
ရန်ကုန် ဖေဖော်ဝါရီ ၁၆
ONE Championship : ONE FRIDAY FIGHTS 52 KULABDAM Vs JULIO LOBO : CATCHWEIGHT MUAY THAI ပြိုင်ပွဲပြိုင်ပွဲကို ယနေ့ ညပိုင်းက ထိုင်းနိုင်ငံ၌ကျင်းပရာ မြန်မာနိုင်ငံကိုယ်စားပြု စိုးလင်းဦးနှင့် သန့်စင်တို့ ဂျပန်၊ ထိုင်းကစားသမားများကို အလဲထိုးဖြင့် အနိုင်ရရှိ ကြောင်း သိရသည်။
အဆိုပါ One Championship တွင် ပထမဆုံး ပွဲဦးထွက် ယှဉ်ပြိုင်ပွဲ အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ စိုးလင်းဦးနှင့် ဂျပန် ဖိုက်တာ ဆူဟာချီတို့ပြိုင်ပွဲတွင် ဂျပန်ကစားသမားက စိုးလင်းဦးထက် အရပ်အမောင်းမြင့်မားပြီး စိုးလင်းဦးကို ပထမအချီ၌ ခြေကန်ချက်ဖြင့် ကစားခဲ့ကာ စိုးလင်းဦး လဲခဲ့သည်။ ဒုတိယအချီတွင် စိုးလင်းဦး လက်သီး တွဲလုံးများ တရစပ်ထိုးခဲ့ပြီး တတိယအချီတွင် ဂျပန်ကစားသမားပြိုလဲကာ အမှတ်စဉ်ရေတွက်ခံသည်။ တတိယအချီမှာပင် စိုးလင်းဦးက ဆူဟာချီ ကို ထပ်မံလက်သီး တံတောင်ထိုးချက်ကြောင့် ဟာချီကို ပြိုလဲကာ ဒိုင်ပွဲရပ်ဖြင့် စိုးလင်းဦး အလဲထိုးအနိုင်ရရှိသွားသည်။
နောက်တစ်ပွဲဖြစ်သည့် သန့်စင်(ရှောင်လေး)က ပြိုင်ဘက် ဝါရင့် မွေထိုင်းဖိုက်တာကြီး ဂျိတ်ဆင်းကို ဒုတိယအချီမှာပင် အလဲထိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု စိုးလင်းဦးနှင့် သန့်စင်တို့သည် ONE Championship ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
အာကာစိုး