
ဇာတ်တော်ကြီးဆယ်ဘွဲ့
မြတ်မင်းလှိုင်
(ယမန်နေ့မှအဆက်)
ရထားထမ်းပိုးသည် မြေသို့မကျဘဲ မြင်းကနေသကဲ့သို့ ကောင်းကင် ၌ပင် တည်လျက်ရှိနေသည်။ ဘုရားလောင်း၏ ပါရမီတော်ကြောင့် နတ်သားလေးပါးတို့သည် စိုင်လေးစီးအသွင် ဖန်ဆင်း၍ ရထားကို ဆောင်ကြကုန်သည်။ တစ်ဖန်ပုဏ္ဏားတစ်ယောက်သည် ရထားအနီး သို့ ရောက်ရှိလာပြီး ရထားကို အလှူခံ ပြန်သည်။ ဘုရားလောင်းသည် မဒ္ဒီဒေဝီနှင့် သားတော်သမီးတော်တို့ကို ရထားထက်မှ ဆင်းစေ ပြီး တွန့်တိုခြင်းမရှိ ပေးလှူပြန်သည်။ ထိုအခါ စိုင်လေးစီးတို့သည် ကွယ်ပျောက်သွားလေ၏။ ဘုရားလောင်းသည် ဇာလီအားချီ၍၊ မဒ္ဒီ ဒေဝီအား ကဏှာဇိန်ကို ချီစေလျက် အချင်းချင်း ချစ်ဖွယ်သောစကား ကိုပြောဆို၍ ခြေကျင်ဆက်၍သွားကြသည်။
ဘုရားလောင်းဝေဿန္တရာမင်းနှင့် မဒ္ဒီဒေဝီတို့သည် ခရီးဆက် ခဲ့ကြရာ စေတုတ္တရာပြည်တော်မှ ယူဇနာသုံးဆယ်ကွာဝေးသော စေတတိုင်း၊ ဦးရီးတော်မင်းစံရာ မဒ္ဒရာဇ်မင်း၏ ပြည်သို့နေ့ချင်း ရောက်ရှိလေသည်။ (ထိုသို့ယူဇနာသုံးဆယ်ခရီးကို နေ့ချင်းရောက်ရှိ ခြင်းမှာ နတ်တို့က ခရီးကိုချုံ့၍ နီးအောင်ဖန်ဆင်းခြင်းကြောင့် ဖြစ် သည်။ ) ဘုရားလောင်းတို့သည် မြို့ပြင်တံခါးဝ၌ရှိသော ဇရပ်တွင် နားခိုကြသည်။ စေတမင်းသားနှင့် ဆွေတော်မျိုးတော်များ ကြားသိ လျှင် ဇရပ်သို့ တညီတညွတ်တည်း ရောက်လာကြကုန်သည်။ အကြောင်းစုံကို မေးမြန်းကြပြီးနောက် သိဉ္စည်းမင်းကြီးအား တောင်းပန်မည့်အကြောင်း လျှောက်ထားကြသည်။ ဘုရားလောင်းက ဝင်္ကပါတောင်သို့ သွားရမည့်ခရီးလမ်းကိုသာ ညွှန်ပြရန် ဆိုလေသည်။ စေတမင်းသားက ဝင်္ကပါတောင်သို့ သွားရောက်ခြင်း မပြုဘဲမင်း စည်းစိမ်ကိုခံစားရန် လျှောက်ထားတောင်းပန်သည်။ ဘုရားလောင်း က လက်မခံဘဲ ပယ်လိုက်ပြီး နောက်တစ်နေ့နံနက် မိုးသောက်သော် ဝင်္ကပါတောင်သို့ ထွက်သွားတော်မူ၏။
