းကြီးကျွန်းနှင့် စံပြရွာ၊ အဏ္ဏဝါရွာ၊ ကျောက်ချောင်းရွာ၊ ခမောက်မော်ရွာ၊ ကံချိုင်ရွာ၊ ဆီးချိုင့်ရွာတို့၏ သဘာ၀အလှအပများ ကို တွေ့မြင်ရမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပျူငှာ နွေးထွေးစွာ ဆက်ဆံမှုများကိုလည်း ထိတွေ့ခံစားရမည့်အပြင် ဒေသန္တရဗဟုသုတများစွာ ရရှိမည်ဖြစ်ပါသည်။ စိတ်ရွှင်လန်းမှုကိုဖြစ်စေပြီး ကျန်းမာရေးကို အထောက်အပံ့ပေး သော ပင်လယ်လေကောင်းလေသန့်များကို ရှူရှိုက်ရခြင်း၊ သဲသောင် ကမ်းစပ်များပေါ်တွင် လမ်းလျှောက်ရခြင်း၊ ဒေသထွက်ကုန်ပစ္စည်း များကို အမှတ်တရဝယ်ယူရရှိနိုင်ခြင်းတို့အပြင် ဒေသခံတိုင်းရင်းသား ပြည်သူတို့၏ စည်းလုံးညီညွတ်မှု၊ ရိုးသားမှု၊ ဧည့်ဝတ်ကျေပွန်မှုတို့ကို လည်း ထိတွေ့ခံစားနိုင်ပေသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးပုံတူ မြတ်မော်တင်စေတီတော်မြတ်ကြီးအား ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ပုံတူအဖြစ် ရွှေရောင်စတီးပြားများငုံကာ ပြန်လည် ဆောင်ရွက်ထားပြီး စေတီတော်၏ ရင်ပြင်တော်အား ထမ်းထားသော မြေထိန်းနံရံများကို ခြုံငုံကာ အဆိုပါနေရာများတွင် မြတ်မော်တင် စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းများကို လူအများလာရောက် ကြည့်ရှုလေ့လာနိုင်မည့် ပြခန်းငယ်များကိုလည်း ဆောင်ရွက်ထား သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အလှူရှင်မိသားစုက စေတီတော်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ရွှေထီးတော်သစ် တင်လှူပူဇော်ခဲ့သည်။ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်များအား ကျိုက်ထီး ဆောင်းဆရာတော်ဦးဆောင်၍ ပြုပြင်မွမ်းမံထားသည့်အတွက် သပ္ပာယ်စွာ ဖူးမြော်နိုင်ပေသည်။ ရင်ပြင်ပေါ်ရှိ အရံစေတီ ၁၆ ဆူ နှင့် အပြင်တွင်ရှိသော အရံစေတီများအား အလှူရှင်များက ရွှေသင်္ကန်း ကပ်လှူထားကာ သာသနိကအဆောက်အအုံများကိုလည်း ပြန်လည် ပြုပြင်ထားသည့်အတွက် ဆံတော်ရှင် မြတ်မော်တင်စေတီမှာ အလွန် သပ္ပာယ်စွာ ဖူးမြော်ရမည်ဖြစ်ပါသည်။ ဘုရားဖူးများ စိတ်အေးချမ်းသာ ကြည်ညိုစွာ ဘုရားဖူးမြော်နိုင်ရန် အတွက် အဘက်ဘက်မှ ပြည့်စုံစွာစီစဉ်ထားရှိပြီးဖြစ်ရာ ကြုံတောင့် ကြုံခဲ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီ ဗုဒ္ဓပူဇနိယ ပွဲတော်ကို သွားရောက်ဖူးမြော်ကြည်ညိုကြစေလိုကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။