
ဇာတ်တော်ကြီးဆယ်ဘွဲ့
မြတ်မင်းလှိုင်
(ယမန်နေ့မှအဆက်)
သားတော် သမီးတော်တို့သည် လက်မှနွယ်ကြိုးကိုဖြေကာ ခမည်း တော်ထံပါး ပြန်ပြေးကြ၏။ မယ်တော်ရောက်မှ ပေးလှူရန်တောင်းပန် ကြသည်။ ခမည်းတော်သည် မတုန်မလှုပ်နေသောကြောင့် ငိုကြွေး ကြပြန်သည်။ ထိုသို့ သားတော်သမီးတော်တို့ ငိုကြွေးနေစဉ် ပုဏ္ဏား ရောက်လာပြီး ဘုရားလောင်းရှေ့မှောက်၌ပင် နွယ်ဖြင့် တုပ်နှောင် ရိုက်ခတ်ပြန်သည်။
ဘုရားလောင်းလည်း မိမိရှေ့တွင်ပင် သားတော်သမီးတော်တို့အား မညှာမတာရိုက်ပုတ်နေသည်ကို မြင်တွေ့ရ၍ ကြီးစွာယူကျုံးမရ ဖြစ်မိသည်။ ထို့ကြောင့် ပုဏ္ဏားအား သန်လျက်ဖြင့် သတ်ပြီးသားတော် သမီးတော်တို့အား ပြန်လည်လုယူရန် ကြံရွယ်မိလေသည်။ သို့သော် ဘုရားလောင်းသည် သတိတရားဖြင့် စိတ်ရိုင်းကိုထိန်းကာ ကျောင်း သင်္ခမ်းတံခါး ကျောက်ပျဉ်၌ပင် ရွှေအဆင်းကဲ့သို့ ငြိမ်သက်စွာ ထိုင်နေ တော်မူ၏။ ဇူဇကာပုဏ္ဏားသည် ခမည်းတော်ရှေ့မှောက်ပင် ရိုက်ပုတ် ခေါ်ဆောင်သွားပြန်သည်။ သားတော်သမီးတော်တို့သည် ဝမ်းနည်း မဆုံး ငိုကြွေးကြစဉ် ပုဏ္ဏားသည် ချော်လဲပြန်သည်။ ထိုအခါ သားတော် သမီးတော်တို့သည် ခမည်းတော်ထံအတူတကွ ပြေးလာကြပြန်သည်။ ပုဏ္ဏားသည် လျင်မြန်စွာ ထပြီးလျှင် ဘုရားလောင်းရှေ့တွင်ပင် ပြင်းစွာဆဲရေးမောင်းမဲရိုက်ပုတ်လျက် လက်နှစ်ဖက်ကို နွယ်ကြိုး ဖြင့် ကြပ်အောင်ချည်နှောင်၍ ခေါ်ဆောင်သွားပြန်သည်။ ထိုညတွင် ဝင်္ကပါတောင်တံခါးသို့ ရောက်ရှိကြကုန်သည်။
ဝေဿန္တရာမင်းကြီးသည် သားတော်သမီးတော်တို့အား ပေးလှူ လိုက်သောကြောင့် မဟာပထဝီမြေကြီးသည် ပဲ့တင်ထပ်မျှ တုန်လှုပ် ခဲ့သည်။ ဗြဟ္မာပြည်တိုင်အောင် အုတ်အုတ်ကျက်ကျက် အသံဖြစ်စေ သည်။ ဟိမဝန္တာတောစောင့်နတ်တို့သည် ထိုအသံနှင့်အတူ မင်းသား မင်းသမီးတို့၏ ငိုကြွေးသံကို ကြားကြလေသည်။ မဒ္ဒီဒေဝီသည် ကျောင်းသင်္ခမ်းသို့ စောစောပြန်ရောက်၍ သားတော်သမီးတော်တို့အား မင်းကြီးက လှူလိုက်ကြောင်း သိရှိရလျှင် ခြေရာခံလိုက်တော့မည်။ ထိုအခါ မဒ္ဒီဒေဝီသည် အန္တရာယ်တွေ့ကြုံရပေမည်။ ထို့ကြောင့် နတ်တို့ချင်းတိုင်ပင်၍ သစ်၊ ကျား၊ ခြင်္သေ့အသွင်ဖြင့် လမ်းခရီးမှ ကာဆီးထားကြလေသည်။ မဒ္ဒီဒေဝီက အတန်တန်တောင်းပန်စကား ဆိုမှ ခြင်္သေ့၊ သစ်၊ ကျားတို့က လမ်းဖယ်ပေးသည်။
မဒ္ဒီဒေဝီသည် ကျောင်းသင်္ခမ်းသို့ ရောက်သောအခါ တိတ်ဆိတ် လျက်ရှိသည်။ သားတော်သမီးတော်တို့က နေ့စဉ်အမြဲ ကြိုဆိုနေပါ လျက် ယခုလာရောက်ကြိုဆိုခြင်းမရှိ၍ စိုးရိမ်စိတ်ဖြစ်ပေါ်ခဲ့သည်။ မဒ္ဒီဒေဝီသည် ဘုရားလောင်းအနီးတွင် ဦးခေါင်းမှသစ်သီးတောင်းကို ချပြီးသော် ဘုရားလောင်းအား မေးမြန်းလေသည်။ မဒ္ဒီဒေဝီသည် ငိုမြည်တမ်းလျက်ရှိသော်လည်း ဘုရားလောင်းသည် တစ်ခွန်းသော စကားကိုမျှ ပြန်မပြောဘဲ တိတ်ဆိတ်နေလေသည်။ ထိုအခါ မဒ္ဒီဒေဝီ က အကယ်၍ယနေ့ညဉ့်ပတ်လုံး စကားမပြောဆိုပါက မနက်ဖြန် မိုးသောက်ပါက မိမိ၏ ထွက်သက်ဝင်သက်မဲ့သော ကိုယ်ကိုသာ မြင်ရပါလိမ့်မည်ဟု ဆိုသည်။
ထိုအခါ ဘုရားလောင်းသည် မဒ္ဒီဒေဝီ၏ ပူဆွေးသောက စိတ်မှ ပြောင်းလဲစေအောင် အပြစ်တင်စကား ဆိုလေသည်။ သင်သည် အချိန်လွန်မှ ရောက်ရှိလာပြီး ငါ့စိတ်နှလုံးကို မသာမယာရှိအောင် ပြုဘိ၏။ ထိုသို့အချိန်လွန်၍ ရောက်လာခြင်းသည် သင်၏အပြစ်ပင် ဖြစ်သည်ဟု ဘုရားလောင်းက ဥပါယ်တံမျဉ်ဖြင့် ပြောဆိုလိုက်သည်။ မဒ္ဒီဒေဝီက မိမိသည် သားရဲတို့ကြောင့် အချိန်လွန်ခဲ့ရကြောင်း ရှင်းလင်း ပြောဆိုပြီးနောက် သားနှင့်သမီးတို့အကြောင်းကိုသာ ထပ်ကာ မေးမြန်းလေသည်။ ဘုရားလောင်းသည် မတုန်မလှုပ်နေမြဲသာနေ၏။
ဘုရားလောင်းသည် ထိုသို့စကားမပြောမဆိုဘဲနေခြင်းကြောင့် မဒ္ဒီဒေဝီသည် လူးလာခေါက်ပြန်ငိုကြွေးကာ ဘုရားလောင်း၏ ခြေရင်း ၌ လဲလေသည်။ မဒ္ဒီဒေဝီသည် အတန်ကြာမှ သတိရလေသောအခါ သားတို့သမီးအကြောင်းကိုသာ မေးပြန်သည်။ ထိုအခါ ဘုရားလောင်း သည် သားနှင့်သမီးတို့အား အလှူခံပုဂ္ဂိုလ်ရောက်လာ၍ လှူလိုက် ကြောင်း ပြောကြား၏။ မဒ္ဒီဒေဝီက မင်းကြီး၏အလှူကို ဝမ်းမြောက် ပါ၏။ ထိုထက်လွန်၍လည်း အဖန်တလဲလဲ အလှူပေးရသည် ဖြစ်ပါ စေသတည်းဟု အနုမောဒနာပြု၏။
ထိုသို့ဘုရားလောင်းနှင့် မဒ္ဒီဒေဝီတို့ အချင်းချင်းပြောဆိုကြလျက်ရှိနေစဉ် သိကြားမင်းသည် ပုဏ္ဏားယောင်ဆောင်၍ ဝေဿန္တရာမင်းကြီး ထံမှ မဒ္ဒီဒေဝီအား အလှူခံလေသည်။ မင်းကြီးလည်း မဆိုင်းမတွပင် မဒ္ဒီဒေဝီအား ရေစက်ချပေးလှူပြန်သည်။ သိကြားမင်းလည်း မင်းကြီး အား ဆုပေးကာ မဒ္ဒီဒေဝီအားပြန်၍ပေးအပ်ပြီး တရားစကားပြောဆိုကာ သိကြားမင်းအသွင်ကိုပြလေသည်။ သိကြားမင်းသည် ဤသို့ပုဏ္ဏား ဟန်ဆောင်၍ မဒ္ဒီဒေဝီအား အလှူခံခြင်းမပြုပါက အခြားပုဏ္ဏားတစ်ဦး အား ပေးလှူခဲ့လျှင် ဘုရားလောင်းအား အလုပ်အကျွေးပြုမည့်သူ မရှိ ဖြစ်မည်ကိုစိုး၍ ဖြစ်ပေသည်။
သိကြားမင်းက တရားစကားပြောကြားပြီးနောက် မင်းကြီးသည် သိကြားမင်းခွင့်ပြုချက်ဖြင့် ဆုရှစ်ပါးကို တောင်းယူသည်။ ဘုရားလောင်း တောင်းသောဆုရှစ်ပါးသည်-
(က) ခမည်းတော်က အမျက်ပြေ၍ ပြည်သို့ခေါ်ပြီး ယခင်ကကဲ့သို့ မင်းအဖြစ်ကို ဆောင်နှင်းပေးအပ်စေသတည်း။
( ခ ) မင်းအဖြစ်သို့ ရောက်ပြီးလျှင် မင်းပြစ်မင်းဒဏ်သင့်၍ သတ်အပ်သောသူကိုပင် သတ်လိုစိတ်မရှိသည် ဖြစ်စေ သတည်း။
( ဂ ) ကြီးငယ်မဟူ ခပ်သိမ်းကုန်သော သူတို့သည် မိမိကိုသာလျှင် မှီ၍ အသက်မွေးကြသည် ဖြစ်စေသတည်း။
(ဃ) သူတစ်ပါး၏မယားကို တပ်မက်သောစိတ်ဖြင့် မကြည့်လို၊ ကိုယ်ပိုင်မယား၌သာ ရောင့်ရဲပြီး မိန်းမအလိုသို့ မလိုက်ခြင်း သည် ဖြစ်စေသတည်း။
( င ) မိမိသားမယားဆွေမျိုးတို့သည် အနာမရှိအသက်ရှည်ကြ၍ တရားသဖြင့် ရန်သူတို့ကိုအောင်ကာ မင်းစည်းစိမ်၌ စံပျော် ရစေသတည်း။
( စ ) နေ့စဉ်ညဉ့်မိုးသောက်၍ နေအာရုံတက်ချိန်၌ ထမင်းအဖျော် စသော အသုံးအဆောင်တို့သည် ရှေ့သို့ ရောက်လာစေ သတည်း။
(ဆ) ဥစ္စာစည်းစိမ်တို့သည် ပေးလှူ၍မကုန်နိုင်ဘဲ ထိုအလှူကို သာလျှင် ဝမ်းမြောက်ဝမ်းသာ အောက်မေ့မိစေသတည်း။
( ဇ ) ဤသို့အဖြစ်မှ စုတေခဲ့သည်ရှိသော် တုသိတာနတ်ပြည်၌ဖြစ်၍၊ ထိုနတ်ပြည်မှလူပြည်၌ တစ်ကြိမ်သာလျှင် ပဋိသန္ဓေနေရပြီး သော် သဗ္ဗညုတဉာဏ်ကို ရပါစေသတည်း။