စေတမင်းသား ဆွေတော်မျိုးတော်အပေါင်း မင်းခြောက်သောင်း တို့သည် ဘုရားလောင်းတို့အား မဒ္ဒရာဇ်ပြည်မှ ၁၅ ယူဇနာဝေးသော ဟိမဝန္တာတောင်အဝင်ဝအထိ လိုက်ပါပို့ဆောင်ကြသည်။ ဘုရားလောင်း က ဝင်္ကပါတောင်ကို ညွှန်ပြပြီး ပြန်ကြရန်ဆိုသောကြောင့် ထို ဟိမဝန္တာတောမှ ၁၅ ယူဇနာကွာသော ဝင်္ကပါတောင်သို့ သွားရာ လမ်းကို ညွှန်ပြကြသည်။ ထို့နောက် ငိုယို၍ ပြန်ကြလေသည်။ ဘုရားလောင်းတို့သည် တောစပ်မှ ဂန္ဓမာဒနတောင်၊ ထိုမှဝေပုလ္လ တောင်နှင့် ကေတုမတီမြစ်၊ ထိုမှလွန်သော် သာနုတောင်ထိပ်ပင် ညောင်ပင်၊ ထိုမှနောလိကကျောက်တောင်၊ မုစလီန္နာအိုင် စသည်ဖြင့် ၁၅ ယူဇနာခရီးကို ဆက်လက်ထွက်ခွာကြသည်။ ဝင်္ကပါတောင်သို့ ရောက်သည့်အခါ ဝိသကြုံနတ် ဖန်ဆင်းသောကျောင်းသင်္ခမ်းကို တွေ့ကြရသည်။ ထိုကျောင်းသင်္ခမ်း၌ မင်းလေးပါးတို့သည် ရသေ့ အသွင်အသီးသီး ဝတ်ဆင်ကျင့်သုံးလျက်ရှိနေကြကုန်သည်။ ခုနစ်လ တိုင် ကြာမြင့်လာခဲ့သည်။
ထိုအချိန်တွင် ကလိင်္ဂတိုင်း ဒုန္နိဝိဋ္ဌအမည်ရှိသော ပုဏ္ဏားရွာ၌ နေသောဇူဇကာ ပုဏ္ဏားသည် လှည့်လည်အလှူခံရာ အသပြာတစ်ရာ ရ၏။ ထိုအသပြာတစ်ရာကို ပုဏ္ဏားတစ်ဦးထံ၌ အပ်နှံထား၏။ ဇူဇကာ ပုဏ္ဏားသည် အလှူခံရန် အရပ်တစ်ပါးသို့ ထပ်မံထွက်ခွာသွားပြီး နှစ်ကာလကြာမြင့်သောအခါ ရွာသို့ပြန်လည်ရောက်ရှိလာသည်။ ဇူဇကာပုဏ္ဏား၏ အသပြာကို သိမ်းထားသော ပုဏ္ဏားသည် သုံးစား၍ ကုန်ခဲ့လေသည်။ ပုဏ္ဏားသည် ဇူဇကာပုဏ္ဏားအား အသပြာကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိ၍ သမီးပျို အမိတ္တာပုံအား ပေးရလေ သည်။ ဇူဇကာ ပုဏ္ဏားသည် အမိတ္တာပုံအားခေါ်ယူ၍ ဒုန္နိဝိဋ္ဌရွာ၌ နေလေသည်။ အမိတ္တာပုံ သည် အကျင့်သီလနှင့် ပြည့်စုံပြီး သက်ကြီး ရွယ်အို လင်ယောက်ျားဇူဇကာ ပုဏ္ဏားအပေါ် ရိုသေစွာ အလုပ်အကျွေး ပြုစုလေသည်။ ထိုအခြင်းအရာကို မြင်ကြသော အခြားပုဏ္ဏားများ သည်နေအိမ်သို့ အသီးသီးပြန်ရောက်ကြလျှင် မိမိတို့၏ ဇနီးများသည် မရိုမသေ ပြုကြသည်ကိုပြစ်တင်ဆဲရေးကြလေသည်။ ထိုပုဏ္ဏေးမများ သည် အမိတ္တာပုံကြောင့် လင်ယောကျ်ားတို့၏ အပြစ်တင်ခံရသည်ဟု ဆိုကာအမိတ္တာပုံအား အငြိုးထားကြသည်။ အမိတ္တာပုံအား ရွာ၌ မနေဝံ့အောင် ဝိုင်း၍အရှက်ခွဲဆဲဆို အပြစ်တင်ပြောဆိုကြသည်။ အမိတ္တာပုံလည်း ရေဆိပ်သို့ပင် မဆင်းရဲတော့ဘဲ ဖြစ်နေသည်။ ထို့နောက် လင်အို ပုဏ္ဏားဇူဇကာအား အခိုင်းအစေ ရှာဖွေပေးရန် ပူဆာတော့သည်။ ဇူဇကာပုဏ္ဏားက အခိုင်းအစေရှာရန် ခက်ခဲ၍ မိမိသာအလုပ်အကျွေး ပြုတော့မည်ဟု ဆိုလေသည်။ ထိုအခါ အမိတ္တာပုံက ဝေဿန္တရာမင်းကြီး သည် ဝင်္ကပါတောင်၌ နေသည်။ ဝင်္ကပါတောင်သို့သွား၍ အခိုင်းအစေကို အလှူခံက မင်းကြီးသည် ပေးလှူမည်ဖြစ်သည်ဟု ဆိုလေသည်။
ဇူဇကာပုဏ္ဏားလည်း မနေသာတော့ပြီဖြစ်၍ လမ်းခရီး၌ စားသောက် ရန် ရိက္ခာတို့ကိုယူဆောင်ပြီး ဝါးရင်းတောင်ဝှေးကို ထောက်လျက် စေတုတ္တရာပြည်သို့ ရှေးရှုထွက်ခွာခဲ့လေသည်။ စေတုတ္တရာပြည်သို့ ရောက်လျှင် ပုဏ္ဏားသည် ဝေဿန္တရာမင်းကြီးရှိရာအရပ်ကို စုံစမ်း မေးမြန်းလေသည်။ ပြည်သူပြည်သားအပေါင်းတို့က အလှူခံမည့်ပုဏ္ဏား ဖြစ်သည်ကို သိရှိ၍ခြိမ်းခြောက်ကြသည်။ ပုဏ္ဏားလည်း ထွက်ပြေးရင်း ဖြင့် ဝင်္ကပါတောင်သို့သွားရာလမ်း တောအုပ်သို့ ရောက်ရှိလေသည်။ တောအုပ်အဝင်တွင် စေတမုဆိုးနှင့် တွေ့ဆုံသည်။ မုဆိုး၏ ခွေးတို့သည် ပုဏ္ဏားကိုမြင်လျှင် ကိုက်ခဲရန်လိုက်ကြသည်။ မုဆိုးခွေးများ၏ရန်မှ ဝေးရန် သစ်ပင်ထက်သို့ တက်ပြေးရလေသည်။ ထိုအချိန်တွင် စေတ မုဆိုးရောက်ရှိလာပြီး ဇူဇကာပုဏ္ဏားသည် ဝေဿန္တရာမင်းကြီးအား ဒုက္ခပေးရန် ရောက်ရှိလာသည်ကို သိသဖြင့် လေးဖြင့်ပစ်ရန် ရွယ်လေ သည်။ ထိုအခါ ပုဏ္ဏားကြီးသည် သိဉ္စည်းမင်းက စေလွှတ်လိုက်သော စေတမန်ဖြစ်ပြီး ဝေဿန္တရာမင်းကြီးအား ခေါ်ဆောင်ရန်ရောက်ရှိလာ လေဟန် လိမ်လည်၍ ပြောဆိုလေသည်။
စေတမုဆိုးလည်း ယုံကြည်ကာ ဝေဿန္တရာမင်းကြီးရှိရာအရပ်သို့ ညွှန်ပြပေးလေတော့သည်။ ဇူဇကာပုဏ္ဏားသည် ခရီးဆက်ခဲ့ရာ အစ္စု တရှင်ရသေ့သီတင်းသုံးရာ ကျောင်းသင်္ခမ်းသို့ ရောက်ရှိလေသည်။ ပုဏ္ဏားသည် ဝေဿန္တရာမင်းကြီးထံမှ အလှူခံရန်လာသည်ကို ရှင်ရသေ့ ကသိရှိ၍ မင်းကြီးထံမသွားရန် တားမြစ်သည်။ ထိုအခါ ပုဏ္ဏားက မိမိသည် မင်းကြီး၏ဆရာပုရောဟိတ်ဖြစ်ကြောင်း၊ မင်းကြီးအား ဖူးမြင် လို၍လာကြောင်း လိမ်လည်ပြောဆိုပြန်သည်။ ရှင်ရသေ့လည်း ယုံကြည် တော်မူသဖြင့် ဝေဿန္တရာမင်းကြီး၏ ကျောင်းသင်္ခမ်းရှိရာ အရပ်ကို ညွှန်ပြပေးလိုက်သည်။ ဇူဇကာပုဏ္ဏားသည် ခရီးဆက်ရင်းဖြင့် မဒ္ဒီဒေဝီ မရှိခိုက်တွင် အလှူခံပါကသင့်တော်မည်ဟု တွေးတောမိသည်။ ထို့ကြောင့် လေးထောင့်ကန်အနီး သာနုတောင်ထိပ်သစ်ပင်အောက်တွင် အိပ်လေ သည်။
မဒ္ဒီဒေဝီသည် ထိုညက အိပ်မက်မြင်မက်သည်။ မည်းနက်ပြီး ရုပ်အသွင်ဆိုးဝါးသော ယောက်ျားတစ်ဦးသည် ဖန်ရည်စွန်းသောပုဆိုးကို ဝတ်ဆင်ထားသည်။ နှားနှစ်ဖက်၌နီရဲသော ပန်းကိုပန်လျက် လက်နက် ကိုင်စွဲထားသည်။ မဒ္ဒီဒေဝီ၏ အိပ်ရာသင်္ခမ်းတွင်းသို့ အတင်းခြိမ်းခြောက် ကာဝင်သည်။ ထို့နောက် မဒ္ဒီဒေဝီမိဖုရား၏ ဆံကျစ်ကိုဆွဲကာမြေ၌ လဲစေသည်။ မဒ္ဒီဒေဝီက ငိုကြွေးနေစဉ် မိဖုရား၏ မျက်စိနှစ်လုံးကို ထုတ်ယူသည့်အပြင် လက်နှစ်ဖက်ကိုလည်းဖြတ်ကာ ရင်ကိုခွဲ၍ နှလုံး သည်းပွတ်ကို နုတ်ယူသွားသည်။ ထိုသို့သော အိပ်မက်ကို မြင်မက်သဖြင့် မဒ္ဒီဒေဝီသည် ကြောက်လန့်ကာ အိပ်ရာမှ နိုးလာသည်။ ဝေဿန္တရာ မင်းကြီးထံသို့ သွားရောက်၍ မိမိအိပ်မက်အကြောင်းကို ပြောပြသည်။ ဝေဿန္တရာမင်းကြီးက မိမိ၏ ဒါနပါရမီဖြည့်ရတော့မည်ကို သိရှိလေ သည်။ သို့သော် မိဖုရားစိတ်ချောက်ချား၍ အိပ်မက်ခြင်းဖြစ်ကြောင်း၊ အိပ်မက်အတိုင်း အကျိုးအပြစ်ဖြစ်သည်မဟုတ်၍ စိုးရိမ်ထိတ်လန့်ခြင်း မဖြစ်ရန်ဖျောင်းဖျပြောဆိုလေသည်။ မဒ္ဒီဒေဝီလည်း နံနက်မိုးသောက် သည့်အခါပြုမြဲကိစ္စများ ဆောင်ရွက်ပြီးလျှင် သစ်သီးသစ်မြစ်ရှာရန် တောသို့ သွားလေသည်။
