ဝါဆိုသင်္ကန်းနှင့် မိုးရေခံသင်္ကန်း

ဝါဆိုလသည် နွေရာသီကုန်ဆုံး၍ မိုးသို့ကူးပြောင်းသောလဖြစ်သည်။ ဝါဆိုဟူသော  ဝေါဟာရ၏အဓိပ္ပာယ်ကို  ဖွင့်ဆိုရာတွင်  ‘ဝါ’ ဟူသည် ‘နေခြင်း’ ဟု အနက်ရသော ပါဠိစကားလုံး ‘ဝါသ’ မှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘ဆို’ ဟူသည် ‘ရွတ်ဆိုခြင်း’ ဟု အနက် ရခြင်းကြောင့် ဝါဆို၏အဓိပ္ပာယ်မှာ ‘နေထိုင်ခြင်း၊ ရွတ်ဆိုခြင်း’ ဖြစ်သည်ဟု ဖွင့်ဆိုသည်။ ဝိနည်းတော်အရ ရဟန်းတော်များသည် ဝါတွင်းသုံးလပတ်လုံး တစ်ပါးအရပ်သို့မသွားဘဲ တစ်ကျောင်း၊ တစ်နေရာ၌သာ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြု ဝါကပ် ကြသည့်လဖြစ်ခြင်းကြောင့်  ဤလကို  ဝါဆိုလဟု  ခေါ်ဆိုခြင်း ဖြစ်သည်။
ဝါဆိုလတွင်  ဗုဒ္ဓသာသနာတော်၏ သွင်ပြင်လက္ခဏာဖြစ်သော  သင်္ကန်းကို ကာလဒါနအဖြစ် အမွန်အမြတ်လှူဒါန်းကြရာ “ဝါဆို သင်္ကန်း” ဟူ၍ ဗုဒ္ဓဘာသာဝင်များအတွင်း ထင်ရှားသည်။ ဝဿ ဝါသိက စီဝရ - ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါတွင်းသုံးလအတွင်း ဝါသို့ကပ်၍ ဝါကျိုးခြင်း၊ ပြတ်ခြင်းမရှိဘဲ နေတော်မူသော ရဟန်း တော်တို့အား လှူဒါန်းအပ်သောသင်္ကန်း၊ ဝါတွင်းသုံးလပတ်လုံး သိက္ခာမညှိုးဘဲ နေတော်မူသောရဟန်းတော်တို့သာလျှင် ခံယူ ထိုက်သော သင်္ကန်းဖြစ်သည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်၌ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူစဉ်၊ ရဟန်းတော်များ ဝါဆိုသင်္ကန်း အလှူခံ၍  သုံးစွဲရန်လည်း  မပညတ်ရသေးသည့်   အချိန်ကာလက    ရဟန်းတော်များမှာ ပံ့သုကူသင်္ကန်းများနှင့်သာ မျှတသုံးစွဲတော်မူကြရသည်။ ပံ့သုကူသင်္ကန်းဆိုသည်မှာ  လူတို့ သုံးစွဲစွန့်ပစ်ထားသည့်  အဝတ်စုတ်များ၊   လူသေကောင်များ၌ ရစ်ပတ်ထားသော အဝတ်များကို ကောက်ယူလျှော်ဖွပ်၊ သင်္ကန်း ဖြစ်အောင်ချုပ်စပ်ကာ  ဖန်ရည်ဆိုး၍ ဝတ်ရုံကြရသော သင်္ကန်း ဖြစ်သည်။ နောင်အခါတွင် သမားတော်ကြီး ဇီဝက၏ လျှောက်ထား တောင်းပန်မှုကြောင့် လူဒါယကာတို့ လှူဒါန်းသည့်သင်္ကန်းကို အလှူခံခွင့်ရရှိလာသည်။
