ဝက်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဆိုးလ်ရှားကို နည်းပြအဖြစ်မှ မန်ယူအသင်း ထုတ်ပယ်

 

မန်ယူအသင်းသည် ယမန်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် (၁၂) တွင် ပြိုင်ဘက်   ဝက်ဖို့ဒ်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြ အိုလေ ဂန်းနား   ဆိုးလ်ရှားကို    အသင်းနည်းပြ အဖြစ်မှ     ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မန်ယူ အသင်းတာဝန်ရှိသူများသည်    နည်းပြ ဆိုးလ်ရှား၏ အနာဂတ်နှင့်ပတ်သက်ပြီး နာရီများစွာကြာ    အချိန်ယူဆွေးနွေးပြီး နောက်တွင် ယခုလို  ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။ 

 


အိုးထရက်ဖို့ဒ်မှ  ဆိုးလ်ရှားထွက်ခွာ သွားပြီးနောက် အသင်း၏ ယာယီနည်းပြ တာဝန်ကို   မိုက်ကယ်ကာရစ်က  တာဝန် ယူ ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့် ပရီမီယာ လိဂ် ခုနစ်ပွဲတွင် တစ်ပွဲသာ နိုင်ပွဲရရှိထားပြီး တစ်ပွဲသရေကျကာ လက်စတာအသင်းကို လေးဂိုး-နှစ်ဂိုး၊ လီဗာပူးအသင်းကို ငါးဂိုး-ဂိုးမရှိ၊ မန်စီးတီးအသင်းကို နှစ်ဂိုး-ဂိုးမရှိ အပါအဝင် ငါးပွဲအထိ ရှုံးနိမ့်ထားသည်။ ထို့အပြင် မန်ယူ အသင်းသည်    ပွဲစဉ် (၁၂) အပြီး      အမှတ်ပေးဇယားတွင်လည်း ဦးဆောင်သူချယ်ဆီးအသင်းနှင့် ၁၂ မှတ် ကွာဟလျက်ရှိနေသည်။

 


ဆိုးလ်ရှား (၄၈နှစ်)သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်   ဂျို့စ်မော် ရင်ဟို၏ နေရာကို အစားထိုးခန့်အပ်ခံခဲ့ရသည့် နည်းပြဖြစ်ပြီး မန်ယူ အသင်းကို ၁၆၈ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ပြီး  ၉၁ ပွဲနိုင်၊ ၃၇ ပွဲသရေ၊ ပွဲ ၄၀ အထိ ရှုံးနိမ့်ထားသည်။ ၎င်းသည် ၂၀၂၀-၂၁ ရာသီတွင် မန်ယူ အသင်းကို ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ရောက်ရှိ အောင် ကူညီပေးထားနိုင်သည်။ 


မန်ယူအသင်းသည် နိုဝင်ဘာ ၂၄ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗီလာရီးရဲ၊ နိုဝင်ဘာ ၂၈ ရက်တွင် ပရီမီယာလိဂ် ပြိုင်ပွဲ၌ အမှတ်ပေး ဇယားဦးဆောင်သူ ချယ်ဆီး၊ ဒီဇင်ဘာ ၃ ရက်တွင်  အာဆင်နယ်စသည့် အသင်းကြီးများနှင့် ဆက်တိုက်ကစားသွား ရမည်ဖြစ်သည်။                                                                          
အောင်ဇော်