ဇူဇကာပုဏ္ဏားသည်လည်း ဝေဿန္တရာမင်းကြီးရှိရာ ကျောင်း သင်္ခမ်းသို့ ရှေးရူ၍ရောက်လာခဲ့လေသည်။ ဘုရားလောင်း ဝေဿန္တရာ မင်းကြီးသည် ကျောင်းသင်္ခမ်းတံခါးဝ၌ ခင်းထားသောကျောက်ပြင် ပေါ်၌ ရွှေဆင်းကဲ့သို့ ထိုင်တော်မူလျက် အလှူခံကိုစောင့်ဆိုင်းနေသည်။ သားတော်သမီးတော်တို့သည် ဘုရားလောင်း၏အပါး၌ ကစားလျက် နေကြသည်။ ဝေဿန္တရာမင်းကြီးသည် ပုဏ္ဏားလာသည်ကိုမြင်၍ သားတော်ဇာလီအား မြင်သလောဟုမေးမြန်၏။ ဇာလီမင်းသားက လည်း မြင်ပါကြောင်းနှင့် ပုဏ္ဏားအသွင်နှင့် တူကြောင်းဖြေကြားသည်။ ဇာလီမင်းသားသည် ပုဏ္ဏားအား ခရီးဦး ကြိုဆိုခွင့်ပန်သည်။ ဝေဿန္တရာမင်းကြီးသည် ပုဏ္ဏားအား လာရင်းအကြောင်းကို မေးတော် မူ၏။
ပုဏ္ဏားသည် သားတော်သမီးတော် နှစ်ပါးတို့အား အခိုင်းအစေ အဖြစ် လှူတော်မူပါရန် တောင်းခံလေသည်။ ဝေဿန္တရာမင်းကြီးက မဒ္ဒီဒေဝီ ပြန်ရောက်သည်အထိ စောင့်ဆိုင်းရန်၊ တစ်ညမျှနားနေရန် ပြောကြားသည်။ ပုဏ္ဏားလည်း မဒ္ဒီဒေဝီရောက်ရှိလာက ၎င်း၏ အလို မပြည့်မည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် သားတော်သမီးတော်များကို ခေါ်ယူသွားခွင့်ပြုရန် တောင်းခံပြန်သည်။ ဝေဿန္တရာမင်းကြီးက မဒ္ဒီဒေဝီ မရောက်မီခေါ်လိုက ခေါ်သွားပြီး ဘိုးတော်သိဉ္စည်းမင်းကြီးထံ အရောက်ပို့ရန် ပြောလေသည်။ ပုဏ္ဏားက မိမိ၏ဇနီး အမိတ္တာပုံ၏ အခိုင်းအစေအဖြစ် အလုပ်အကျွေးပြုစေမည်ဖြစ်ကြောင်း ဆိုလေသည်။ ဤသို့ဇူဇကာပုဏ္ဏား၏စကားကို မင်းသားဇာလီနှင့် မင်းသမီးကဏှာ ဇိန်တို့ကြားလျှင် လွန်စွာကြောက်ရွံ့သဖြင့် ကျောင်းသင်္ခမ်းနောက်ရှိ ချုံအတွင်း၌ ပုန်းနေကြလေသည်။ သို့သော် ပုဏ္ဏားအလွယ်တကူ ရှာဖွေတွေ့နိုင်သည်ကို ဆင်ခြင်မိကာ ရေကန်ထဲသို့ဆင်းလျက် ကြာဖက်အုပ်မိုး၍ ငုပ်လျှိုးပုန်းကွယ် နေကြလေသည်။
