
ပရီမီယာလိဂ်ပွဲစဉ် (၉) မှ ဝက်စ်ဟမ်းအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၂၄ ရက် ညပိုင်းက ဝက်စ်ဟမ်းအိမ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ ဝက်စ်ဟမ်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဒေးဗစ်မိုယက်စ်၏ ဝက်စ်ဟမ်းအသင်းသည် ယခုပွဲစဉ်တွင် အားထားရသည့် ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့သလို စပါး အသင်းကလည်း အဓိက ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့ သည်။ နှစ်သင်းကြား ရမှတ်ကွာဟမှု အနည်းငယ်သာရှိသည့်အတွက် ပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။
စပါးအသင်းသည် အိမ်ရှင်ဝက်စ်ဟမ်းအသင်းကို ဖိအားပေးကစား နိုင်ခဲ့သော်လည်း ရရှိလာသည့် အခွင့်အရေးများကို အသင်းကစား သမားများက ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။ ယခုနှစ်ရာသီတွင် အဝေးကွင်းထက် အိမ်ကွင်းစွမ်းဆောင်ရည် ကျဆင်းတတ်သော ဝက်စ်ဟမ်းအသင်းသည် ယနေ့ပွဲစဉ်တွင် ကစားပုံကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်ကစားသမားများ၏ ထိုးဖောက်မှုများကို ဟန့်တားရှင်းထုတ် နိုင်ခဲ့သည်။ သို့သော်လည်း ပွဲချိန် မိနစ် ၇၀ ကျော်သည်အထိ တစ်ဖက် နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ချေ။ ပွဲချိန် ၇၂ မိနစ်တွင် ဝက်စ်ဟမ်း အသင်း အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ခရက်စ်ဝဲလ်၏ ဖန်တီးမှုမှ အန်တိုနီယိုက သွင်းယူပေးခဲ့သည်။ ခရက်စ်ဝဲလ်သည် ပြီးခဲ့သည့် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဝက်စ်ဟမ်းအသင်းက ဂျန့်ခ်အသင်းကို သုံးဂိုးပြတ်အနိုင်ရရှိခဲ့သော ပွဲစဉ်တွင်လည်း အသင်းအတွက် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးနိုင် ခဲ့သည်။
ယင်းနောက်တွင် အိမ်ရှင် ဝက်စ်ဟမ်းအသင်းသည် ပြိုင်ဘက်စပါး အသင်းအပေါ် ဖိအားပေးထိန်းချုပ် ကစားလာနိုင်ခဲ့သည်။ စပါးအသင်း သည် ကစားကွက်အပြောင်းအလဲအဖြစ် ဘရိုင်ယန်ဂီလ်၊ ဆဲလ်ဆို တို့ကို ထည့်သွင်းအသုံးပြုလာသော်လည်း လိုအပ်နေသည့် ချေပဂိုးကို သွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဝက်စ်ဟမ်းအသင်းသည် ယခုပွဲစဉ်ကို အနိုင်ရရှိခဲ့သောကြောင့် ပြိုင်ပွဲစုံ သုံးပွဲဆက် နိုင်ပွဲရရှိခဲ့ပြီး ပရီမီယာလိဂ်ပွဲစဉ် (၉) အပြီးတွင် ၁၇ မှတ်အထိ ရရှိထားသည်။ ပြိုင်ဘက်စပါးအသင်းက ပြိုင်ပွဲစုံ နောက်ဆုံးနှစ်ပွဲဆက်ရှုံးနိမ့်မှုနှင့်အတူ ပရီမီယာလိဂ်တွင် ၁၅ မှတ်သာ ရရှိထားသေးသည်။
အခြားသောပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းနှင့် လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး လက်စတာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဘရန့်ဖို့ဒ် အသင်းကို အနိုင်ရရှိခဲ့သည်။ ဘရန့်ဖို့ဒ်အသင်းအတွက် သွင်းဂိုးကို ဂျော်ဂင်ဆန်က သွင်းယူပေးပြီး လက်စတာအသင်းအတွက် သွင်းဂိုး များကို တိုင်လီမန်းစ်နှင့် မက်ဒီဆင်တို့က သွင်းယူပေးသည်။
အောင်ဇော်