ဘုရားလောင်းသည် ထိုသို့ဆုရှစ်ပါးကို တောင်းပြီးသော် သိကြား မင်းက သင်၏ခမည်းတော်သည် မကြာမီပင်လာ၍ ခေါ်ဆောင်လာလိမ့် မည်။ ခပ်သိမ်းသော သင်၏နှလုံးအလိုသည် အပြီးသို့ သွားရောက် လတ္တံ့၊ မစိုးရိမ်လင့်၊ မမေ့မလျော့ လုံ့လပြုလော့ဟု ဆို၍တာဝတိံသာ နတ်ပြည်သို့ ပြန်သွားလေ၏။ ဘုရားလောင်းနှင့် မဒ္ဒီဒေဝီတို့သည် နှစ်လိုဝမ်းမြောက်စွာ သိကြားမင်းပေးသော ကျောင်း၌နေကြ၏။
ထိုအချိန်တွင် ဇူဇကာပုဏ္ဏားသည် မင်းသား၊ မင်းသမီးတို့အား ယူဇနာခြောက်ဆယ်ရှိသော ခရီးသို့ခေါ်ဆောင်သွားနေသည်။ လမ်းခရီး တွင် ညဉ့်အခါ၌ ပုဏ္ဏားသည် သစ်ပင်ပေါ်တက်၍ အိပ်၏။ သားတော်၊ သမီးတော်တို့ကိုမူ သစ်ပင်ရင်း၌ ချည်နှောင်ထား၏။ ထိုသို့ခရီးနှင်ခဲ့ကြ ရာ ၁၅ ရက်ကြာသောအခါ စေတုတ္တရာပြည်သို့ ရောက်ရှိကြသည်။ ဇူဇကာပုဏ္ဏားနှင့် မင်းသား၊ မင်းသမီးတို့ ရောက်မည့်ညတွင် သိဉ္စည်း မင်းကြီးသည် ကြီးစွာသောတရားသဘင်၌ မင်းကြီးအား လူမည်းကြီး တစ်ယောက်သည် ပဒုမ္မာကြာနှစ်ပွင့်ကို ဆက်သဖြင့် နားတစ်ဖက်တွင် တစ်ပွင့်စီပန်ထားရာ ဝတ်ဆံတို့သည် မင်းကြီး၏ ရင်ဘတ်ပေါ်သို့ ကြွေကျသည်ဟု အိပ်မက်မြင်မက်လေသည်။
ထိုနေ့နံနက် မင်းကြီးသည် တရားစီရင်ရာ လွှတ်သဘင်၌ မှူးမတ် အပေါင်းခြံရံလျက် နေတော်မူ၏။ ထိုအခါ ဇူဇကာပုဏ္ဏားသည် မင်းကြီး မျက်နှာမူရာတူရူသို့ ရောက်ရှိလာသည်။ မင်းကြီးသည် ခရီးလမ်းကို မျှော်ကြည့်လိုက်ရာ ကလေးငယ်နှစ်ယောက်ကိုမြင်လျှင် မိမိ၏မြေး များဖြစ်မည်ဟု ထင်တော်မူ၍ သူငယ်နှစ်ယောက်နှင့်တကွ ပုဏ္ဏားကို ခေါ်လာစေ၏။ မင်းကြီး၏ရှေ့တော်သို့ရောက်လျှင် ဇူဇကာပုဏ္ဏားက မိမိအား ဝေဿန္တရာမင်းကြီးက ထိုသူငယ်နှစ်ယောက်ကို ပေးလှူ လိုက်ရာ ၁၅- ရက်ပင်ရှိပြီဟု လျှောက်ထားလေသည်။ လွှတ်သဘင်၌ ရှိကြသော မှူးမတ်အပေါင်းတို့က ဝေဿန္တရာမင်းကြီးအား ရင်နှစ် သားသမီးများကို ပေးလှူ၍ ကဲ့ရဲ့ပြစ်တင်ကြသည်။
ထိုသို့မှူးမတ်တို့၏ ကဲ့ရဲ့ပြစ်တင်စကားကို ကြားရသောအခါ ဇာလီမင်းသားက ကာကွယ်ပြောဆိုလေသည်။ ထို့အပြင် မိမိတို့အား လှူဒါန်းစဉ်က အဖိုးဖြတ်၍ လှူလိုက်ခြင်းဖြစ်ကြောင်း မင်းကြီးအား လျှောက်ထားသည်။ သိဉ္စည်းမင်းကြီးလည်း ပုဏ္ဏားအားတန်ဖိုး ဥစ္စာ တို့ကိုပေး၍ မြေးတော်တို့ကို ရွေးယူသည်။ ဇူဇကာပုဏ္ဏားသည် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော စည်းစိမ်ကိုရလျှင် ပြာသာဒ်ထက်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို စားလျက် မြတ်သောအိပ်ရာထက် ဝယ် နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် နေ၏။
သိဉ္စည်းမင်းကြီးသည် မြေးတော်တို့အား ဦးခေါင်းဆေးမင်္ဂလာပြု စေပြီး မြတ်သောအဝတ်တန်ဆာတို့ကို ဝတ်ဆင်စေသည်။ အဆင်း၊ အနံ့ဂုဏ်နှင့် ပြည့်စုံသောမင်္ဂလာပန်းတို့ကို ပန်ဆင်စေသည်။ ထို့နောက် ဇာလီမင်းသားအား သိဉ္စည်းမင်းကြီး၏ ရင်ခွင်ပေါ်၌ လည်းကောင်း၊ သမီးတော်ကဏှာဇိန်အား ဘွားတော် ဖုဿတီမိဖုရားကြီး၏ ရင်ခွင် ပေါ်၌လည်းကောင်းနေစေပြီး ပဋိသန္ဓာရစကားဆိုကြ၏။ ထိုအခါ ဇာလီမင်းသားသည် ခမည်းတော်ဘုရားလောင်း ဝေဿန္တရာမင်းနှင့် မယ်တော်မဒ္ဒီဒေဝီတို့အား ပြည်တော်သို့ပြန်လည်ခေါ်ရန် တိုက်တွန်း လျှောက်ထား၏။ သိဉ္စည်းမင်းကြီးလည်း သားတော်နှင့် ချွေးမတော် တို့အား ပြန်လည်ခေါ်ယူရန် စစ်ရထားတို့ကို ပြင်ဆင်စေ၍ လမ်းခရီး ကိုလည်း တန်ဆာဆင်စေသည်။
ထိုအချိန်တွင် ဇူဇကာပုဏ္ဏားသည် တစ်ကြိမ်တစ်ခါမျှ မတွေ့မကြုံ ဖူးသော စည်းစိမ်တို့ကို ခံစားကာ အာဟာရကို အတိုင်းအဆမရှိ မရောင့်ရဲနိုင်ဘဲ စားခြင်းကြောင့် စားပိုးနင့်၍သေတော့သည်။ ကျန်ရှိ သော စည်းစိမ်တို့ကို စေတုတ္တရာပြည်၌ အမွေဆက်ခံမည့်သူမရှိ၍ မင်းဘဏ္ဍာအဖြစ် သိမ်းယူလေသည်။ ထို့နောက် သိဉ္စည်းမင်းကြီးသည် ဇာလီမင်းသားတို့ရောက်သည့်နေ့မှ ခုနစ်ရက်မြောက်သောနေ့တွင် မှူးမတ်စစ်သည်တို့နှင့်အတူ ဝင်္ကပါတောင်သို့ ထွက်ချီလေသည်။ ကလိင်္ဂရာဇ်မင်းက ပြန်လည် ဆက်သခဲ့သော ဝေဿန္တရာမင်းကြီး၏ ဆင်ဖြူတော်ပစ္စယကိုလည်း တန်ဆာဆင်ဆောင်ယူခဲ့လေသည်။
သိဉ္စည်းမင်းကြီးသည် စေတုတ္တရာပြည်မှ ယူဇနာခြောက်ဆယ် ကွာဝေးသော ဝင်္ကပါတောင်ရှိ ဝေဿန္တရာမင်း၏ ကျောင်းသင်္ခမ်းအနီး သို့ ရောက်ရှိကြလေသည်။ မုစလိန္ဒာအိုင်ကြီးသို့ ရောက်လျှင် ဇာလီ မင်းသား သည် သစ်တပ်တဲစခန်းချ၍ တစ်သောင်းလေးထောင်ကုန် သော ရထားတို့ကို လာခဲ့သောခရီးလမ်းမသို့ ရှေးရှုထား၏။ တစ်ဆယ့် နှစ်ခေါဘဏီရှိသော