အခါတစ်ပါးတွင် အမတ်စစ်သူကြီးတစ်ဦးသည် စစ်တိုက် ထွက်ခါနီးအချိန်တွင် ကုသိုလ်ရလိုခြင်း၊ ကုသိုလ်၏အစွမ်းသတ္တိ ဖြင့် စစ်မြေပြင်၌ အန္တရာယ်ကင်းလိုခြင်းတို့ကြောင့် ရဟန်းတော် တို့ထံ    အစေအပါးတမန်ကိုလွှတ်၍   ဝါဆိုသင်္ကန်းအလှူခံ ကြွရောက်တော်မူပါရန်    ပင့်ဖိတ်စေသည်။   ထိုစဉ်က မြတ်စွာ ဘုရားသည်    ဝါမှထကုန်သော    ဝါဆိုပြီးသောရဟန်းတော်တို့ ဝါဆိုသင်္ကန်းအလှူခံ၍    သုံးစွဲရန်ခွင့်ပြုတော်မူခြင်း  မရှိသေး သဖြင့်     ရဟန်းတော်တို့မှာလည်း ဝါဆိုသင်္ကန်းအလှူခံယူမှု အပေါ် တွေးတောသံသယများကာ အလှူခံမကြွရောက်ကြ။ ဝါဆိုသင်္ကန်းအလှူခံရန် တမန်စေလွှတ်ဖိတ်ကြားပါလျက် မကြွ ရောက်သည့်အပေါ်     အမတ်စစ်သူကြီးက   ကဲ့ရဲ့ရှုတ်ချကြောင်း မြတ်စွာဘုရား      ကြားသိသောအခါ      ရဟန်းတော်တို့သည် “အဆောတလျင် လှူအပ်သောသင်္ကန်း-အစ္စေကစီဝရ” ကို ခံယူ၍ ထားခြင်းငှာ ခွင့်ပြုတော်မူသည်။ ထိုသင်္ကန်းသည် ဝဿဝါသိက စီဝရ - ဝါဆိုသင်္ကန်းဖြစ်သကဲ့သို့ အစ္စေကစီဝရ - အဆောတလျင်၊ ရှောင်တခင်လှူဒါန်းသော သင်္ကန်းလည်းဖြစ်သည်။
ဝိသာခါကျောင်းအမကြီး၏ လျှောက်ထားတောင်းပန်ချက် ကြောင့် မြတ်စွာဘုရားရှင်  ခွင့်ပြုတော်မူခဲ့သည့်  သင်္ကန်းမှာ “ဝဿိကသာဋိကစီဝရ - မိုးရေခံသင်္ကန်း” ဖြစ်ပြီး “နယုန်လပြည့် ကျော်(၁)ရက်မှ ဝါဆိုလပြည့်နေ့အထိ” တစ်လသာလှူဒါန်း၊ အလှူခံ ခွင့်ရသည့် သင်္ကန်းဖြစ်သည်။ ရဟန်းတော်များ မိုးတွင်းလေးလ ပတ်လုံး သုံးစွဲနိုင်သည်။ ဝိနည်းတော်အရ တိကျသောအတိုင်း အတာ သတ်မှတ်ထားပြီး အတိုင်းအတာပိုပါက ပါစိတ်အာပတ် သင့်သည်။  သို့ဖြစ်ရာ ဝါဆိုသင်္ကန်းနှင့်  မိုးရေခံသင်္ကန်းတို့မှာ ပေါ်ပေါက်လာရသည့်    အကြောင်းရင်း၊    ပုဂ္ဂိုလ်တို့မတူသလို လှူဒါန်းခွင့်၊ အလှူခံခွင့်တို့ လည်းမတူ။
မည်သို့ဆိုစေ မြတ်သောသံဃာတော်တို့ကို ရည်မှန်း၍ သင်္ကန်း ဆက်ကပ်ပူဇော်လှူဒါန်းခြင်းသည် လောကုတ်၊ လောကီ နှစ်လီ သောအကျိုးထူးတို့ကို ရရှိစေနိုင်သည်။ မိမိတို့ပြုရာ ကုသိုလ်ကံ စေတနာတို့နှင့်အညီ ရွှေရောင်အဆင်း၊ ညစ်ကြေးကင်း၍၊ ပြေပြစ် ခန္ဓာ၊ ရှိန်အဝါနှင့်၊ ကမ္ပလာစသား၊ ဝတ်ထည်များကို၊ လိုတိုင်းရနိုင် သည့်အပြင် ဘုရားပွင့်ချိန်နှင့် ဆုံရခိုက် ‘ဧဟိဘိက္ခု’ အခေါ်ခံရ ကာမျှဖြင့်  ရဟန်းဘဝကို  ရနိုင်ခြင်းစသည်တို့မှာ  ဗုဒ္ဓမြတ်စွာ သာသနာ၏  သွင်ပြင်လက္ခဏာ၊  တံခွန်အလံသဖွယ်ဖြစ်သော သင်္ကန်းကို ကောင်းစွာလှူဒါန်းခြင်းဖြင့် ရရှိအပ်သော အကျိုးထူး တရားတို့ ဖြစ်ကြပါကြောင်း။        ။