
ဝိုင်းမော် အောက်တိုဘာ ၂၀
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ၌ ယမန်နေ့ ၁၁ နာရီခွဲခန့်က ဆောက်လုပ်ရေး လုပ်သားများ တင်ဆောင်လာ သည့် ၁၀ ဘီးမော်တော်ယာဉ်မှာ ရေချောင်းအတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး တစ်ဦး တို့ နေရာတွင် သေဆုံးသွားခဲ့ ကြောင်း ဝိုင်းမော်မြို့နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ ဝိုင်းမော်-ချီဖွေသွား ကားလမ်း၊ (ဒေသအခေါ်)ဝင်တောင်တံတား တွင် မော်တော်ယာဉ်တိမ်းမှောက် မှုဖြစ်ပွား၍ ဝိုင်းမော်မြို့ ပြည်သူ့ ဆေးရုံတွင် ထိခိုက်ဒဏ်ရာ ရရှိသူ များ ရောက်ရှိနေကြောင်း သတင်း အရ ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး မောင်ကျော် ဦးဆောင် သည့် တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ချီဖွေမြို့နယ် ဖီမော် မြို့ အလက-ခွဲ(ဖီမော်) ကျောင်း ဆောင်သစ် ဆောက်လုပ်ရန် 6K/9859၊ Sino Truck အဝါရောင် ၁၀ ဘီး မော်တော်ယာဉ်ဖြင့် အလုပ်သမား အမျိုးသား ၃၁ ဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ၃၇ ဦးနှင့် ဘိလပ်မြေအိတ် ၁၀၀၊ ငါးမူးသံချောင်း(၈)တန်နှင့် အထပ် သား ချပ် ၅၀ တို့အား တင်ဆောင် ၍ ဝိုင်းမော် - ချီဖွေကားလမ်း အတိုင်း မောင်းနှင်သွားစဉ် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ ဝိုင်းမော်-ချီဖွေသွား ကားလမ်းပေါ် ရှိ ဝင်တောင်တံတားအကျော် တောင်တက်လမ်းသို့ တက်စဉ် မော်တော်ယာဉ်မှာ နောက်ပြန် လိမ့်၍ လမ်း၏ ယာဘက် ပေ ၂၀ ခန့် အနက်ရှိသည့် ဝင်တောင် ချောင်းအတွင်း ပက်လက်လန် ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ သဖြင့် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ နေရာ တွင် သေဆုံးသွားခဲ့ပြီး အမျိုးသား ၂၁ ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၂၅ ဦးမှာ ဒဏ်ရာများရရှိ ခဲ့ကြောင်း၊ အမျိုးသားသုံးဦး နှင့် အမျိုးသမီးတစ်ဦးတို့မှာ ပျောက်ဆုံးနေကြောင်း စစ်ဆေး သိရှိခဲ့ရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မဆင် မခြင်မောင်းနှင်ကာ တိမ်းမှောက်မှု ဖြစ်ပွားပြီး လူသေဆုံး ဒဏ်ရာ ရရှိစေသည့် ယာဉ်မောင်းကို ဝိုင်းမော်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် ထိန်းသိမ်းထားပြီး တရားဥပဒေ အရ အမှုဖွင့်လှစ်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဖြူစင်