
ကျင့်ဝတ်တို့ကိုကောင်းစွာ လိုက်နာခြင်းသည်
မင်္ဂလာမည်၏။
ကျော်ကျော်လှိုင်
“ဝိနယောစ သုသိက္ခိတော” ကျင့်ဝတ်တို့ကို ကောင်းစွာ လိုက်နာခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ ဝိနယောစသည် ဝိနည်းက လာပါသည်။ ရဟန်းသံဃာများ စောင့်ထိန်းရမည့်ကျင့်ဝတ်ကို ဝိနည်းဟု ခေါ်ပါသည်။ ပုထုဇဉ်လူသားများ စောင့်ထိန်းရမည့်ကျင့်ဝတ်သည် စည်းကမ်းဖြစ်ပါသည်။ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာစောင့်ထိန်းမှသာ ချမ်းသာအောင်မြင်ခြင်းကို ရပါမည်။
စည်းကမ်းဟုဆိုလျှင် ဥပဒေက စရ ပါမည်။ ဥပဒေကို လေးစားလိုက်နာရန် ပြည်သူတိုင်းတွင် တာဝန်ရှိပါသည်။ “မသိလို့ပါ” ဟု ဥပဒေကို ချိုးဖောက်၍ မရပါ။ ဥပဒေကို ချိုးဖောက်လျှင် ထိုက် သင့်သည့် အပြစ်ဒဏ်ခံရမည် ဖြစ်ပါ သည်။ ဥပဒေပြီးနောက် စည်းကမ်းဖြစ်ပါ သည်။ သက်ဆိုင်ရာအာဏာပိုင်များက သတ်မှတ်ထားသော စည်းကမ်းများကို လည်း လိုက်နာရပါမည်။ ဥပမာပြောရလျှင် ကျောင်းစည်းကမ်း၊ ရုံးစည်းကမ်း၊ လမ်း စည်းကမ်း ... စသည်ဖြင့် နေရာဒေသ အလိုက် ထုတ်ပြန်ထားသော စည်းကမ်း များ ရှိပါသည်။ ဥပဒေ၊ စည်းကမ်းနှင့်အတူ လူ့ကျင့်ဝတ် စည်းကမ်းကိုလည်း လိုက်နာရန် လိုပါသည်။ လူ့ကျင့်ဝတ် စည်းကမ်းသည် ဂုဏ်သိက္ခာနှင့် ဆက်စပ်နေပါသည်။
မြန်မာစကားပုံများ
ကျင့်ဝတ်၊ စည်းကမ်းများနှင့် ပတ်သက်၍ မြန်မာစကားပုံနှင့် မြန်မာ အဆိုများကို ဦးစွာလေ့လာလိုပါသည်။ “စည်းကမ်းဆိုတာ လူ့တန်ဖိုး” ဆိုသည့် အဆိုကိုကြည့်လျှင် တန်ဖိုးရှိသည့် လူဖြစ် ရန် စည်းကမ်းကောင်းရမည်ဟု ဆိုပါ သည်။ မှန်ပါသည်။ လောကတွင် လူသား ကောင်းကျိုးပြုသူသည် တန်ဖိုးရှိသူ ဖြစ် ပါသည်။ ငွေကြေးချမ်းသာတိုင်း၊ နာမည် ကျော်ကြားတိုင်း၊ ပညာတတ်တိုင်း၊ ရာထူးအာဏာရှိတိုင်း တန်ဖိုးရှိသူ မဖြစ် ပါ။ တန်ဖိုးရှိသူသည် အောက်ပါ အချက် များကို မိမိကိုယ် မိမိ စည်းကမ်း တင်းကျပ်ပြီး ထိန်းသိမ်းနိုင်သူ ဖြစ်ပါ သည်။
၁။ ဥပဒေကိုလေးစားလိုက်နာခြင်း။
၂။ ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာခြင်း။
၃။ လုပ်သည့်အတိုင်းပြော၍၊ ပြော သည့်အတိုင်းလုပ်ခြင်း။
၄။ ကတိတည်ခြင်း။
၅။ တစ်ဖက်သားကို ထိခိုက်စေမည့် အပြောအဆို အပြုအမူများကို ရှောင်ခြင်း။