ဇူဇကာပုဏ္ဏားသည် သားတော်သမီးတော်တို့ကို မတွေ့လျှင် ဘုရားလောင်းအား ပြစ်တင်စကားဆိုလေသည်။ ထိုအခါ ဘုရား လောင်းသည် သားတော် သမီးတော်တို့ကိုခေါ်၍ ပုဏ္ဏား၏ဆဲရေး ဆိုမြည် ညှဉ်းဆဲနှိပ်စက်ခြင်းကို သည်းခံကာ ခမည်းတော်၏ ဒါန ပါရမီကို ဖြည့်ဆည်းကြရန် တိုက်တွန်းပြောဆိုလေသည်။ ဦးစွာဇာလီ မင်းသားသည် ခမည်းတော်အား တစ်ခွန်းမျှ ပြန်၍မလျှောက်ထားတော့၊ ပုဏ္ဏားပြုလိုရာပြုစေတော့ဟု ကြံရွယ်ကာ ရေထဲမှ တက်လာပြီး ခမည်းတော်၏ လက်ယာခြေရင်းတွင် ဝပ်လျက်ခြေကိုကိုင်လျက် ငိုကြွေး၏။ ထိုအခါ မင်းကြီးသည် သမီးတော်ကို ထပ်မံခေါ်ပြန်သည်။ သမီးတော်လည်း တစ်ခွန်းမျှမပြောဘဲ ရေကန်မှတက်ကာ ခမည်း တော်၏ လက်ဝဲခြေရင်း၌ ဝပ်ကာ ခြေကိုကိုင်ကာ ငိုကြွေးလေသည်။ မင်းကြီးက သားတော်သမီးတော်တို့အား နှစ်သိမ့်စကားဆိုကာ ပုဏ္ဏားအား လှူလိုက်လေသည်။ ထို့အပြင် သားနှင့် သမီးတို့အား နွား၊ ကျွဲ၊ ဆင်၊ မြင်းကို အဖိုးဖြတ်သကဲ့သို့ တန်ဖိုးဖြတ်တော်မူ၏။ မင်းသားဇာလီသည် ပုဏ္ဏားအား တော်လှန်လိုက ရွှေစင်နိက္ခတစ်ထောင် ပေး၍ တော်လှန်ရမည်။ သမီးတော် ကဏှာဇိန်သည် ကျွန်ယောကျ်ား တစ်ရာ၊ ကျွန်မိန်းမတစ်ရာ၊ ဆင်တစ်ရာ၊ မြင်းတစ်ရာ၊ နွားလားဥသဘ တစ်ရာ၊ ရွှေစင်နိက္ခတစ်ရာ၊ ငွေစင်တစ်ရာပေး၍ တော်လှန်တော့ဟု ဆုံးဖြတ်သည်။ ထို့နောက် သမီးတော် သားတော်တို့အား ပုဏ္ဏားထံ ရေစက်သွန်းချကာ လှူဒါန်းလိုက်လေသည်။ ထိုအခါ ပထဝီမြေကြီး သည် ပဲ့တင်ထပ်ပြင်းစွာတုန်လှုပ်လေသည်။ ငါးကြိမ်မြောက် မြေလှုပ် ခြင်း ဖြစ်ပေသည်။
ထိုအခါ ပုဏ္ဏားသည် သားတော်သမီးတော် နှစ်ပါးတို့၏ လက်ကို နွယ်ကြိုးဖြင့် တုပ်နှောင်၍ ရိုက်ပုတ်ခေါ်ဆောင်သွားလေသည်။ မင်းသား မင်းသမီးတို့၏ ကိုယ်၌ သွေးတို့ယိုစီးကာ နာကျင်ကြ သဖြင့် ကိုယ်တိမ်းကာ မညီမညာ လျှောက်ကြသည်။ ထိုအခါ ဇူဇကာပုဏ္ဏားသည် ခြေလက်မထိန်းနိုင်ဘဲ ချော်လဲကျလေ သည်။ (ဆက်လက်ဖော်ပြပါမည်)
- Log in to post comments