စစ်သည်ဗိုလ်ပါ၊ ဆင်၊ မြင်း၊ ရထားတို့၏ အသံသည် ဟိမဝန္တာတောင်အလုံး ပဲ့တင်ထပ်လျက်ရှိ၏။ ဘုရားလောင်း ဝေဿန္တရာ မင်းသည် ထိုအသံများကိုကြားလျှင် မဒ္ဒီဒေဝီနှင့်အတူ တောင်ထိပ်သို့ တက်၍ မှန်းမျှော်ကြည့်လေသည်။ ဘုရားလောင်းသည် ရန်သူများဝိုင်း နေသည်ဟု စိုးရိမ်မိသည်။ မဒ္ဒီဒေဝီက ခမည်းတော် သိဉ္စည်းမင်းကြီး ဖြစ်မည်ဟု နှစ်သိမ့်ကာ ကျောင်းသင်္ခမ်းသို့ပြန်ကြသည်။
ထို့နောက် သိဉ္စည်းမင်းကြီးသည် ဘုရားလောင်း၏ ဖွားဖက်တော် အမတ်ခြောက်သောင်းခြံရံလျက် ဆင်ဖြူတော်ပစ္စယကိုစီး၍ သားတော် ဘုရားလောင်းထံသို့ သွားတော်မူ၏။ အနီးသို့ရောက်လျှင် ဆင်ဖြူတော် ထက်မှဆင်းပြီး အမတ်ခြောက်သောင်းခြံရံလျက် ဘုရားလောင်း ကျောင်းသင်္ခမ်းသို့ သွားတော်မူသည်။ ကျောက်ဖျာပေါ်၌ မွေ့လျော်သော စိတ်၊ တည်ကြည်သောစိတ်နှလုံးဖြင့် ငြိမ်သက်နေသော ဝေဿန္တရာ အား ရှုမြင်ရလေသည်။ ဝေဿန္တရာမင်းနှင့် မဒ္ဒီဒေဝီတို့သည် ခမည်း တော်ကိုမြင်လျှင် ခရီးဦးကြိုဆိုကြလျက် ရှိခိုးဖူးမြော်ကြ၏။ ထို့နောက် ဝေဿန္တရာမင်းကြီးက တောအရပ်၌ ပင်ပန်းဆင်းရဲပုံနှင့် သားတော် သမီးတော်တို့အား ဇူဇကာပုဏ္ဏားလက်သို့ လှူလိုက်ကြောင်း လျှောက် တင်လေသည်။ သိဉ္စည်းမင်းကြီးက မြေးတော်တို့ကို ရွေးယူထားပြီဖြစ် ကြောင်း ပြောပြ၏။ ထိုအခိုက် မယ်တော်ဖုဿတီဒေဝီမိဖုရားကြီး ရောက်ရှိလာသည်။ မင်းသားနှင့်မင်းသမီးတို့လည်း ရှေ့ဆင့် နောက်ဆင့် ရောက်ရှိလာကြသည်။ မဒ္ဒီဒေဝီ မိဖုရားလည်း သားနှင့်သမီးကိုတွေ့ရ လျှင် သည်းထန်စွာငိုကြွေးမြည်တမ်းကာ မိန်းမော၍ မြေ၌လဲလေသည်။ နုနယ်လှသော သားတော် သမီးတော်တို့လည်း သည်းစွာငိုကြွေးလျက် အမိ၏ အပေါ်၌လဲလေသည်။ ဝေဿန္တရာမင်းကြီးလည်း မိဖုရား၊ သားနှင့်သမီးတို့ မိန်းမော၍ မြေ၌လဲနေသည်ကိုမြင်လျှင် ပူဆွေးခြင်း ကို မဖြေနိုင်၍ မိန်းမောလျက်ပင် မိမိထိုင်ရာကပင် မြေ၌လဲလေသည်။ သိဉ္စည်းမင်းကြီးနှင့် ဖုဿတီမိဖုရားကြီးတို့သည်လည်း သားတော်၊ ချွေးမတော်နှင့် မြေးများ၏ အဖြစ်ကိုမြင်ကာ မိမိတို့ထိုင်ရာကပင်လျှင် မိန်းမောလျက် လဲကြကုန်၏။ ဘုရားလောင်း၏ ဖွားဖက်တော်အမတ် ခြောက်သောင်းတို့သည်လည်း မြေ၌လူးလဲလျက်ငိုကြွေးကြ၏။