၆။ လူတိုင်းကို တန်ဖိုးထား၍ ဆက်ဆံခြင်း။
၇။ သဘာဝပတ်ဝန်းကျင် ပျက်စီး မည့် အလုပ်များကို ရှောင်ကြဉ် ခြင်း။
တို့ဖြစ်ပါသည်။
“စည်းကမ်းဖောက်လျှင်၊ ထီးနန်း ပျောက်မည်” အဆိုအရ ပြည်သူများ စည်းကမ်းဖောက်မည်၊ တိုင်းပြည် အုပ်ချုပ်သည့် မင်းကလည်း စည်းကမ်း ဖောက်မည်ဆိုလျှင် ထီးနန်းပါ ပျောက်နိုင် သည်။ တိုင်းပြည်တစ်ခုလုံး ကျွန်ဘဝ ရောက်နိုင်သည်ဟု သတိပေးထားပါ သည်။ ကျွန်တော်တို့ လူမျိုးများသည် စည်းကမ်းနှင့် ပတ်သက်လျှင် အားနည်း နေသည်မှာ အမှန်ဖြစ်ပါသည်။ လမ်းပေါ် တွင် အမှိုက်ပစ်သည်။ အမှိုက်ပစ်ရာတွင် စည်းကမ်းမရှိ။ လမ်းစည်းကမ်းကို ချိုး ဖောက်သည်။ မရပ်ရသည့်နေရာတွင် ကားရပ်သည်။ ယာဉ်ကြောများ ထပ်ရပ် ၍ ယာဉ်ကြောကျပ်တည်းမှု ဖြစ်ရသည်။ ငွေပေးကောင်တာများတွင် တန်းစီရန် ဝန်လေးကြသည် စသည်ဖြင့်စည်းကမ်း လိုက်နာမှု အားနည်းသည်။ မိမိက စည်းကမ်း မလိုက်နာသည့်အတွက် တစ်ဖက်သား စိတ်အနှောင့်အယှက် ဖြစ် ရသည်။ ဒုက္ခရောက်ရသည်ကို သတိပြုမိ သူ နည်းသည်။ ပြည်သူတိုင်း စည်းကမ်း ကောင်းရန် ပြည်သူတိုင်းတွင် တာဝန်ရှိ သကဲ့သို့ အုပ်ချုပ်သည့် အစိုးရတွင်လည်း တာဝန်ရှိသည်။ ကလေးများကို စည်းကမ်းကောင်းရန် ကျောင်းများတွင် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင် ပေးရန် လိုသည်။ အစိုးရကလည်း စည်းကမ်းဖောက်ဖျက်သူများကို ပြင်း ထန်သည့်အပြစ်များ ပေးရမည်။
စင်ကာပူနိုင်ငံသည် စည်းကမ်း ဖောက်သူများကို ပြင်းထန်သည့်အပြစ် များပေးရာတွင် နာမည်ကြီးသည်။ အပြစ်ပေးရာတွင် မျက်နှာလိုက်ခြင်း မရှိ။ ၁၉၉၄ ခုနှစ်က စင်ကာပူနိုင်ငံတွင် နေထိုင်သော မိုက်ကယ်ဖေး (Michael Fay) ဆိုသည့် အမေရိကန်ကျောင်းသား တစ်ယောက်သည် နောက်ပြောင်သည့် သဘောဖြင့် ကားတစ်စီးကို မှုတ်ဆေး များဖြင့် မှုတ်လိုက်သည်။ ကားပိုင်ရှင်က တိုင်၍ အမှုဖွင့်ကာ အဖမ်းခံရသည်။ တရားရုံးက ကြိမ်ဒဏ် ၆ ချက် အပြစ်ပေး သည်။ ရှေ့နေက အသက် ၁၈ နှစ်သာ ရှိ သေး၍ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တောင်းဆိုသော်လည်း မရပါ။ အမေရိကန် ဆီးနိတ်လွှတ်တော် အမတ် ၂၄ ယောက် က လက်မှတ်ထိုး၍ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးရန် တောင်းဆိုသည်။ အမေရိကန်နိုင်ငံသားမှ မဟုတ် စင်ကာပူ နိုင်ငံသားမှစ၍ မည်သည့်နိုင်ငံသားမဆို ပြစ်မှုကျူးလွန်လျှင် ပြစ်ဒဏ်ခံရမည်သာ ဖြစ်သည်ဟု စင်ကာပူအစိုးရက ပြန်ကြား ခဲ့ပါသည်။ ပြစ်ဒဏ်ကို လျှော့မပေးပါ။ နောက်ဆုံး အမေရိကန်သမ္မတ ဘီလ် ကလင်တန်ကိုယ်တိုင် မေတ္တာရပ်ခံ၍ ကြိမ်ဒဏ် ၆ ချက်မှ ၄ ချက်သို့ လျှော့ပေး သည်။ တရားဥပဒေစိုးမိုးမှု ခိုင်မြဲခြင်း၊ စည်းကမ်းကောင်းခြင်း တို့ကြောင့် စင်ကာပူနိုင်ငံသည် တစ်ဦးချင်း ချမ်းသာ ကြွယ်ဝမှုတွင် ကမ္ဘာပေါ်ရှိ ထိပ်ဆုံး ၁၀ နိုင်ငံတွင် ရပ်တည်နေခြင်း ဖြစ်ပါသည်။
အင်္ဂလိပ်စကားပုံများ
အင်္ဂလိပ်အဆိုတစ်ခုက “လူတစ် ယောက် ဘယ်လောက် အောင်မြင်နိုင် မလဲဆိုတာကို သိချင်ရင်တော့ အဲဒီလူ စည်းကမ်းဘယ်လောက် ရှိသလဲ၊ ဇွဲ ဘယ်လောက်ရှိသလဲက သတ်မှတ်ပါ တယ်” ဟု ဆိုပါသည်။ အောင်မြင်ဖို့ အတွက် စည်းကမ်းနှင့် ဇွဲက အရေးကြီး ပါသည်။ စည်းကမ်းကောင်းခြင်းဆိုသည် မှာ မိမိကိုယ်မိမိ ထိန်းချုပ်ခြင်းဖြစ်ပါ သည်။ ရေရှည်ထိန်းချုပ်နိုင်ရန် ဇွဲလည်း လိုပါသည်။ မိမိကိုယ်မိမိ စည်းကမ်းရှိ အောင် ထိန်းချုပ်ရသည်မှာ တော်တော် ခက်ခဲပါသည်။ စည်းကမ်းရှိသူသည် နာမည်ကောင်းသော်လည်း ဘဝက လွတ်လပ်မှု မရှိ၊ စည်းကမ်းမရှိသူသည် နာမည်မကောင်းသော်လည်း ဘဝ လွတ်လပ်မှုရှိသည်ဟု တချို့က ဆိုကြ ပြန်ပါသည်။
စည်းကမ်းနှင့် ပတ်သက်လျှင် အမှန်တရား သုံးခုရှိပါသည်။ လိုက်နာရန် ခက်သည်က စည်းကမ်းဖြစ်ပါသည်။ လွယ်လွယ်လုပ်တာက စည်းကမ်း ဖောက်ခြင်းဖြစ်ပါသည်။ အခက်အခဲဆုံး အရာက မည်သူမှ မသိနိုင်သည့်အချိန် စည်းကမ်းရှိရန်ဖြစ်ပါသည်။ လူအများ ရှေ့ စည်းကမ်းရှိသော်လည်း ဆိတ် ကွယ်ရာတွင် စည်းကမ်းမဲ့သူများ ရှိနေ ပါသည်။ လူလစ်လျှင် အမှိုက်ပစ်ခြင်း၊ ညဘက်တွင် မီးနီဖြတ်မောင်းခြင်း ... စသည်တို့ကို တွေ့နေရပါသည်။
နောက်အင်္ဂလိပ်အဆိုတစ်ခုက “ဖြစ် ချင်တာနဲ့ တကယ်ဖြစ်တာကို ဆက်သွယ်ပေးတဲ့ တံတားက စည်းကမ်း ပါ” ဟု ဆိုပါသည်။ သိပ်ကောင်းသော အဆိုဖြစ်ပါသည်။ ခန္ဓာကိုယ် အလေးချိန် များနေသူဖြစ်ချင်တာက အလေးချိန် လျှော့ချရန်၊ ပိန်ရန် ဖြစ်ပါသည်။ အလေး ချိန် လျှော့ချရန် အစားလျှော့စားရပါမည်။ အလေးချိန်တိုးစေသော အစားအသောက် များကို ရှောင်ရပါမည်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ရန် လိုပါသည်။ စည်းကမ်းရှိမှ ဤအချက်များကို လိုက်နာနိုင်ပါမည်။ စည်းကမ်းဆိုသည့် တံတားမရှိခဲ့လျှင် မိမိဖြစ်ချင်သည့်ဘဝကို ရောက်ရန် ခက်ခဲ ပါမည်။ ထိုနည်းတူ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးများများ၊ အမှတ်များများနှင့် အောင်ချင်သော ကျောင်းသားသည် အတန်းမှန်မှန် တက်ရပါမည်။ စာမှန်မှန် ကျက်ရပါမည်။ ကျန်းမာရေးကောင်း အောင် မိမိကိုယ်မိမိ ထိန်းသိမ်းစောင့် ရှောက်ရပါမည်။ သို့သော် စည်းကမ်းဆို သည့် တံတားမရှိခဲ့လျှင် မိမိလိုချင်သော ပန်းတိုင်ကို ရောက်ရန် ခက်ခဲပါမည်။
လူ့ကျင့်ဝတ်စည်းကမ်း
စည်းကမ်းထဲတွင် လူ့ကျင့်ဝတ် စည်းကမ်းသည် အလွန်သိမ်မွေ့ပါသည်။ တစ်ခါတစ်ရံ ဥပဒေအထက်တွင် ရှိနေ တတ်ပါသည်။ ဥပမာများနှင့် ရှင်းလင်းပါ မည်။ ကျောင်းဆရာတစ်ယောက်သည် မိမိကျောင်းသားနှင့် အရက်ဆိုင်တွင် အရက်အတူတူသောက်လျှင် အကြောင်း အရ ဆရာကို တရားစွဲ၍ မရပါ။ သို့သော် လူ့ကျင့်ဝတ် စည်းကမ်းအရ ဆရာသည် ကျောင်းသားနှင့်အတူတူ အရက် မသောက်သင့်ပါ။ ဆရာကျင့်ဝတ် ၅ ပါး တွင်လည်း အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့” ဟု ဆိုပါသည်။ မိမိကျောင်းသား ကို အရက်မသောက်ရန် ပဲ့ပြင်ဆုံးမရ မည်မှာ ဆရာ၏ တာဝန်ဖြစ်ပါသည်။ လူ့ ကျင့်ဝတ် စည်းကမ်းဖောက်ဖျက်သူများ ကို မီဒီယာများက ထောက်ပြ ရှုတ်ချခြင်း ဖြင့်သာ တားဆီးနိုင်ပါမည်။ အသက် မပြည့်သည့် ကလေးများကို အတင်း အဓမ္မခိုင်းစေခြင်းသည်လည်း လူ့ကျင့် ဝတ်ကို ချိုးဖောက်ခြင်း ဖြစ်ပါသည်။ လူ့ကျင့်ဝတ် ချိုးဖောက်ခြင်းသည် ကိုယ်ကျင့်တရား၊ သိက္ခာ သမာဓိနှင့် ဆိုင်ပါသည်။ သိက္ခာ သမာဓိရှိသူများက လူ့ကျင့်ဝတ်ကို ချိုးဖောက်ရန် ဝန်လေး ကြပါသည်။
နိဂုံးချုပ်အနေဖြင့် ဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်းများကို ကောင်းစွာ လိုက်နာ သူများသာ မင်္ဂလာတရားတော်နှင့်အညီ ချမ်းသာအောင်မြင်ခြင်းကို ရရှိမည်ဖြစ် ပါသည်။
“မှတ်သားစရာ”
ဥပဒေကို လေးစားလိုက်နာသူ၊ ကျင့်ဝတ်စည်းကမ်းကို စောင့်ထိန်းသူက တန်ဖိုးရှိပြီး ချမ်းသာအောင်မြင်ပါမည်။
ကျမ်းကိုး
၁။ သုတေသန သရုပ်ပြအဘိဓာန်။ အရှင်သြဘာသာ ဘိဝံသ မထေရ်မြတ်။
၂။ မြန်မာစကားပုံ။ မြန်မာစာအဖွဲ့ ဦးစီးဌာန။
- Log in to post comments