ထိုအခါ သိကြားမင်းသည် သိဉ္စည်းမင်းကြီး၊ ဖုဿတီမိဖုရား၊ ဝေဿန္တရာမင်း၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တည်းဟူသော မင်းခြောက်ပါးတို့ သက်သာရာရစေအောင် ပေါက္ခရဝဿမိုး ရွာသွန်း ပေးလေ၏။ ထိုပေါက္ခရဝဿမိုးသည် ရွာသည့်အခါ စိုစွတ်စေလိုသော မင်းခြောက်ပါးတို့သည်သာ စွတ်စိုကြ၏။ မင်းခြောက်ပါးတို့သည်လည်း သက်သာရာရကြကုန်၏။ ဆွေတော်မျိုးတော်တို့သည် မင်းကြီးသိဉ္စည်း အား သနားဖွယ်သောအသံဖြင့် ဝေဿန္တရာမင်းနှင့် မဒ္ဒီဒေဝီတို့အား စေတုတ္တရာပြည်သို့ဆောင်၍ ပြည့်စည်းစိမ်နှင့်တကွ ထီးဖြူနှင်းလျက် မင်းပြိုင်ပြုတော်မူပါရန် လျှောက်ထားတောင်းပန်ကြကုန်၏။ ဖုဿတီ မိဖုရားကြီးလည်း သားတော်နှင့် ချွေးမတော်တို့အား ထီးနန်းအပ်နှင်းရန် သိဉ္စည်းမင်းကြီးအား လျှောက်တင်လေသည်။
ထိုအခါ သိဉ္စည်းမင်းကြီးသည် ဘုရားလောင်း ဝေဿန္တရာအား ရသေ့အသွင်ကိုစွန့်၍ ထီးနန်းဆက်ခံရန်ဆိုလေသည်။ ဝေဿန္တရာမင်း လည်း ဝန်ခံကာ ရသေ့အသွင်ကို စွန့်လွှတ်လိုက်၏။ မဒ္ဒီဒေဝီလည်း ရသေ့အသွင်ကိုစွန့်၍ မိဖုရားကြီးအဖြစ် ဘိသိက်ခံယူလေသည်။ ဘိသိတ်ခံယူသည့် အထိမ်းအမှတ်အဖြစ် ဝင်္ကပါတောင်၌ ပွဲသဘင်ခံ ပြီးနောက် သိဉ္စည်းမင်းကြီးစခန်းချရာသို့ အဆောင်အယောင်ဖြင့် သွားကြသည်။
သိဉ္စည်းမင်းကြီးသည် ထိုစခန်း၌ တစ်လကြာမျှ တောင်ထိပ်ပွဲ ကစားပြီးနောက် စေတုတ္တရာပြည်သို့ ပြန်ခဲ့ကြသည်။ ဝေဿန္တရာ မင်းကြီးသည် နန်းတော်သို့ရောက်လျှင် လှူဒါန်းရန်ပစ္စည်းကို တောင့်တလေသည်။ ထိုအခါ သိကြာမင်းက မြို့တံခါးတွင်းအပြည့် ခါးနစ်အောင် ရတနာမိုးရွာသွန်းပေး၏။ ထို့အပြင် မြို့တံခါးအပြင်၌ ဒူးဆစ်နစ်အောင် ရတနာမိုးကိုလည်း ရွာစေ၏။ ပြည်သူပြည်သား အပေါင်းတို့သာယာဝပြောကြလေသည်။ ဝေဿန္တရာမင်းကြီးသည် လည်း အသက်ထက်ဆုံးခြောက်ဆောင်သော ဇရပ်တို့၌ နေ့တိုင်း ကြီးစွာသောအလှူကို ပေး၏။ အသက်အဆုံးတွင် တုသိတာနတ်ပြည်၌ ဖြစ်တော်မူ၏။
- Log in to post comments